← Chapters

စုဆမ်နို ဘုရားကျောင်း

Vol. 4 Ch. 347

စုဆမ်နို ဘုရားကျောင်း

Vol. 4 Ch. 347

"ဖီဂျီနင်ဂျာ ကလန်… သူတို့က နင်ဂျာတွေလား"

ချန်းဖန်က စိတ်ဝင်တစားဖြင့် သူချုပ်နှောင် ထားသော လူအား အကဲခတ်လိုက်သည်။ ထိုလူကား ကျောက်တုံးနောက်တွင် ပတ်ဝန်းကျင်နှင့် တစ်သားတည်းကျ နေသည့်အလား ပုန်းကွယ်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ နှလုံးခုန်နှုန်း၊ အသက်ရှူသံတို့မှာလည်း ဖျော့တော့ထားခဲ့ရာ သာမန် အထွတ်အထိပ် အဆင့် ပညာရှင်ပင် သတိ မထားမိလောက်ပေ။

ထိုနင်ဂျာကား သစ်ပင်မိစ္ဆာ ဂျက်ဆန်ထက်ပင် အားမနည်းသည့် ကမ္ဘာစွမ်းအား အရှင်သခင် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် မည်သူမျှ သတိမထားမိအောင် ပုန်းကွယ်နေနိုင်ခြင်း ဖြစ်၏။

သို့သော်လည်း ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံ အတွင်းတွင်မူ သက်ရှိများအားလုံးမှာ ညဘက်တွင် ဖိုထားသည့် မီးရောင်အလား ထင်ထင်ရှားရှား ပေါ်လွင်နေခဲ့သည်။ ကမ္ဘာစွမ်းအား အရှင်သခင် နင်ဂျာသည်လား ချွင်းချက် မဟုတ်ပေ။

"လမ်းတစ်လျှောက်လုံးမှာ ငါ့ကို လိုက်ချောင်းနေတဲ့ လူအားလုံးကလည်း မင်းရဲ့ မိတ်ဆွေတွေပဲလား…" ချန်းဖန်က မေးလိုက်၏။

သို့သော်လည်း လူပုလေးကား ပြန်ဖြေမည့်ပုံ မရပေ။ သူ့ဆီမှ အချက်အလက် တစ်ခုပင် ရလိမ့်မည် မဟုတ်ဟူသော အကြည့်ဖြင့်သာ ချန်းဖန်အား ကြည့်နေခဲ့၏။

"ဆရာ… ဒီနင်ဂျာတွေက သူတို့ သခင်အပေါ် အရမ်းကို သစ္စာရှိတယ်။ သူတို့ဆီက ဘာမှ သိရမှာ မဟုတ်ဘူး။ သူတို့က  အသက်ထက် အလုပ်က ပိုပြီ အရေးကြီးတယ် လို့ ခံယူထားတာ" ယူကီရှီရိုဆာက ဝင်၍ ပြောပြလိုက်သည်။

"ဟုတ်လား… ဒါဆိုလည်း သူ့ကို သေခိုင်းရမှာပေါ့"

ချန်းဖန်က လက်တစ်ဖက်အား ဝှေ့ရမ်းကာ စွမ်းအား တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုစွမ်းအားက လူပုလေးနှင့် ထိတွေ့ရာ ခန္ဓာကိုယ်က ပေါက်ကွဲပြီး သွေးမှုန်များက ပန့်တစ်ပွင့် ပုံသဏ္ဍာန် ဖြစ်ပေါ်လာသည်။ ခဏအတွင်းမှာပင် ပွင့်လွှာများ၊ ပွင့်ချပ်များက လေခုနှင့် လွင့်ပါကာ ပျောက်ကွယ် သွားတော့၏။ လူပုလေးကား ကမ္ဘာပေါ်၌ မည်သည့်အခါကမျှ မရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ယူကီရှီရိုဆာမှာ ထိုမြင်ကွင်အား ကြည့်ရင်း ပါစပ် အဟောင်းသား ဖြစ်နေခဲ့ တော့သည်။ ချန်းဖန်လူသတ်သည်ကို မြင်ဖူးသည်မှာ ပထမဆုံး အကြိမ် မဟုတ်သော်လည်း အခြားလူတစ်ယောက်၏ သေခြင်း၊ ရှင်ခြင်းကို အလေးမထားသည့် ချန်းဖန်၏ ခံယူချက်ကိုမူ အံ့အားသင့်နေရဆဲ ဖြစ်၏။

