← Chapters

ဂျပန်သို့

Vol. 4 Ch. 341

ဂျပန်သို့

Vol. 4 Ch. 341

၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ…

ကျောင်းဟိုင် နိုင်ငံတစ်ကာ လေဆိပ် အတွင်းတွင်…

တရုတ်နှစ်သစ်ကူး ရောက်တော့မည် ဖြစ်ရာ ယခုအချိန်မျိုးက ခရီးသွားရန် စိတ်ပါဝင်စားသူများ အတွက် အခွင့်ကောင်း တစ်ခုဖြစ်သည်။ ထို့ကြောင့် ကျင်းမြို့တော်နှင့် ဖူကူအိုကာ တိုက်ရိုက် လေယာဉ် ခရီးစဉ် လက်မှတ်များပင် မရှိတော့ချေ။

ချန်းဖန်နှင့် ယူကီရှီရိုဆာ တို့မှာ ကျောင်းဟိုင်ကို အရင်သွား၍ ဂျပန်သို့ ခရီးဆက်ရန်သာ တတ်နိုင်တော့၏။

“ခဏလောက် ဖယ်ပေးလို့ ရမလားဗျ…”

ချန်းဖန်နှင့် ယူကီရှီရိုဆာတို့၏ လက်မှတ်က ထိုင်ခုံ တစ်ခု၌ ဖြစ်၏။ ချန်းဖန်အတွက် ထိုင်ခုံရှိရာ နေရာကို ရှာရန် မခက်လှချေ။

သူတို့၏ ထိုင်ခုံနှင့် ကပ်ရက်တွင်မူ ငယ်ရွယ်သော စုံတွဲ တစ်တွဲ ရှိနေသည်။ လူငယ်က အသက် သုံးဆယ်ခန့် ရှိကာ ရွှေကိုင်းမျက်မှန်အား တပ်ဆင်ထားသည်။ သူ၏ ခန္ဓာကိုယ်တွင်မူ စီးပွားရေး သမား ဝတ်စုံ ဆင်မြန်းထားပြီး ရုပ်ရှင်များထဲမှ အောင်မြင်သော မန်နေဂျာ တစ်ယောက်အလား ကြွရွနေခဲ့၏။

မိန်းကလေးမှာမူ နေကာမျက်မှန်အား တပ်ဆင်ထားကာ ပခုံးထိ ရှည်လျားသော ဆံပင်ကို ဖားလျား ချထားသည်။ သူမက ကေ-ပေါ့ စတိုင် ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော အမို့အမောက်များက ပေါ်လွင်အောင် ပြသထားသည်။ သို့သော်လည်း စတိုင်ကျကျ ချိတ်ထားသော သူမ၏ ခြေထောက်များကမူ ချန်းဖန်တို့၏ လမ်းအား ပိတ်နေခဲ့၏။

မိန်းကလေးက ချန်းဖန်၏ အသံအား ကြားသည်နှင့် မော့ကြည့်လိုက်သည်။ ချန်းဖန်၏ ရုပ်ရည်မှာ သာမန် ကောလိပ်ကျောင်းသား ချန်းဖန် အဖြစ် မပြောင်းထားခဲ့ပဲ ချန်းပေ့ရွှမ်း၏ ရုပ်ရည်မျိုးနှင့် ဖြစ်သည်။ ဂျပန်၌လည်း သူ၏ လက်များမှာ သွေးစွန်းရဦးမည် ဖြစ်ရာ သူ၏ ရုပ်သွင်အား ကွယ်ဝှက်ထားစရာ အကြောင်းမရှိပေ။ ဂျပန်၌ ရှိနေစဉ် အရာရာအား ပြုလုပ်ခဲ့သူက ချန်းပေ့ရွှမ်း ဟုသာ လူတိုင်းအား မှတ်မိသွားစေချင်သည်။

“အိုကေ...”

