← Chapters

ဖီဂျီ နင်ဂျာ ကလန်

Vol. 4 Ch. 346

ဖီဂျီ နင်ဂျာ ကလန်

Vol. 4 Ch. 346

စုဆမ်နို ဘုရားကျောင်း၏ လျှို့ဝှက် နေရာတစ်ခုတွင်…

လူသုံးယောက်မှာ စက်ဝိုင်း ပုံသဏ္ဌာန် တစ်ယောက်ကို တစ်ယောက် မျက်နှာမူကာ ထိုင်လျှက် ရှိ၏။

“ယူကီရှီရို မိသားစုကို တစ်ရက်အတွင်း ဖျက်ဆီးခဲ့တဲ့ သူက ဘယ်သူလဲ…”

စားပွဲ၏ ထိပ်တွင် ထိုင်နေသော

ချီဇူရူ မာစာဟီရိုက မေးလိုက်၏။ ထို အိုမိုင်ယိုချီ ဆရာကြီးမှာ အသက်ကိုးဆယ်ခန့် ရှိနေပြီ ဖြစ်ရာ သူ၏ ခန္ဓာကိုယ်က အနည်းငယ် ယိုယွင်း ပျက်စီးနေပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ ဓမ္မစွမ်းအားမှာမူ နေ့စဉ် ပိုမို သန်မာလာနေခဲ့သည်။ သူ၏ မျက်လုံးများက အမှောင်ထု၏ နက်ရှိုင်းသော ရေကန် အလား လျှို့ဝှက်မှု၊ ဉာဏ်ပညာရှိမှု တို့ဖြင့် ပြည့်နှက် နေခဲ့၏။

“ယူကီရှီရို မိသားစုမှာ အစောင့်တွေ တစ်ရာကျော် ရှိတဲ့ အပြင် လက်နက်တိုက် တစ်ခုလည်း ရှိတယ်။ သူက အစောင့်တွေ အားလုံးကို သတ်ပစ်ခဲ့တဲ့ အပြင် ကီတ နီဝါကာဝါ အပါအဝင် ယူကီရှီရို မိသားစုဝင် တော်တော်များများ ကိုလည်း သတ်ခဲ့တယ်။ ကြားရသလောက် ဆိုရင် သူက တရုတ်ကနေ လာတဲ့ ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ။ သူက ကောင်းကင်သခင် ဂိုဏ်း ဒါမှမဟုတ် တူတန်ဂိုဏ်း တစ်ခုခုက ဖြစ်နိုင်တယ်”

ဆာမူရိုင်း ဝတ်စုံ ဝတ်ဆင်ထားသော လူက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။ ဒူးနှစ်ဖက်ကို ထောက်ကာ ခါးကို ဆန့်၍ ထိုင်နေသည့် သူ၏ အသွင်သဏ္ဌာန်က ရက်စက်မှု၊ တိကျမှုတို့ကို ဖော်ညွှန်းနေသည်။

အကယ်၍ ဂျပန်သိုင်းပညာရှင် တစ်ယောက်သာ ဤနေရာတွင် ရှိပါက ထိုအသတ်လတ်လူမှာ မည်သူဖြစ်ကြောင်း သိရှိလိမ့်မည် ဖြစ်သည်။ ထိုလူ၏ လွှမ်းမိုးမှုကို ကီတနီဝါကာဝါပင်လျှင် မယှဉ်နိုင်ချေ။

“ကောင်းကင်သခင် ဂိုဏ်း ... ဝူတန်ဂိုဏ်း…”

ချီဇူရို မာစာဟီရိုက မျက်မှောင်ကြုတ်ရင်း စဉ်းစားလိုက်၏။

ထို့နောက် ချီဇူရို မာစာဟီရိုက ခေါင်းခါရင်း ...

