ယူကီရှီရို မိသားစု
Vol. 4 Ch. 342
ယူကီရှီရို မိသားစုမှာ ခူးရှူးကျွန်းကို နှစ်ပေါင်း တစ်ရာ့ငါးဆယ်ခန့် ကြာအောင် အုပ်စိုးထားနိုင်သည့် မိသားစုကြီး ဖြစ်သည်။ ကြီးမားသော မိသားစုကြီး ဖြစ်သည်နှင့် အညီ သွေးမျိုးဆက် မိသားစု အကိုင်းအခက်များစွာ ရှိ၏။ မိသားစုအတွင်း ယူကီရှီရိုဆာ၏ ဩဇာအာဏာ မြင့်တက်လာခြင်းက အခြားလူများ၏ အမြင်များကို ပြောင်းလဲစေသည်။ မိန်းမများအား ခွဲခြား ဆက်ဆံခြင်းမျိုးက ဂျပန် လူမှုအဖွဲ့အစည်း၌ ကျယ်ပြန့်နေဆဲ ဖြစ်သည်။
ဂျပန်၌ မိန်းကလေးများ၏ အခန်းကဏ္ဍမှာ ယောက်ျားများထက် ပိုမို နိမ့်ကျ၏။ မိန်းကလေး စီးပွားရေး သမားများ၊ နိုင်ငံရေး သမားများမှာ မရှိသလောက်ပင် နည်းပါးသည်။
ကီတ နီဝါကာဝါနှင့် အဘို၏ ထောက်ပံ့မှုကြောင့်သာ မဟုတ်ပါက ယူကီရှီရိုဆာ အနေဖြင့် မိသားစု ခေါင်းဆောင်ဟူသော ရာထူးကို တစ်လကြာအောင်ပင် ဆုပ်ကိုင် ထားနိုင်လိမ့်မည် မဟုတ်ပေ။ ယခင်ကမူ အဘိုးက အဘယ်ကြောင့် သူမကို ထောက်ပံ့ရခြင်းအား နားမလည်ခဲ့ချေ။ သို့သော်လည်း ယခုမူ အရာရာက ရှင်းလင်းသွားပြီ ဖြစ်၏။ သူမ ခန္ဓာကိုယ်ပေါ်ရှိ စုဆမ်နို နတ်ဆိုး၏ ပုံရိပ်ယောင် ကြောင့်သာ အဘိုးနှင့် နီတ နီဝါကာဝါတို့၏ အရေးပေးမှုအား သူမ ရရှိခဲ့ခြင်း ဖြစ်သည်။ ယခု ကိုယ်ပေါ်မှ ပုံရိပ်ယောင်လည်း ပြိုကွဲ ပျက်စီးသွားပြီ ဖြစ်ရာ သူမ၏ ကောင်းမွန်သော နေ့ရက်များ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း နားလည်မိသည်။
ယခုတွင်လည်း အဘိုးကြီးက သူ၏ လူများအား လေဆိပ်၌ စောင့်ဆိုင်းထားစေပုံ ပေါ်သည်။
“ယာဆို ... နင် ဒီမှာ ဘာလုပ်နေတာလဲ”
ယူကီရှီရိုဆာက မေးလိုက်၏။ သူမ၏ အမူအရာက လွှမ်းမိုးနိုင်စွမ်း ရှိသော မိသားစု ခေါင်းဆောင် တစ်ယောက်ကဲ့သို့ပင်။
“ညီမလေး ... နင့်ကိုယ်နင် မိသားစု ခေါင်းဆောင်လို့ ထင်နေတုန်းလား။ အဘိုးက နင့်ကို ဖမ်းပြီး အိမ်ကို ပြန်ခေါ်လာဖို့ ခိုင်းထားတယ်”
ယူကီရှီရို ယာဆိုက အေးစက်စွာ ပြုံးရင်း ဆက်ပြောလိုက်၏။
“ငါ့ကို ခက်ခဲအောင် မလုပ်ပါနဲ့။ မိသားစု ခေါင်းဆောင်ဟောင်း တစ်ယောက်ကို ငါ အကြမ်းမဖက်ချင်ဘူး”
