အသံထက်လျင်သော အမြန်နှုန်း
Vol. 4 Ch. 350
"ဒါ… ဒါ မဖြစ်နိုင်တာ" ဂျန်ကာဇာ တာကီဒါက လက်နှစ်ဖက်အား နောက်ပစ်နေသည့် ချန်းဖန်အား ကြည့်ရင်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်။
သခင်ကြီး စုဆမ်နိုမှာ နှစ်ပေါင်း ရာနှင့်ချီ၍ ကျင့်ကြံခဲ့သူ ဖြစ်ရာ မခန့်မှန်းနိုင်သော စွမ်းအားများကို ပိုင်ဆိုင်သည်။ သူ့ကဲ့သို့ ထိပ်တန်း တိုက်ခိုက်ရေး သမား တစ်ယောက်၏ သေခြင်း၊ ရှင်ခြင်းကိုပင် သခင်ကြီး စုဆမ်နို၏ အတွေးတစ်ချက်က ဆုံးဖြတ်ပေးနိုင်စွမ်း ရှိသည်။
သို့သော်လည်း သခင်ကြီး စုဆမ်နိုသည် ချန်းပေ့ရွှမ်းအား အနိုင်ယူနိုင်ခဲ့ပုံ မပေါ်ချေ။ ထိုချန်းပေ့ရွှမ်း ဆိုသော ကောင်လေးကား မည်မျှအထိ အစွမ်းထက်နေသနည်း။
"ဒါကြောင့် သူ့ကို တရုတ်ရဲ့ အစွမ်းအထက်ဆုံးလို့ ခေါ်ကြတာလား" ဂျန်ကာဇာ တာကီဒါက တုန်တုန်ယင်ယင်ဖြင့် ရေရွတ်လိုက်တော့၏။
ခရမ်းသည်လည်း ထိန်းချုပ်၍ မရအောင် တစ်ကိုယ်လုံး တုန်ယင်နေခဲ့တော့သည်။ ချီဇူရူ မာစာဟီရို၏ မျက်နှာကမူ လေးလံကာ မည်းမှောင်နေသော်လည်း တည်ငြိမ်စွာပင် ရှိနေသေး၏။
"စိတ်မပူနဲ့… ဘုရားကျောင်းထဲမှာ ဆိုရင် သခင်ကြီး စုဆမ်နိုက မူလစွမ်းအားရဲ့ တစ်ရာ့နှစ်ဆယ် ရာနှုန်းအထိ ထုတ်ဖော်နိုင်တယ်။ သူက ဒီနေရာမှာ ပြိုင်ဘက်ကင်းတယ်" ချီဇူရူ မာစာဟီရိုက အားတင်းကာ ပြောလိုက်သော်လည်း သူ၏ အသံကမူ ယုံကြည်မှု ကင်းမဲ့နေခဲ့သည်။
သူတို့နှင့် ဆန့်ကျင်စွာပင် ယူကီရှီရိုဆာ၏ မျက်နှာက ပျော်ရွှင်မှုဖြင့် တောက်ပနေခဲ့သည်။
"ရား…" ရုတ်တရက် ကျယ်လောင်သော အော်ဟစ်သံတစ်ခုက နာကျင်စွာ ထွက်ပေါ်လာသည်။ ထိုအသံမှာ နတ်ဆိုးတို့၏ ကျိန်စာအလား ကြားရသူတိုင်းကို စိတ်နှလုံး ချောက်ချားစေ၏။
ကျယ်လောင်သော အော်ဟစ်သံ အဆုံး၌ အမှောင်မြူနှင်းထုနှင့် အတူ အဘိုးအိုတစ်ဦး ဝတ်ပြုခန်းမ အတွင်းမှ ပျံသန်း ထွက်ပေါ်လာခဲ့၏။ အဘိုးအို၏ ပိန်ပါးသော မျက်နှာက ဒေါသဖြင့် ပြည့်ဖုံးလျက် ရှိကာ မျက်လုံးများတွင်လည်း အမှောင်မီးလျှံများက တောက်လောင်နေခဲ့၏။
"ချန်းပေ့ရွှမ်း… မင်းက ငါ့ကို အရူးလုပ် ရဲတယ်ပေါ့။ မင်းရဲ့ ဝိညာဉ်ကို မီးစုန်းနဲ့ ချိပ်ပိတ်ပြီး နှစ်တစ်ရာတိတိ လောင်ကျွမ်းစေမယ်" အဘိုးအိုက ကျိန်ဆဲရင်း ရှေ့သို့ ရှေ့သို့ တဖြည်းဖြည်း တိုးလာခဲ့၏။
