← Chapters

ဘုရားကျောင်းတွင် သွေးလွှမ်းခြင်း

Vol. 4 Ch. 352

ဘုရားကျောင်းတွင် သွေးလွှမ်းခြင်း

Vol. 4 Ch. 352

ဓားသမား အချို့ကလည်း သူတို့၏ ဓားများကို ဆွဲထုတ်ကာ ချန်းဖန်အား ဝန်းရံလိုက်ကြ၏။ သူတို့၏ အမူအရာများက လေးနက်နေကာ ချန်းဖန်၏ လှုပ်ရှားမှုတိုင်းအား အလွတ်ပေးမည့် ပုံမရပေ။ တလက်လက် တောက်ပနေသော မျက်လုံးများကမူ ထိုလူများအားလုံးမှာ အတွင်းအား ပညာရှင်များ ဖြစ်ကြောင်း ဖော်ပြနေကြ၏။

ဟူး…

ရုတ်တရက် ဓားအလင်းရောင်များက ငွေရောင် ပိုက်ကွန်သဖွယ် ယှက်သန်း၍ ထွက်ပေါ်လာ၏။ ထိုဓားသမားများမှာ ကီတ နီဝါကာဝါကဲ့သို့ အစွမ်းမထက်သော်လည်း သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုက အလွန်ပြင်းထန်သည်။ အထွတ်အထိပ်အဆင့် တစ်ယောက်ပင်လျှင် ထိုဓားချက်များ အောက်၌ အပိုင်းပိုင်း ပြတ်ရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ချန်းဖန်သည်ကား သာမန် အထွတ်အထိပ် အဆင့် တစ်ယောက် မဟုတ်ချေ။

ချန်းဖန် လက်တစ်ဖက်ကို ဝှေ့ယမ်းသည်နှင့် စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာကာ ဓားအလင်း ကွန်ယှက်ကို ဖောက်ထွက်သည်။ စွမ်းအင်လှိုင်းက ဓားကွန်ယှက်ကို အပိုင်းပိုင်း ဖျက်ဆီးကာ ဓားသမားများထံ ဆက်လက် တိုးဝင်သည်။ ဓားသမားများစွာ၏ ခန္ဓာကိုယ်များကား စွမ်းအင်လှိုင်း၏ ဖြတ်သန်းမှုနောက်၌ အပိုင်းပိုင်း ပြတ်ကာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားတော့၏။

"ယား…" တစ်ဒါဇင်ခန့် ရှိသော ဓားသမားများ သေဆုံးသည်နှင့် နှစ်ဒါဇင်ခန့် ရှိသော ဓားသမားများ ထွက်ပေါ်လာခဲ့ ပြန်သည်။ သူတို့က ဓားများကို ချန်းဖန်အား ထိုးချိန်ရင်း တရကြမ်း ပြေးတက်လာခဲ့ကြ၏။ သူတို့၏ အသွင်သဏ္ဌာန်ကား သေခြင်းတရားကို မသိသော စက်ရုပ်များ အလားပင်။

ချန်းဖန်၏ ခန္ဓာကိုယ် ပတ်လည်တွင် အစစ်အမှန် ချီအလင်းရောင် တစ်ခု ပေါ်လာကာ သူတို့၏ ဓားချက်ကို ခုခံသည်။

"ကလန့်…" ဓားက အလင်းရောင်နှင့် ထိတွေ့ရာ သတ္တုချင်း ခတ်သံကဲ့သို့ အသံတစ်ခု ပေါ်ထွက်လာ၏။ ခဏအတွင်းမှာပင် ဓားများအားလုံး ထက်ပိုင်းပြတ်ကာ ဓားသမားများမှာလည်း သွေးပွက်ပွက်အန်သည်။ သို့သော်လည်း ချန်းဖန်၏ ချီအလင်းမှာလည်း ဓားချက်များ အောက်၌ ပျက်စီးသွားခဲ့သည်။

"အ…" ချန်းဖန် အနည်းငယ် အံ့အားသင့်မိ သွားသည်။ သူ ထုတ်လွှတ်လိုက်သော ချီအလင်းမှာ ထိုဓားသမားများကို သတ်ပစ်နိုင်လိမ့်မည်ဟု ခန့်မှန်း ထားခဲ့သော်လည်း ဓားများနှင့် ထိတွေ့မှုတွင်ပင် ပျက်စီးသွားရသည်။

