မင်းက အရမ်းအားနည်းတယ်
Vol. 4 Ch. 349
“မင်း ဘယ်လို သိတာလဲ…”
အဘိုးအိုက မေးလိုက်သည်။
ချန်းဖန်က ထူးမခြားနားစွာ ပြုံးရင်း အဘိုးအိုအား ကြည့်လိုက်၏။
“ခင်ဗျားရဲ့ အသုံးမကျတဲ့ လှည့်ကွက်မှာ ကျုပ် ကျဆင်းသွားဖို့ မျှော်လင့်နေတာလား…”
“ခင်ဗျားက နတ်ဆိုးသခင် အဖြစ် နှစ်ရာချီ နေနိုင်ခဲ့တယ်။ ဒါပေမဲ့ ခင်ဗျား ပေးဆပ်ခဲ့ရ တာတွေလည်း အများကြီးပဲ မလား။ ကိုးကွယ်သူတွေရဲ့ ယုံကြည်မှု စွမ်းအားတွေကို ရရှိဖို့ သူတို့ကို စောင့်ရှောက် ပေးရသေးတယ်။ ဒါပေမဲ့ အနှေးနဲ့ အမြန် ဝိညာဉ်စွမ်းအားတွေ ခန်းခြောက်သွားမယ့် အချိန်က ရောက်လာမှာပဲ။ အဲဒီအခါကျ ခင်ဗျား ပျောက်ကွယ် သွားရမှာပဲ”
“ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို မရောက်ပဲ ကိုးကွယ်သူတွေရဲ့ ယုံကြည်မှု စွမ်းအားနဲ့ ထာဝရ အသက်ရှင်ဖို့ ဆုံးဖြတ်တာက တကယ် ရူးတာပဲ။ မူလ အမြုတေကို မရရင် ဘယ်တော့မှ မသေမျိုး ဖြစ်လာမှာ မဟုတ်ဘူး”
ကျင့်ကြံခြင်း လောကတွင် ထိုကဲ့သို့ ကိုးကွယ်သူများ၏ ယုံကြည်မှု စွမ်းအားဖြင့် ကျင့်ကြံသည့် နည်းလမ်းအား အထွတ်အမြတ် တာအို ဟု ခေါ်သည်။ ကိုးကွယ် ယုံကြည်သူများလေ ထိုကျင့်ကြံ၏ စွမ်းအားက ပိုမို ကြီးမားလေလေ ဖြစ်သည်။
သို့သော်လည်း စကြဝဠာတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူများမှာ တန်ခိုးရှင် တာအိုကို လျှောက်လှမ်း ကြသူများသာ ဖြစ်သည်။ အထွတ်အမြတ် တာအိုနှင့် တန်ခိုးရှင် တာအိုတို့မှာ နှိုင်းယှဉ်၍ မရနိုင်သော အရာများပင် ဖြစ်သည်။
အထွတ်အမြတ် တာအိုလမ်းစဉ်မှာ လျှောက်လှမ်းရ လွယ်ကူသော်လည်း ပြင်ဆင်၍ မရသော အားနည်းချက် ရှိသည်။ အကယ်၍ ကိုးကွယ်သူများ၏ ယုံကြည်မှု စွမ်းအားများ ခန်းခြောက်သွားပါက ကျင့်ကြံသူမှာ စိတ်ကစဉ့်ကလျား ဖြစ်ကာ ဝိညာဉ် ကြွေလွင့်ရလိမ့်မည် ဖြစ်သည်။ မူလ အမြုတေကို ရရှိပြီးမှသာ ထိုအားနည်ချက်မှ ကျော်လွှားနိုင် လိမ့်မည် ဖြစ်သည်။
“ခင်ဗျားရဲ့ ပထမ အစီအစဉ်က ကျုပ်ကို သတ်ဖို့ပဲ။ ဒါပေမဲ့ ခင်ဗျားက စိတ်ပြောင်းပြီး ကျုပ်ကို ခင်ဗျားနဲ့ ပူးပေါင်းဖို့ ဆွဲဆောင်ခဲ့တယ်။ ခင်ဗျားက ကျုပ်ရဲ့ ခန္ဓာကိုယ်ကို မျက်စိကျနေတာ... ဟုတ်တယ် မလား”
ချန်းဖန်က မျက်လုံးများအား ကျဉ်းမြောင်းရင်း မေးလိုက်၏။
ချန်းဖန်၏ ခန္ဓာကိုယ်မှာ အဇူရာသက်ရှည် ခန္ဓာကိုယ် ဖြစ်သည်။