မိန်းကလေးက ချန်းဖန်၏ ချောမောသော ရုပ်ရည်အား ကြည့်ကာ နူးညံ့စွာ ပြုံးလိုက်ရင်း လမ်းဖယ်ပေးလိုက်၏။

ချန်းဖန်က ထိုင်ခုံ၌ နေရာယူပြီးသည်နှင့် မျက်လုံးအား အနည်းငယ် မှေးရင်း သူ၏ ကျင့်ကြံခြင်းအပေါ် အနည်းငယ် ပြန်လည် သုံးသပ်နေခဲ့လိုက်သည်။ ဉာဏ်အလင်း စုဆောင်းခြင်း အစောပိုင်း အဆင့်နှင့် အလယ်အဆင့်တို့မှာ စကား အသုံးအနှုန်းအားဖြင့် သိပ်မကွာခြားသည့်တိုင် စွမ်းအားကမူ အလွန်ပင် ခြားနား၏။ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ရောက်ရှိသည်နှင့် ချန်းဖန်သည် ပိုမို များပြားသော စွမ်းအင်များကို သိုလှောင် လာနိုင်ပြီး နတ်ဘုရား စွမ်းအားများအား အသုံးပြုရာတွင်လည်း ပိုမို အစွမ်းထက် လာခဲ့၏။

ယခုဆိုလျှင် အဇူရာ သက်ရှည် ခန္ဓာကိုယ်ကလည်း ပိုမို အစွမ်းထက်လာပြီ ဖြစ်ကာ အသံထက်ငါးဆ မြန်သော အမြန်နှုန်းကိုပင် စိတ်ကြိုက် အသုံးပြု နေနိုင်ပြီ ဖြစ်သည်။ ထို့အပြင် ခန္ဓာကိုယ်၏ ခံနိုင်ရည် စွမ်းအားမှာလည်း အလွန် တိုးတက်လာခဲ့ပြီ ဖြစ်၏။ ယခုဆိုလျှင် သာမန် လက်နက်များ မဆိုထားနှင့် အမြောက် လက်နက်ကြီးများ ပင်လျှင် သူ့အား မထိခိုက် နိုင်တော့ပေ။

“နတ်ဆိုးသခင်က သူ့ရဲ့ ပုံရိပ်ယောင် ပျက်စီးသွားပြီ ဆိုတာ အာရုံခံမိလောက်ပြီ ထင်တယ်။ ယူကီရှီရိုရဲ့ စကားအရ ဆိုရင် ယူကီရှီရို မိသားစုရော၊ စုဆမ်နို ဘုရားကျောင်းကပါ ဖူကူအိုကာမှာ ရှိနေတယ်တဲ့။ ငါရောက်တာနဲ့ အရင်ဆုံး ဂျပန်ရဲနဲ့ စစ်တပ်ကို ရင်ဆိုင် ရမလား မသိဘူး”

ချန်းဖန်က တွေးလိုက်မိ၏။

သူ့အနေဖြင့် ဆိုပါက ဒဏ်ရာရနေသော နတ်ဆိုးသခင် မဆိုထားနှင့်၊ အစွမ်းအထက်ဆုံးသော နတ်ဆိုးသခင်ကိုပင် မကြောက်ချေ။ ထို နတ်ဆိုး သခင်က ဂျပန်၌ နှစ်ရာချီ၍ ရှိနေပုံ ပေါ်သည်။ ယူကီရှီရို မိသားစု ပင်လျှင် သူ၏ အာဏာစက် အောက်၌ တည်နေပုံ ပေါ်သည်။ ထို့ကြောင့် ထိုနတ်ဆိုးအား ဖမ်းဆီးနိုင်ရန် အတွက် ပထမဦးစွာ ခူးရှူးကျွန်း၏ အစိုးရနှင့် သူဌေးကြီးများအား ရင်ဆိုင်ရမည့်ပုံ ရှိသည်။

သူ အတွေးလွန် နေစဉ်မှာပင် ရှင်းလင်းပြီး ချိုသာသော အသံလေး တစ်ခုက သူ၏ နားစည်သို့ ညင်သာစွာ ရိုက်ခတ်လာခဲ့၏။

