← Chapters

ငွေကြေးကို ဖြုန်းတီး၍ ကလေးကို သတ်လိမ့်မည် (မြွေပါလည်းဆုံး၊ သားလည်းဆုံး)(2)

Vol. 4 Ch. 40

ငွေကြေးကို ဖြုန်းတီး၍ ကလေးကို သတ်လိမ့်မည် (မြွေပါလည်းဆုံး၊ သားလည်းဆုံး)(2)

Vol. 4 Ch. 40

“လူကောင်းတစ်ယောက် မဟုတ်ဘူး”

ကုကျစ်စုန့်မှ ဂါထာကို တတိယအကြိမ်မြောက် ရွတ်ဖတ်ပြီးနောက်တွင် ဖန်းချောင်ယွမ်၏ ဝိဉာဉ်ရော ခန္ဓာပါ သိသိသာသာပြောင်းလဲမှုကြောင့် အခန်းထဲမှ ကျန်ရှိနေသည့်အားလုံးမှာ အံ့ဩသင့်နေခဲ့ကြသည်။

သူမ၏ခန္ဓာကိုယ်က ကြည်လင်နေခဲ့ပြီး သူမ၏မျက်နှာကို ဝန်းရံနေခဲ့သည့် အမှောင်ထုကလည်း လွင့်စင်သွားခဲ့သည်။ ဆံပင်တိုလေးနှင့် ကျောင်းဝတ်စုံသန့်သန့်လေးကို ဝတ်ဆင်ထားသည့် သူမ၏မျက်နှာလေးတွင် အပြုံးလေးတစ်ခုရှိနေခဲ့ကာ သူမ၏မျက်လုံးများကလည်း ကြည်လင်နေခဲ့သည်။ ဤသည်မှာ သူမအသက်ရှိစဉ်ကကဲ့သို့ လှပချောမောသည့် ပုံစံလေးပင်ဖြစ်ချေသည်။

ဖန်းချောင်ယွမ်၏ အမည်၊ သေဆုံးသည့် အချိန်နှင့် တခြားအချက်အလက်တို့မှာ မွေးဖွားခြင်းနှင့် သေဆုံးခြင်းစာအုပ်ထဲတွင် ပေါ်လာခဲ့သည်။

ထို့ကြောင့် အနီးတွင် ရှိနေသည့် ကျိုးဝူချန်က အာရုံခံမိခဲ့ပြီး ဝိဦာဥ်ကိုခေါ်၁ောင်ဖို့ရန် ရောက်ရှိလာခဲ့သည်။

“အလုပ်လုပ်ဖို့ အချိန်ကျပြန်ပြီပဲ”

သို့သော်လည်း သူမ နံရံကို ဖောက်ဝင်လာပြီးနောက် အခန်းထဲမှ လူသုံးယောက်နှင့် ဝိဉာဉ်တစ်ခုကို တွေ့လိုက်ရသည်တွင် သူမ၏ မျက်လုံးများ ဝိုင်းစက်လာရင်း ကုကျစ်စုန့်ကို တုန်ရီနေသော လက်ချောင်းများနှင့် ညွှန်ပြရင်း ပြောလိုက်မိသည်။

“မင်း… မင်းလား!?”

ကုကျစ်စုန့်က မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း :

“တိုက်ဆိုင်မှုပါ”

ကျိုးဝူချန်ဟူသည်မှာ မြေအောက်ကမ္ဘာအား ကူညီပေးသည့် သက်ရှိလူသားများကို ဆိုလိုခြင်းဖြစ်သည်။

နေ့စဉ်သေဆုံးနေသည့် ဝိဉာဉ်များက များပြားလွန်းသောကြောင့် ဟေးဝူချန်နှင့် ပိုင်ဝူချန်နှစ်ယောက်တည်းအားဖြင့် မည်သို့မျှ မနိုင်နင်းနိုင်သောကြောင့် စိတ်စွမ်းအင်ကောင်းသည့် လျို့ဝှက်ပညာရှင်များ အဖွဲ့တစ်ခု ပေါ်လာခဲ့သည်။ သူတို့မှာအသေအချာရွေးချယ်ထားသည့် သူများဖြစ်ပြီး ဝိဉာဉ်များအား အကူအညီပေးမည့် မြေအောက်ကမ္ဘာ၏ ခြေမြန်တော်များပင် ဖြစ်သည်။

