စွမ်းအား မြှင့်တင်ခြင်း
Vol. 4 Ch. 340
လေရိုင်းနှင့် ရီဝေနေသော မြူနှင်းစိုင် ပေါ်တွင် လျှောက်လှမ်းနေသည့် ချန်းဖန်၏ အသွင် သဏ္ဌာန်ကား တိမ်တိုက်များထက်၌ ပျံသန်းနေသည့် သူတော်စင် တစ်ယောက် ကဲ့သို့ပင်။
ယူကီရှီရိုဆာမှာမူ မြူနှင်းဖြင့် ဖန်တီးထားသော လမ်းငယ်ပေါ်တွင် လျှောက်လှမ်းရန် မဝံ့မရဲ ဖြစ်နေခဲ့မိသည်။ ထိုလမ်းမှာ မြူနှင်းမှုန်လေးများ ဖြင့်သာ လုပ်ထားခြင်း ဖြစ်ရာ သာမန်များ အနေဖြင့် လျှောက်ရဲလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ယူကီရှီရိုဆာမှာ သာမန် မိန်းကလေးတစ်ယောက် မဟုတ်ချေ။ ခူးရှူးကျွန်း၊ မြေအောက်လောက၏ အရှင်မ ဖြစ်သည်။
သူမ၏ မျက်လုံးတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ ပေါ်လာပြီး အံအား တင်းတင်းကြိတ်ကာ မြူနှင်းလမ်းငယ် ပေါ်သို့ ခြေချလိုက်၏။ အံ့အားသင့်စွာပင် ထိုလမ်းမက ဆိုဖာတစ်ခုကဲ့သို့ နူးညံ့ကာ သက်တောင့်သက်သာ ရှိနေခဲ့သည်။
ယူကီရှီရိုဆာက ထိုလမ်းငယ်လေး ပေါ်၌ သက်သာစွာ လျှောက်လှမ်းရင်း ချန်းဖန်အား မီရန် အဆောတလျင် လိုက်လာခဲ့သည်။ ထိုလမ်းငယ်လေးကား သူမ ဘဝတွင် ရှင်းပြ၍ မရနိုင်လောက်အောင် ဆန်းကျယ်သည့် ခရီးစဉ် ဖြစ်သည်။
မီတာ သုံးလေးရာခန့် လျှောက်လာသည့် အတောအတွင်း ယူကီရှီရိုဆာမှာ မြူနှင်းလမ်းလေးမှ လွဲ၍ မည်သည့်အရာကိုမျှ မတွေ့မြင်နိုင်ခဲ့ပေ။ ထိုလမ်းငယ်၏ တစ်ဖက်တစ်ချက်မှာ အကာအရံ မရှိသော လေဟာနယ် ဖြစ်ရာ ပြုတ်ကျမည်ကို သူမ အလွန် စိုးရိမ်နေခဲ့၏။ လမ်းငယ်လေးမှာ မြေပြင်သို့ တဖြည်းဖြည်း နီးကပ်လာသည်နှင့် ချိုင့်ဝှမ်းတစ်ခုလုံးတွင် စိုက်ပျိုးထားသည့် ဆေးပင်များဖြင့် ပြည့်နှက်နေကြောင်း သူမ တွေ့လိုက်ရ၏။
မွေးပျံ့သော ဆေးရနံ့များအား ရှူရှိုက်မိသည်နှင့် နွေးထွေးပြီး၊ သက်တောင့် သက်သာရှိသော အားအင်တစ်ခုက သူမ၏ အဆုပ်မှ စတင်ဖြစ်ပေါ်လာကာ ခန္ဓာကိုယ် တစ်ခုလုံး ပျံ့နှံ့သွား၏။
ရား…
