← Chapters

ပြိုင်ဘက်ကင်း

Vol. 4 Ch. 351

ပြိုင်ဘက်ကင်း

Vol. 4 Ch. 351

"သခင်ကြီး စုဆမ်နို သေပြီလား…" ခရမ်းက ငေးငိုင်ရင်း တီးတိုး ရေရွတ်လိုက်၏။ သခင်ကြီး စုဆမ်နိုမှာ သူတို့၏ ဘုရားဖြစ်သည်။ သခင်ကြီး စုဆမ်နိုက သူတို့ကို ခူးရှူးကျွန်းအား လွှမ်းမိုးနိုင်သော အင်အားစုများ ဖြစ်အောင် ပံ့ပိုးပေးခဲ့သည်။

သခင်ကြီး စုဆမ်၏ အစွမ်းကို ချီဇူရူ မာစာဟီရိုနှင့် ဂျန်ကာဇာ တာကီဒါတို့ပင် မဆန့်ကျင်ရဲပေ။ သူက ကျင့်ကြံသူတိုင်း၏ အိပ်မက် ဖြစ်သည့် တန်ခိုးရှင် အဆင့်သို့ပင် တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့ နတ်ဘုရား တစ်ပါးအလား အစွမ်းထက်သူကား ချန်းပေ့ရွှမ်း ဆိုသော ကောင်လေး၏ လက်အောက်၌ သေဆုံးခဲ့ရပြီ ဖြစ်သည်။ ထိုအရာက ယုံကြည်ရန် အလွန်အမင်း ခက်ခဲလွန်းသည်။

"သူက အသံထက်တောင် မြန်လွန်းတယ်။ သူက သဘာဝရဲ့အမြန်နှုန်းကို ချိုးဖျက်ခဲ့တယ်။ ဒါကို ငါမျက်လုံးတွေနဲ့ တွေ့ခွင့်ရခဲ့တာပဲ…" ဂျန်ကာဇာ တာကီဒါက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

လွန်ခဲ့သည့် ရက်များအတွင်း ချန်းပေ့ရွှမ်း အကြောင်း ကောလာဟလများစွာ သူကြားခဲ့ရသေးသည်။ သို့သော်လည်း ချန်းပေ့ရွှမ်း၏ အစွမ်းအစကို သူအထင်မကြီးခဲ့ချေ။

ယခု မျက်မြင် တွေ့ခဲ့ရပြီးနောက်တွင်မူ သူ၏ သံသယများက အငွေ့ပျံသွားခဲ့ပြီ ဖြစ်၏။ ချန်းပေ့ရွှမ်းကား ရပ်တန့်၍ မရနိုင်သော သူပင်။

ချီဇူကူ မာစာဟီရိုက ထိုအဖြစ်အပျက်အား လက်ခံပုံ မရချေ။

သူက ခေါင်းခါရင်း… "မဟုတ်ဘူး… ဒါက မဖြစ်နိုင်ဘူး… သခင်ကြီး စုဆမ်နိုက ခုလို လွယ်လွယ်ကူကူ ရှုံးမှာ မဟုတ်ဘူး"

အဘိုးအို၏ စကားအဆုံးတွင် မယုံကြည်နိုင်စရာ ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။

ပျံ့လွင့်စပြုနေသော စုဆမ်နို၏ အမှောင်မြူနှင်းများကား တဖြည်းဖြည်း ပြန်လည်ထူထပ်လာကာ အလယ်ဗဟို၌ စုစည်းလာ၏။ ခဏအတွင်းမှာပင် အမှောင်မြူနှင်းများ ပိုမို ထူထပ် များပြားလာပြီး စုဆမ်နို၏ မကောင်းဆိုးဝါး၏ ဦးခေါင်းသဏ္ဌာန် ဖြစ်ပေါ်လာသည်။

ထို့နောက် လည်ပင်း၊ ကိုယ်လုံး၊ လက်များ စသည်ဖြင့် အလွန်လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာကာ ခဏအတွင်းပင် အကြေးခွံများ ဖုံးလွှမ်းနေသော မကောင်းဆိုးဝါး သဏ္ဌာန်အဖြစ် ပြန်လည် ဖြစ်တည်လာခဲ့၏။ သူကား မည်သည့် ဒဏ်ရာမျှ ရရှိနေသည့်ပုံ မရချေ။ ချန်းပေ့ရွှမ်း၏ အလွန်ပြင်းထန်သော တိုက်ခိုက်မှုက သူ့အား မထိခိုက်နိုင်သည့် အလားပင်။