သာမန်လူများ၏ အမြင်တွင်မူ ချန်းဖန်၏ ခန္ဓာကိုယ်မှာ သာမန်ထက် ပိုကြည့်ကောင်းသည့် ခန္ဓာကိုယ် တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း နတ်ဆိုးသခင်၏ မျက်လုံးတွင်မူ ထိုခန္ဓာကိုယ်ကား ကျင့်ကြံခြင်း အတွက် အလွန် တန်ဖိုးကြီးသော ရတနာ တစ်ခု ဖြစ်သည်။ ချန်းဖန်၏ ခန္ဓာကိုယ်၌ ဝိညာဉ်ချီများက သန့်စင်စွာ စီးဆင်းနေရာ နိဗ္ဗာန် အဆင့် ဉာဏ်အလင်း ရထားသည့် ဘုန်းကြီးအို တစ်ပါးအလား ထင်ရသည်။
အဇူရာ သက်ရှည် ခန္ဓာကိုယ်မှာ ဝိညာဉ် ခန္ဓာကိုယ်များတွင် ပင်လျှင် ထိပ်တန်းအဆင့်၌ ရှိနေသည့် ခန္ဓာကိုယ် ဖြစ်သည်။ ချန်းဖန် အနေဖြင့် အဇူရာ သက်ရှည်ခန္ဓာ စဦးအဆင့်ထိသာ လေ့ကျင့်ထား နိုင်ခဲ့သော်လည်း သူ၏ သွေးတစ်စက် ကပင်လျှင် လူတစ်ဦး၏ အသက်ဓာတ်ကို ပြန်လည်နှိုးဆွ ပေးနိုင်သည် အထိ အစွမ်းထက်သည်။ ချန်းဖန်၏ သွေးတစ်စက်တွင် ပါဝင်သော ဝိညာဉ်ချီမှာ အမြုတေ စုစည်းခြင်း ဆေးများထက်ပင် ပိုမို များပြားသည်။ ထို့ကြောင့် ချန်းဖန်၏ ခန္ဓာကိုယ်မှာ ကမ္ဘာပေါ်မှ ကျင့်ကြံသူများ အတွက် ကမ္ဘာ့အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ခန္ဓာကိုယ်နှင့် မခြားပေ။
ချန်းဖန်၏ စကားအား နားထောင်ရင်း အဘိုးအို၏ ပိန်လှီသော မျက်နှာက တဖြည်းဖြည်း ပိုမို နက်မှောင်လာခဲ့သည်။
အဆုံး၌ အဘိုးအိုက ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်ရင်း ...
“အရမ်းတော်တယ် လို့ပဲ ချီးကျူးရမလား ... မင်းမှန်ပါတယ်။ ဒါပေမဲ့ မင်းသိတာ နောက်ကျသွားပြီ”
အဘိုးအိုက ခဏရပ်ကာ ဆက်ပြောလိုက်သည်။
“ဘုရားကျောင်းထဲကို ဝင်လာကတည်းက စလို့ မင်းရဲ့ ခန္ဓာက ငါ့အပိုင် ဖြစ်သွားပြီ။ ဒီလို အစွမ်းထက်လွန်းတဲ့ ခန္ဓာကို မင်းဘယ်လို ရထားလဲ ဆိုတာ ငါမသိသလို ဂရုလည်း မစိုက်ဘူး။ သိချင်ရင်လည်း မင်းရဲ့ မှတ်ဉာဏ်တွေထဲမှာ ရှာကြည့်လိုက်ရုံပဲပေါ့။ မင်းရဲ့ အရာရာက မကြာခင်မှာ ငါ့အပိုင် ဖြစ်လာမှာပဲလေ။ မင်းရဲ့ ခန္ဓာကိုယ်ကို ငါသိမ်းပိုက် ပြီးသွားရင် ကမ္ဘာအဆင့်ကို ငါချိုးဖျက်နိုင်မှာ သေချာတယ်”
အဘိုးအိုက ချန်းဖန်အား အထင်သေးစွာ ကြည့်ရင်း ဆက်ပြောလိုက်၏။
“မင်း ငါ့ကို ဒူးထောက် တောင်းပန်ရင် မင်းအသက်ကို ချမ်းသာပေးမယ်။ နောက်ပြီး ငါ့ရဲ့ တပည့်ရင်း အဖြစ် လက်ခံပေးမယ်”
အဘိုးအို၏ မျက်လုံးများကား ယုံကြည်မှုများဖြင့် လင်းလက်နေခဲ့၏။ တရုတ်၏ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင်ဆိုသော ဂုဏ်ပုဒ်က သူ့ကဲ့သို့ တန်ခိုးရှင် အဆင့် တစ်ယောက်၏ ရှေ့၌ မည်သို့မျှ အသုံးမဝင်ချေ။