ရုတ်တရက် ကျယ်လောင်သော သားရဲသံ တစ်ခုအား သူမ ကြားလိုက်ရပြန်၏။ အသံကြားရသည့် နေရာသို့ လှမ်းကြည့်လိုက်သည်နှင့် မီတာရာချီရှည်သော အဇူရာ နဂါးတစ်ကောင်အား တွေ့ရသည်။ ဦးချိုနှစ်ချောင်းက နဂါး၏ ဦးခေါင်းမှ တိုးထွက်နေကာ မုတ်ဆိတ်မွေးများကလည်း လေထု၌ မျောလွင့်နေသည်။
“အဲဒါက ... တကယ့် နဂါး အစစ်လား”
ယူကီရှီရိုဆာက နဂါးအား ကြည့်ရင်း ကြောက်ရွံ့စွာ မေးလိုက်၏။
“အဲဒါလား ... သူ့နာမည်က ငန်းဖြူလေး တဲ့။ အစိမ်းရောင် နဂါး အစီအရင်ရဲ့ ဝိညာဉ် ဆိုပါတော့”
ချန်းဖန်က လက်နှစ်ဖက်အား နောက်သို့ပစ်ရင်း ဆက်ပြောလိုက်၏။
“ဒီကောင်က နဂါး အစစ်မဟုတ်ပါဘူး။ နဂါးပေါက်စလေး လို့ပဲ သဘောထားလိုက်ပါ။ ဒါပေမဲ့ သူက မင်းကို အပိုင်စီးထားတဲ့ နတ်ဆိုးထက် ပိုပြီး အစွမ်းထက် နေပါသေးတယ်”
“တကယ်လို့ ဒီနေရာမှာသာ ငန်းဖြူလေးကို ငါမလိုရင် ဓမ္မအစီအရင် ရှေ့ဟောင်းဝိညာဉ် ပြောင်းလိုက်လို့ ရတယ်။ အဲဒီ အစီအရင်နဲ့ ဆိုရင် ဂျပန်ကို ငါ ကိုယ်တိုင်တောင် လိုက်စရာ မလိုဘူး”
ယူကီရှီရိုဆာမှာ ငန်းဖြူလေး၏ စူးရှသော အကြည့်များအား ကြောက်ရွံ့ နေသောကြောင့် ချန်းဖန်ထံသို့ တိုးကပ်ကာ ခပ်မြန်မြန် လျှောက်လိုက်တော့သည်။
ချိုင့်ဝှမ်း၏ အလယ်တွင် အဇူရာ အလင်းရောင် တောက်ပနေသည့် အဆောက်အဦ တစ်ခုရှိနေခဲ့၏။ ထိုနေရာမှာ အစိမ်းရောင် နဂါး အစီအရင်၏ ဗဟိုချက်မလည်း ဖြစ်ရာ ချီစွမ်းအင် အထူထပ်ဆုံး နေရာတစ်ခု ဖြစ်၏။
“မြောက်ပိုင်းချုံး အဆောက်အဦ…”
ယူကီရှီရိုဆာက ဝင်ပေါက် ဆိုင်းပုဒ်၌ ရေးသားထားသော စကားလုံးအား အသံထွက်၍ ဖတ်လိုက်မိသည်။ ချန်းဖန်က တစ်ခွန်းမှ ပြန်မပြောပဲ တံခါးအား တွန်းဖွင့်လိုက်ရင်း အတွင်းပိုင်းသို့ ဝင်လာလိုက်သည်။
ချန်းဖန်သည် ထိုအဆောက်အဦအား အတိတ်ဘဝ၌ သူနေထိုင် ကျင့်ကြံခဲ့သော နန်းတော်ကဲ့သို့ ပြင်ဆင်ထားခဲ့၏။ အဆောက်အဦမှာ ကျယ်ဝန်းပြီး နေရာလွတ်များစွာ ရှိသည့် ခန်းမကြီး အလားပင်။ ထိုအထဲတွင် ပန်းချီကား တစ်ချပ် အပါအဝင် ပစ္စည်း ပစ္စယ အနည်းငယ်သာ ရှိနေခဲ့၏။