"ဟူး…" လူတိုင်း၏ အကြည့်များ အောက်တွင်ပင် အဘိုးအို၏ ခန္ဓာက တစ်စုံတစ်ရာ၏ ပုံသွင်းခြင်းကို ခံရသည့် အလား တဖြည်းဖြည်း ပြောင်းလဲကာ သုံးမီတာခန့် ရှည်လာခဲ့၏။
ရုတ်တရက် ကြီးမားသော ကြွက်သားစိုင်ကြီးများက ခန္ဓာကိုယ်မှ ရုန်းကြွလာကာ အကြေးခွံများကလည်း ခန္ဓာကိုယ် အနှံ့ထွက် ပေါ်လာသည်။
ခဏအတွင်းမှာပင် ဆံပင်ဖြူ အဘိုးအို ပုံသဏ္ဌာန် ကွယ်ပျောက်ကာ သုံးမီတာခန့် ရှည်လျားသည့် မကောင်းဆိုးဝါး တစ်ကောင် အဖြစ် ပြောင်းလဲသွားသည်။ မကောင်းဆိုးဝါး၏ မျက်နှာက အစိမ်းရောင် သန်းနေပြီး အစွယ် နှစ်ချောင်းကလည်း ကြီးမားသော ပါးစပ်မှ ထွက်ပေါ်နေခဲ့၏။ သူ၏ ခြေသည်း၊ လက်သည်းများကလည်း ချွန်ထက်နေကာ ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း အကြေးခွံများဖြင့် ပြည့်နှက်နေခဲ့၏။
ထိုအရာကား သခင်ကြီး စုဆမ်နို၏ အစစ်အမှန် ပုံစံပင် ဖြစ်သည်။
"တရုတ်ကောင်လေး… ငါ့ရဲ့ မူလပုံစံကို ရင်းဆိုင်နိုင်မယ်လို့ ထင်နေတာလား။ မင်းကို နတ်ဆိုးသခင် တစ်ယောက် ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ သင်ခန်းစာ ပေးရမှာပေါ့…" နတ်ဆိုး၏ ပါးစပ်က မလှုပ်ရှားသော်လည်း အသံက လူတိုင်း၏ စိတ်နှလုံးအတွင်း တိုက်ရိုက်ပင် ချိုးဖျက်ကာ ဝင်ရောက်လာသည်။
"ဟုတ်လား…" ချန်းဖန်က လက်နှစ်ဖက်အား နောက်သို့ပစ်ရင်း ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်၏။
ခဏချင်းပင် အဇူရာ အလင်းရောင် တစ်ခုက သူ၏ မျက်လုံးမှ ထွက်ပေါ်လာကာ နတ်ဘုရား စိတ်အာရုံနှင့် ပူးပေါင်း၍ နတ်ဆိုး၏ ဝိညာဉ်စွမ်းအင်ကို တိုက်ခိုက်လိုက်တော့၏။
"ဘုန်း…" စွမ်းအား နှစ်ခုက သမုဒ္ဒရာအတွင်း ကြီးမားသော လှိုင်းကြီးတစ်ခု မျက်နှာချင်းဆိုင် ရိုက်ခတ်သည့် အလား ထိပ်တိုက်တွေ့သည်။
အမှောင်လှိုင်းက အဇူရာအလင်းကို ဖောက်ထွက်ကာ ချန်းဖန်ထံ တိုးဝင်လာ၏။ ချန်းဖန်က အဇူရာ ချီဓားအား ဆင့်ခေါ်ကာ အမှောင်လှိုင်းအား ပိုင်းဖြတ်သည်။ အမှောင်ထုက အဆများစွာ သိပ်သည်း၍ အဇူရာ ချီဓားအား ခုခံရန် ကြိုးစားသော်လည်း ထက်ဝက် ပိုင်းဖြတ် ခံလိုက်ရ၏။
"ကောင်းလိုက်တဲ့ ဝိညာဉ် စွမ်းအား…"
