← Chapters

သခင်ကြီး စုဆမ်နို

Vol. 4 Ch. 348

သခင်ကြီး စုဆမ်နို

Vol. 4 Ch. 348

အခြားလူများ၏ လေးစားသော အကြည့်များ အောက်တွင်ပင် ချန်းဖန်သည် လက်နှစ်ဖက်အား နောက်ပစ်ရင်း စုဆမ်နို ဘုရားကျောင်းဝင်း အတွင်း ဝင်လာခဲ့၏။ ချီဇူရူ မာစာဟီရို၏ မျက်နှာတွင် အထင်သေးသည့် အရိပ်အယောင် အချို့ ပေါ်လာသော်လည်း ခဏအတွင်းမှာပင် ပြန်လည် ပျောက်ကွယ် သွားခဲ့၏။

“ဆရာ ချန်းပေ့ရွှမ်း ... ဒါကတော့ သခင်ကြီး စုဆမ်နိုကို ကျုပ်တို့ ဝတ်ပြုတဲ့ အဆောင်ပါ…”

ချီဇူရူ မာစာဟီရို၏ နောက်မှ လိုက်လာရင်း ကြီးမားသည့် အဆောင်ကြီး တစ်ခုသို့ ချန်းဖန်တို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် တစ်စုံတစ်ရာမျှ ရှိနေခဲ့သည့်ပုံ မပေါ်သော်လည်း ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံကမူ အမှောင် ထောင့်ကြားများ၌ ပုန်းကွယ်နေသော လူများအား မြင်တွေ့ခဲ့ပြီး ဖြစ်၏။ ထိုအမှောင်ထဲတွင် ရှိသော လူများကား ဖီဂျီ နင်ဂျာကလန်မှ နင်ဂျာများပင် ဖြစ်ကြသည်။

ထိုလူများသည် သူတို့၏ အသက်ရှူခြင်းအား အလွန်တရာ ဖျော့တော့ထားရာ သာမန် အထွတ်အထိပ် အဆင့် တစ်ယောက်ပင် အာရုံ ခံမိလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံမှ ပုန်းကွယ် နေနိုင်စွမ်း သူတို့၌ မရှိချေ။ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံသည် ထိုအဆောင် အတွင်းရှိ အသေးငယ်ဆုံး လှုပ်ရှားမှုကိုပင် အာရုံခံခဲ့ပြီး ဖြစ်၏။

ချန်းဖန်သည် ထိုပုန်းကွယ်နေသော လူများအား စိတ်ထဲတွင်ပင် ထည့်မထားချေ။ မကြာခင် အချိန်အတွင်းမှာပင် ချန်းဖန်တို့ ဝတ်ပြုခန်းမဟု ယူဆရသည့် အခန်း၏ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့၏။ ထိုအခန်း၏ အသွင်အပြင်မှာ ခမ်းနားကာ ကြည်ညိုစရာ ကောင်းသည်ဟု ထင်ရသည့်တိုင် အေးစက်ပြီး ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက် တစ်ခုက လေထု၌ ပျံ့လွင့်၍ နေခဲ့သည်။

“ဆရာ ချန်းပေ့ရွှမ်း ... သခင်ကြီး စုဆမ်နိုက အဲဒီ နေရာမှာ ခင်ဗျားကို စောင့်နေပါတယ်”

ချီဇူရူ မာစာဟီရိုက ဦးညွှတ်ရင်း ပြောလိုက်၏။

ချန်းဖန်က ဝင်ပေါက် နေရာအား လေ့လာရင်း တစ်ချက် ပြုံးလိုက်၏။ ထို့နောက် ဝတ်ပြုခန်းမသို့ လှမ်းဝင်ရန် ပြင်လိုက်စဉ်မှာပင် ယူကီရှီရိုဆာက သူ၏ လက်အား အလျင်စလို လှမ်းဆွဲ၍ ဟန့်တားလိုက်သည်။

“စိတ်မပူပါနဲ့ ... ဒီနေရာမှာပဲ ငါ့ကို စောင့်နေ…”

ချန်းဖန်က သူမအား သက်တောင့်သက်သာ ပြုံးပြကာ ဝတ်ပြုခန်း အတွင်း ဝင်ရောက် ပျောက်ကွယ် သွားတော့၏။