“ဟိုင်း ... ငါ့နာမည်က အိကျင့်ချီပါ။ ငါက ကျောင်းဟိုင်မှာ နေပါတယ်။ ရှင်တို့တွေက ဖူကူအိုကာကို ပျော်ပွဲစား သွားကြတာလား…”

ချန်းဖန် မျက်လုံးအား ဖွင့်ကြည့်လိုက်သည်နှင့် ဖက်ရှင်ကျစွာ ဝတ်ဆင်ထားသော မိန်းကလေးက သူ့အား နွေးထွေးစွာ ပြုံးပြရင်း နှုတ်ဆက်နေကြောင်း တွေ့လိုက်ရသည်။

“ကျုပ် နာမည်က ချန်းပေ့ရွှမ်းပါ ... ကျင်းမြို့ကပါ”

ချန်းဖန်က ပြန်လည် နှုတ်ဆက်လိုက်သည်။

ချန်းဖန်၏ အသံမှ ထွက်ပေါ်နေသော အေးစက်မှုများအား အာရုံ ခံမိသည့်တိုင် မိန်းကလေးက ပိုမို ပီပြင်စွာ ပြုံးရင်း ချန်းဖန် အနားသို့ တိုးကပ်လိုက်၏။

“ဒီမှာလည်း အချောလေး တစ်ယောက်ပါလား။ သူက ရှင့်ရဲ့ ကောင်မလေးလား”

သူမက ယူကီရှီရိုဆာအား တွေ့သည်နှင့် မေးလိုက်၏။ သူမ၏ ပုံစံက ချန်းဖန်တို့နှင့် မိတ်ရင်း၊ ဆွေရင်း အလားပင်။

မိန်းကလေး၏ အမူအရာအား မြင်သည်နှင့် သူမဘေးမှ လူငယ်၏ မျက်နှာက အနည်းငယ် တင်းမာလာကာ မိန်းကလေးအား ခေါ်လိုက်သည်။

“ရှောင်ချီ…”

အိကျင့်ချီက လူငယ်အား မကျေမနပ်ကြည့်ရင်း ...

“ကျွန်မကို အဲဒီလို မခေါ်ပါနဲ့လို့ ဘယ်နှစ်ခါ ပြောရမှာလဲ။ နောက်ပြီး ရှင်နဲ့ ကျွန်မက ဒီလောက် ရင်းနှီးတာ မဟုတ်ဘူး။ သူတို့နဲ့ စကား နည်းနည်း ပြောတာက ပြဿနာ ရှိနေလို့လား…”

ချန်းဖန်က ထိုမပြေလည်သော စုံတွဲအား အကဲခတ် လိုက်မိသည်။ ထိုလူငယ်မှာ မိန်းကလေးအား ကြွေနေဟန် ရသော်လည်း မိန်းကလေးကမူ စိတ်ဝင်စားပုံ မရချေ။

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မိန်းကလေး၏ အမေးကို ပြန်ဖြေလိုက်၏။

“မဟုတ်ဘူး ... သူက ငါ့ရဲ့ အစေခံ မိန်းကလေး…”

“အစေခံ မိန်းကလေး…”

အိကျင့်ချီက တအံ့တဩ ပြန်မေးလိုက်၏။ သူမ အနေဖြင့် ချစ်သူ၊ ဇနီး တစ်ခုခု ဖြစ်ရမည်ဟုသာ မျှော်လင့်ထားခဲ့သည်။ ယခုကဲ့သို့ ကြားရမည်ဟု မထင်မှတ် ထားခဲ့ချေ။ နှစ်ဆယ့်တစ်ရာစု၌ အစေခံဟူသော အသုံးအနှုန်းက ရိုင်းစိုင်းလွန်းသည်။

“အဓိပ္ပာယ် မရှိဘူး ... ခုခေတ်မှာ အစေခံ ဆိုတာ မရှိဘူး။ သူက ဖိလစ်ပိုင်က လာတဲ့ အိမ်အကူ မိန်းကလေးလား…”

လူငယ်က ချန်းဖန်အား မေးလိုက်၏။

“ရန်ဟို ... နင့်ကို ငါဝင်ပြောခိုင်း နေလို့လား…”