ယူကီရှီရိုဆာမှာ လည်ချောင်းတစ်ခုလုံး ခြောက်ကပ်နေသည့် ခံစားချက်မျိုးဖြင့် ထိုမြင်ကွင်းအား ကြည့်နေမိခဲ့သည်။ ဂျန်ကာဇာ တာကီဒါမှာမူ အံ့အားသင့်ခြင်းနှင့် ဝမ်းသာခြင်းတို့ ရောထွေးနေဟန် ရသည်။ ခရမ်းမှာလည်း ပြုံးနေသည့်တိုင် စိတ်ပျက်ခြင်း အရိပ်အယောင် အချို့က မျက်လုံးတွင် ဖြတ်ပြေးနေခဲ့၏။

ချီဇူရူ မာစာဟီရိုက ရှည်လျားသော မုတ်ဆိတ်မွေးဖြူများအား ပွတ်သပ်လိုက်ရင်း… "ချန်းပေ့ရွှမ်း… မင်းအောင်ပွဲခံတာ စောနေတာပဲကွ။ သခင်ကြီး စုဆမ်နိုရဲ့ စွမ်းအားတွေက နှစ်ရာချီ ကျင့်ကြံမှုနဲ့ ဖွဲ့စည်းထားတာ။ ဘယ်တော့မှ လွယ်လွယ်ရှုံးမှာ မဟုတ်ဘူး။ ငါပြောခဲ့သလိုပဲ။ ဒီဘုရားကျောင်းထဲမှာ သခင်ကြီး စုဆမ်နိုက ပြိုင်ဘက်ကင်းတယ်"

"ပြိုင်ဘက်ကင်း…" ယူကီရှီရိုဆာက အပြည့်အဝ ပြန်လည် ဖွဲ့စည်းလာသည့် စုဆမ်နို၏ ရုပ်ခန္ဓာအား ကြည့်ရင်း ထိတ်လန့်စွာ ရေရွတ်လိုက်မိ၏။ ပြိုင်ဘက်ကင်းသော ရန်သူအား မကြောက်မည့်သူ ရှိမည်မဟုတ်ချေ။

"သခင်ကြီး စုဆမ်နို … ခုနက အသံထက်လျင်တဲ့ အမြန်နှုန်းမျိုးကို ချန်းပေ့ရွှမ်းက တစ်ကြိမ်ပဲ သုံးနိုင်တယ်" ဂျန်ကာဇာ တာကီဒါက စုဆမ်နိုအား အော်ဟစ်၍ ပြောလိုက်၏။

ရုပ်ခန္ဓာ ဖွဲ့စည်းပြီးသည်နှင့် စုဆမ်နိုက အက်ကွဲနေသော အသံကြီးဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ချန်းဖန်ကို ကြည့်လိုက်၏။

"ချန်းပေ့ရွှမ်း … မင်းရဲ့ အစွမ်းကို ငါအထင်မသေး သင့်ခဲ့ဘူး။ မင်းမှာ ငါ့ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးနိုင်တဲ့ အစွမ်းရှိမယ်လို့ မထင်ထားခဲ့မိတာ ငါ့အမှားပဲ။ မင်းက ငါတွေ့ဖူးသမျှ ပညာရှင်တွေထဲမှာ အစွမ်းအထက်ဆုံးပဲ။ မင်းရဲ့ ခန္ဓာကိုယ်ကလည်း တကယ် အစွမ်းထက်တာပဲ။ ကမ္ဘာအဆင့် နတ်ဘုရားရဲ့ ရတနာခန္ဓာလို့ ခေါ်ကြတာ မထူးဆန်းဘူး"

နတ်ဆိုးက ချန်းဖန်၏ ခန္ဓာကိုယ်အား လောင်မြိုက်စွာ ကြည့်ရင်း ပြောလိုက်၏။ သူ၏ အမှောင် မျက်လုံးများကမူ လောဘမီးဖြင့် တောက်လောက်လျက် ရှိ၏။