ထိုအရာကား တရုတ်နှင့် ဂျပန်တို့ကြားမှ ခြားနားမှုပင် ဖြစ်နိုင်သည်။ တရုတ်တွင် ထိုသို့ အစွမ်းထက်သော ပူပေါင်း တိုက်ခိုက်မှုကို ပြုလုပ်နိုင်သည်က စစ်တပ်သာ ရှိပေလိမ့်မည်။

ချန်းဖန်က လေထုအား ဝှေ့ယမ်းလိုက်သည်နှင့် ဓားအော်ရာတစ်ခု ထွက်ပေါ်လာကာ ဓားသမားများထံ တိုးဝင်သွားသည်။ ဓားသမားများကား ထိုဓားအော်ရာကို မည်ကဲ့သို့ ခုခံနိုင်လိမ့်မည်နည်း။

ခဏချင်းပင် ဓားသမား အယောက် နှစ်ဆယ်ကျော်၏ ရုပ်အလောင်းများက ကြမ်းပြင်ပေါ် ကျဲပြန့် သွားပြန်တော့၏။

"ဟူး… ဟူး…" ဓားသမား သေဆုံးသည်နှင့် စုဆမ်ဆို ဘုရားကျောင်း၏ အိုမိုင်ယိုချီများနှင့် ဘုန်းတော်ကြီးများက စတင် လှုပ်ရှားကြတော့၏။ သူတို့ အလွန် စွမ်းအားကြီးသော အစီအရင်များကား စတင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

အိုမိုင်ယိုချီများစွာမှာ ဝင်္ကပါပုံစံ စနစ်တကျ လှုပ်ရှား နေကြပြီး ချီဇူရူ မာစာဟီရိုက ဝင်္ကပါ၏ အဓိက နေရာတွင် ရှိနေ၏။ သူက အိုမိုင်ယိုချီ တစ်ဦးချင်းစီ၏ စွမ်းအားများကို ထိန်းချုပ်ရင်း ပင်မ အစီအရင်ကြီးကို အားဖြည့်သည်။

ရုတ်တရက် ချီဇူရူ မာစာဟီရို၏ နောက်၌ လေပြင်းမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာကာ ဓမ္မစွမ်းအင်များကို စုစည်းသည်။

ချီဇူရူ မာစာဟီရိုက လက်တစ်ဖက်အား ဝှေ့ယမ်းရင်း ဓမ္မပစ္စည်း တစ်ခုအား ထုတ်ယူလိုက်၏။ ဓမ္မပစ္စည်းမှာ အလွန် အိုမင်းနေပုံ ပေါ်သည်။ ထိုအရာမှာ ကြေးဖြင့် သွန်းလုပ်ထားသော ခေါင်းလောင်းငယ် သဏ္ဌာန် ရှိ၏။ ခေါင်းလောင်း၏ မျက်နှာပြင်တွင်မူ စုဆမ်နိုနှင့် တူသော အွန်နီ မကောင်းဆိုးဝါး မျက်နှာ ရေးထိုးထားသည်။

ထိုအရာကား စုဆမ်နို ဘုရားကျောင်း၏ တန်ဖိုး အရှိဆုံး ရတနာ "အွန်နီငါးပါး ခေါင်းလောင်း" ပင်။

ချီဇူရူ မာစာဟီရိုက ခေါင်းလောင်းကို ထုတ်ယူပြီးသည်နှင့် ဓမ္မစွမ်းအား အလုံးစုံကို ထိုခေါင်းလောင်းထံ သွန်းလောင်းရင်း ချန်းဖန်ထံ လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။

"သွား…"

သူ၏ မျက်နှာကား နီရဲနေသလို ခန္ဓာကိုယ်ကလည်း မထိန်းချုပ်နိုင်အောင်ပင် တုန်ခါနေခဲ့ပြီ ဖြစ်၏။ ဆယ့်ခုနစ်ဦးသော အိုမိုင်ယိုချီများ၏ စွမ်းအားကို ထိန်းချုပ်ရခြင်းက သူ့အတွက် အမှန် မလွယ်ကူပေ။