ယူကီရှီရိုဆာက ပန်းချီကားအား စိတ်ဝင်တစား ကြည့်လိုက်မိသည်။ ထိုပန်းချီကားမှာ မိန်းကလေး တစ်ယောက်၏ ပုံတူဖြစ်ပြီး လှပမှုနှင့် အနုပညာ မြောက်မှုက စာဖွဲ့၍ မရပေ။ ထိုမိန်းကလေး၏ အလှက တရားမျှတမှုများပင် ကျဆုံးသွားနိုင်လောက်သော အလှမျိုးဖြစ်ကာ ကောင်းကင်မှ လနတ်သမီးအလား အေးချမ်းခြင်းကို ဖော်ကျူး နေသည့် အလားပင်။ ယူကီရှီရိုဆာက ထိုပန်းချီကားထဲမှ မိန်းကလေးကား ကမ္ဘာပေါ်တွင် မရှိလောက်ဟု ကောက်ချက်ချလိုက်မိ၏။
“ဆရာ ... သူက ဘယ်သူလဲ”
ယူကီရှီရိုဆာက တိတ်ဆိတ်စွာ မေးလိုက်၏။
“မင်းရဲ့ မပတ်သက်ပါဘူး”
ချန်းဖန်က လက်တစ်ဖက်အား ဝှေ့ယမ်းရင်း ဆက်၍ အမိန့်ပေးလိုက်သည်။
“ထုံရှန်း ... သူ့ကို ဧည့်သည် ခန်းမကို ခေါ်သွားလိုက်။ ငါ့ကို ဘယ်သူမှ မနှောင့်ယှက်စေနဲ့”
“ဟုတ်ကဲ့ပါ ... ဆရာ”
ထုံရှန်းက အမိန့် နာခံစွာ အဖြေပေးလိုက်၏။
ယူကီရှီရိုဆာက ရုတ်တရက် ထွက်ပေါ်လာသော ထုံရှန်းအား အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ထိုလူထွားကြီး၏ အသံက သာမန်လူများနှင့် လားလားမျှ မတူချေ။ သူ၏ အရပ်ကလည်း နှစ်မီတာနှင့် ငါးဆယ် စင်တီမီတာ ခန့်ရှိမည်ဟု ခန့်မှန်းရကာ သူမထက် နှစ်ဆနီးပါး ပိုမို မြင့်မားနေသေး၏။ ထို့အပြင် ထိုသတ္တဝါကြီး၏ အသားအရေကလည်း ကြေးနီဖြင့် ပြုလုပ်ထားသည့် အလား သတ္တုရောင် ထနေသည်။
ယူကီရှီရိုဆာမှာ လူထွားကြီးနှင့်အတူ ဧည့်သည်ခန်းသို့ လိုက်ပါသွားခဲ့ပြီ ဖြစ်သည်။ ထိုမိန်းကလေး တစ်ခုခု လုပ်ရဲလိမ့်မည် မဟုတ်သည်မှာ သေချာ၏။
ထိုနှစ်ယောက် ပျောက်ကွယ်သွားသည်နှင့် ချန်းဖန်က ပန်းချီကား ဘက်သို့ မျက်နှာမူ ထိုင်လိုက်သည်။
“အချိန်ကျပြီ…”
ချန်းဖန်က အဝါရောင် ကျောက်မျက်အတွင်းမှ ဝိညာဉ်ဆေး တစ်ပုံကြီးအား ထုတ်ယူလိုက်၏။ ထိုဆေးပင်များမှာ ပထမအသုတ် ရိတ်သိမ်းပြီး ရရှိလာသည့် ဆေးပင်များ ဖြစ်သည်။
အစိမ်းရောင် နဂါး အစီအရင်နှင့် ရှင်သန်ခြင်း ရေစင်တို့၏ ထောက်ပံ့မှုဖြင့် ဝိညာဉ်ဆေးပင်များမှာ အကြိမ်တစ်ရာခန့် ပိုမို မြန်ဆန်စွာ ကြီးထွားနိုင်ခဲ့သည်။ သုံးလအတွင်းတွင်ပင် ထိုဆေးပင်များမှာ အနှစ်သုံးဆယ် သက်တမ်းရှိသော ဆေးပင်များအလား ရင့်မှဲ့လာခဲ့၏။