အိကျင့်ချီက လူငယ်အား အော်ငေါက်လိုက်၏။ လူငယ်မှာ ဒေါသထွက်နေသော်လည်း စိတ်ကိုသာ ထိန်းထားလိုက်ရသည်။

“ငါက ချန်းစန်းရဲ့ အစေခံ မိန်းကလေးပဲ ... ဘာထူးဆန်းလဲ”

ယူကီရှီရိုဆာက ဝင်ပြောလိုက်၏။

လူငယ်စုံတွဲက သူမအား ထူးဆန်းစွာ ကြည့်သည်။ ထိုမိန်းကလေး၏ အလှက သာမန် မဟုတ်ပေ။ ထို့အပြင် သူမ၏ အဝတ်အစားများ၊ အိတ် စသည်တို့မှာလည်း တကယ့် အထက်တန်းစားများသာ သုံးနိုင်သော အရာများ ဖြစ်၏။ ထိုကဲ့သို့သော မိန်းကလေးက လူငယ်၏ အစေခံဟု ဝန်ခံနေသည်။ တစ်ခုခုတော့ တစ်ခုခုပင်။

“နေပါဦး ... ရှင်က ဂျပန်လူမျိုးလား”

အိကျင့်ချီက မေးလိုက်သည်။ စောစောက ယူကီရှီရိုဆာမှာ “စန်း” ဟူသော အသုံးအနှုန်းအား သုံးခဲ့သေးသည်။ ထိုအသုံးအနှုန်းက ဂျပန်တို့သာ သုံးသည့် အသံထွက် ဖြစ်သည်။

အလွန်လှပသော ဂျပန်မိန်းကလေးက ထိုချောမောသည့် လူငယ်၏ အစေခံ ဖြစ်နေခဲ့သည်။ ထိုအရာက မယုံကြည် နိုင်စရာပင်။

“ဒါက ရွံစရာကောင်းတဲ့ အဆင့်အဆန်း ခွဲခြားမှုပဲ…”

လူငယ်က နှာခေါင်းရှုံ့ရင်း ပြောလိုက်၏။ သူက အသံအား တိုးညင်းစွာ ပြောလိုက်သည့်တိုင် ချန်းဖန်တို့ ကြားရန်အတွက်မူ လုံလောက်သည်။ ချန်းဖန်မှာ ထိုလူငယ်၏ စကားအား ဂရုမစိုက်သည့်တိုင် ယူကီရှီရိုဆာက သူ့အား စူးရဲစွာ ကြည့်သည်။

“နောက်တစ်ကြိမ် မလေးမစားလုပ်ရင် နင့်ကို လေယာဉ်ပေါ်ကနေ ပစ်ချမယ်။ နားလည်လား…”

ရန်ဟိုမှာ မိန်းကလေး၏ ပြတ်သားသော အသံအား ကြားသည်နှင့် အသာအယာပင် ပြန်နေလိုက်သည်။ သူ့အနေဖြင့် မိန်းကလေး တစ်ဦးနှင့် မငြင်းခုံလိုချေ။

“ရှင်က ဘာလို့ သူ့ကို သခင်အဖြစ် အသိအမှတ် ပြုခဲ့တာလဲ…”

အိကျင့်ချီက စိတ်ဝင်စားစွာ မေးလိုက်သည်။

“ဆရာက ငါ့အသက်ကို ကယ်ပေးနိုင်တယ်။ ဒါကြောင့် သူ့ဆီမှာ အစေခံ အဖြစ်နဲ့ နေခဲ့တာ”

ယူကီရှီရိုဆာက ပြောရင်း ချန်းဖန်အား ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများကမူ လေးစားမှု၊ သဘောကျမှုများဖြင့် ပြည့်နှက်နေခဲ့တော့သည်။

“တကယ်ကြီး…”

အိကျင့်ချီက စိတ်ဝင်စားမှုဖြင့် တအံ့တဩ ရေရွတ်လိုက်မိတော့သည်။

ထို့နောက် အိကျင့်ချီက သူတို့အား မေးခွန်းများ မေးသလို သူမ၏ အကြောင်းကိုလည်း ပြောပြသည်။ အတော်ကြာကြာ စကားပြောမိနောက် ချန်းဖန်တို့မှာ လေပေါသော မိန်းကလေးအား အကောင်းမြင်လာခဲ့ကြသည်။