ခေါင်းလောင်းက ဓမ္မစွမ်းအား အားလုံးကို စုပ်ယူပြီးသည်နှင့် ပြင်းထန်စွာ တုန်ခါလာ၏။ ရုတ်တရက် အင်အားကြီးသော စွမ်းအား တစ်ခုက ပေါ်ထွက်လာကာ ချန်းဖန်ထံ တိုးဝင်လာတော့၏။ ထိုစွမ်းအားကား လဲ့ချန်းကျွယ်၏ ချီကွန်ရက်ထက်ပင် ဆယ်ဆအထိ ပိုမို ပြင်းထန်၏။

"ခိုဒိုးဓားမ… သွား…"

မျက်စိ တစ်မှိတ်အတွင်းမှာပင် စွမ်းအားများက ဓားများသဏ္ဌာန် ဖွဲ့စည်းကာ ချန်းဖန်ကို ခုတ်ဖြတ်ရန် ကြိုးစားသည်။

"သေချင်နေတာပဲ…"

ချန်းဖန်က ကြုံးဝါးရင်း လက်တစ်ဖက်ကို လှုပ်ရှား လိုက်၏။ ရုတ်တရက် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ ဓားများ အပိုင်းပိုင်း ပြတ်ကုန်ကြတော့သည်။

"အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်… အာကာသ ပေါက်ကွဲခြင်း"

ပေါက်ကွဲမှုက ဆက်တိုက် ဖြစ်ပေါ်လာကာ ဘုရားကျောင်းအတွင်း ရိုက်ခတ်သည်။ လူများစွာကား မရှောင်တိမ်းနိုင်ခင်မှာပင် ပေါက်ကွဲမှု၏ ဝါးမျိုခြင်းအား ခံရသည်။

များစွာသော တိုက်ခိုက်ရေးသမားများကား စနစ်တကျ မလှုပ်ရှားနိုင်တော့ပေ။ သူတို့တွင် ရှိသမျှ စွမ်းအားများအား ဖော်ထုတ်ရင်း တိုက်ခိုက်ကြတော့၏။ အိုမိုင်ယိုချီများစွာမှာလည်း အစွမ်းအထက်ဆုံး အစီအရင်များအား ခင်းကျင်းကာ ချန်းဖန်ထံ ပစ်လွှတ်ကြသည်။

ပုန်းကွယ်နေသော နင်ဂျာများစွာမှာလည်း ထွက်ပေါ်လာကာ အလစ်တိုက်ရန် ကြိုးစားကြသည်။ ထို့အပြင် ခေါင်းမိုးပေါ်၌ ပုန်းကွယ်နေသော စနိုက်ပါ သမားများလည်း ရှိနေသေး၏။

ချန်းဖန် အဇူရာ ချီဓားကို တစ်ချက်ဝှေ့ယမ်းသည်နှင့် သွေးလွှမ်းသော မြင်ကွင်းတစ်ခုက ပေါ်လာစမြဲပင်။ သို့သော်လည်း ရန်သူများကား သူတို့၏ အသက်ကို ဂရုစိုက်ပုံ မရချေ။ တစ်ယောက်သေသည်နှင့် နှစ်ယောက်တိုးလာခဲ့၏။

စုဆမ်နို၏ လွှမ်းမိုးနိုင်စွမ်းကား ပြိုင်ဘက်ကင်းလှ၏။

ခူရှူးကျွန်း မြေအောက်လောက၏ တိုက်ခိုက်ရေးသမား အားလုံးကား သခင်ကြီး စုဆမ်နို အတွက် ဤနေရာ၌ စုစည်းကာ ချန်းဖန်အား တိုက်ခိုက်နေကြ၏။ အရေအတွက်မှာ ထောင်ဂဏန်းအထိပင် ရှိနေသည်။

ချန်းဖန်က စွမ်းအား ချွေတာရန် အတွက် အဇူရာ ချီဓားကို ရုပ်သိမ်းကာ ခန္ဓာကိုယ်အား လက်နက် သဖွယ် အသုံးပြုလိုက်၏။ ချန်းဖန်က လူအုပ်အတွင်းသို့ ထရပ်ကားကြီး တစ်စီးနှယ် ပြေးဝင်ကာ တိုက်ခိုက်တော့သည်။ သူဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် အသေကောင် ခန္ဓာများ အထပ်လိုက် ချန်ထားခဲ့သည်။

ဓားသမား၊ သေနတ်သမား၊ နင်ဂျာ… သူ၏ တိုက်ခိုက်မှုကို ခုခံနိုင်သူ တစ်ယောက်မျှ မရှိချေ။ တစ်ခဏအတွင်းမှာပင် လူသုံးရာခန့် သေဆုံးသွားခဲ့ရ၏။