စုဆမ်နို စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ သူ၏ ဝိညာဉ်စွမ်းအားကား နှစ်ရာချီအောင် လေ့ကျင့်ခဲ့သည် ဖြစ်ရာ အလွန် အစွမ်းထက်နေပြီ ဖြစ်သည်။ သို့သော်လည်း ချန်းပေ့ရွှမ်း၏ ဝိညာဉ်စွမ်းအားက သူ့ထက်ပင် သာနေပုံ ပေါ်သည်။
"အစွမ်းထက်လိုက်တဲ့ ဝိညာဉ်စွမ်းအား…" ချန်းဖန်က နတ်ဆိုးအား ကြည့်ရင်း မှတ်ချက် ချလိုက်မိသည်။ ရွှေရုပ်တုထဲမှ ယုံကြည်မှု စွမ်းအားများကို သူ စုပ်ယူခဲ့သည့်တိုင် နတ်ဘုရား စိတ်အာရုံကို ငါးကီလိုမီတာ အထိသာ ဖြန့်ကြက်နိုင်သေးသည်။ သို့သော်လည်း စုဆမ်နို၏ ဝိညာဉ်စွမ်းအားက သူ့ထက် သုံးဆပင် ပိုမို ဖြန့်ကြက်နိုင်စွမ်း ရှိသည်။ အကယ်၍ စုဆမ်နိုသာ နတ်ဘုရား စိတ်အာရုံ ဖန်တီးသည့် နည်းလမ်းအား သိပါက သူ့အား အနိုင်ယူပြီး လောက်ပြီ ဖြစ်သည်။
"မင်းမှာ ဒီလိုစွမ်းအားတွေ ရှိနေလည်း အလကားပဲ…"
ချန်းဖန်က နှာခေါင်းရှုံ့ရင်း ဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားချက်က လေထုအား ပိုင်းဖြတ်သည်နှင့် လေပွေဝဲများ ဖြစ်ပေါ်လာကာ စုဆမ်နိုထံ တိုးဝင်သွားသည်။
"ဒါက ကီတ နီဝါကာဝါကို သတ်ခဲ့တဲ့ ဓားချက်ပဲ…" ခရမ်းက အလန့်တကြား အော်ဟစ်သည်။
"အဲဒီတော့ ဘာဖြစ်လဲ… သခင်ကြီး စုဆမ်နိုက ကီတ နီဝါကာဝါ မဟုတ်ဘူး…" ချီဇူရူ မာစာဟီရိုက မျက်လုံးများအား ကျဉ်းမြောင်းရင် ပြန်ပြောလိုက်သည်။ ချန်းပေ့ရွှမ်းမှာ အလွန် အစွမ်းထက်သော်လည်း သခင်ကြီး စုဆမ်နိုကို သူ ယုံကြည်သည်။ ဘုရားကျောင်း အတွင်း ရှိနေသမျှ သခင်ကြီး စုဆမ်နို ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။ အဆိုးဆုံး အနေဖြင့် ချန်းပေ့ရွှမ်း အသက်ရှင်လျှက် လွတ်မြောက် သွားနိုင်သည်သာ ရှိသည်။
လေပွေဝဲများအား ကြည့်ရင်း နတ်ဆိုးက လက်နှစ်ဖက်အား ဝှေ့ရမ်းကာ အမှောင်မြူနှင်းများကို ဆင့်ခေါ်သည်။ အမှောင်မြူနှင်းများက ထူထပ် သိပ်သည်းစွာ ပေါ်ထွက်လာ လေပွေဝဲများ၏ လမ်းကြောင်းအား ပိတ်ဆို့သည်။
"ဘုန်း…" စွမ်းအား နှစ်ခုက တောင်တန်း နှစ်ခုအလား အရှိန်ပြင်းစွာ ထိမှန်သည်။ ပေါက်ကွဲမှု၏ နောက်ဆက်တွဲ အဖြစ် စွမ်းအင် လှိုင်းများက ပြင်းထန်စွာ ဖြစ်ပေါ်လာကာ အခန်းအား ရိုက်ခတ်သည်။ ချီဇူရူ မာစာဟီရိုနှင့် အခြားလူများမှာ အမှန်တရား လေးပါး အကာအကွယ် အော်ရာကိုပင် ဖော်ထုတ်ကာ ထိုလှိုင်းများအား ကာကွယ်လိုက်ရ၏။ အကာအကွယ် တစ်ခုခု ပိုင်ဆိုင်ထားခြင်း မရှိသော လူများမှာမူ ထိုလှိုင်းရိုက်ခတ်မှု အောက်၌ အပိုင်းပိုင်း ပြတ်ကာ သေဆုံးသွားကြ၏။