“ကျုပ်ကတော့ ခင်ဗျားလို မပြောနိုင်တာ ဆိုးတာပဲ။ ခင်ဗျား ကျုပ်ကို ဒူးထောက် တောင်းပန်ရင်တောင် ခင်ဗျား အသက်ကို ချမ်းသာ မပေးနိုင်ဘူး…”
ချန်းဖန်က သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။
“တကယ် နားမလည်တဲ့ တရုတ်ကောင်လေးပဲ…”
ရုတ်တရက် အဘိုးအို၏ မျက်လုံးများက အမှောင်ထုဖြင့် တောက်ပလာပြီး သူ၏ နံဘေး၌ မြူနှင်းများ ဖြစ်ပေါ်လာသည်။ ခဏအတွင်းမှာပင် အမှောင်မြူနှင်းက သိပ်သည်းလာကာ အခန်း တစ်ခုလုံးအား လွှမ်းမိုးလာတော့၏။
“အမှောင်တစ္ဆေ ဂိုဏ်းနဲ့ ကောင်းကင် သခင်ဂိုဏ်းက ပညာရှင်ကြီး တွေတောင် ငါ့ကို မရိုမသေ မပြောရဲဘူး…”
အဘိုးအို၏ ခန္ဓာကိုယ်က လေထဲသို့ တဖြည်းဖြည်း မြင့်တက်လာပြီး လက်များက တစ်ခုခုကို ရေးခြစ်ဟန် လှုပ်ရှားလိုက်၏။
“အခု တန်ခိုးရှင် အဆင့်ရဲ့ အစစ်အမှန် စွမ်းအားကို မင်းကို ပြရသေးတာပေါ့…”
သူ၏ စကားဆုံးသည်နှင့် အနက်ရောင် လက်ဝါး တစ်ခုက အမှောင် မြူနှင်းများဖြင့် ဖွဲ့စည်းကာ ချန်းဖန်ထံ တိုးဝင်လာတော့၏။ လက်ဝါးကြီးအား အနက်ရောင် စူးစူး အကြေးခွံများဖြင့် ဖုံးအုပ်ထားရာ အစစ်အမှန် နဂါးတစ်ကောင်၏ လက်အလား ထင်ရစေသည်။ ထိုမြင်ကွင်းအား သာမန်လူ တစ်ယောက်သာ မြင်တွေ့ရပါက ခဏချင်းပင် စိတ်နှလုံး ချောက်ချားကာ သေဆုံး၍ပင် သွားနိုင်လောက်သည်။
လက်ဝါးက ငွေရောင်မျဉ်း တစ်ခု အသွင်ကို လေထု၌ ချန်ရစ်ခဲ့ပြီး ချန်းဖန်ထံ ခဏအတွင်း ရောက်ရှိလာတော့၏။ ထိုလက်ဝါး၏ အောက်၌ သာမန် လူတစ်ယောက် မဆိုထားနှင့်။ သံချပ်ကာ ကားတစ်စီးပင်လျှင် အမှုန့်အဖြစ် ပြောင်းလဲ သွားနိုင်ဟန် ရသည်။
“ဟမ့် ... အသုံးမကျလိုက်တာ…”
ချန်းဖန်က လှောင်ပြုံးပြုံးကာ လက်တစ်ဖက်အား ဝှေ့ယမ်းရင်း ဓားအော်ရာကို ထုတ်ဖော်လိုက်၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် အဇူရာ ဓားအော်ရာက လျှပ်စီးအလား ထွက်ပေါ်လာကာ အမှောင် လက်ဝါးအား ခုတ်ပိုင်း လိုက်တော့၏။
“ကလန့်…”
ဓားချီနှင့် အမှောင်လက်ဝါးတို့ ထိတွေ့သည်နှင့် သတ္တုချင်း ရိုက်သံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဇူရာဓားချီက အမှောင်လက်ဝါး၏ အကြေးခွံများကို ဖြတ်သန်းကာ ဆက်လက် ပိုင်းဖြတ်သည်။ ဓားချီ၏ ထက်မြက်မှုအောက်၌ အမှောင်လက်ဝါးကား ပိုင်းဖြတ်ခံရရန် အနည်းငယ်သာ လိုတော့၏။