သူ၏ စကားအဆုံး၌ အနက်ရောင် ဝတ်စုံနှင့် လူများက ရှေ့သို့ အနည်းငယ်တိုးကာ ချန်းဖန်နှင့် ယူကီရှီရိုဆာတို့အား ဝန်းရံထားလိုက်ကြသည်။
“နင် လုပ်ရဲတယ်ပေါ့…”
ယူကီရှီရိုဆာက တင်းမာစွာ ကြည့်သော်လည်း ထိုလူများက ဂရုစိုက်ဟန် မရပေ။
“ဒါပေါ့ ... လုပ်ရဲတာပေါ့”
ယူကီရှီရို ယာဆိုက ရယ်မောရင်း ဆက်ပြောလိုက်၏။
“နင် ဘာပြဿနာတွေ လုပ်ထားတာလဲ။ နင့်ကို အဘိုးရော၊ ဆရာကီတ နီဝါကာဝါရောက မထောက်ခံတော့ဘူး။ နောက်ပြီး ကာဝါကာမီ ဂျန်စိုင်းရော ဘယ်မှာလဲ။ နင်က တရုတ်မှာ ဒီကောင်ချောချောလေးနဲ့ ပျော်ပါးနေတာလား ... နင်…”
သူ၏ စကား မဆုံးခင်မှာပင် အေးစက်သော ဂျပန် စကားသံတစ်ခုက ထွက်ပေါ်လာခဲ့၏။
“သေချင်နေတာလား…”
စကားဆုံးသည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ်က အရိပ်တစ်ခု အလား ပျောက်ကွယ်သွားတော့၏။ ရုတ်တရက် ယူကီရှီရို ယာဆို၏ မျက်နှာက ထူပူသွားကာ နောက်သို့ လွင့်စဉ်သွားတော့သည်။
ချန်းဖန်က ပုံမှန်အားကို သုံး၍သာ ယူကီရှီရို ယာဆို၏ မျက်နှာအား ရိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအင်အားက ပါးရိုးများနှင့် ဦးခေါင်းခွံအား ကျိုးကြေသွားရန် အတွက် လုံလောက်သည်။
“ဘုန်း…”
ယူကီရှီရို ယာဆို၏ ခန္ဓာကိုယ်က လမ်းမထက်သို့ အသက်မဲ့စွာ လွင့်စဉ် ပြုတ်ကျသည်။ အနက်ရောင် ဝတ်စုံလူများမှာ ထိုမြင်ကွင်းအား ကြည့်ရင်း တဆတ်ဆတ် တုန်လာကြတော့၏။ ဦးခေါင်းခွံမှာ လူတစ်ယောက်၏ အရိုးများ အနက် အမာဆုံးဖြစ်သည်။ သို့သော်လည်း ချောမောသော ကောင်လေး၏ လက်ဝါးရိုက်ချက်က ဦးခေါင်းခွံကိုပင် ကြေမွ သွားစေသည်။
“ဆရာ ... ရှင် ဂျပန်စကား ပြောတတ်တာလား”
ယူကီရှီရိုက ချန်းဖန်အား တအံ့တဩ ကြည့်ရင်း မေးလိုက်မိသည်။ သူမနှင့် ယူကီရှီရို ယာဆို ပြောနေခဲ့သည်က ဂျပန်ဘာသာဖြင့်သာ ဖြစ်သည်။ သူမ အနေဖြင့် စကားပြန်လုပ်ပေးရမည် ဟု ထင်မှတ်ထားခဲ့သော်လည်း ချန်းဖန်မှာ ဂျပန်စကားအား နားလည်နေပုံ ရသည်။
“ကျင့်ကြံသူတွေ အတွက် ဘာသာစကား တစ်ခုသင်ရတာ ဘာမှ မခက်ဘူး”
ချန်းဖန်က ဂျပန်ဘာသာဖြင့် ဖြည်းညင်းစွာ ပြောလိုက်၏။ သူက ဂျပန်အသံထွက်က ပထမ၌ အနည်းငယ် ထောက်နေသော်လည်း ဝါကျအဆုံးသို့ ရောက်ခါနီးသည်နှင့် အဆင်ချော သွားတော့၏။ သူ၏ အသံထွက်က ဂျပန်တွင် နှစ်ပေါင်းများစွာ နေခဲ့သည့်အလား ပြေပြစ်မှု ရှိနေသည်။
ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ရောက်သည်နှင့် ချန်းဖန်သည် ဓာတ်ပုံရိုက်ထား သကဲ့သို့ မှတ်ဉာဏ်အား ပိုင်ဆိုင်လာခဲ့၏။ ဂျပန်သို့ မလာခင်ညက ဂျပန် အဘိဓာန် တစ်ခုလုံးအား သူဖတ်ကြည့်ခဲ့ပြီး ဖြစ်သည်။ နတ်ဘုရား စိတ်အာရုံနှင့် ဆိုပါက စာအုပ် တစ်လုံးကို မှတ်ရန်မှာ မိနစ်ပိုင်းမျှသာ ကြာခဲ့၏။ ထို့အပြင် လေယာဉ်ပေါ်တွင် ရှိနေစဉ် တစ်လျှောက်လုံး စကားပြောအား စိတ်အတွင်းမှ လေ့ကျင့်လာခဲ့သေးသည်။
ချန်းက ယူကီရှီရိုဆာအား ပြောပြီးသည်နှင့် ကြောင်စီစီ ဖြစ်နေသော ဝတ်စုံနက်များထံ လှည့်လိုက်ရင်း ...
“ယူကီရှီရို မိသားစုက ငါ့ကို ဖမ်းချင်တယ်ပေါ့ ... ဟာသပဲ”
သူက လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်သည်နှင့် ဓားသွားလှိုင်းများ ဖြစ်ပေါ်လာကာ ဝတ်စုံနက်များထံ တိုးဝင်သွားတော့သည်။ ဝတ်စုံနက်များ မရှောင်တိမ်းနိုင်ခင်မှာပင် ဓားသွားများက သူတို့အား အပိုင်းပိုင်း ဖြတ်ပစ်လိုက်တော့၏။
ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ရောက်ချိန်မှ စ၍ အစီအရင်များကို လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့်ပင် ချန်းဖန် ဖော်ထုတ် လာနိုင်ခဲ့သည်။ သူဖန်တီးထားသော ဓားလှိုင်းများမှာ စတီးကိုပင် ဖြတ်ပစ်နိုင်သည် ထက်ရှသည်။ ထို့ကြောင့်ပင် ဝတ်စုံနက်များ၏ လူသားခန္ဓာကိုယ်မှာ ဓားလှိုင်းများ အောက်၌ တို့ဟူးကဲ့သို့ အပိုင်းပိုင်း လှီးဖြတ်ခံ လိုက်ရခြင်း ဖြစ်သည်။
“ဆရာ…”
ယူကီရှီရိုဆာက ဖြူရော်သော မျက်နှာဖြင့် ခေါ်လိုက်သည်။ ချန်းဖန်မှာ ဂျပန်သို့ ရောက်ချင်းပင် လူများစွာအား သတ်ပစ်မည်ဟု သူမ မတွေးထားခဲ့ချေ။
“ယူကီရှီရို မိသားစုက မင်းကို ဖမ်းဖို့ လူတွေတောင် လွှတ်ထားတာပဲ။ နတ်ဆိုးသခင် စုဆမ်နိုက မင်းဆီက ပုံရိပ်ယောင်ဖျက်ဆီး ခံလိုက်ရပြီ ဆိုတာ သိသွားတာ ဖြစ်နိုင်တယ်။ ငါတို့ ယူကီရှီရို မိသားစုကို အရင်သွားပြီး စုဆမ်နိုအကြောင်း မင်းအဘိုးဆီမှာ မေးရအောင်…”