"ဘန်း…" ခရမ်းကလည်း သူမ၏ ကိုဒချီကို လျှင်မြန်စွာ ထုတ်၍ စွမ်းအင်လှိုင်းကို ကာကွယ်လိုက်၏။ သူမက ယူကီရှီရိုဆာ ကိုပါ အကာအကွယ် အတွင်း ဆွဲသွင်းလိုက်သည်။ ယူကီရှီရိုဆာအား အဘယ်ကြောင့် အကာအကွယ် ပေးမိသည်ကို သူမ နားမလည် မိပေ။ မသိစိတ်တွင်မူ သခင်ကြီး စုဆမ်နို တစ်ခုခု ဖြစ်တော့မည့် အလား သူမ ခံစားနေခဲ့ရသည်။
ယူကီရှီရိုဆာက ခရမ်းအား တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး တိုက်ပွဲကိုသာ ပြန်လည် အာရုံ စူးစိုက်လိုက်၏။
ထိုတိုက်ပွဲ၏ ရလဒ်က သူမ၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးလိမ့်မည် မဟုတ်ပါလား။
ထိုအချိန်၌ တိုက်ပွဲကား တစ်စထက် တစ်စ ပိုမို ပြင်းထန်နေခဲ့ပြီ ဖြစ်၏။ ချန်းဖန်သည် မိုးကြိုး မျက်လုံး၊ ချီဓား၊ မီးဘောလုံး၊ နွယ်စိမ်းများ စသည် နည်းစနစ်များ အားလုံးကို အလုံးစုံ ထုတ်သုံးကာ အပြင်းအထန် တိုက်ခိုက်နေခဲ့သည်။ သူက အလွန် အစွမ်းထက်သော တိုက်ခိုက်မှုများအား လွယ်ကူစွာပင် ထုတ်သုံးနေရာ မောပန်းခြင်း မရှိသည့် စက်ရုပ် တစ်ရုပ်အလားပင် ထင်ရသည်။
"ဒါက မယုံကြည်နိုင်စရာ ကောင်းနေပြီ။ ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က ဒီလောက်တောင် အစွမ်းထက်တာလား…" ချီဇူရူ မာစာဟီရိုမှာ အသက်ပင် မရှူနိုင်လောက်အောင် တိုက်ပွဲကို ကြည့်နေခဲ့မိသည်။
ချန်းပေ့ရွှမ်း၏ လှုပ်ရှားမှုများက အထစ်အငေါ့ မရှိ ချောမွေ့နေခဲ့၏။ သာမန် အစီအရင် ပညာရှင်များ ဆိုပါက တိုက်ခိုက်ရေး အစီအရင် တစ်ခုကို ဖော်ထုတ်ရန် အနည်းငယ် အချိန်ယူရမည် ဖြစ်သော်လည်း ချန်းပေ့ရွှမ်း အတွက်မူ ထိုအတားအဆီးက ရှိပုံ မရချေ။ သူ့အတွင် အစီအရင် တစ်ခုကို ဖော်ထုတ်ရသည်က အသက်ရှူခြင်းကို ပြုလုပ်နေသည့် အလား သက်သောင့် သက်သာ ရှိနေခဲ့သည်။
အချိန်တစ်ခု ကြာသည်နှင့် စုဆမ်နို၏ လှုပ်ရှားမှုများက အနည်းငယ် နှေးကွေးလာခဲ့၏။
"ဘုန်း… ဘုန်း… ဘုန်း…"