ဖန်းချောင်ယွမ်ကို မြေအောက်ကမ္ဘာသို့ ပို့ဆောင်ရန် လာရောက်ခေါ်ဆောင်သည့် ကျိုးဝူချန်မှာ သူစိမ်းတော့ မဟုတ်ချေ။

သူမက ‘ဝိဉာဉ်ရေးရာ’ အစီအစဉ်မှ ပြိုင်ပွဲဝင် နံပါတ် ၁၀ ရှီဟေးဟုန် ပင်ဖြစ်သည်။

•

ဖန်းချောင်ယွမ်အား ပို့ဆောင်ပေးပြီးနောက် ပရိုဂရမ် ရိုက်ကူးရေး တတိယပိုင်း စတင်ရန် တစ်ရက်သာ လိုတော့သည်။

ယွီထုန်လျို့နှင့် ရှင်းလန်တို့ကို နှုတ်ဆက်ပြီးနောက်တွင် ကုကျစ်စုန့်က ရိုက်ကူးရေးတည်နေရာသို့ ခရီးစတင်ခဲ့သည်။

ပရိုဂရမ်အသစ်ရိုက်ကူးမည့် ဆုံမှတ်နေရာမှာ တောင်ပိုင်းနယ်မြေ၏ နယ်စပ်ပိုင်းမှ မြို့တစ်မြို့ဖြစ်သည်။ ဤမြို့များ တောတောင်များဖြင့် စိမ်းစိုသော ရှုခင်းများနှင့် လွှမ်းမိုးနေသော်လည်း စီးပွားရေးကတော့ နောက်ကျနေဆဲပင်။

ရိုက်ကူးရေးနေရာကို ရောက်ရှိပြီးနောက် ကုကျစ်စုန့်အား ယခင်တစ်ခေါက်ကကဲ့သို့ တာဝန်ရှိဝန်ထမ်းမှ ဟိုတယ်သီးသန့်ခန်းသို့ ခေါ်ဆောင်သွားသည်။

ထိုနေရာက သူမ၏ နားနေခန်းဖြစ်ပြီး ပထမပိုင်းတိုက်ရိုက်ထုတ်လွှင့်မှု စတင်မည့် နေရာလည်းဖြစ်ချေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်းကိရိယာများအား အခန်းတွင်းမှ စားပွဲပေါ်တွင် တပ်ဆင်ထားသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ကြိုတင်အပူပေး(ဖွင့်)ထားပြီဖြစ်ကာ ပရိုဂရမ်၏ မိတ်ကပ်ဆရာများကလည်း ကုကျစ်စုန့်ရောက်သည်နှင့် မျက်နှာကို မိတ်ကပ်များလိမ်းခြယ်ပေးခဲ့ကြသည်။ သူတို့က ကုကျစ်စုန့်၏မျက်နှာကိုကြည့်ရင်း အံ့ဩတကြီး မပြောဘဲ မနေနိုင်ခဲ့ကြချေ။

“ကုကျဲ၊ ကျဲရဲ့ အသားအရည်က‌ အရမ်းကောင်းတာပဲ၊ ဖောင်ဒေးရှင်းသုံးပြီး filter သုံးထားသလိုမျိုး နူးညံ့နေတယ်! “

တစ်ခုတည်းသော ချို့ယွင်းချက်မှာ နဖူးပေါ်က အမာရွတ်ပင်ဖြစ်သည်။

“ဒီနေရာကို concealer လေးနဲ့ ဖုံးလိုက်ရဦးမလား”

“ရတယ်၊မလိုဘူး”

မှန်ထဲတွင် အညိုဖျော့ရောင် အမာရွတ်တစ်ဝက်လောက်က ပါးသွားကာ အသားသစ်တက်လာသည်ကို မြင်နေရသည်။

၉နာရီ ထိုးသည်နှင့် သူမဘက်သို့ ချိန်ထားသည့် တိုက်ရိုက်ထုတ်လွှင့်မှု ကိရိယာများကအချိန်ကိုက်ပွင့်လာကြသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည့် noti ရရှိသည့် ကြည့်ရှုသူများမှာ အတန်းလိုက်ပြွတ်သိုက်ကာ ဝင်လာကြသည်။ ရှေ့အပိုင်းတွင် ဝက်ဝက်ကွဲ အောင်မြင်မှုကြောင့် ယခုအပိုင်းတွင်လည်း ကြည့်ရှုသူများက ပို၍ စိတ်ဝင်စားနေခဲ့ကြပေသည်။

ကျန်ရှိနေသည့် ပြိုင်ပွဲဝင်(9)ယောက်အတွင်း ကုကျစ်စုန့်မှာ အကျော်ကြားဆုံးသောလူဟုပြောပါက မမှားနိုင်ပေ။