“မဖြစ်နိုင်ဘူး ... ခွန်လွန် လွှမ်းမိုးလာတဲ့ နောက်ပိုင်းမှာ အဲဒီ ရှေ့ဟောင်းဂိုဏ်းတွေ အားလုံး ငုပ်လျှိုးသွားခဲ့တယ်။ တရုတ် အစိုးရက လူမြင်ကွင်းမှာ နောက်တစ်ကြိမ် ပေါ်ထွက်မလာဖို့ သူတို့ကို သတိပေးခဲ့တာကြောင့်ပေါ့”

“ဒါဆို သူက ဘယ်သူလဲ ... နှစ်သုံးဆယ် အတွင်း တရုတ်မှာ အဲဒီလောက် အစွမ်းထက်တဲ့ ဓမ္မအစီအရင် ဆရာတစ်ယောက် ပေါ်ထွက်လာတယ်လို့ ကျုပ် မကြားမိပါဘူး။ ကျုပ်စဉ်းစားလို့ရတာ ကျိုးတချီ တစ်ယောက်ပဲ ရှိတယ်။ ဒါပေမဲ့ သူက တိုက်ပွဲတစ်ခုမှာ သေသွားခဲ့ပြီလေ”

အသက်လတ်လူက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

“သခင်ကြီး ချီဇူရူ ... သခင်ကြီး တာကီဒါ ... ကျွန်မရထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ပြောရရင် ရှင်တို့ နှစ်ယောက်စလုံး မှားနေတယ်”

အခန်းအတွင်း ရှိနေသည့် တတိယမြောက်လူက ပြောလိုက်၏။ ထိုတစ်ယောက်မှာ အသက်လတ်ခန့် ရှိပြီး အနက်ရောင် ကိုယ်ကျပ်ဝတ်စုံအား ဝတ်ဆင်ထားသည်။ သူမ၏ ဝတ်စုံအောက်မှ အမို့၊ အမောက်၊ ချိုင့်ဝှမ်းများက ရုန်းကြွလျက် ရှိပြီး အသုံးချခံရန် စောင့်ဆိုင်းနေသယောင် ရှိသည်။ သူမ၏ ခရမ်းရောင် ဆံပင်များက ဖြောင့်စင်းနေကာ မျက်လုံးများကမူ တစ်ချိန်တည်းတွင်ပင် အေးစက်မှုနှင့် ညို့ငင်မှုတို့ ရောယှက်နေခဲ့၏။

“အိုး ... ခရမ်း ... သူက ဘယ်သူလို့ မင်းထင်လဲ”

ချီဇူရို မာစာဟီရိုက သူမအား ကြည့်ရင်း မေးလိုက်၏။

အသက်လတ်လူ၏ မျက်နှာတွင်မူ လိင်စိတ် အရိပ်အယောင် အချို့ ပေါ်လာပြီး သူ၏ မျက်လုံးများကလည်း ရီဝေဝေ ဖြစ်လာခဲ့၏။ ခရမ်း၏ ရုပ်ရည်က အလွန် ချောမောခြင်း မရှိသော်လည်း ဆွဲဆောင်မှုနှင့် ညှို့ငင်နိုင်စွမ်း ရှိသည်။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ချီအီသော ရနံ့ကပင်လျှင် ယောက်ျားများ၏ အရိုင်းစိုင်းဆုံးသော စိတ်အား နှိုးဆွနိုင်စွမ်း ရှိ၏။

သို့သော်လည်း ထိုမိန်းမမှာ အထီးကို သတ်ကာ စားတတ်သည့် ပင်ကူမျိုး ဖြစ်ကြောင်း အသတ်လတ်လူ ကောင်းစွာ သိသည်။ သူကိုယ်တိုင်က အလွန်အစွမ်းထက်သော သိုင်းပညာရှင် တစ်ယောက် ဖြစ်သော်လည်း ထိုမိန်းမ၏ လှပသော ခန္ဓာအား မထိရဲချေ။ သူ့၏ ဆန္ဒများအား ဖြေဖျောက်ရန် မိန်းမ မရှားချေ။

ခရမ်းက တစ်ချက်ပြုံးလိုက်ရင်း ဓာတ်ပုံတစ်ခုကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်၏။ ဓာတ်ပုံက အလွန်ချောမောသော လူငယ် တစ်ယောက်၏ ရုပ်ပုံဖြစ်သည်။ သူက လက်နှစ်ဖက်အား နောက်သို့ ပစ်ရင်း ရပ်နေကာ သူ၏ ပတ်ဝန်းကျင်တွက်မူ သွေးလွှမ်းသော မြင်ကွင်းတစ်ခုက ရှိနေခဲ့၏။