"ဆရာက လူသားလား… ဒါမှမဟုတ် နတ်ဘုရားလား… ဘာကြောင့်သူက လူတွေကို အင်းဆက် ပိုးမွှားလေးတွေလို ဆက်ဆံနေရတာလဲ" မေးခွန်းတစ်ခုက သူမ၏ ခေါင်းထဲတွင် ဖြစ်ပေါ်လာသော်လည်း ခေါင်းခါရင်း ဖယ်ထုတ်လိုက်သည်။

ထို့နောက် ချန်းဖန်အား ဖီဂျီနင်ဂျာ ကလန် အကြောင်းကို ရှင်းပြလိုက်၏။ "နင်ဂျာတွေ မရှိတော့ဘူးလို့ လူတွေ ထင်နေကြပေမယ့် သူတို့က ခုထိ ရှိနေကြတုန်းပဲ။ ဖီဂျီနင်ဂျာ ကလန်က ကျူးရှူးကျွန်းရဲ့ အကြီးမားဆုံး နင်ဂျာကလန် တွေထဲက တစ်ခုပါ။ ကလန်ရဲ့ ခေါင်းဆောင်က အလွန်အမင်းလှတဲ့ ခရမ်းဆိုတဲ့ မိန်းမ တစ်ယောက်ပဲ။ ခရမ်းက မစ်စိုင်း လုပ်ငန်းစုရဲ့ စီအီးအိုကို လုပ်ကြံခဲ့ပြီး နာမည်ကြီးလာခဲ့တာ။ သူက သွေးခေါင်းအတွက် အလုပ် လုပ်ပေးနေတဲ့ လုပ်ကြံသူ တစ်ယောက်ပါ"

ချန်းဖန်က တစ်ခွန်းမှ ပြန်မပြောပဲ နှာခေါင်းကိုသာ ရှုံ့လိုက်သည်။ သူ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ဝင်ရောက်စဉ်ကပင် အနက်ရောင်မွေ ကဲ့သို့သော လုပ်ကြံခြင်း လောက၏ ဘုရင်ကိုပင် သတ်ဖြတ် နိုင်ခဲ့သေးသည်။ ယခုဆိုလျှင် ဉာဏ်အလင်း စုဆောင်းခြင်း အလယ်ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ခရမ်းကဲ့သို့သော လူက သူ့အတွက် စာမဖွဲ့လောက်ပေ။

"ဆရာ… နင်ဂျာတွေရဲ့ အစွမ်းကို အထင်မသေးလိုက်နဲ့ ဦးနော်… သူတို့က ဆာမူရိုင်းတွေလို မဟုတ်ဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က သတ်ဖို့ တစ်ခုတည်းပဲ။ သူတို့ ရည်ရွယ်ချက် အောင်မြင်ဖို့ဆို ဘာမဆို လုပ်ကြမှာ။ သူတို့ တစ်ယောက်ချင်းစီကတင် အရမ်း အစွမ်းထက်တဲ့ လုပ်ကြံသူတွေပဲ။ တကယ်လို့ သူတို့နဲ့ အဆိပ်တွေ၊ ခေတ်မှီလက်နက်တွေသာ ပေါင်းလိုက်မယ် ဆိုရင် ဆင်အုပ်ကြီးတောင် ပြေးမလွတ်ဘူး" ယူကီရှီရိုဆာက ချန်းဖန်အား သတိပေးလိုက်၏။ ယူကီရှီရို မိသားစု၏ ခေါင်းဆောင် တစ်ယောက် အနေဖြင့် ယူကီရှီရိုဆာမှာ ဖီဂျီနင်ဂျာ ကလန်အကြောင်း ကောင်းစွာ သိရှိထားခဲ့သည်။