[ဖန်သားပြင် ပွင့်လာတာနဲ့ အလှတရားနဲ့ တိုက်ခိုက်ခံလိုက်ရတယ်၊ ကုကျစ်စုန့်က အမျိုးသမီးကြယ်ပွင့်ဖြစ်နေတာ မထူးဆန်းတော့ပါဘူး]

[ပြိုင်ပွဲဝင် ရှောင်စုန့်ရဲ့ နက္ခတ်ဗေဒင်လေးအကြောင်းကို ရှင်းပြပေးလို့ရမလား? အဲဒါက စိတ်ဝင်စားဖို့ကောင်းမယ့်ပုံရတယ်.. ကံကောင်းတဲ့ အရောင်တို့၊ ကံကောင်းတဲ့ အဆောင်တို့က တကယ်ရှိတာလား??]

[ငါကတော့ ကုကျစ်စုန့်က ရုပ်လွန်ပညာကို သိတယ်ဆိုတာကို နည်းနည်းလောက်တောင် မယုံဘူး၊ ဒီတစ်ခါတော့ screenshot ရိုက်ပြီး မှန်ဘီလူးနဲ့ ဖြဲကြည့်ဦးမယ်၊ သူ့ကို ငါ သေချာပေါက် ဖော်ထုတ်ပြမယ်!!]

[မင်းတို့တွေ အသံဆူချင်သလောက် ဆူနေလို့ရတယ်၊ ပိုးစာရွက်တွေကတော့ မိန်းမလှလေးကိုပဲ မြင်ချင်တာပဲ၊ ငါ့ဇနီးလေးကို post တင်ပေးလိုက်မယ်~ ]

[ငါတကယ်အံ့ဩမိတယ်။ ကုကျစ်စုန့်လို အနုပညာအသိုင်းအဝိုင်းရဲ့ အကျဉ်ခံမှာ ပရိတ်သတ်တွေ ရှိနေတယ်ပေါ့??”

ပရိုဂရမ်၏ ကျော်ကြားမှုကို ထိန်းသိမ်းထားရန်အတွက် ပရိုဂရမ်အဖွဲ့က တရားဝင် edit ထားသည့် ဗားရှင်းကို နောက်တိုက်ရိုက်မထုတ်လွှင့်ခင် ၂ရက်အလိုကျမှ တင်ထားခဲ့သည်။

‘ဝိဉာဉ်ရေးရာ’ အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်သည့် အချိန်တိုင်း နှစ်လ၊သုံးလလောက်တော့ hot search ထဲသို့ အကြိမ်ရေ အနည်းငယ် ရောက်လေ့ရှိသည်။

ဤရာသီတွင်တော့ အံ့ဩဖွယ်ကောင်းလောက်အောင် hot seach ကို လုံးဝစိုးမိုးထားနိုင်ခဲ့သည်။

ပရိုဂရမ် တရားဝင်ဗားရှင်းတင်ပြီး ဒုတိယရက်တွင် ကြည့်ရှုသူ ‘ငါကချစ်ဖို့ကောင်းတဲ့ ရှောင်ထျန်းပါ’ ၏ ပို့စ်တစ်ခုက နာမည်ကြီးလာပြန်သည်။ သူကတော့ အစီအစဉ်တိုက်ရိုက်လွှင့်စဉ်က ကံကြမ္မာဟောပြောခြင်းအမေးအဖြေတွင် ပါဝင်ခဲ့သည့် ကြည့်ရှုသူ စုန့်ထျန်ပင် ဖြစ်သည်။

သူက ထိုပို့စ်ကို ကုကျစ်စုန့်အား ကျေးဇူးတင်ရန် ရေးခဲ့ခြင်းဖြစ်သည်။

ပို့စ်ထဲတွင် သူက အသေးစိတ်တစ်ဆင့်ပြီးတစ်ဆင့် သွားလာပုံ၊ နက္ခတ်ဗေဒင်ပြောင်းလဲပုံတို့နှင့်အတူ သူ၏ ဒဏ်ရာများ၊ ဆေးမှတ်တမ်းနှင့် အခြားအထွေထွေကိစ္စရပ်များအား ပူးတွဲ၍ တင်ထားခဲ့သည်။

