← Chapters

သတ်ဖြတ်ခြင်း

Vol. 4 Ch. 343

သတ်ဖြတ်ခြင်း

Vol. 4 Ch. 343

“ကိုနိုယာရူ…ဘယ်ကောင်က ငါတို့ နေရာကို ကျူးကျော်ရဲတာလဲ…”

မိသားစု ခေါင်းဆောင် ယူကီရှီရို ချီအိုနှင့် ကီတ နီဝါကာဝါတို့ မည်သို့မျှ မတုံ့ပြန်ရသေးခင်မှာပင် ခေါင်းဆောင်ငယ် တစ်ဦးက စားပွဲအား လက်ဖြင့် ရိုက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ရွာတွင် နေထိုင်ကြသူများထဲမှ လူဦးရေ အနည်းငယ်ကသာ ယူကီရှီရို မိသားစုဝင်များဖြစ်ကြသော်လည်း သူတို့မိသားစုအတွက် အလုပ်လုပ်နေခဲ့ကြသည်က တစ်ရွာလုံး နီးပါးပင် ဖြစ်၏။

အချို့မှာ အစေခံများအဖြစ်လည်းကောင်း အချို့မှာ အစောင့်များအဖြစ်လည်းကောင်း အလုပ် ယူကီရှီရို မိသားစု ထံတွင် အလုပ် လုပ်ကြသည်။

ရွာထဲတွင်လည်း လက်နက်တိုက် တစ်ခုရှိသည်။ ယူကီရှီရိုမိသားစုသည် ရာစုနှစ်တစ်ခုကျော်အောင် ထိုရွာကိုအုပ်ချုပ်ခဲ့ပြီး ခြောက်လုံးပြူး သေနတ်အပါအဝင်  လက်နက်ကိရိယာ များစွာကို စုဆောင်းထားနိုင်ခဲ့သည်။

ဂျပန်ရဲများပင်လျှင် ယူကီရှီရို မိသားစု၏ ခွင့်ပြုချက်မရပဲ  ရွာထဲသို့ ဝင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ထိုအရာက ယူကီရှီရိုမိသားစု၏ ဩဇာအာဏာကြီးမားမှုနှင့် ခူးရှူးကျွန်း မြေအောက်လောကအား စိုးမိုးခြယ်လှယ်နိုင်မှု ကြောင့်ပင် ဖြစ်၏။

“အဲဒါက ယူကီရှီရိုဆာ နဲ့ တရုတ်လူငယ်တစ်ယောက်ပါ”

အစေခံက ကပျာကယာ အစီရင်ခံလိုက်၏။

“ဘယ်လို…”

“ဒါက ... မဖြစ်နိုင်ဘူး...”

အခန်းအတွင်း အံ့ဩတကြီး ရေရွတ်သံများက ပေါ်ထွက်လာခဲ့၏။ ယူကီရှီရို ချီအို၏ မျက်နှာပင်လျှင် အရောင်အနည်းငယ် ဖြတ်ပြေးသွားသည်။

ယခုလေးပင် သူတို့ ယူကီရှီရိုဆာ၏ အကြောင်းကို ဆွေးနွေးခဲ့ကြပြီး သူမအား ဖမ်းဆီးရန် အမိန့်ပေးခဲ့ သေးသည်။ သို့သော်လည်း ယူကီရှီရိုဆာမှာ မိသားစု ရှိရာထံသို့ တန်းတန်းမတ်မတ် ပြန်လာလိမ့်မည် ဟု လုံးဝ မျှော်လင့် မထားခဲ့ချေ။

“သူက တရုတ်ကနေ အစွမ်းထက်တဲ့ တိုက်ခိုက်ရေးသမား တစ်ယောက် ခေါ်လာတာလား”