“အ…”
အဘိုးအိုက နောက်သို့ ကပျာကယာ ဆုတ်ရင်း ချန်းဖန်အား အံ့အားသင့်စွာ ကြည့်လိုက်သည်။
သူ၏ အမှောင်လက်ဝါးမှာ ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားခြင်း ဖြစ်ရာ စတီးအလား ခိုင်မာသည်က သေချာ၏။ သို့သော်လည်း ထိုလက်ဝါးကား ချန်းဖန် ထုတ်လွှတ်လိုက်သော ဓားချီ၏ ပိုင်းဖြတ်မှု အောက်၌ နှစ်ပိုင်းဖြတ်ခံ ရမလိုပင် ဖြစ်ခဲ့ရသည်။
ထိုအကောင်၏ အစစ်အမှန် ချီစွမ်းအားက မည်မျှအထိ သန်မာနေသနည်း။
“ဟမ့် ... ငါမင်းကို အထင်သေးမိပြီနဲ့ တူတယ်။ မင်းက တရုတ်ရဲ့ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင် ဆိုတာ အံ့ဩစရာ မရှိဘူးပဲ။ တရုတ်မှာ ပါရမီရှင်တွေ တကယ်ပဲ ပေါများလွန်းတာပဲ။ ဒီနယ်ပယ်မှာတော့ ဂျပန်က တရုတ်နဲ့ မယှဉ်နိုင်တော့ဘူး”
အဘိုးအို နက်မှောင်နေသော မျက်လုံးများအား အနည်းငယ် မှေးစင်းရင်း ဆက်ပြောလိုက်၏။
“ဒါပေမဲ့ တန်ခိုးရှင်အဆင့်ကို မရောက်ဖူးသေးတဲ့ လူတစ်ယောက်က တန်ခိုးရှင် အဆင့်ရဲ့ စွမ်းအားကို နားလည်မှာ မဟုတ်ဘူး…”
စကား ပြောနေစဉ်မှာပင် အမှောင်မြူနှင်းများက လက်ဝါးနှင့် ပူးပေါင်းကာ ဓားဒဏ်ရာကို ကုသသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အမှောင်လက်ဝါး၏ ထက်ပိုင်း ပြတ်မတတ် ဓားဒဏ်ရာမှာ တစ်ခုမျှ မရှိခဲ့ဖူးသည့် အလား ပျောက်ကွယ် သွားတော့၏။
“ဒီ ဘုရားကျောင်းကို ငါ ပိုင်စိုးတယ်။ ဒီနေရာမှာ မင်းငါ့ကို လုပ်နိုင်တာ ဘာမရှိဘူး…”
အဘိုးအိုက ပိုင်ဆိုင်စွာ ပြုံးရင်း ပြောလိုက်၏။
“ဟုတ်လာ ... ဓားတစ်ချက်က ဘာမှ မလုပ်နိုင်ဘူးပဲ ထားပါတော့။ အချက် တစ်ထောင် ဆိုရင်ရော…”
ချန်းဖန်က ဓားအော်ရာများအား ထုတ်ဖော်ရင်း လေပေါ်သို့ ပျံတက်လိုက်၏။ ခဏအတွင်းမှာပင် ဓားအော်ရာများက ပိုမိုသိပ်သည်း အားပြည့်လာကာ အဘိုးအိုထံ တိုးဝင်သွားတော့သည်။
***
ထိုအချိန် ချီဇူရူ မာစာဟီရိုနှင့် အခြားလူများကား ဝတ်ပြုခန်း အပြင်၌ စိတ်ရှည်စွာ စောင့်ဆိုင်းနေ ခဲ့ကြသည်။
“သခင်ကြီး စုဆမ်နို တိုက်ခိုက်နေပြီ ထင်တယ်…”
အခန်းထဲမှ အပြင်သို့ ယိုစိမ့်ထွက်လာသော အမှောင် မြူနှင်းများအား ကြည့်ရင်း ချီဇူရူ မာစာဟီရိုက ပြောလိုက်၏။
“သူပြောတော့ ငါတို့က ချန်းပေ့ရွှမ်းကို လှည့်စားပြီး ဝတ်ပြုခန်းထဲကို ပို့ရမယ်။ အထဲရောက်တာနဲ့ သူက တစ်ခါတည်း သတ်ပစ်မယ် ဆိုပြီး ဘာလို့ ခုလောက်ထိ ကြာနေတယ် မသိဘူး။ သူတို့နှစ်ယောက် စကား ပြောနေကြတာလား။ ဘာကြောင့် သခင်ကြီး စုဆမ်နိုက ကောင်လေး တစ်ယောက် အတွက် အချိန်ဖြုန်း နေရတာလဲ…”