ထို နှစ်သုံးဆယ် သက်တမ်း ဆေးပင်များမှာ နှစ်ထောင်ချီ ဂျင်ဆင်းများနှင့် မနှိုင်းယှဉ်နိုင်သည့်တိုင် အရေးအတွက် ပမာဏမှာမူ အလွန် များပြားသည်။ ထို့အပြင် စိုက်ခင်းတွင်လည်း မရိတ်သိမ်း ရသေးသော ဆေးပင်များစွာ ရှိနေသေးသည်။
“ရူလီယာ၊ ငွေမုတ်ဆိတ် ဂျင်ဆင်း၊ ငန်းနီသစ်သီး၊ အမတေ မြက် ... ဒါတွေက ဉာဏ်အလင်း စုဆောင်းခြင်း အဆင့် ကျင့်ကြံသူတွေ အတွက် အကောင်းဆုံး အထောက်အပံ့ဆေး 'အစစ်အမှန် အမတေ' ဆေး ဖန်တီးဖို့ လုံလောက်တယ်”
ချန်းဖန် အတွေးဖြင့် ထိုဆေးများအား သုံးပုံခွဲခြား လိုက်ပြီး လက်တစ်ဖက်အား ဝှေ့ယမ်းရင်း အော်ဟစ်လိုက်၏။
“နိုးထမ်း…”
ရုတ်တရက် ရွှေရောင် မီးတောက်များက သူ၏ မျက်လုံးနှစ်ဖက်မှ ထွက်ပေါ်လာကာ လေထုအား တဖျစ်ဖျစ် မြည်အောင် လောင်ကျွမ်းသည်။ ဆေးသုံးပုံမှာလည်း မမြင်ရသည့် အင်အားတစ်ခု၏ တွန်းကန်ခြင်း ခံရသည့်နှယ် လေထဲသို့ မြင့်တက်လာကာ ရွှေရောင် မီးတောက်များ၏ လောင်ကျွမ်းခြင်းအား ခံယူသည်။ ချန်းဖန်၏ လျှို့ဝှက် နည်းစနစ် ဖြစ်သော မြေမီးလျံ သန့်စင်ခြင်း နည်းစနစ်မှာ မီးဖို၊ ဆေးအိုးတို့ပင် မလိုအပ်ချေ။ ဆေးဖော်စပ်ဖို့ ဆိုလျှင် ရွှေရောင်လီ မီးတောက်နှင့် ဆေးပင်များသာ လိုအပ်၏။
ဟူး ... လား ... လား…
ရွှေရောင်လီ မီးတောက်က ပိုမို ပူပြင်းလာကာ စူးရှသော အလင်းရောင်အား ဖော်ထုတ်လိုက်၏။ မီးတောက်များ၏ အောက်၌ ဆေးပင်များမှာ အစိမ်းရောင် အရည်များ အဖြစ် စတင် အရည်ပျော်လာခဲ့၏။
ချန်းဖန်က ဓမ္မစွမ်းအားနှင့် ချီအနှစ်သာရအား ရောစပ်ကာ ဆေးဖော်စပ်မှုအား အားဖြည့်လိုက်၏။ ရုတ်တရက် ဆေးရည်များက စတင်အေးခဲလာကာ ဒါဇင် အနည်းငယ်မျှ ရှိသော ဆေးလုံးများ ဖြစ်ပေါ်လာ၏။ ချန်းဖန်က လက်တစ်ဖက်အား ဝှေ့ယမ်းသည်တွင် ကျောက်စိမ်းပုလင်း တစ်လုံးပေါ်လာကာ ဆေးလုံးများအား သိမ်းဆည်းလိုက်၏။