ထိုမိန်းကလေးမှာ မိသားစု၏ အတင်းအကျပ် စီစဉ်မှုဖြင့် ဤခရီးအား ထွက်လာခဲ့ရသည်။ သူမ အနေဖြင့် ရန်ဟိုအား မချစ်သော်လည်း မိသားစု နှစ်ခုကမူ အကြီးအကျယ် သဘောတူ နေခဲ့သည်။

လေယာဉ် မဆိုက်ရောက်ခင်တွင် အိကျင့်ချီက ချန်းဖန်နှင့် ယူကီရှီရိုဆာ တို့၏ လက်အား ဆွဲကိုင်လိုက်ရင်း ...

“ရှင်တို့က ဒီကို အလည်အပတ် ရောက်လာတာလား။ ငါတို့ နောက်တစ်ကြိမ် ပြန်ဆုံနိုင်သေးတယ် မလား။ ငါတို့ ဖုန်းနံပါတ်တွေ လဲထားကြမလား”

“ကံမကုန်ရင်တော့ ပြန်ဆုံကြတာပေါ့…”

လေယာဉ် ဆိုက်သည်နှင့် ချန်းဖန်က သူမအား နှုတ်ဆက်ကာ ယူကီရှီရိုဆာ နှင့်အတူ ထွက်ခွာသွားတော့သည်။

“ဘဝင်မြင့်လိုက်တာ။ ရုပ်နည်းနည်း ချောတာနဲ့ သူ့ကိုယ်သူ မင်းသားတစ်ပါးလို့ ထင်နေတာလား မသိဘူး။ ဟမ့် ... အစေခံ မိန်းကလေး ဟုတ်လား ... ဒါက လူ့အခွင့်အရေးကို ချိုးဖောက်နေတာ မသိဘူးလား”

ရန်ဟိုက ထွက်ခွာသွားသော ချန်းဖန်၏ နောက်ကျောအား ကြည့်ရင်း မကျေမနပ် ပြောလိုက်သည်။

“နင် ... ပါးစပ်ပိတ်ထား”

အိကျင့်ချီက သူ့အား ပြောရင်း ချန်းဖန်တို့ နောက်မှ လမ်းလျှောက်လိုက်သွား တော့၏။ ရန်ဟို၏ အမူအရာမှာမူ အလွန်စိတ်ပျက်သည့်ဟန် ပေါက်နေတော့သည်။

“ဆရာ ... ကျွန်မတို့ ဟိုတယ်တစ်ခုကို အရင်သွားမလား”

ယူကီရှီရိုဆာက ချန်းဖန်အား လေးစားစွာ မေးလိုက်သည်။

“မလိုတော့ဘူး ... သူတို့ ဒီကို ရောက်နေပြီ”

ချန်းဖန်က အေးဆေးစွာ ပြန်ဖြေသည်။

“သူတို့ ဆိုတာ…”

ယူကီရှီရိုဆာက မေးဟန် ဟန်ပြင် လိုက်စဉ်မှာပင် အနက်ရောင် မာစီဒီး - ဘန့်ကား တစ်စီးက သူတို့ နံဘေးသို့ ထိုးရပ်လာသည်။ ထို့နောက် ကားအတွင်းမှ အန္တရာယ်ရှိသည့် အသွင်ရှိသော လူငယ် တစ်ယောက် ထွက်လာကာ သူတို့ထံသို့ လျှောက်လာခဲ့တော့၏။

“အစ်မ ... နင် ဂျပန်ကို ပြန်လာမယ် ဆိုတာ ဘာလို့ မပြောတာလဲ”

ထိုလူငယ်၏ နောက်တွင်မူ ဗလကောင်းကောင်းနှင့် အသားညိုသော လူတစ်စု လိုက်ပါလာခဲ့၏။

***

All Chapters