ထိုဓာတ်ပုံမှာ ချန်းဖန် ယူကီရှီရို မိသားစုနှင့် တိုက်ခိုက်စဉ်က ပုံပင် ဖြစ်သည်။

“ငါ့ရဲ့ ပင့်ကူလေးက သူ့အသက်ကိုတောင် အလောင်းအစားလုပ်ပြီး ဒီပုံကို ရိုက်ထားခဲ့တာ။ အဲဒီ လူငယ်က ယူကီရှီရို မိသားစုက အစောင့် တစ်ရာကျော်နဲ့ မိသားစု ခေါင်းဆောင် အများစုကို သတ်ဖြတ်ခဲ့တယ်တဲ့။ ကီတ နီဝါကာဝါတောင် သူရဲ့ တိုက်ကွက်တစ်ခု အတွင်းမှာ သေသွားတယ်တဲ့”

ခရမ်းက ရှင်းပြလိုက်၏။

“သူက အရမ်းငယ်တာပဲ…”

ချီဇူရူ မာစာဟီရိုနှင့် အစက်လတ် လူတို့က မှတ်ချက် ချလိုက်သည်။

“စိတ်ဝင်စားစရာပဲ  ... စိတ်ဝင်စားစရာပဲ ... တရုတ်မှာ ဒီလောက်ငယ်တဲ့ ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဘယ်အချိန်က ရှိနေတာလဲ ... တစ်ခုခုတော့ တစ်ခုခုပဲ…”

အသက်လတ်လူက ခေါင်းကိုခါရင်း လေးပင်စွာ ပြောလိုက်၏။

“သူက ဓမ္မ အစီအရင် တစ်ခုပဲ သုံးတာ မဟုတ်ဘူး…”

ခရမ်းက ခပ်ယဲ့ယဲ့ ပြုံးရင်း ပြောလိုက်၏။

“ဓမ္မအစီအရင်ပဲ သုံးတာ မဟုတ်ဘူး…”

ချီဇူရို မာစာဟီရိုက အံ့အားသင့်စွာဖြင့် သူမအား ကြည့်လိုက်၏။

“သူက ငယ်ပြီး အရမ်း အစွမ်းထက်တယ်။ ပြီးတော့ တရုတ်ကလာတာ ဆိုတော့ သူက…”

ချီဇူရို မာစာဟီရိုက ခဏမျှရပ်ရင်း စဉ်းစားလိုက်၏။ သူ၏ မျက်နှာတွင် အရောင်တချို့ ဖြတ်ပြေးသွားကာ နာမည်တစ်ခုအား တစ်လုံးချင်း ဆက်၍ ရေရွတ်လိုက်သည်။

“ချန်း ... ပေ့ ... ရွှမ်း…”

ထိုနာမည်က တိတ်ဆိတ်ခြင်း အစီအရင် တစ်ခုအလား အခန်းတစ်ခုလုံးကို အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားစေခဲ့သည်။

ခရမ်းက ခေါင်းညိတ်ရင်း ချီဇူရူ မာစာဟီရို၏ စကား မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။ အသက်လတ်လူ၏ မျက်နှာထက်တွင်မူ လိင်စိတ်အစား ဖြူရော်ခြင်းက တဖြည်းဖြည်း ကြီးစိုးလာခဲ့တော့သည်။

“ချန်းပေ့ရွှမ်း ... တရုတ်ရဲ့ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင် ... ကောင်းကင် စာအုပ်ရဲ့ နံပါတ် တစ် ... အမှောင်သတ်မှတ်ချက်ရဲ့ နံပါတ် လေး…”

ချန်းပေ့ရွှမ်းနှင့် ပတ်သက်သော အချက်အလက်များက သူတို့၏ ခေါင်းထဲ၌ အစီအရီ ပြန်ပေါ်လာခဲ့သည်။ ထိုအကောင်ကား စတင်ပေါ်ထွက် လာချိန်မှ စ၍ လုထျန်းဖန်၊ လဲ့ချန်းကျွယ်၊ အနက်ရောင်မွေ၊ ကျိုးတချီ၊ စိန်နက်၊ ဇိုရို၊ ပါ့ချွန်ဟွမ်၊ သီးဆပ် စသည့် အစွမ်းထက်သော လူများစွာကို သတ်ဖြတ်ခဲ့သည်။ သူ၏ စွမ်းအားက တန်ခိုးရှင် အဆင့်သို့ မရောက်သေးသော်လည်း အလွန်ပင် နီးကပ်နေပုံ ရသည်။