"အိုကေ…" ချန်းဖန်ကမူ ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ပြလိုက်သည်။ သူ့အနေဖြင့် ခေတ်မှီလက်နက်များအား ဂရုစိုက်ရမည် ဖြစ်သော်လည်း အဆိပ်ကိုမူ ကြောက်စရာ မရှိပေ။ သူပိုင်ဆိုင်ထားသော အဇူရာ သက်ရှည် ခန္ဓာကိုယ်မှာ ချီအမြုတေများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ရာ အဆိပ်က သူ့အပေါ်၌ သက်ရောက်မှု မရှိချေ။

"ကဲ… သူတို့က ငါတို့ကို တွေ့သွားပြီ ဆိုတော့ ငါတို့ မြန်မြန်သွားမှ ရမယ်"

စကားဆုံးသည်နှင့် ချန်းဖန်က လက်နှစ်အား နောက်သို့ ပစ်ရင်း အဆိုတောင်ထိပ်သို့ ဦးတည် လိုက်တော့သည်။ ယူကီရှီရိုဆာကလည်း ခေါင်းညိတ်လိုက်ရင်း ချန်းဖန်၏ နောက်မှ မှီအောက်လိုက် လိုက်တော့၏။

အဆိုတောင်တွင် မီးတောင်ရှင် ငါးခုရှိပြီး ဘုရားကျောင်းမှာ ထိုငါးခုထဲမှ တစ်ခု၏ ထိပ်တွင် တည်ရှိသည်။ တောင်ထိပ်သို့ တက်ရာလမ်းမှာလည်း မခက်ခဲလှပေ။ နှစ်စဉ်နှစ်တိုင်းပင် ဘုရားကျောင်းသို့ လာရောက် ဝတ်ပြုကြသူ များစွာရှိရာ လမ်းက ဖြောင့်ဖြူးနေခဲ့သည်။

"စုဆမ်နိုက နတ်ဆိုးသခင် ဆိုပေမယ့်  နယ်ခံတွေကတော့ သူ့ကို ကိုးကွယ်ကြတယ်" ယူကီရှီရိုဆာက တောင်ထပ်သို့ တက်ရင်း ရှင်းပြလိုက်သည်။ သူတို့နှစ်ယောက်၏ ပုံစံက တောင်ထိပ်သို့ အပျော်ခရီး ထွက်လာသော လူငယ်စုံတွဲ ကဲ့သို့ပင်။

"ဆရာ… အဲဒီနေရာနဲ့ ပတ်သက်ပြီး ကြောက်စရာ အဖြစ်အပျက်တွေ အများကြီး ကျွန်မ ကြားဖူးတယ်။ လူငယ်လေးတွေနဲ့ မိန်းမပျိုလေးတွေက ဒီတောင်တက်လမ်းမှာပဲ ပျောက်ကွယ် သွားတတ်ကြတယ်တဲ့ .. သူတို့ကို သခင်ကြီး စုဆမ်နိုက ဖမ်းဆီး စားသောက်တယ်တဲ့…" ယူကီရှီရိုဆာက အသက်ပြင်းပြင်း ရှူရင်း ပြောလိုက်သည်။ သူမ၏ မျက်လုံးတွင်မူ ထိုနေရာမှာ သစ်ပင်ချုံးနွယ်များ ထူထပ်နေသည့် သာမန် တောအုပ်တစ်ခုနှင့် မတူပဲ အုံ့ဆိုင်းကာ ညို့မှိုင်းနေသည့် လျှို့ဝှက် နေရာ တစ်ခုအလား ခံစားနေရသည်။

"မဟုတ်ပါဘူး… ဘုရားကျောင်းက တကယ်ကောင်းတဲ့ပုံ ပေါ်ပါတယ်"