ယူကီရှီရိုဆာက ချန်းဖန်၏ နောက်ကျောအား ငေးရင်း ဖြူရော်စွာ ပြုံးလိုက်မိသည်။ ဝတ်ပြု ခန်းမအတွင်း ချန်းဖန်ဝင်ရန် ဟန်ပြင်နေသည့် အချိန်၌ ချီဇူရူ မာစာဟီရို၏ မျက်နှာတွင် အပြုံးတစ်ခု ဖြတ်ပြေး သွားသည်ကို သူမ တွေ့လိုက်ရ၍ ချန်းဖန်အား တားလိုက်ခြင်း ဖြစ်သည်။ ထိုအဘိုးကြီးတို့ အဖွဲ့ တစ်ခုခု ကြံစည်ထားသည်မှာ သေချာသည်။ သို့သော်လည်း သူမ၏ ဆရာက ထိုလူများအား ရင်ဆိုင်ရန် ယုံကြည်မှု ရှိနေပုံရ၏။

“ဒီမိန်းကလေးက ခရမ်းလိုပဲ ဆွဲဆောင်မှု ရှိသားပဲ။ ချန်းပေ့ရွှမ်း သေတာနဲ့ ဒီကောင်မလေးကို ငါရအောင် ယူရမယ်။  သူ့ကို ငါ့ရဲ့ ငှက်မလေး ဖြစ်အောင် ပြောင်းပစ်ရမယ်…”

ဂျန်ကာဇာ တာကီဒါက ယူကီရှီရိုဆာ၏ လှပသော အသွင်အပြင်အား ကြည့်ရင်း တွေးနေခဲ့၏။

ယူကီရှီရိုဆာက သက်ပြင်း တစ်ချက်ချရင်း ဘုရားကျောင်းအား လှည့်ပတ်ကြည့်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း အနည်းငယ် လှုပ်ရှားမိသည်နှင့် လူရိပ်တစ်ခုက သူမ၏ ညာဘက်တွင် ပေါ်လာကာ အနည်းငယ် ဖိထားလိုက်တော့သည်။

“ယူကီရှီရိုဆာ ... နင်ဘယ်ကို သွားမလို့တုံး…”

ခရမ်းက ပြုံးကာ သူမကို ကြည့်သည်။

ခပ်လှမ်းလှမ်း တစ်နေရာတွင်လည်း ချီဇူရူ မာစာဟီရိုက အရုပ်ဆိုးဆိုး မျက်နှာဖြင့် သူမအား ကြည့်ကာ ပြုံးနေခဲ့သည်။

ထိုအချိန်၌ ချန်းဖန်မှာမူ လက်နှစ်ဖက်အား နောက်သို့ ပစ်ရင်း ဝတ်ပြုခန်းမ အတွင်းသို့ ဝင်လာခဲ့သည်။ အနားသို့ မရောက်ခင်မှာပင် အန္တရာယ် အငွေ့အသက် တစ်ခုက လေထု၌ လွင့်ပျံ့ နေခဲ့၏။

ထိုဝတ်ပြုခန်းမ၏ အလယ်တွင်မူ သုံးမီတာခန့် ရှိသော အွန်နီ မကောင်းဆိုးဝါး၏ ရုပ်တု တစ်ခု ရှိနေခဲ့သည်။

ထိုအွန်နီ ရုပ်တု၏ မျက်နှာက အစိမ်းရောင် သန်းနေပြီး အစွယ်ကြီး နှစ်ချောင်းက ကြီးမားသော ပါးစပ်မှ ငေါထွက် နေခဲ့၏။ ဦးခေါင်းမှ ခြေဖျားအထိ တစ်ကိုယ်လုံးကိုမူ အနက်ရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ထိုရုပ်တုကြီး၏ ခြေရင်းတွင်မူ မည်းမှောင်သော မျက်နှာထားနှင့် အဘိုးအို တစ်ဦး ထိုင်နေခဲ့၏။

“ကြိုဆိုပါတယ် ... ဧည့်သည်လေး ... ထိုင်ပါဦး”

အဘိုးအို၏ မျက်နှာက ပိန်ပါးပြီး ခက်ထန်ဟန် ပေါ်သည်။ သူ၏ ခန္ဓာကိုယ် ပေါ်တွင်မူ အီဒိုခေတ်မှ ရိုးရာ ဝတ်စုံအား ဆင်မြန်ထား၏။ သူ၏ ရှည်လျားသော ဆံပင်များ၊ မုတ်ဆိတ်များကမူ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူအောင် ဖွေးနေကာ အကြားအမြင်ရသည့် အွန်မိုင်ယိုချီ ဆရာကြီး တစ်ယောက်ဟုပင် ထင်ရစေသည်။

ချန်းဖန်က တည်ငြိမ်စွာပင် အဘိုးအို၏ ရှေ့၌ ခင်းကျင်းထားသည့် ဂျပန်ဖြစ် အခင်းတွင် ဝင်ထိုင်လိုက်၏။