“ကျွန်တော် အခုဒီမှာ ကုတောက်ကျန့်ကို ကျေးဇူးတင်စကားပြောချင်ပါတယ်၊ ကျွန်တော် လူရွေးပွဲအတွက် လေ့ကျင့်ပွဲစဥ်မှာလည်း အောင်ခဲ့တယ်၊ ခြေထောက်ဒဏ်ရာပျောက်တာနဲ့ အဖွဲ့နဲ့ အတူ ကစားလို့ ရပြီတဲ့ !!! “

ထိုအရာက တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲမှ ကြည့်ရှု့သူများက နက္ခတ်ဗေဒင်အကြောင်း မေးမြန်းနေကြခြင်း၏ အကြောင်းပြချက်ပင် ဖြစ်ပေ၏။

ကုကျစ်စုန့်ကတော့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ မှတ်ချက်များကို ကြည့်ရှုရန် အချိန်ဖြုန်းမနေဘဲ စကားစလိုက်သည်။

“တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ပထမပိုင်း ကံတရားကိုဟောပြောခြင်းကဏ္ဍ စတင်ပါပြီ၊ ပါချင်တဲ့သူတွေ click နှိပ်ပြီး ပါဝင်လို့ ရတယ်နော်”

စာရင်းသွင်းခြင်းနှင့် မဲနှိပ်ခြင်း အချိန်ပြီးဆုံးနောက် နောက်ထပ်မျက်နှာပြင်တစ်ခုက နဂို တိုက်ရိုက်ထုတ်လွှင့်မှုစာမျက်နှာ၏ ဘေးတွင် ပေါ်လာခဲ့သည်။

“အပြာရောင်လမင်းဆိုတဲ့ နာမည်နဲ့ ပရိတ်သတ် ၊ ကံတရားကိုဟောပြောခြင်းကဏ္ဍမှာ အရွေးချယ်ခံရပါတယ်၊ ဘယ်လိုနည်းလမ်းနဲ့ တွက်ချက် ဟောပြောပေးရမလဲဆိုတာ ရွေးချယ်လို့ရပါတယ်”

အချိန်ခဏခန့်ကြာတော့ အပြာရောင်လမင်းက မိုက်ခရိုဖုန်းကို ဖွင့်လှစ်လာခဲ့သည်။ သို့သော်လည်း ကင်မရာကိုတော့ မဖွင့်ခဲ့ပေ။ သူမက ခေတ္တလောက် တုံ့ဆိုင်းစဉ်းစားနေခဲ့ပြီးမှ မေးလာချေသည်။

“ဟဲလို ကျဲကျဲ၊ ကျွန်မကင်မရာမဖွင့်လို့ ရမလား?

“ရပါတယ်၊ ကင်မရာမဖွင့်ချင်ရင်လည်း မွေးရက်ကိုတော့ ပို့ပေးရမယ်၊ ဒါပေမယ့် သိထားရမှာက အဲဒီနည်းနှင့်ဆိုရင် ငါက မင်းရဲ့ အတိတ်အကြောင်းကိုပဲ ပြောပေးလို့ ရလိမ့်မယ်၊ ကံကောင်းခြင်းတွေ၊ ကံဆိုးခြင်းတွေပါ သိချင်ရင်တော့ ဓာတ်ပုံပါ တွဲပြီး ပို့ပေးပါ”

ပရိတ်သတ်မတွေက အပြာရောင်လမင်း၏ အသံကို ကြားလိုက်ရပြီးနောက် သူမ၏အသံက သာယာနာပျော်ဖွယ်ကောင်းသည်ဟု ဆိုကြကာ အသက်ငယ်ငယ်မိန်းကလေးဖြစ်လိမ့်မည်ဟုလည်း ခန့်မှန်းကြသည်။

အခြားတစ်ဖက်က မိန်းကလေးကတော့ တွေဝေနေခဲ့ပြီး မိနစ်ဝက်လောက်ကျော်ပြီးနောက်ပိုင်း ကုကျစ်စုန့်ထံသို့ သီးသန့်စာတစ်စောင်နှင့် ဓာတ်ပုံတစ်ပုံပါရှိသည်။

“ပရိုဂရမ်အဖွဲ့က ကျွန်မရဲ့ ဓာတ်ပုံကို‌တော့ ခွင့်မတောင်းဘဲတော့ ယူမသုံးပါဘူးနော်?”