ရုတ်တရက် တရုတ်စကားသံ တစ်ခုက သူမတို့၏ ရှေ့ဘက်မှ ပေါ်ထွက်လာခဲ့သည်။

ယူကီရှီရိုဆာမှာ တရုတ်စကားအား လေ့ကျင့်သည့် အနေဖြင့် ချန်းဖန်နှင့် စကားပြောရာ၌ တရုတ်စကားကိုသာ အသုံးပြုခဲ့သည်။ ချန်းဖန်အတွက်မူ တရုတ်စကားဖြစ်စေ၊ ဂျပန်စကား ဖြစ်စေ ပြဿနာ မရှိပေ။ သို့သော်လည်း ဤနေရာတွင် တရုတ်စကား နားလည်သည့် လူတစ်ယောက် ရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ယူကီရှီရိုဆာက ကြည့်လိုက်ရာ စုံတွဲ တစ်တွဲအား တွေ့လိုက်ရသည်။ လူငယ်မှာ ရွှေရောင် မျက်မှန်ကိုင်းနှင့်ဖြစ်ကာ အောင်မြင်သော ဘဏ်မန်နေဂျာ တစ်ယောက်နှင့်ပင် တူသည်။ မိန်းကလေးမှာမူ ရှည်လျားသော ခြေတံလက်တံများရှိကာ နေကာမျက်မှန်ကြီးအား တပ်ဆင်ထားသည်။

သူတို့နှစ်ယောက်ကား ချန်းဖန်တို့ လေယာဉ်ပေါ်တွင် ဆုံတွေ့ခဲ့သည့် အိကျင့်ချီနှင့် ရန်ဟိုတို့ပင်။

"အာဟ… ရှင်တို့ပါလား…" အိကျင့်ချီက ပျော်ရွှင်စွာဖြင့် ချန်းဖန်တို့အား နှုတ်ဆက်လိုက်သည်။

"ကမ္ဘာက ကျဉ်းကျဉ်းလေးပဲ…" ချန်းဖန်ကလည်း ခေါင်းညိတ်ကာ ပြန်လည် နှုတ်ဆက်လိုက်သည်။

"မင်းတို့တွေ အဲဒီမှာ လည်ပတ်ပြီး ကြပြီလား…" ချန်းဖန်က မေးလိုက်၏။

"အင်း… အဲဒီ ဘုရားကျောင်းက နတ်ဘုရားက ကိုးကွယ်သူတွေကို မစတယ် ကြားလို့ ငါတို့ လာကြည့်ကြတာ။ ဒါပေမယ့် အထဲကို မရောက်လိုက်ပါဘူး။ သူတို့က အရေးကြီး ဧည့်သည်တစ်ယောက်ကို ကြိုဆိုဖို့ ရှိလို့ ဘုရားကျောင်းကို ပိတ်ထားတယ်တဲ့။ ဒါကြောင့် ငါတို့ ပြန်လာတာ" အိကျင့်ချီက စိတ်ပျက်လက်ပျက် ရှင်းပြလိုက်၏။

ထို့နောက် ချန်းဖန်တို့အား ကြည့်ရင်း အားတက် သရောဖြင့်… "ပိတ်ထားတယ်ဆိုတော့ ရှင်တို့ သွားလည်း အလကားပဲ။ ကျွန်မတို့နဲ့ အတူ တောင်အောက်ကို ပြန်ဆင်းကြရအောင်။ တောင်ခြေနဲ့ သိပ်မဝေးတဲ့ နေရာမှာ ရေပူစမ်း တစ်ခုရှိတယ်။ အဲဒီ နေရာက တကယ့်ကို ရှယ်ပဲ။ အဲ့ကို သွားကြမယ်လေ…"

"ကျေးဇူး… ဒါပေမယ့် ငါတို့ မလိုက်တော့ဘူး။ တောင်ထိပ်က လူတွေစောင့်နေတာက ငါတို့ပဲ လို့ ထင်တယ်"