ကီတ နီဝါကာဝါဟာ တီးတိုး ရေရွတ်ရင်း နှေးကွေးစွာဖြင့် တံခါးပေါက်ဆီသို့ ဦးတည်လိုက်၏။

“စိတ်ပူစရာ မရှိပါဘူး ... ငါတို့မှာ သခင်ကြီး ကီတ နီဝါကာဝါ ရှိတာပဲ။ တရုတ်ကလာတဲ့ ဘယ်သူကမှ ငါတို့ကို အန္တရာယ်မပြုနိုင်ပါဘူး…”

ယူကီရှီရို မိသားစု ခေါင်းဆောင်များက ယုံကြည်ချက် ရှိစွာ တွေးလိုက်မိကြ၏။

ကီတ နီဝါကာဝါမှာ ဂျပန်၏ အစွမ်းအထက်ဆုံး ကင်ဒိုမာစတာ လေးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။  သူ ကာကွယ်ပေးနေသမျှ ယူကီရှီရို မိသားစု အန္တရာယ် ကင်းမည် ဖြစ်၏။

ထိုအချိန် ချန်းဖန်မှာ ရွာ၏ ဝင်ပေါက်တွင် လက်နှစ်ဖက်အား နောက်သို့ပစ်ကာ ရပ်ရင်း ဒေါသတကြီး ရောက်လာသော ရွာသားများအား ကြည့်နေခဲ့သည်။

ရွာငယ်လေးမှာ ယူကီရှီရို မိသားစု၏ အခြေစိုက်စခန်းဖြစ်ရာ လူစိမ်းများ ရောက်လာတတ်သည်က မဆန်းပေ။ ရွာထဲသို့ နိုင်ငံရေး သမားများ၊ သူဌေးကြီးများ မကြာခဏရင် ရောက်လာတတ်သည်။ သို့သော်လည်း တံခါးအား ဖျက်ဆီး၍ ဝင်ရောက်လာသူက ချန်းဖန် တစ်ယောက်သာ ရှိသည်။ ချန်းဖန်၏ တံခါအား ဖျက်ဆီးသံက တစ်ရွာလုံးကိုပင် ဖုံးလွှမ်းသွားခဲ့သည်။ ထို့ကြောင့်ပင် ရွာသားများစွာမှာ နီးစပ်ရာ လက်နက်များအား ကောက်ယူကာ တံခါးဝသို့ အပြေးအလွှား ရောက်လာခဲ့ကြသည်။

“ဆရာ…”

ယူကီရှီရိုဆာက သူတို့အား ဝန်းရံနေသည့် တစ်ရာခန့်ရှိသော လူများအား ကြည့်ရင်း ထိတ်လန့်လာခဲ့သည်။

ချန်းဖန်မှာ အထွတ်အထိပ် အဆင့် သိုင်းသမား တစ်ယောက် ဖြစ်ကြောင်း သူမ သိသော်လည်း ဤမျှများပြားသော လူများအား တိုက်ခိုက်နိုင်လိမ့်မည် ဟု မထင်ချေ။  ဝန်းရံနေသူများတွင် သေနတ်သမားများပင် ပါဝင်နေရာ သူမ အလွန်စိုးရိမ် နေခဲ့၏။

“ငါ့နောက်က လိုက်ခဲ့…”

ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြောရင်း ရွာထဲသို့ ဦးတည်လိုက်၏။ ယူကီရှီရိုဆာ မှာလည်း အခြားရွေးချယ်စရာမရှိသောကြောင့်  ချန်းဖန်၏ အနားအား တိုးကပ်ရင်း ခပ်မြန်မြန်သာ လျှောက်လိုက်ရသည်။

“ချစမ်း…”

ခေါင်းဆောင် ဖြစ်ဟန် တူသော လူတစ်ဦးက လက်အား ဝှေ့ယမ်း၍ အချက်ပေးလိုက်သည်နှင့် ပခုံးတွင်တက်တူးများ ထိုးထားသော လူတစ်စုက ချန်းဖန်တို့ ထံသို့ ပြေးဝင်လာခဲ့တော့၏။