ကုကျစ်စုန့်: “စိတ်မပူပါနဲ့၊ မင်းရဲ့ ကိုယ်ရေးကိုယ်တာကို မချိုးဖောက်ပါဘူး”

ဓာတ်ပုံထဲက ကောင်မလေးက နူးညံ့သိမ်မွေ့ကာ အရှက်ကြီးပုံပေါ်သည်။ သူမက အနည်းဆုံး ၁၇၊၁၈နှစ်လောက်ရှိပြီဖြစ်တဲ့ ကျောင်းသူလေးတစ်ယောက်ပင်။

ကုကျစ်စုန့်၏ အကြည့်တွေက ကောင်မလေးရဲ့ မျက်နှာနှင့် မွေးနေ့ကို ကြည့်လိုက်ရင်း အခြေခံအချက်အလက်တွေကို ဖတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ ကင်မရာကို ပြန်ကြည့်လိုက်သည်။

“မင်းက ဘာကို သိချင်တာလဲ?”

အပြာရောင်လမင်း : “… …”

“ဒါဆို ငါ မင်းရဲ့ အတိတ်ကို အရင်ပြောကြည့်မယ်.. မှန်၊မမှန်အရင်နားထောင်ကြည့်ပေါ့”

“ကောင်းပါပြီ”

ကုကျစ်စုန့်:

“မင်းငါ့ကို ပို့လိုက်တဲ့ မွေးရက်အရဆိုရင် မင်းအသက်က ၁၇နှစ်ရှိပြီ၊ မင်းရဲ့ ဝမ်ချူးကြယ်က နန်းတော်ထဲမှာ လွတ်မြောက်နေတယ်၊ ဒါက မင်းဘဝရဲ့ အရေးကြီးတဲ့ အချိန်တစ်ခုဖြစ်ပြီးတော့ မင်းရဲ့ ပညာရေးဆိုင်ရာ ကံကောင်းမှုကို အလိုအပ်ဆုံးအချိန်လည်းဖြစ်တယ်၊ ဒီတော့ မင်းက အထက်တန်းကျောင်း တတိယနှစ်ကျောင်းသူဖြစ်ပြီး နောက်နှစ်မှာ ကောလိပ်ဝင်ခွင့်ဖြေရမှာပဲ?”

အပြာရောင်လမင်းလေး : “မှန်ပါတယ်”

ကုကျစ်စုန့်က ဆက်ပြီး ပြောလိုက်သည်။

“မင်းက ဓာတ်ကြီးငါးပါးထဲက ရေဓာတ်ဖြစ်ပြီးတော့ အဲဒါက လနှင့် အင်မတန်နီးစပ်နေတဲ့ ယင်အနေအထားပဲ၊ မျက်ရည်ခန်းမရဲ့ အောက်မှာ ပျံ့လွင့်နေတဲ့ စိမ်းစိုမှုတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် မင်းက အားနည်းပြီး လူတွေကို ကြောက်တတ်တယ်၊

သူများတွေနဲ့ ကလန်ကဆန်ဖြစ်ရတာကို မကြိုက်ဘူး၊ မင်းက နူးညံ့သိမ်မွေ့ပြီး ထိလွယ်ရှလွယ်ဖြစ်တတ်တဲ့လူပဲ၊ မင်းရဲ့ မျက်ခုံးတွေက သွယ်လျပေမယ့် ထိပ်ဆုံးပိုင်းနဲ့ အဖျားပိုင်းလေးတွေမှာ အကွေ့လေးတွေရှိနေတာက မင်းက တစ်ဦးတည်းသော ကလေးမဟုတ်ဘူး၊ မင်းမှာ အစ်မတစ်ယောက်နဲ့ မောင်လေးတစ်ယောက်ရှိနေတယ်”

“နောက်ပြီး မင်းရဲ့ မျက်ခွံတွေက ပါးလျပြီး မင်းက ပုံမှန်အချိန်တွေမှာဆို လူတွေကို ကြည့်ရတာ သဘောမကျဘူး၊ မင်းရဲ့ ထျန်းကျိုင်နန်းတော်မှာ မြင်နေရတာက မင်းမိသားစုက မချမ်းသာဘူး၊ အနည်းဆုံးတော့ အခုချိန်မှာ မင်းအတွက် ကိုယ်ပိုင်နေရာတစ်ခု မရှိနိုင်သေးဘူး၊ ဟုတ်လား?”