ချန်းဖန်က ပြောရင်း တောင်ထိပ်ရှိရာသို့ လှမ်းမျှော် ကြည့်လိုက်မိသည်။

"မင်းတို့ လုံခြုံချင်တယ် ဆိုရင်တော့ ခုချက်ချင်း ထွက်သွားတော့။ ဒီနေရာကို ပြန်မလာတော့နဲ့…"

ချန်းဖန်က ပြောပြီးသည်နှင့် လက်နှစ်ဖက်အား နောက်သို့ ပစ်လိုက်ရင်း တောင်ထိပ်ပေါ်သို့ ဦးတည်လိုက်တော့သည်။ ယူကီရှီရိုဆာမှာလည်း ချန်းဖန်အား မှီရန် ခပ်သွက်သွက်လေး လျှောက်လိုက်သည်။

"ရူးလိုက်တာကွာ… ဘုရားကျောင်း ပိတ်ထားတယ် ဆိုတာတောင် ဆက်သွားနေတုန်းပဲ။ တောင်ပေါ်က လူတွေက သူ့ကို စောင့်နေကြတာ ဟုတ်လား။ သူ့ကိုယ်သူ မဟာပုဂ္ဂိုလ်ကြီးများ ထင်နေတာလား" ရန်ဟိုက နှာခေါင်းရှုံ့လိုက်သည်။

သို့သော်လည်း အိကျင့်ချီမှာမူ မည်သို့မျှ ပြန်မပြောပဲ ငေးငိုင်၍ စဉ်းစားနေခဲ့သည်။ သူမ၏ ဆဌမ အာရုံတွင်မူ တောင်ထိပ်၌ သွေးလွှမ်းသော မြင်ကွင်းတစ်ခုကို မြင်ယောင် နေမိ၏။

သူမ ငယ်ရွယ်စဉ်က လမ်းဆုံတစ်ခု၌ လမ်းဖြတ်ကူးရန် ဟန်ပြင်လိုက်စဉ်တွင် တစ်စုံတစ်ခုက သူမအား ဆွဲထားသလို ခံစားခဲ့ရသည်။ ထိုစိတ်ကြောင့် ခဏမျှ နှောင့်နှေးနေစဉ်မှာပင် ထရပ်ကားကြီး တစ်စင်းက မီးနီအား ဖြတ်ကာ ရှေ့နားမှ အပြင်းဖြတ်မောင်း သွားခဲ့သည်။ အကယ်၍ သူမသာ တစ်စက္ကန့်မျှ နှောင့်နှေး မနေခဲ့လျှင် ထိုအချိန် ကတည်းက သေဆုံးသွားလောက်ပြီ ဖြစ်သည်။ ထိုအချိန်မှ စ၍ ဆဌမ အာရုံကို သူမ ယုံကြည်လာခဲ့သည်။

"ကူမာမိုတိုကို ပြန်ကြရအောင်…" အိကျင့်ချီက တောင်ထိပ်သို့ နောက်တစ်ကြိမ် လှည့်မကြည့်တော့ပဲ တောင်အောက်သို့ ဆင်းရန်သာ ဦးတည်လိုက်တော့၏။

***

ချန်းဖန်နှင့် ယူကီရှီရိုဆာ တို့မှာမူ တောင်ထိပ်သို့ တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်သည်။ တောင်ထိပ်နှင့် ပိုမို နီးကပ်လာလေလေ နှင်းမြူများက ပို၍ များပြားလေလေ ဖြစ်၏။ တောင်ထိပ်သို့ ရောက်သည်နှင့် လေထု အပူချိန်က သိသိသာသာ ကျဆင်းသွားသည့် အလား အေးစက်လာခဲ့သည်။ ယူကီရှီရိုတာမှာ ချမ်းလွန်းသဖြင့် အနွေးဓာတ်ရရန် ချန်းဖန်ထံသို့ အနည်းငယ် ပူးကပ်လိုက်၏။