ထိုကဲ့သို့ ရတနာ ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားခြင်းကြောင့်သာ ချန်းပေ့ရွှမ်း အစွမ်းထက်နေခြင်း ဖြစ်ရမည်။ သာမန် သေမျိုး ခန္ဓာကိုယ်သာ ဆိုပါက အသံထက် မြန်သော အရှိန်ဖြင့် လှုပ်ရှားမိသည်နှင့် ပျက်စီးရမည်မှာ သေချာသည်။

"မင်းရဲ့ တိုက်ခိုက်မှုက ဘယ်လောက်ပဲ ပြင်းထန်ပါစေ… ဒီဘုရားကျောင်းထဲမှာတော့ ငါက ပြိုင်ဘက်ကင်းပဲ။ မင်းရဲ့ တိုက်ခိုက်မှုက အစွမ်းထက်တယ် ဆိုရင်တောင် အဲဒီလို တိုက်ခိုက်မှုမျိုး မင်း ဘယ်နှကြိမ် သုံးနိုင်မှာလဲ" သခင်ကြီး စုဆမ်နိုက လှောင်ပြုံးပြုံးရင်း မေးလိုက်သည်။

ချန်းပေ့ရွှမ်း၏ တိုက်ခိုက်မှုမှာ အလွန် အစွမ်းထက်သော်လည်း ထိုတိုက်ခိုက်မှုအတွက် ပေးဆပ်ရသော စွမ်းအား အရင်းအမြစ်မှာလည်း အလွန်ပင် ကြီးအားကြောင်း သူသိသည်။ ချန်းပေ့ရွှမ်း အနေဖြင့် ထိုသို့ အစွမ်းထက်သော တိုက်ခိုက်မှုမျိုးကို နောက်တစ်ကြိမ် ပြုလုပ်နိုင်ရန် မသေချာပေ။

ချန်းဖန်က လက်နှစ်ဖက်အား နောက်သို့ ပစ်ကာ စုဆမ်နိုအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ ထိုမကောင်းဆိုးဝါးမှာ ရုပ်ခန္ဓာ ပြန်လည် ဖွဲ့စည်းနိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ သာမန် သေမျိုးများနှင့် မတူစွာပင် ထိုမကောင်းဆိုးဝါး၏ ရုပ်ခန္ဓာမှာ ဝိညာဉ်စွမ်းအင်၊ အထွတ်အမြတ် စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည်။ ထို့ကြောင့်ပင် တစ်စစီ ပျက်စီးသွားသည့်တိုင် ပြန်လည် ဖွဲ့စည်းနိုင်ခြင်း ဖြစ်ရမည်။

"ဟမ့်… ဝိညာဉ်ပင်လယ် အဆင့် မကောင်းဆိုးဝါး ဝိညာဉ်လေး မပြောနဲ့။ မူလအမြုတေ ရလုနီးနီး ဖြစ်နေတဲ့ ဝိညာဉ်ဖြစ်တည်ခြင်း အဆင့်တောင် သေအောင် သတ်လို့ရတယ်။ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ"

ချန်းဖန်က ကြုတ်ထားသော မျက်မှောင်အား ဖြေရင်း လှောင်ပြုံးပြုံးလိုက်၏။

"မင်းရဲ့ ရုပ်ခန္ဓာကို ဘယ်နှကြိမ် ပြန်ဖွဲ့စည်းနိုင်မလဲ ဆိုတာက စိတ်ဝင်စားစရာပဲ"

စကားဆုံးသည်နှင့် ချန်းဖန်က လေထဲသို့ ခုန်တက်လိုက်ရင်း လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်၏။

"ဘုန်း…"

လက်သီးက ကြီးမားသော အမြန်နှုန်းကို သယ်ဆောင်ကာ လေထုကို ခွဲဖျက်သည်။ လေသီး၏ အရှိန်၌ လေဟာနယ်ပင် အစိတ်စိတ် ကွဲပျက်ကာ မီးခိုးများပင် ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်းဖန်၏ လက်သီးက စုဆမ်နိုထံ တိုးဝင်လာခဲ့ပြီ ဖြစ်၏။

ယခုတစ်ကြိမ်တွင်မူ စုဆမ်နို အငိုက်မမိတော့ချေ။ သူက ချွန်ထက်သော လက်သည်းများအား ဝှေ့ယမ်းရင်း ချန်းဖန်၏ လက်သီးကို ခုခံရန် ပြင်လိုက်သည်။ သို့သော်လည်း သူ၏ လှုပ်ရှားမှုကား ချန်းဖန်အတွက် နှေးကွေးလွန်း၏။