ချန်းဖန်က ပြောရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းကာ မီးလုံးများကို ပစ်လွှတ်လိုက်သည်။ မီးလုံးများက ခန္ဓာကိုယ် အပိုင်းအစများထံ ပျံသန်းသွားကာ လောင်ကျွမ်း၏။ ခဏအတွင်းမှာပင် အသွေး၊ အသားအားလုံး ကွယ်ပျောက်ကုန်ကာ မည်သည့်အရာမျှ မဖြစ်ခဲ့သည့် အတိုင်း ပြန်လည် တည်ငြိမ်သွားတော့သည်။
“သွားကြမယ် ... မင်းမှာ ယာဉ်မောင်းလိုင်စင်တော့ ပါတယ်မလား”
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ယူကီရှီရို ယာဆို၏ ကားထံသို့ လျှောက်လာကာ ကားအတွင်း ဝင်လိုက်သည်။ ယူကီရှီရိုဆာကလည်း ချန်းဖန်၏ နောက်မှ လိုက်လာကာ ယာဉ်မောင်းထိုင်ခုံ၌ ဝင်ထိုင်လိုက်၏။
မကြာခင်မှာပင် ကားလေးမှာ ဖူကူအိုကာ လေဆိပ်မှ တဖြည်းဖြည်း ထွက်ခွာသွားတော့သည်။
ချန်းဖန် မျက်လုံးအား အနည်းငယ် မှေးစင်းရင်း ခရီးစဉ်အကြောင်းအား တွေးလိုက်သည်။ ဂျပန်မှာ တရုတ်ထက် စီးပွားရေးအရ ပိုမို အင်အားကြီးသော်လည်း စစ်အင်အားတွင်မူ အားနည်းသည်။ ထို့ကြောင့် ချန်းဖန်အနေဖြင့် သူ၏ အပြုအမူများအား သိပ်၍ ထိန်းချုပ်နေစရာ မလိုပေ။ သူ ဂရုစိုက်ရမည့် တစ်ခုတည်းသော အရာက ဂျပန်အခြေစိုက် အမေရိကန် စစ်ခန်း ဖြစ်သည်။ အမေရိကန်မှာ ကမ္ဘာ၏ အင်အားအကြီးဆုံး နိုင်ငံဖြစ်ရာ သူ၏ ယခုကျင့်ကြံခြင်း အဆင့်ဖြင့် ရင်ဆိုင်၍ မရသေးပေ။
အချိန်က တဖြည်းဖြည်း လည်ပတ်နေသည်နှင့် သူတို့၏ ကားလေးမှာလည်း ယူကီရှီရို မိသားစု အခြေစိုက်ရာ ရွာငယ်လေးသို့ နီးကပ်လာခဲ့ပြီ ဖြစ်၏။
***
ထိုအချိန်၌ ယူကီရှီရို မိသားစု ခေါင်းဆောင်များမှာ သစ်သား အိမ်ငယ်လေး တစ်ခုအတွင်း၌ စုစည်းလျက် ရှိ၏။
“ယာဆိုက သစ္စာဖောက်ကို ဖမ်းခေါ်ဖို့ လေဆိပ်ကို သွားပါတယ်”
မိသားစု၏ အစေခံ တစ်ယောက်က ဒူးထောက်ရင်း အစီအရင် ခံသည်။
စားပွဲ၏ ထိပ်ဆုံးနေရာတွင်မူ အသက်ကိုးဆယ်ခန့် အဘိုးအို တစ်ဦး ရှိသည်။ အဘိုးအိုမှာ ကတုံးတုံးထားပြီး သွားများပင် မရှိတော့ချေ။ သူ၏ မျက်လုံးများက တလက်လက် တောက်ပနေကာ မြင်သူတိုင်းအား လေးစားစိတ် ဖြစ်စေ၏။
သူကား ယူကီရှီရို မိသားစု၏ ကျောရိုး တစ်ဖြစ်လည်း ယူရှီရှီရိုဆာ၏ အဘိုး ယူကီရှီရို ချီအိုပင် ဖြစ်၏။