ချန်းဖန်က သူ ဖော်စပ်ထားသော ဆေးများအား တစ်ခဏမျှ စစ်ဆေးကြည့်လိုက်သည်။ အစစ်အမှန် အမတေ ဆေးမှာ အလယ်အလတ် အဆင့် ဝိညာဉ်ဆေး ဖြစ်ကာ အမတေ စွမ်းအင် စုစည်းခြင်းဆေးနှင့် အမတေ စွမ်းအင် တိုးမြှင့်ခြင်း ဆေးတို့ထက် အဆများစွာ ပိုမို အစွမ်းထက်သည်။
ဆေးများအား စစ်ဆေးပြီးသည်နှင့် ထုံရှန်းအား ခေါ်ကာ ဆေးပင်များအား ထပ်မံ ရိတ်သိမ်းစေလိုက်၏။ ထို့နောက် နောက်တစ်ကြိမ် ဆေးဖော်လိုက်ပြန်သည်။
ဤသို့ဖြင့် အကြိမ်ကြိမ် ဆေးဖော်စပ်လိုက်၊ အသုံးပြုလိုက်နှင့်သာ ချန်းဖန် အလုပ်ရှုပ်နေခဲ့တော့သည်။
***
သုံးရက်မျှ ကြာပြီးနောက်…
ယူကီရှီရိုဆာမှာ ကျောက်တုံးတစ်ခု အပေါ်တွင် ထိုင်ရင်း ကျယ်ပြန့်သော ချိုင့်ဝှမ်းအား ငေးကြည့်နေခဲ့သည်။
“ဆရာက ဘယ်တော့မှ ကျင့်ကြံလို့ ပြီးမယ် မသိဘူး ... ဟိုလူထွားကြီး ကလည်း ကျောက်တုံးကြီးလိုပဲ။ အရင်ကဆို တီဗီနဲ့ ကွန်ပျူတာ စခရင် ရှေ့မှာပဲ တစ်နေ့တစ်နေ့ ကုန်မှန်းမသိ ကုန်သွားခဲ့တာ။ အခုလို နေရတော့ တစ်မျိုးပဲ။ နောက်ပြီး ဒီနေရာက အင်တာနက် လိုင်းလည်း မမိဘူး…”
ယူကီရှီရိုဆာက အပျင်းဆန့်ရင်း ထိုင်နေရာမှ ထလိုက်၏။ သူမ၏ စိတ်အတွင်းတွင်မူ ဤနေရာမှာ အမှန်တကယ် နေ၍ ကောင်းမွန်းသော နေရာတစ်ခု ဖြစ်ကြောင်း မှတ်ချက် ချမိသည်။ ဤကဲ့သို့သော နေရာမျိုးတွင် နေရပါက နှစ်ရာချီအောင် သူမ နေနိုင်သည်။ ထိုနေရာရှိ သူမ တစ်ခါမျှ မမြင်ခဲ့ဖူးသော ဝိညာဉ် သစ်သီးများကလည်း အလွန် အရသာ ရှိသည်။
မည်သို့ပင် ဆိုစေ ဂျပန်ကိုတော့ သူမ ပြန်ရမည် ဖြစ်၏။ ယူကီရှီရို မိသားစုက သူ့အား အသုံးချခဲ့ကြောင်း တွေးမိသည်နှင့် သူမ၏ သွေးများပင် ဆူပွက်လာသည် အထိ ဒေါသထွက်လာမိသည်။ ဖြစ်နိုင်လျှင် ယခုပင် ယူကီရှီရို မိသားစုသို့ ပြန်ပြီး လက်စားချေချင်မိသည်။ သို့သော်လည်း ချန်းဖန်၏ ခွင့်ပြုချက် မရှိပဲ ဤနေရာမှ ထွက်ခွာ၍ မရပေ။
“မင်း ငါ့အကြောင်း တွေးနေတာလား…”