“ခရပ်…”

ချန်းဖန်က လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်သည်နှင့် အဇူရာ အလင်းရောင် ဓားလှိုင်း တစ်ခု ဖြစ်ပေါ်လာကာ ပြေးဝင်လာသော လူများအား တားဆီးသည်။

အဇူရာ ချီဓားလှိုင်းမှာ သတ္တုများကိုပင် ဖြတ်တောက်နိုင်ရာ ထိုသာမန်လူများက မည်ကဲ့သို့ တောင့်ခံနိုင်ပါ မည်နည်း။ ဓားလှိုင်းနှင့် ထိတွေ့သည်နှင့် သူတို့၏ ခန္ဓာကိုယ်များက အပိုင်းပိုင်း ပြတ်ကာပျက်စီးတော့သည်။

“အား...အား…”

နှလုံးခိုက်အောင် နာကျင်သော အော်ဟစ်သံများက ရွာဝင်ပေါက် တစ်လျှောက် သွေးပျက်ဖွယ် ထွက်ပေါ်နေတော့၏။

ဓားလှိုင်း မသက်ရောက်သော နေရာတွင် ရှိသည့် လူများသည် ထိုမြင်ကွင်းအား ကြည့်ရင်း တဆတ်ဆတ် တုန်အောင် ကြောက်လန့် နေခဲ့ကြ၏။

ထိုလူငယ်ကား မည်သူနည်း။ သူ၏ လက်တစ်ဖက် အဝှေ့တွင် လူများစွာ၏ အသက်များ ကြွေလွင့်ရသည်။ ထိုကဲ့သို့သော စွမ်းအားက ပြိုင်ဘက် ကင်းလှသည်။ သူတို့မှာ အင်အား အလွန်ကြီးမားသော ယူကီရှီရို မိသားစုကြီး ထံတွင် အလုပ်လုပ်နေကြသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ထိုကဲ့သို့သော စွမ်းအားကိုမူ တစ်ခါ မမြင်တွေ့ခဲ့ ဖူးချေ။

“ကပ္ပတိန် ... ကျုပ်တို့ ဘာလုပ်ကြမလဲ…”

နောက်လိုက်များက သူတို့ခေါင်းဆောင်အား အားကိုးတကြီး ကြည့်လိုက်ကြသည်။

တာရို နကာဂါဝါက နဖူးတွင် စီးကျနေသော ချွေးသီး ချွေးပေါက်များအားလက်ဖြင့် သုတ်လိုက်မိသည်။ သူကား ရွာ၏ လုံခြုံရေး ခေါင်းဆောင် ဖြစ်ရာ ရွာဘေးကင်းရေး အတွက် တာဝန်ရှိသည်။ သို့သော်လည်း ယခု ရင်ဆိုင်နေသော ပုဂ္ဂိုလ်က သူကိုင်တွယ်နိုင်သော အရာ မဟုတ်ပေ။

ထိုမကောင်းဆိုးဝါးအား ရင်ဆိုင်နိုင်သူမှာ သခင်ကြီး ကီတ နီဝါကာဝါသာ ရှိကြောင်း သူ ကောင်းစွာ သဘောပေါက်၏။

ထိုလူငယ်ကား မည်သူနည်း။ အဘယ့်ကြောင့် သခင်ကြီး ကီတ နီဝါကာဝါ ကဲ့သို့ အစွမ်းထက်နေရ သနည်း။ သူ၏ အသက်နှင့် ထိုကဲ့သို့ စွမ်းအားများ ပိုင်ဆိုင်ထားခြင်းက မယုံကြည်နိုင် စရာပင်။

“ခရပ်…”

ချန်းဖန်က တွန့်ဆုတ်နေသော လူများအား ကြည့်ကာ နှာခေါင်း ရှုံ့လိုက်ရင်း လက်အား ထပ်မံဝှေ့ယမ်း လိုက်ပြန်သည်။ ဒုတိယ အဇူရာ  ဓားချီလှိုင်းတစ်ခုက လေထဲတွင် ဖြစ်တည်လာပြန်၏။