ရုတ်တရက် အားကောင်းသော လူရိပ် တစ်ခုက ချန်းဖန်၏ နောက်ကျောမှ ပေါ်ထွက်လာကာ အလစ်တိုက်ခိုက်လိုက်၏။ ချန်းဖန်က အသာအယာ ရှောင်တိမ်းရင်း လက်ကို နောက်ပြန် ရိုက်ချလိုက်သည်။

ဘုန်း…

စွမ်းအားနှစ်ခု ထိတွေ့သည်နှင့် ကျယ်လောင်စွာ ပေါက်ကွဲပြီး လှိုင်းများ ဖြာထွက်လာ၏။ သူတို့ နှစ်ယောက်နှင့် နီးကပ်စွာ ရှိနေသော လူများကား ထိုလှိုင်း၏ ရိုက်ခိုက်မှု အောက်၌  သေဆုံးသွားကြတော့သည်။

လူရိပ်က ချန်းဖန်အား တိုက်ခိုက်ပြီးသည်နှင့် နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားသည်။

"ဟမ်…"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း လူရိပ်ကို လှမ်းကြည့်လိုက်၏။ ထိုလူကား သူ၏ လက်နောက်ပြန် ရိုက်ချက်၌ မသေရုံတင် မကဘဲ ဒဏ်ရာပင် ရပုံ မရချေ။

"အထွတ်အထိပ်အဆင့် ထိပ်ဆုံး…"

လူရိပ်ကား ဂျန်ကာဇာ တာကီဒါပင်။ ဂျန်ကာဇာ တာကီဒါသည် ဂျပန်၏ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်ကာ ခူးရှူးကျွန်းကိုပင် မင်းမူနိုင်စွမ်း ရှိ၏။ သူ၏ တာကီဒါ မိသားစုမှာလည်း ဂျပန်နိုင်ငံတွင် အလွန် ကျော်ကြားသော မိသားစုကြီး ဖြစ်ကာ တရုတ်၏ လုမိသားစု၊ ကူမိသားစု တို့ကဲ့သို့ ဂုဏ်သတင်း မွှေးပျံ့သည်။

"ဟမ့်…"

ချန်းဖန်က နှာခေါင်းရှုံ့ရင်း ခန္ဓာကိုယ်အား အနည်းငယ် လှုပ်ခါလိုက်၏။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်က နေရာမှ ပျောက်ကွယ်သွားကာ ဂျန်ကာဇာ တာကီဒါ၏ ရှေ့တွင် ပြန်ပေါ်လာသည်။

ဂျန်ကာဇာ တာကီဒါက ကြိုတင် ခန့်မှန်း မိသည့်အလား နောက်သို့ ဆက်တိုက်ဆုတ်သည်။

ချန်းဖန်က ဆက်လက်ရွေ့လျားရန် ဟန်ပြင် လိုက်စဉ်မှာပင် ချီဇူရူ တာကီဒါ၏ တိုက်ခိုက်ရေး အစီအရင်နှင့် အခြား တိုက်ခိုက်ရေးသမား များစွာက တိုးဝင်လာပြန်သည်။

ချန်းဖန်က ထိုတိုက်ခိုက်မှုများအား ချေဖျက်ရင်း မျက်မှောင် ကြုတ်လိုက်သည်။

"တစ်ခုခုတော့ မှားနေပြီ…"

ချန်းဖန်က ရုတ်တရက် ရပ်တန့်လိုက်၏။ မိနစ်ပိုင်း အချိန်အတွင်းမှာပင် လူငါးရာခန့်ကို သူသတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ထိုအထဲတွင် အလွန်အစွမ်းထက်သော တိုက်ခိုက်ရေး သမားများ၊ အိုမိုင်ယိုချီများ ပါဝင်နေသော်လည်း အများစုမှာမူ သာမန်အဆင့်တွင်သာ ရှိသည့် လူများ ဖြစ်သည်။

ထိုလူများကား အဘယ်ကြောင့် ထွက်မပြေးကြသနည်း။ သေရမည်ကို သိလျက်နှင့်ပင် အဘယ်ကြောင့် သူ့အား အတင်းတိုက်ခိုက်ကြသနည်း။

"တစ်ခုခုပဲ…" ချန်းဖန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။

***

All Chapters