ရုတ်တရက် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ယူကီရှီရိုက နောက်သို့ လှည့်ကြည့် လိုက်သည်နှင့် ချောမော ခန့်ညားသော လူငယ်တစ်ယောက်ကို မြင်သည်။ ထိုလူငယ်၏ ထူထဲ နက်မှောင်သော ဆံပင်များက ပခုံးထက်တွင် ပြေလျော့ကျနေသာ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင် ဝတ်စုံနှင့် လိုက်ဖက်မှု ရှိနေသည်။ ထိုလူငယ်၏ ချောမော ခန့်ညားမှုက အသက်ရှူ မှားလောက်အောင်ပင်။
“ဆ ... ဆရာလား…”
ယူကီရှီရိုဆာက မေးလိုက်၏။ ထိုလူငယ်မှာ ချန်းဖန်နှင့် တူသည့်တိုင် ပိုမို ချောမော ခန့်ညားကာ ဆွဲဆောင်မှု ရှိသည်။ သူ၏ ချောမောမှုက ပန်းချီကားထဲမှ မိန်းကလေး အလား သန့်စင်နေ၏။
ချန်းဖန်က သူမအား ပြန်မပြောပဲ လက်ကိုသာ နောက်သို့ ပစ်လိုက်သည်။
ယခုဆိုလျှင် သူ၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအားများကား အလွန် များပြားလာနေခဲ့ပြီ ဖြစ်၏။ ယခင်က သူ၏ နတ်ဘုရား စိတ်အာရုံမှာလည်း ပတ်ဝန်းကျင် သုံးကီလိုမီတာ အထိ လွှမ်းခြုံနိုင်ခဲ့သော်လည်း ယခုဆိုလျှင် ငါးကီလိုမီတာအထိ ဖြန့်ကြက်နိုင်ပြီ ဖြစ်သည်။ ယခု အချိန်၌ လဲ့ချန်းကျွယ်နှင့် ရင်ဆိုင်ရပါက အစီအရင်တစ်ခုကိုသာ အသုံးပြု၍ အနိုင်ယူရန် ချန်းဖန် ယုံကြည်ချက် ရှိသည်။
ချန်းဖန်က လက်အား ဆန့်ထုတ်လိုက်သည်နှင့် သူ၏ အရေပြားက အစိမ်းရောင် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့်အလား အလင်းရောင် ခပ်မှိန်မှိန် ပေါ်ထွက်နေသည်။ ထိုအရာက ကနဦး အဇူရာ သက်ရှည် ခန္ဓာကိုယ် အဆင့်နှင့် နီးကပ်လာသည့် လက္ခာပင် ဖြစ်၏။ အကယ်၍ သူသာ ကနဦး အဆင့်အား အောင်မြင်ခဲ့ပြီးရင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက အဇူရာရောင် တောက်ပ လာလိမ့်မည် ဖြစ်သည်။
“အရင်က ဆိုရင် ငါ့ခန္ဓာကိုယ်က အသံထက် ငါးဆပိုမြန်အောင် နှစ်ကြိမ်ထက် ပိုပြီး မလှုပ်ရှား နိုင်ခဲ့ဘူး။ အခုဆိုရင် အဲဒီ လှုပ်ရှားမှုကို ငါအကြိမ်ကြိမ် သုံးနိုင်ပြီ လောက်ပြီ”
ချန်းဖန် အတွေးတွင် နစ်မျောရင်း ပြုံးလိုက်မိ၏။
ထို့နောက် နေထွက်ရာ အရှေ့အရပ်သို့ လှမ်းကြည့်လိုက်ရင်း ...
“ငါ့ရဲ့ စွမ်းအား အသစ်ကို မင်းအပေါ်မှာ အသုံးပြုရလိမ့်မယ် ထင်တယ်”
***