ဓားချီက လေထုကို ဖြတ်တောက်သည်နှင့် လေဟာနယ် တစ်ခု ဖြစ်ပေါ်လာသည်။ ထိုလေဟာနယ်သို့ လေများစုပြုံ ဝင်ရောက်လာရာ ပေါက်ကွဲသံက အဆက်မပြတ် ဖြစ်ပေါ်လာသည်။ ဓားချီမှာ ပေါက်ကွဲသံများအား သယ်ဆောင်လျက် အလင်းတန်း တစ်ခုအလား လူများထံ တိုးဝင်သည်။

ဓားချီ၏ ဖြတ်သန်းမှု အောက်တွင် လူများစွာမှာ ထောပတ်များ အလား လှီးဖြတ်ခြင်း ခံရတော့သည်။

တစ်ခဏ အတွင်းမှာပင် အစောင့် လေးဆယ်ခန့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုလူများအားလုံးမှာ ကင်ဒိုလမ်းစဉ်ကို လိုက်စားသူများ ဖြစ်ကြကာ အချို့ဆိုလျှင် ကရာတေး၌ ခါးပတ်နက် အဆင့်ပင် ရထားပြီးသူများ ဖြစ်ကြသည်။ သို့သော်လည်း ထိုလူများမှာ ချန်းဖန်၏ ရှေ့၌ ကိုယ့်ကိုယ်ကိုယ်ပင် ကာကွယ်နိုင်စွမ်း မရှိချေ။

“ပစ် ... သူ့ကို ပစ်…”

ယူကီရှီရို မိသားစုဝင်များမှာ ထိုသွေးပျက်ဖွယ် မြင်ကွင်းအား မြင်သည်နှင့် တည်ငြိမ် နေနိုင်စွမ်း မရှိတော့ချေ။ သူတို့က ကပ္ပတိန်၏ အမိန့်ကိုပင် မစောင့်တော့ပဲ သေနတ်များအား ဆွဲထုတ်၍ ခလုတ်များအား သွေးရူးသွေးတန်း ဆွဲလိုက်ကြတော့၏။

ရုတ်တရက် များပြားသောသတ္တုမိုး ရွာကျသကဲ့သို့ ကျည်ဆံတို့သည် ဘက်ပေါင်းစုံမှ ချန်းဖန်ထံသို့ ကျရောက်လာတော့သည်။ ထိုအထဲတွက် လက်နက်ကြီးများ၊ စက်သေနတ်များ၊ ခြောက်လုံးပြူးများ စသည်ဖြင့် အမျိုးအစား စုံလင်လှသည်။  ထိုသေနတ် အများစုမှာ  အမေရိကန်ဖြစ် သေနတ်များ ဖြစ်ကာ ၎င်းတို့၏ဖျက်ဆီးနိုင်စွမ်းကြောင့်လူသိများသည်။

ထိုအမေရိကန်ထုတ် စက်သေနတ်များမှာ ကြီးမားသော သစ်ပင်ကိုပင် ထုတ်ချင်းပေါက်ပြီး လူတစ်ယောက်ကို ခါးမှ ထက်ဝက် ပိုင်းဖြတ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း အထွတ်အထိပ် အဆင့်များ အတွက်မူ ထိုသေနတ်များက မည်သို့မျှ အသုံးမဝင်ပေ။

“အာ့…”

ယူကီရှီရိုဆာက ထိတ်လန့်တကြား အော်ဟစ်ရင်း  သူမ၏ မျက်လုံးအား ပိတ်ထားလိုက်မိတော့သည်။ ထို ခေတ်မှီလက်နက်များ ဝန်းရံ တိုက်ခိုက်မှုကို မည်သူကမျှ ခုခံနိုင်မည် မဟုတ်ပေ။ သူမ စိတ်ကိုသာ လျှော့ချထားလိုက်တော့၏။