“ကျုပ်က စုဆမ်နို နီဟွန်ပါ ... ဘာကြောင့် ကျုပ်ကို လာရှာရတာပါလဲ”

အဘိုးအိုက ပြုံးရင်း မေးလိုက်၏။

သူ၏ တရုတ် အသံထွက်က မဆိုးသော်လည်း ရှေ့ဟောင်း အငွေ့အသက်များ ပါဝင်နေ၏။ သူ၏ စကားကို နားထောင်ရသည်က လွန်ခဲ့သည့် နှစ်တစ်ရာကျော်သို့ ပြန်ရောက်သွား သလိုပင်။

“ဟုတ်တယ် ... ကျုပ် ခင်ဗျားကို လာရှာတာပါ။ ဒါပေမဲ့ သေသွားပြီးတဲ့ နောက်မှာ ဒီလို နတ်ဆိုးသခင် ဘဝနဲ့ ဆက်နေဖို့ ခင်ဗျား ရွေးချယ်ခဲ့တာကို မြင်ရတာက တကယ် စိတ်ပျက်စရာပဲ...”

ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်၏။

“ကောင်းကင်တာအို တံခါးဝက ကျုပ်အတွက် ပိတ်သွားခဲ့ပြီ။ ဒါကြောင့်ပဲ ကိုးကွယ်သူတွေရဲ့ ယုံကြည်မှု စွမ်းအားနဲ့ ဝိညာဉ်အဖြစ် ဆက်နေဖို့ ကျုပ် ဆုံးဖြတ်လိုက်တာပဲ”

စုဆမ်နို နီဟွန်က သက်ပြင်း တစ်ချက် ချလိုက်သည်။

“မင်းရဲ့ မွေးရပ်မြေမှာ မသေမျိုးဘဝကို နောက်ဆုံး ရခဲ့တဲ့လူက အလယ် မင်းဆက်ခေတ်ရဲ့ ဓားလျှို့ဝှက်ချက်ပေါ့။ သူ ပျောက်သွားတာတောင်   နှစ်တစ်ထောင်လောက်က ရှိခဲ့ပြီ”

“ခင်ဗျားက အလယ် မင်းဆက်ခေတ် အကြောင်း သိတာလား”

ချန်းဖန်က စိတ်ဝင်စားစွာ မေးလိုက်၏။

“လွန်ခဲ့တဲ့ နှစ်နှစ်ရာ လောက်တုန်းက တရုတ်ကို ငါသွားပြီး လည်ပတ်ခဲ့ သေးတယ်။ မန်ချူး မင်းဆက်က တရုတ်ပြည်ကို အုပ်စိုးနေတဲ့ အချိန်ပေါ့။ ပထမဆုံး ကျားနဂါးတောင်က ကောင်းကင် သခင်ဂိုဏ်းကို ရောက်ခဲ့တယ်။ နောက်ပြီးတော့ နောက်ပြီး ဝူတန်ဂိုဏ်းကို သွားပြီး ဓမ္မနဲ့ သိုင်းပညာ နှစ်ခု ပူးတွဲလေ့ကျင့်တဲ့ ပညာရပ်ကို လေ့လာခဲ့တယ်”

အတိတ်မှတ်ဉာဏ်များ အကြောင်းကို ပြန်ပြောသည့် အချိန်၌ အဘိုးအို၏ မျက်လုံးတွင် ဉာဏ်ပညာ အလင်းရောင် တစ်ခု တောက်ပနေခဲ့၏။

“တန်ခိုးရှင် အဆင့်ကနေ ကျော်လွန်သွားတဲ့ ကျင့်ကြံသူတွေကို ကမ္ဘာအဆင့် နတ်ဘုရားတွေလို့ ခေါ်တာလား…”

ချန်းဖန်က မေးလိုက်၏။

“ရှေ့ဟောင်း မှတ်တမ်း တွေကတော့ အဲဒီလိုပြောတာပဲ။ ဒါပေမဲ့ ကမ္ဘာ့အဆင့်ကို ရောက်သွားတဲ့လူကို ငါတစ်ခါမှ မတွေ့ခဲ့ဖူးဘူး”

နီဟွန်က ခေါင်းခါရင်း ဆက်ပြောလိုက်၏။

“ဒါကြောင့် ရှေ့ဟောင်း မှတ်တမ်းတွေကို ငါ မယုံကြည်ခဲ့တော့ဘူး။ ကမ္ဘာအဆင့် ဆိုတာက သူတို့ မမြင်ဖူးပဲနဲ့ ရမ်းသန်းပြီး ရေးထားတာလို့ ငါစပြီး တွေးလာခဲ့တယ်”