ထို့နောက် သူတို့နှစ်ယောက် တဖြည်းဖြည်းနှင့် စုဆမ်နို ဘုရားကျောင်းရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဘုရားကျောင်း၏ ဝင်ပေါက်သို့ ရောက်သည်နှင့် ချန်းဖန်က လက်နှစ်အား နောက်သို့ ပစ်လိုက်ရင်း…

"ကျုပ်က ချန်းပေးရွှမ်းပဲ… မကောင်းဆိုးဝါး စုဆမ်နိုကို တွေ့ပါရစေ…"

ချန်းဖန်၏ အသံက သာမန် ဆန်သော်လည်း မမြင်ရသည့် အင်အားတစ်ခုကို သယ်ပိုးထားသည့် အလားပင်။ ယူကီရှီရိုဆာမှာ စကားလုံး၏ ဖိအားကို တောင့်မခံနိုင်တော့ သဖြင့် နားများကိုပင် ပိတ်လိုက်မိသည်။

"ခရက်…" ခဏအကြာ၌ ကြီးမားသော သစ်သား တံခါးကြီးက ဖြည်းညင်းစွာ ပွင့်ဟ လာတော့၏။ တံခါး၏ နောက်တွင်မူ လူသုံစုခွဲကာ ရပ်နေလျှက် ရှိပြီး ခေါင်းဆောင် ဖြစ်ဟန်တူသူ သုံးယောက်က ရှေ့ဆုံး၌ ရပ်လျှက် ရှိသည်။

ထိုသုံးယောက်ထဲမှ ပထမလူမှာ အွန်မိုင်ယိုချီ ဝတ်စုံနှင့် ဖြစ်၍ ဒုတိယလူမှာမူ အသက်လတ်အရွယ် လူကြီး ဖြစ်၏။ တတိယ ခေါင်းဆောင်မှာမူ ခရမ်းရောင် ဆံပင်နှင့် အသက်ရှူ မှားဖွယ် ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့် အသက်လတ် မိန်းမ တစ်ယောက် ဖြစ်သည်။

"ကြိုဆိုပါတယ်… ဆရာချန်း… ကျုပ်က သခင်ကြီး စုဆမ်နိုရဲ့ အသေခံ ချီဇူရူ မာစာဟီနိုပါ…" အွန်မိုင်ယိုချီ ဝတ်စုံနှင့် အဘိုးအိုက တရုတ်စကားဖြင့် သူတို့အား ကြိုဆိုလိုက်သည်။ သူ၏ တရုတ်စကားက ပြည်မကြီးတွင် နှစ်ပေါင်းများစွာ နေခဲ့သည့် အလား ပီသနေခဲ့၏။

"ဆရာချန်း ဘာကို ရှာဖွေနေလဲ ဆိုတာ ကျုပ်တို့ သိပါတယ်။ သခင်ကြီး စုဆမ်နိုက ဆရာချန်းရဲ့ မေးခွန်းတွေကို ဖြေကြားဖို့ အဆင်သင့် ရှိနေပါတယ်။ ကျေးဇူးပြုပြီး ကြွပါ ခင်ဗျာ…" ချီဇူရူ မာစာဟီရိုက ချန်းဖန်အား လမ်းဖယ်ပေးရင်း ဘုရားကျောင်း အတွင်းသို့ ဖိတ်ခေါ်လိုက်၏။

ချန်းဖန်က ကြီးမားသော တံခါးကြီးအား ကြည့်ကာ အဓိပ္ပာယ်ပါစွာ ပြုံးလိုက်ရင်း…

"ကောင်းပြီ…"

***

(ဂျပန် ရိုးရာ နဲ့ ရင်းနှီးမှု မရှိတာကြောင့် အသံထွက် လွဲမှာခဲ့သည် ရှိသော် သည်းခံပြီး ဖတ်ပေးကြပါ ခင်ဗျာ…)

***

All Chapters