“သေစမ်း ... ခွေးသား…”

လူတိုင်းမှာ ထို ကျူးကျော်လာသော ကောင်လေး သေရတော့မည်ဟု တစ်ထစ်ချ ယုံကြည်လိုက်ကြသည်။ သို့သော်လည်း  အံ့အားသင့်စေသော မြင်ကွင်းတစ်ခုက သူတို့အား ဆီးကြိုနေခဲ့သည်။

အားလုံး၏ အကြည့်များ အောက်တွင်ပင် အဇူရာ အလင်းရောင် တစ်ခုက ချန်းဖန်၏ ကိုယ်မှ တောက်ပလာကာ ဒိုင်းတစ်ခုနှယ် ကျည်ဆန်များအား တားဆီးလိုက်သည်။ မရေမတွက်နိုင်သော ကျည်ဆန်များကား အဇူရာ အလင်းရောင်အား မတားဆီး နိုင်သည့်အလား မြေပြင်ပေါ်သို့ ကျသည်။

“ဒါက ... ဘယ်လို ဖြစ်နိုင်တာလဲ…”

တာရို နာကာဂါဝါ အပါအဝင် လူတိုင်းက ထိုမြင်ကွင်းအား ရူးသွပ်စွာ ကြည့်နေခဲ့မိကြသည်။

ကျည်ဆန်များ ရောက်မလာသည်နင့် ယူကီရှီရိုဆာက မျက်လုံးများအား ဖွင့်ကာ မယုံရဲသည့် ပုံစံဖြင့် ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ ခဏအတွင်းမှာပင် အဖြစ်အပျက် အလုံးစုံအား သူမ နားလည်လိုက်သည်။

“ဆရာက ... တကယ့် သူတော်စင် တစ်ပါးပဲ”

ယူကီရှီရိုဆာ ပင့်သက် တစ်ချက် ရှိုက်လိုက်မိသည်။ အကယ်၍ အခွင့်အရေးသာ ရှိလျှင် ချန်းဖန်၏ အစေခံ ဘဝနှင့် တစ်သက်လုံး နေရန်ပင် သူမ တွန့်ဆုတ်လိမ့်မည် မဟုတ်ပေ။

ချန်းဖန်က လူများစွာ၏ အကြည့်များအား ဂရုမစိုက်ပဲ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူ၏ လှုပ်ရှားမှုက ရွာသားများစွာအား တဆတ်ဆတ် တုန်ခါသည် အထိ ကြောက်လန့်သွားစေသည်။ များစွာသော လူများကား သူတို့၏ လက်နက်များအား ပစ်ချ၍ နောက်သို့ အလန့်တကြား ထွက်ပြေးကြသည်။

သို့သော်လည်း အရာရာမှာ နောက်ကျသွားပြီ ဖြစ်၏။ ချန်းဖန်က လက်ကို ဝှေ့ယမ်းသည်တွင် များစွာသော ဓားချီလှိုင်းများ ထွက်ပေါ်လာကာ သူတို့အား ပိုင်းဖြတ်သည်။

ခြေတစ်လှမ်း…

နှစ်လှမ်း…

သုံးလှမ်း…

ချန်းဖန် ခြေတစ်လှမ်းလှမ်းတိုင်းတွင် ရွာသားများစွာ၏ အလောင်းများမှာ နေရာအနှံ့ ကျဲပြန့် နေခဲ့တော့သည်။ သူ့အား ရပ်တန့်နိုင်သူ တစ်ယောက်မျှ မရှိပေ။

ကီတနီဝါကာဝါနှင့် ယူကီရှီရို မိသားစု ခေါင်းဆောင်များ ရောက်လာချိန်၌ သွေးပျက် ချောက်ချားဖွယ် မြင်ကွင်းက ဆီးကြိုနေခဲ့တော့သည်။

***

All Chapters