အပြာရောင်လမင်းက အံ့ဩလွန်းတာကြောင့် ဒီတစ်ကြိမ်မှာတော့ စကားပြန်ပြောလာသည်။

“ဟုတ်တယ်၊ အမှန်ပါပဲ၊ ကျွန်မက မိသားစုရဲ့ ဒုတိယကလေးပါ၊ အစ်မလောက်လည်း ပျော်ရွှင်တတ်ပြီး ချစ်ဖို့မကောင်းသလို မောင်လေးလိုလည်း သွက်သွက်လက်လက်နဲ့ ချစ်စရာမကောင်းဘူး၊ ဒါကြောင့် အိမ်မှာလည်း အမြဲတမ်းလျစ်လျှူရှုခံရတယ်၊

ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ်ပိုင်အခန်းဆိုတာ မရှိခဲ့ဖူးဘူး၊ ကျွန်မရဲ့ အဝတ်အစားတွေ၊ အရုပ်တွေနှင့် အခြားအရာတွေ အကုန်လုံးက ကျွန်ရဲ့ အစ်မသုံးစွဲထားတဲ့ အဟောင်းတွေချည်းပဲ၊ ကျွန်မက သမီးဖြစ်တာကြောင့် အစ်မရဲ့ အကျတွေ သုံးရပေမယ့် ကျွန်မရဲ့မောင်လေးကတော့ မတူတော့ဘူး၊ မောင်လေးက ပစ္စည်းအသစ်တွေပဲ ရတယ်၊ ကျွန်မ အိပ်ရတယ့်နေရာကလည်း အခန်းတောင်မဟုတ်ခဲ့ဘူး”

မိသားစုဆက်ဆံရေးနဲ့ ပတ်သတ်ပြီး ကုကျစ်စုန့်ရော၊ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့ ပရိတ်သတ်တွေပါ သူမ၏အသံထဲက အားငယ်သံနဲ့ ဝမ်းနည်းမှုများကို အတိုင်းသားကြားနေရသည်။

အချိန်ခဏကြာတော့ ကြည့်ရှုသူအမြောက်အမြားက မှတ်ချက်ဝင်ရေးကြသည်။

[ငါလည်း မိသားစုရဲ့ ဒုတိယကလေးဆိုတော့ ကိုယ်ပျောက်နေတဲ့လူတစ်ယောက်လိုပါပဲ]

[သားသမီးများတဲ့ မိသားစုတွေက ရေခွက်ကို ပြားစေချင်ကြတယ်၊ ကလေးတွေက အရမ်းနူးညံ့တယ်၊ တစ်ယောက်ကို ပိုပြီး ဂရုစိုက်တာက တခြားကလေးတွေရဲ့ နှလုံးသားကို ထိခိုက်စေလိမ့်မယ်]

“ကျဲကျဲပြောတာတွေ အကုန်မှန်ပါတယ်”

အပြာရောင်လမင်းက ဆက်ပြောလာသည် :

“ဖြစ်နိုင်မယ်ဆိုရင် ကျွန်မကို အခြားဟာတွေ တွက်မပေးပါနဲ့၊ အိမ်ထောင်ရေးကိုပဲ တွက်ပေးပါ၊ ကျွန်မ ပျော်ရွှင်နိုင်လောက်ပါတယ်.. ဟုတ်တယ်မလား?”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှပရိတ်သတ်များ: “???”

[ဟမ်? ဒီညီမလေးက အထက်တန်းကျောင်းတတိယနှစ်ပဲ ရှိသေးတာမလား? အခုချိန်မှာ အရေးကြီးဆုံးက ကောလိပ်ဝင်ခွင့်စာမေးပွဲလေ! ရည်းစားထားဖို့ထက် တက္ကသိုလ်တက်ဖို့က ပိုကောင်းပါတယ်နော်]

[ဒီညီမလေးက တစ်ခုခုကို ဖုံးကွယ်ထားတဲ့ ထူးဆန်းတဲ့ လေသံနဲ့ပြောနေတယ်လို့ထင်နေတာ ငါတစ်ယောက်တည်းလား?]

“မင်းက ငါ့ကို‌ ပြောပြစေချင်တယ်ဆိုရင် ငါပြောပေးလို့ရတယ်၊ မင်းပျော်ရွှင်ရမှာ မဟုတ်ဘူး”

ကုကျစ်စုန့်က ပြတ်ပြတ်သားသားပြောလိုက်သည်။

“မင်းရဲ့ လက်ရှိရည်းစားက လူကောင်းမဟုတ်ဘူး”

“မင်းက ပျော်ရွှင်မှုကို မရနိုင်တဲ့အပြင် မင်းရဲ့ဘဝတစ်ခုလုံးလည်း ပျက်စီးရလိမ့်မယ်၊ ပိုက်ဆံလည်းကုန်ပြီး ကလေးကိုပါ သတ်ရလိမ့်မယ်!!!”

All Chapters