ချန်းဖန်သည် အဘိုးအို၏ စကားအား နားထောင်ရင်း အတွေးနက် နေခဲ့၏။ စုဆမ်နို ပြောသည့် ကမ္ဘာအဆင့် နတ်ဘုရား ဆိုသည်မှာ ကျင့်ကြံခြင်း လောက၏ မူလဝိညာဉ်အဆင့် ကျင့်ကြံသူများသာ ဖြစ်သည်။ ထိုအဆင့်မှာ တန်ခိုးရှင် ကျင့်ကြံခြင်း အဆင့်ကြီး ရှစ်ခုအနက် အဆင့်တစ်ခုသာ ဖြစ်၏။

ကျင့်ကြံခြင်း အဆင့်ရှစ်ဆင့်မှာ ချီသန့်စင်ခြင်း အဆင့်၊ မူလဝိညာဉ် အဆင့် (ပါရမီသန့်စင်ခြင်း)၊ ရွှေအမြုတေ အဆင့်၊ အခြေတည် အဆင့်၊ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်၊ အာကာသ အဆင့်၊ တာအို ဖွဲ့စည်းခြင်း အဆင့် နှင့် အတိဒုက္ခ အဆင့်တို့ ဖြစ်ကြ၏။

မူလဝိညာဉ် အဆင့်မှာ ဒုတိယမြောက် အဆင့်သာ ဖြစ်၏။ ထိုအဆင့်သို့ ရောက်သည့် ကျင့်ကြံသူတိုင်းမှာ အနှစ်ငါးရာအထိ အသက်ရှည်သည်။ ထိုအဆင့် ကျင့်ကြံသူများမှာ မျက်စိ တစ်မှိတ်အတွင်း မိုင်ပေါင်းများစွာ ခရီးသွားနိုင်ကာ တောင်များနှင့် သမုဒ္ဒရာများကိုပင် ရွေ့လျားပစ်နိုင်စွမ်း ရှိ၏။ ထို့ကြောင့် သာမန်လူများ၏ အမြင်တွင်မူ ထိုလူများကား နတ်ဘုရားများနှင့် မခြားပေ။

သို့သော်လည်း ကမ္ဘာမြေတွင် ဝိညာဉ်ချီမှာ အလွန်ပင် ရှားပါးလွန်းသည်။ ထို့ကြောင့် မူလ ဝိညာဉ်အဆင့်သို့ တက်လှမ်း နိုင်သည်နှင့် ကျင့်ကြံသူများသည် ကမ္ဘာမြေမှ ထွက်ခွာသွားခြင်း ဖြစ်နိုင်၏။

“ဒါကြောင့်ပဲ ခင်ဗျားက အရှုံးပေးပြီး မကောင်းဆိုးဝါး ဘဝနဲ့ ဆက်ရှင်သန်ဖို့ ဆုံးဖြတ်လိုက်တာလား”

ချန်းဖန်က မေးလိုက်၏။

“ဟားဟား ... အမှန်ပါပဲ ... သွားနေတဲ့ လမ်းကြောင်းက ပိတ်သွားတော့လည်း ကိုယ်ပိုင် လမ်းကြောင်းကို ကျုပ် ဖောက်ခဲ့ရတာပေါ့။ မကောင်းဆိုးဝါး ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ကိုးကွယ်သူတွေရဲ့ ယုံကြည်မှု စွမ်းအားနဲ့ နှစ်ရာချီ ကြာအောင် ကျုပ်ဆက်ပြီး အသက်ရှင် နိုင်ခဲ့တယ်။ ဒါက ကျင့်ကြံရတာ ထက်တောင် ပိုပြီး လွယ်ကူတယ်”

အဘိုးအိုက ကျယ်လောင်စွာ ရယ်မောရင်း ချန်းဖန်အား ညင်သာစွာ မေးလိုက်၏။

“မင်းက တန်ခိုးရှင် အဆင့်ကို တက်လှမ်းဖို့ လျှို့ဝှက်ချက်ကို သိချင်နေတာ မလား။ ဒါကြောင့်မလို့ ဒီနေရာကို ရောက်လာတာ။ ဟုတ်တယ်မလား…”

“ကျုပ် မင်းကို လမ်းပြပေးနိုင်တယ်။ နတ်ဆိုးသခင် ဖြစ်အောင် ပြောင်းလဲနိုင်တဲ့ လျှို့ဝှက်နည်းလမ်း ကိုတောင် ပြောပြပေးလို့ ရတယ်”