များစွာသော အစီအရင်များကမူ အမှောင်မြူနှင်းထုအား အဆက်မပြတ် ထိမှန်နေခဲ့သည်။ တိုက်ခိုက်မှု တစ်ခုချင်းစီက အလွန် ပြင်းထန်ကာ လေထုကိုပင် တုန်လှုပ်စေသည်။
သခင်ကြီး စုဆမ်နိုကား ပြန်လည် တိုက်ခိုက်ရန်ထက် ခံစစ်ကိုသာ ဦးစားပေး နေခဲ့ရသည်။ တစ်ခါ တစ်ခါတွင် ချန်းဖန်၏ တိုက်ခိုက်မှုများက မြူနှင်းထု အတားအဆီးကိုပင် ကျော်ဖြတ်ကာ သူ့ခန္ဓာကိုယ်ပေါ်သို့ပင် ကျလာခဲ့သည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ဝိညာဉ်စွမ်းအားနှင့် ကိုးကွယ်သူတို့၏ ယုံကြည်မှု စွမ်းအား ပေါင်းစပ် ဖန်တီးထားခြင်း ဖြစ်ရာ ထိခိုက်မှု တစ်ခုရလျှင်ပင် မြူနှင်းထု အကူအညီဖြင့် ခဏချင်းပင် ပြန်ကောင်းနေခဲ့သည်။
"ချန်းပေ့ရွှမ်း… အစီအရင်တွေကို ရပ်ပြီး ယောက်ျားလို တိုက်ခိုက်စမ်း…"
စုဆမ်နိုက ဒေါသတကြီး ဟိန်းဟောက်ရင်း အော်ဟစ်သည်။
"မင်းရဲ့ စွမ်းအားတွေက အကန့်အသတ် ရှိတယ်။ အနှေးနဲ့အမြန် ကုန်ဆုံးသွား လိမ့်မယ်။ ဘုရားကျောင်းထဲမှာ ရှိနေသမျှ မင်းငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး…"
ချန်းဖန်က တိုက်ခိုက်မှုများကို ခဏမျှ ရပ်ကာ ပြုံးလိုက်ရင်း… "ကောင်းပြီလေ … ယောက်ျားတွေလို တိုက်ခိုက်ကြတာပေါ့… ဒါကို ကာကွယ်ကြည့်စမ်း… ပူစီလေး"
ချန်းဖန်က ကြမ်းပြင်အား ပြင်းစွာ ဆောင့်နင်း၍ အရှိန်ယူရင်း လေထုကို ခွဲဖျက်လိုက်၏။ သူ၏ ခန္ဓာကိုယ်က အသံထက် ပိုမို မြန်ဆန်သော အရှိန်ဖြင့် စုဆမ်နိုထံ တိုးဝင်သွားတော့သည်။
တစ်စိတစ်မှိတ် မကြာသော အချိန်ကလေးတွင်ပင် ချန်းဖန်၏ လက်သီးက စုဆမ်နို၏ ရင်ဘတ်အား ထိမှန်သည်။ သူ၏ လက်သီးက အကြေးခွံများအား ဖောက်ထွက်ကာ ရင်ဘတ်ထဲသို့ တိုးဝင်သည်။
ချန်းဖန်က လက်သီးကို ရင်ဘတ်မှ ပြန်လည် ဆွဲနုတ်လိုက်ချိန် အထိ စုဆမ်နိုမှာ မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း နားမလည် နိုင်သေးပေ။ ရုတ်တရက် တစ်ခုခုအား နားလည်လိုက်ချိန်တွင်မူ ရင်ဘတ်က ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာကာ သူ၏ ခန္ဓာမှာလည်း အစိတ်စိတ် အမြွှာမြွှာ ကွဲပျက်တော့၏။
ဘုရားကျောင်း တစ်ခုလုံးကား လုံးဝ တိတ်ဆိတ်သွားခဲ့၏။ ထိုမြန်ဆန်သော အလှည့်အပြောင်းအား မည်သူမျှ မယုံကြည်နိုင်ကြပေ။
သခင်ကြီး စုဆမ်နို အသတ်ခံလိုက်ရသည်လား။
***