အသံ၏ အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် သုံးရာလေးဆယ် မီတာ ဖြစ်သည်။ ချန်းဖန်ကား ဝ.၁ စက္ကန့်ခန့် အချိန်လေး အတွင်းမှာပင် စုဆမ်နိုထံ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် လက်သည်းများ မထွက်ပေါ်လာခင် မှာပင် ချန်းဖန်၏ ဘက်သီးက စုဆမ်နို၏ ရင်ဘတ်သို့ ကျရောက်လာခဲ့ပြီ ဖြစ်၏။

အကျိုးဆက် အနေဖြင့် စုဆမ်နို၏ ရုပ်ခန္ဓာက နောက်တစ်ကြိမ် ပေါက်ကွဲကာ ပထမ တစ်ကြိမ်ကဲ့သို့ ပျက်စီးရပြန်သည်။

"ဒုတိယ လက်သီး…" ချန်းဖန်က လက်နှစ်ဖက်ကို နောက်သို့ ပစ်ရင်း ရုပ်ခန္ဓာ ပြန်လည်ဖွဲ့စည်းလာသော စုဆမ်နိုကို ကြည့်လိုက်၏။

အပြည့်အဝ ပြန်လည် ဖွဲ့စည်းပြီးသည်နှင့် စုဆမ်နိုက ချန်းဖန်အား အလောတကြီး ကြည့်လိုက်ရင်း… "ချန်းပေ့ရွှမ်း … မင်းငါ့ကို မသတ်နိုင်ဘူး။ အဲဒါကို မင်းနာလည်အောင် ဘယ်နှကြိမ် ပြောရမှာလဲ"

ချန်းဖန်က သူ၏ စကားကို ဂရုမစိုက်အားပေ။ သူက မျက်မှောင် ကြုတ်လိုက်ရင်း အတွေးနက်နေခဲ့၏။

"ငါ့ခန့်မှန်းချက် မှန်ရင် စုဆမ်နို အကြိမ်ကြိမ် ပြန်ပြီး ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူး။ သူ့ရဲ့ ယုံကြည်မှု စွမ်းအားတွေက အရမ်း အစွမ်းထက်ပေမဲ့ သူပြောသလို မကုန်ဆုံးနိုင်တဲ့ စွမ်းအားတွေတော့ မဟုတ်ဘူး"

ယူကီရှီရိုဆာနှင့် အခြားလူများ၏ အမြင်တွင် စုဆမ်နိုမှာ သတ်၍ မသေနိုင်အောင် ပြိုင်ဘက်ကင်းသူ ဖြစ်သော်လည်း ချန်းဖန်အတွက်မူ ခြားနားသည်။ စုဆမ်နိုမှာ ရုပ်ခန္ဓာ တစ်ကြိမ် ပြန်လည် ဖွဲ့စည်းပြီးတိုင်း ပေးဆပ်မှု တစ်ခုခုအား အနည်းဆုံး ပေးရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် အကြိမ်အရေအတွက် များလာသည်နှင့် အမျှ သူ၏ စွမ်းအားများ ကုန်ဆုံးသွားရလိမ့်မည်။

သခင်ကြီး စုဆမ်နို မလှုပ်ရှားရသေးခင် မှာပင် ချန်းဖန်က တတိယ အကြိမ် မုန်တိုင်းတစ်ခု အလား တိုးဝင်လာပြန်၏။

"တတိယ တိုက်ကွက် …"

"စတုတ္ထ …"

"ပဉ္စမ…"

"..."

"နဝမ တိုက်ကွက် …"

ချန်းဖန် နဝမမြောက် တိုက်ကွက်အား တိုက်ခိုက်ပြီးချိန်၌ ဘုရားကျောင်း တစ်ခုလုံးကား အပ်ကျသံ ကြားရလောက်အောင်ပင် တိတ်ဆိတ်သွားတော့၏။

"မဖြစ်နိုင်ဘူး… ငါစုစည်းထားတဲ့ အချက်အလက်တွေ အရဆို အသံထက်မြန်တဲ့ အမြန်နှုန်းမျိုးကို ချန်းပေ့ရွှမ်းက တစ်ကြိမ်ပဲ သုံးနိုင်တာ မဟုတ်ဘူးလား။ ဘာလို့ ခုလောက် အများကြီး သုံးနိုင်တာလဲ" ဂျန်ကာဇာ တာကီဒါက ကြောက်ရွံ့စွာဖြင့် တွေးနေခဲ့သည်။