“ဖြစ်နိုင်ပါ့ မလား ... ချန်းပေ့ရွှမ်း ပေါ်လာတာက တစ်နှစ်ကျော်ပဲ ရှိသေးတယ်။ သခင်ကြီး စုဆမ်နိုက သူ့ကို အပြစ် မလုပ်ဖူးပါဘူး။ သူက ဘာလို့ ဂျပန်ကို လာပြီး ငါတို့ကို ပြဿနာ ရှာရတာလဲ”

အသက်လတ်လူက တီးတိုးရေရွတ်လိုက်သည်။

“ဂျန်ကာဇာ ... ချန်းပေ့ရွှမ်းက တန်ခိုးရှင် အဆင့်နဲ့ အရမ်းနီးကပ်နေပြီ ဆိုတာ မေ့မထားနဲ့ဦး။ သူ ဒီကို ရောက်လာတာ အကြောင်း ရှိရမယ်”

ချီဇူရူ မာစာဟီရိုက မျက်လုံးများအား ကျဉ်းမြောင်းရင်း ပြောလိုက်၏။

“သူက ... တန်ခိုးရှင် အဆင့်ကို တက်လှမ်းဖို့ ပိုပြီး အစွမ်းထက် နေချင်တာလား…”

ဂျန်ကာဇာ တာကီဒါက ဝေခွဲမရဟန် ပြန်မေးလိုက်သည်။

“တရုတ်မှာရှိတဲ့ တန်ခိုးရှင် အဆင့် အများစုက လူသိ မခံကြဘူး ... ခွန်လွန် လွှမ်းမိုးလာတဲ့ နောက်ပိုင်းမှာ တန်ခိုးရှင် အဆင့် တစ်ယောက် ပေါ်ထွက်လာတယ် ဆိုတဲ့ သတင်း မကြားခဲ့ရဘူး ... ဒါကြောင့် ချန်းပေ့ရွှမ်းအတွက် တန်ခိုးရှင် အဆင့်ကို တက်လှမ်းဖို့ အကောင်းဆုံး နည်းလမ်းက ငါတို့ ဂျပန်က သခင်ကြီးတွေနဲ့ တိုက်ခိုက်တာပဲ။ ဒီတစ်ကြိမ်တော့ သူက ငါတို့ရဲ့ သခင်ကြီး စုဆမ်နိုကို ရွေးလိုက်ပုံ ပေါ်တယ်”

ချီဇူရူ မာစာဟီရိုက အနည်းငယ် မဲ့ပြုံးပြုံးလိုက်ကာ ဆက်ပြောလိုက်၏။

“ဒါပေမဲ့ ချန်းပေ့ရွှမ်း လူရွေးမှားသွားတယ်။ သူက အခုထိ တန်ခိုးရှင် အဆင့်ကို မရောက်သေးဘူး။ သခင်ကြီး စုဆမ်နိုကို သူ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး…”

သူစ စကားအား ဂျန်ကာဇာ တာကီဒါက သဘောတူစွာ ခေါင်းညိတ်လိုက်၏။ ချန်းပေ့ရွှမ်းမှာ အလွန်အစွမ်းထက်သော ပညာရှင် တစ်ယောက် ဖြစ်သည့်တိုင် သခင်ကြီး စုဆမ်နို၏ စွမ်းအားကို သူတို့ ကောင်းစွာ ယုံကြည်သည်။သခင်ကြီး စုဆမ်နိုမှာ အလွန် အစွမ်းထက်သော တန်ခိုးရှင် အဆင့်ဖြစ်ရာ အဆင့်နိမ့်ကျသော ပညာရှင် တစ်ယောက်အား ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။