ချန်းဖန်က အဘိုးအို၏ စကားအား ကြားသည်နှင့် ပြုံးလိုက်မိသည်။ စုဆမ်နို နီဟွန် ဆင်နေသည့် ထောက်ချောက်အား သူ သိရှိပြီး ဖြစ်သည်။

ချန်းဖန် နေရာတွင်သာ အခြား အထွတ်အထိပ် အဆင့်၊ ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ပါက အဘိုးအို၏ လှည့်ကွက်တွင် ကျဆင်းသွား လောက်ပြီ ဖြစ်သည်။ ရဲ့နန်ထင်း၊ လဲ့ချန်းကျွယ်တို့ ပင်လျှင် အဘိုးအို၏ စကား၌ နစ်မျောသွားမည်မှာ ကျိန်းသေသည်။

တန်ခိုးရှင် အဆင့်သို့ တက်လှမ်းနိုင်မည့် လျှို့ဝှက်ချက်ကို မသိချင်မည့်သူ ရှိလမ့်မည် မဟုတ်ပေ။

“ကျုပ်က ဘာပြန်ပေးရမှာလဲ…”

ချန်းဖန်က ပြုံးရင်းပင် အဘိုးအိုအား မေးလိုက်သည်။

“မလိုပါဘူး…”

အဘိုးအိုက ခေါင်းခါရင်း ဆက်ပြောလိုက်သည်။

“မင်းက တရုတ်ရဲ့ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင်ဆိုတာ ချီဇူရူက ငါ့ကို ပြောပြထားတယ်။ ဒါကြောင့် မင်းနဲ့ ကျုပ်ရဲ့ကြားမှာ ကောင်းမွန်နဲ့ ဆက်ဆံရေး တစ်ခု ရှိစေချင်တယ်။ နောင်တစ်ချိန်မှာ မင်းဆီကနေ အကူအညီ ယူကောင်း ယူရနိုင်တယ်မလား…”

အဘိုးအို၏ ပုံစံကား အကြီးအကဲ တစ်ယောက်က တပည့်သားမြေး တစ်ယောက်အား ပြောဆိုနေသည့် အလား နူးညံ့နေခဲ့သည်။

သို့သော်လည်း ချန်းဖန်က ရယ်မောလိုက်ရင်း ...

“သခင်ကြီး စုဆမ်နို ... ခင်ဗျားရဲ့ လှည့်ကွက်က လူတိုင်းကို အရူးလုပ်ချင် လုပ်နိုင်မယ်။ ဒါပေမဲ့ အဲဒီ အထဲမှာ ကျုပ်မပါဘူး…”

ရုတ်တရက် ချန်းဖန်၏ မျက်နှာက အပြုံးများ ပျောက်ကွယ်သွားပြီး မျက်လုံးများက တဖြည်းဖြည်း အေးစက်လာခဲ့၏။

“ကျုပ် တန်ခိုးရှင် အဆင့်ကို ရောက်ဖို့က အချိန်တစ်ခုပဲ လိုတယ်။ ခင်ဗျားရဲ့ နတ်ဆိုးသခင် အဖြစ် ပြောင်းလဲတဲ့ နည်းလမ်းက ကျုပ်အတွက် တန်ဖိုး မရှိဘူး။ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် နတ်ဆိုးသခင်လို့ သတ်မှတ်ထားလည်း မကောင်းဆိုးဝါးက မကောင်းဆိုးဝါးပါပဲ။ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကို မရောက်ပဲ၊ မူလ အမြုတေကို မရသေးပဲ ကိုယ့်ကိုယ်ကိုယ် နတ်ဘုရား တစ်ပါးလို့ ခံယူထားတာ ခင်ဗျား မရှက်ဘူးလား…”

“နောက်ပြီး ခင်ဗျား ကျုပ်ဆီကနေ ဘာကို လိုချင်နေတာလဲ ဆိုတာ ကျုပ်သိတယ်။ ခင်ဗျားက ကျုပ်ရဲ့ ရုပ်ခန္ဓာကို လိုချင်နေတာ…”

ချန်းဖန်၏ စကား ဆုံးသွားသည်နှင့် အခန်းက တစ်ဖန် ပြန်လည် တိတ်ဆိတ်သွား၏။ စုဆမ်နို၏ မျက်လုံးတွင်မူ အမှောင်ထု တစ်ခုက တဖြည်းဖြည်း ဖုံးလွှမ်းလာ ခဲ့တော့သည်။

***

All Chapters