ချီဇူရူ မာစာဟီရို၏ မျက်နှာမှာလည်း သွေးမရှိသည့် အလား ဖြူရော်နေခဲ့၏။ ဓမ္မ အစီအရင် လောကနှင့် မပတ်သက်သော လူပင်လျှင် သခင်ကြီး စုဆမ်နို၏ ပြန်လည် ဖွဲ့စည်းနိုင်သော စွမ်းအား ကျဆင်းလာကြောင်း ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။

နဝမအကြိမ် ပျက်စီးပြီးနောက်၌ သခင်ကြီး စုဆမ်နို၏ ရုပ်ခန္ဓာ ပြန်လည် ဖြစ်ပေါ်လာရန် မိနစ်ပိုင်းအထိပင် ကြာလာခဲ့သည်။ အဆိုးဆုံးကား သခင်ကြီး စုဆမ်နို တဖြည်းဖြည်း အားနည်းလာပုံ ပေါ်နေခြင်းပင်။

သခင်ကြီး စုဆမ်နိုမှာလည်း ဒေါသထွက်ခြင်းနှင့် အားပျက်ခြင်းအား ရောနှောနေပြီ ဖြစ်၏။ ချန်းဖန်ကို တန်ပြန်တိုက်ခိုက်ရန် သူကြိုးစားသော်လည်း အသုံးမဝင်ခဲ့ချေ။ ချန်းဖန်၏ လှုပ်ရှားမှုက သူ့ထက် အဆများစွာ လျင်မြန်နေခဲ့သည်။

"ငါ့ရဲ့ တိုက်ခိုက်မှု ဘယ်နှကြိမ်ကို မင်းခံနိုင်မှာလဲ…"

ချန်းဖန်က သခင်ကြီး စုဆမ်နိုအား ကြည့်ရင်း နှာခေါင်းရှုံ့လိုက်၏။

"ဟမ့်… ပြိုင်ဘက်ကင်း ဟုတ်လား… မင်းက နိမ့်ကျတဲ့ ဝိညာဉ်လေးပဲ။ အဲဒီစကားကို ငါ့ရဲ့ ဓမ္မရတနာ ဝိညာဉ်ဖြစ်ပြီးတဲ့ အချိန်ကျ ထပ်ပြောတာ ကြားချင်သေးတယ်"

စုဆမ်နိုကား ချန်းဖန်ကို ဆက်လက် တိုက်ခိုက်ရန် မဝံ့ရဲတော့ပေ။ အခိုးအငွေ့ပြောင်းလဲကာ ဝတ်ပြုခန်းအတွင်း ဝင်ပြေးတော့သည်။

"သူ့ကို အရေခွံဆုတ်ပစ်… သူ့ကို သတ်ပစ်…"

ကျယ်လောင်သော အမိန့်ပေးသံ တစ်ခုက လူများ၏ ဝိညာဉ်ကို ဖောက်ထွက်၍ ဖြစ်ပေါ်လာ၏။

ချီဇူရူ မာစာဟီရိုမှာ ခဏမျှ တွေဝေပြီးနောက် ချန်းဖန်ထံသို့ ပြေးဝင်လာခဲ့တော့၏။ သခင်ကြီး စုဆမ်နို၏ အမိန့်ကို သူ မလွန်ဆန်ဝံ့ချေ။

ခဏအတွင်းမှာပင် ဘုရားကျောင်း တစ်ခုလုံးကာ လုပ်ကြံသူများ၊ တိုက်ခိုက်ရေး သမားများဖြင့် ပြည့်နှက် လာခဲ့တော့၏။ အချို့လူများတွင် ဆိုလျှင် သေနတ်များပင် ရှိကြသည်။

ယူကီရှီရိုဆာက မှောင်မည်းသော မျက်နှာဖြင့် ချန်းဖန်အား ကြည့်လိုက်၏။

ချန်းဖန်ကား လက်နှစ်ဖက်ကို နောက်ပစ်ရင်း တည်ငြိမ်စွာပင် ရပ်နေခဲ့၏။ ထိုနေရာအား သွေးလွှမ်းသည့် နေရာအဖြစ် သူပြောင်းလဲ ပစ်ရဦးပေမည်။

***

All Chapters