“ခရမ်း ... မင်းရဲ့လူကို အမိန့်ပေးလိုက်ဦး။ ချန်းပေ့ရွှမ်းကို ဆက်ကြည့်နေလို့ ... ငါကတော့ သခင်ကြီး စုဆမ်နိုကို ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထားဖို့ သတိပေးလိုက်ဦးမယ်။  ချန်းပေ့ရွှမ်း ... မင်းငါတို့ကို ထိရဲရင် ငါတို့ကလည်း မင်းကို သင်ခန်းစာ ပြန်ပေးရမှာပေါ့…”

ချီဇူရူ မာစာဟီနိုက ကြုံးဝါရင်း ခရမ်းအား ညွှန်ကြားလိုက်သည်။

“ဟိုက် ... သခင်ကြီး…”

ခရမ်းက ခေါင်းညိတ်လိုက်သည်။

***

ထိုအချိန် ချန်းဖန်နှင့် ယူကီရှီရိုဆာတို့မှာ စုဆမ်နို ဘုရားကျောင်း ရှိရာနေရာသို့ ခရီးနှင်နေကြပြီ ဖြစ်၏။

စုဆမ်နို ဘုရားကျောင်းမှာ ဖူကူအိုကာ မြို့နှင့် အနည်းငယ် အလှမ်းဝေးသော အဆိုတောင်ထိပ်တွင် တည်ရှိသည်။ အဆိုတောင်မှာ ဂျပန်နိုင်ငံ၏ အကြီးဆုံး မီးတောင်ရှင် ဖြစ်ကာ သဘာဝ ရေပူစမ်းများကြောင့် ကမ္ဘာလှည့် ခရီးသည်များ မကြာခဏ လာရောက်တတ်သော နေရာ တစ်ခု ဖြစ်သည်။ အဆိုတောင်ထိပ်မှာ ခူးရှူးကျွန်း၊ ကူမာမိုတိုနယ် အတွင်း တည်ရှိသည်။

သိပ်မကြာခင်မှာပင် သူတို့နှစ်ယောက် အဆိုတောင်ခြေသို့ ရောက်လာခဲ့သည်။

“ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက်လဲ။ သူက အခုထိ ငါတို့နောက်ကို လိုက်နေတုံးပဲ”

ချန်းဖန်က ပြုံးရင်း ရေရွတ်လိုက်၏။ ထို့နောက် သူ၏ လက်အား အနည်းငယ် ဆန့်ထုတ်ရင်း ရှေ့မှ လေခုကို ဆုပ်ကိုင်ဟန် ပြုလိုက်သည်။

ရုတ်တရက် စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာကာ သူတို့၏ ဘယ်ဘက်ရှိ ကျောက်တုံးကြီးထံ တိုးဝင်သွားသည်။ ကျောက်တုံး၏ နောက်မှ အနက်ရောင် အရိပ်တစ်ခု ပေါ်ထွက်လာကာ အဝေးသို့ ထွက်ပြေးရန် ကြိုးစားသည်။

သို့သော်လည်း ထွက်ပြေးဖို့ရန်က နောက်ကျနေခဲ့ပြီ ဖြစ်၏။ စွမ်းအင်လှိုင်းတစ်ခုက သူ့အား ကြိုးများအလား ချုပ်နှောင်ရင်း ချန်းဖန်ထံ ဆွဲခေါ်လာခဲ့တော့သည်။

အနီးသို့ တဖြည်းဖြည်း ရောက်လာသည်နှင့် ထိုလူအား ချန်းဖန်တို့ သေချာ မြင်တွေ့လိုက်ရသည်။ ထိုလူကား အနက်ရောင် ဝတ်ဆင်ထားသည့် အလွန်သေးငယ်သော လူပုလေး ဖြစ်သည်။ သူ၏ ကိုယ်လုံးမှာ ကလေးတစ်ယောက် အရွယ်အစားသာ ရှိသော်လည်း သူ၏ မျက်နှာကမူ အသက်ခြောက်ဆယ် အရွယ်ခန့် ရှိနေပြီ ဖြစ်၏။

ထိုပုဂ္ဂိုလ်အား တွေ့သည်နှင့် ယူကီရှီရိုဆာ၏ မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာခဲ့တော့သည်။

“ဖီဂျီ နင်ဂျာကလန်က နင်ဂျာတစ်ယောက်ပဲ ... သူက ဘာလို့ ဒီကို ရောက်နေတာလဲ…”

***

All Chapters