ဂျန်ကာဇာ တာကီဒါကလည်း ခေါင်းခါရင်း ပြောလိုက်သည်။
“ငါတို့ သခင်ကြီးက နတ်ဆိုးသခင် တစ်ပါးပဲ။ စိတ်မပူကြနဲ့…”
ချီဇူရူ မာစာဟီရိုက စိုးရိမ်စိတ်များအား ဖယ်ထုတ်ရင်း ဆက်ပြောလိုက်သည်။
“သခင်ကြီး စုဆမ်နိုက ကောင်လေးရဲ့ ခန္ဓာကိုယ်ကို စိတ်ဝင်စားပြီး အပိုင်စီးဖို့ ကြိုးစားနေတာ ထင်တယ်…”
ခရမ်းနှင့် အခြားလူများက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
“ချန်းပေ့ရွှမ်းနဲ့ မတိုက်ခိုက် ရတာတော့ တကယ့်ကို နှမြောစရာ ကောင်းတယ်။ မဟုတ်ရင် သူ့ကို ဂျပန်ပညာရှင် တစ်ယောက်ရဲ့ အစွမ်းကို ကောင်းကောင်းကြီး အရသာ ခံခိုင်းရမှာ…”
ဂျန်ကာဇာ တာကီဒါက အခွင့်အရေးကြီး တစ်ခုအား လက်လွှတ် လိုက်ရဟန် ခေါင်းခါရင်း သက်ပြင်း ချလိုက်၏။
ထိုစကားများအား နားထောင်ရင်း ယူကီရှီရိုဆာမှာ ချန်းဖန်အတွက် စိုးရိမ်လာခဲ့မိသည်။ ထိုလူများကား သူမအား ရှိသည်ဟုပင် သဘောထားပုံ မရချေ။ သူတို့၏ ယုတ်မာသော အကြံအစည်များအား ဂုဏ်ယူစွာ ပြောနေကြသေးသည်။ ယူကီရှီရိုဆာမှာ လျှို့ဝှက်ခန်းအား ကြည့်ရင်း ချန်းဖန်အတွက် ဆုတောင်းပေးရန်သာ တတ်နိုင်တော့သည်။
“မျှော်လင့်ချက်တွေ သိပ်မထားနဲ့ ငှက်ကလေး ... ဒီဘုရားကျောင်းက သခင်ကြီး စုဆမ်နိုရဲ့ ထိန်းချုပ်မှု အောက်မှု ရှိတာ။ သူသတ်ချင်ရင် ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး…”
ခရမ်းက ယူကီရှီရိုဆာ၏ အတွေးအား သိသည့်အလား ဆွဲဆောင်မှု ရှိစွာ ပြုံးရင်း ပြောလိုက်၏။
ထိုစကားများအား ကြားသည်နှင့် ယူကီရှီရိုဆာ၏ နှလုံးခုန်နှုန်းမှာ အဆများစွာ မြန်လာခဲ့၏။
“ဆရာ တကယ်ပဲ သေသွားမှာလား…”
ထိုအချိန်မှာပင် ရုတ်တရက်…
“ဘုန်း…”
ကျယ်လောင်သော အသံနှင့်အတူ ဝတ်ပြုခန်း၏ တံခါးက ပေါက်ကွဲကာ ပုံရိပ်တစ်ခု ပျံသန်းကာ ထွက်ပေါ်လာ၏။ ထို့နောက် ပုံရိပ်က ကျောက်တုံးတစ်ခု ပေါ်တွင် ရပ်ကာ လက်ကို နောက်ပစ်၍ ဝတ်ပြုခန်းအား ကြည့်လိုက်သည်။
“ဘာလဲ…”
လူတိုင်းက ဆွံ့အစွာဖြင့် ထိုမြင်ကွင်းအား ကြည့်ကြသည်။
သူတို့၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင်ပင် လူငယ်က ခေါင်းအား ခါယမ်းရင်း ...
“ငါပြောသားပဲ ... မင်းက ငါ့အတွက် အရမ်း အားနည်းတယ်လို့…”
***