သူ၏ ဘေးတွင်မူ ဆာမူရိုင်း ဝတ်စုံ ဝတ်ဆင်ထားသော အသက်လတ် လူတစ်ယောက် ရှိသည်။ သူက ထောက်ထားသော ဒူးပေါ်တွင် လက်နှစ်ဖက်ကို တင်ကာ မျက်လုံးများအား အနည်းငယ် မှေးစင်းထားသည်။ သူ၏ ဘေးတွင်မူ အေးစက်သော အငွေ့အသက်များ ပျံ့လွင့်နေသည့် ဝါကီဇာရှီ တစ်ခု ရှိသည်။ ထိုလူကြီး၏ အသွင်သဏ္ဌာန်က သာမန် လူတစ်ယောက်နှင့် မကွာခြားသည့်တိုင် အခန်းအတွင်း၌ သူ၏ မျက်နှာအား ကြည့်ဝံ့သူ မရှိပေ။ သူကား ခူးရှူးကျွန်း၏ အစွမ်းအထက်ဆုံး ကင်ဒိုမာစတာ ကီတ နီဝါကာဝါပင် ဖြစ်သည်။
“ကောင်းတယ် ... ယာဆို ... သစ္စာဖောက်ကို အိမ်ပြန် ခေါ်လာဖို့ အမိန့်ပေးလိုက်”
ယူကီရှီရို ချီအိုက ပြောလိုက်သည်။
“ဟိုက်…”
အစေခံက ခေါင်းညိတ်ကာ အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ကီတ နီဝါကာဝါက မျက်လုံးများအား ဖွင့်လိုက်ရင်း မေးလိုက်၏။
“ယူကီရှီရိုဆာနဲ့ အတူ အခြားတစ်ယောက် ပါလာသေးလား”
“ဟိုက် ... တရုတ်လူငယ် တစ်ယောက် ပါလာတယ်လို့ သတင်းရပါတယ်…”
အစေခံက စဉ်းစားရင်း ပြန်ဖြေလိုက်သည်။
“ဘာဖြစ်လို့လဲ ... သခင်ကြီး ကီတ နီဝါကာဝါ”
ယူကီရှီရို ချီအိုက နားမလည်ဟန် မေးလိုက်သည်။
“ကျုပ် စုဆမ်နို ဘုရားကျောင်းက သတင်းရတယ်။ ပုံရိပ်ယောင်ကို ဖျက်ဆီးလိုက်တဲ့သူက အခြား အိုမိုင်ယိုချီ ဒါမှမဟုတ် တန်ခိုးရှင်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လိမ့်မယ်တဲ့။ အဲဒီလူက ယူကီရှီရိုဆာ နဲ့အတူ ပါလာလိမ့်မယ်လို့ ကျုပ် သံသယ ရှိတယ်။ ဒါပေမဲ့ ... လူငယ်လေး တစ်ယောက်ကတော့ မဖြစ်နိုင်ပါဘူး”
ကီတ နီဝါကာဝါက မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလိုက်၏။
“သခင်ကြီး ကီတ နီဝါကာဝါ ... သူတို့ နှစ်ယောက်လုံးကို ခေါ်လာခိုင်း ရမလား…
ယူကီရှီရိုဆာက ယုံကြည်ချက် ရှိစွာ ပြုံးရင်း ပြောလိုက်၏။
ထိုစဉ်မှာပင် ခြံဝန်းအတွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာ၏။ အစေခံ တစ်ယောက်အလားအခန်းအတွင်း ပြေးဝင်လာရင်း အလန့်တကြား အစီရင်ခံသည်။
“သခင်ကြီး ... တစ်ယောက်ယောက်က ဂိတ်တံခါးကို ချိုးဖျက်ပြီး ကျူးကျော်ဖို့ ကြိုးစားနေပါတယ်”
***