← Chapters

သခင်ကြီး စုဆမ်နိုကို သတ်ဖြတ်ခြင်း

Vol. 4 Ch. 353

သခင်ကြီး စုဆမ်နိုကို သတ်ဖြတ်ခြင်း

Vol. 4 Ch. 353

နတ်ဘုရား စိတ်အာရုံက ဖြန့်ကြက်သွားသည်နှင့် တောင်တစ်ခုလုံးတွင် အမှောင်နှင်းမြူများဖြင့် ပြည့်နှက်နေကြောင်း တွေ့လိုက်ရ၏။ အရာများ၏ ဖုံးလွှမ်းမှု အောက်တွင် များစွာသော လူများကား မျက်ကန်းများကဲ့သို့ မည်သည့် အရာကိုမျှ မြင်နိုင်စွမ်း မရှိတော့ပုံရသည်။

"လှည့်စားခြင်းမြူ…"

ထိုအစီအရင်မှာ ချန်းဖန်အတွက် မစိမ်းပေ။ ကျင့်ကြံခြင်း လောကတွင် ထိုကဲ့သို့ လူများ၏ စိတ်ကို လှည်းစားသည့် နည်းစနစ်မျိုး ရှိသည်။ အကယ်၍ ထိုမြူ၏ ထိန်းချုပ်မှု ကြောင့်သာ မဟုတ်ပါက လူများစွာမှာ ယခုအထိ မျက်မမြင်၊ တစ္ဆေ မကြောက် ဖြစ်လိမ့်မည် မဟုတ်ချေ။

ရုတ်တရက် ချန်းဖန်က လေထဲသို့ ခုန်တက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဂါး…"

သူ၏ အော်ဟစ်သံက နဂါးဟိန်းသံ အလား ကျယ်လောင်စွာဖြင့် တောင်တန်းတစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ အသံက ပဲ့တင်သံကဲ့သို့ အကြိမ်ကြိမ် ရိုက်ခတ်ရင်း လူများစွာ၏ စိတ်မှ အမှောင်မြူကို ဖျက်ဆီးသည်။

အမှောင်မြူ ပျက်စီးသည်နှင့် လူများစွာမှာ စုဆမ်နို၏ လှည့်ဖြားမှု ကင်းလွတ်သွားကြ၏။ ပတ်ဝန်းကျင်မှ သွေးလွှမ်းနေသော အလောင်းများအား ကြည့်ရင်း များစွာသော လူများမှာ လက်နက်များအား ပစ်ချကာ ထွက်ပြေးကြတော့သည်။

"အစစ်အမှန် နဂါးဟိန်းသံ ရှစ်မျိုး…"

ထိုအရာကား ကျင့်ကြံခြင်း လောက၌ အလွန် အစွမ်းထက်သော လျှို့ဝှက် နည်းစနစ်တစ်ခု ဖြစ်၏။

စကြဝဠာထဲ၌ အစစ်အမှန် နဂါးများကား သဘာဝ၏ အခွင့်ထူးခံများဟုပင် ဆိုနိုင်သည်။ သူတို့ သန့်စင်သောယန် စွမ်းအားက ပြိုင်ဘက်ကင်းသည်။ သူတို့၏ ဟိန်းဟောက်သံက လေဟာနယ်ကို ချိုးဖျက်နိုင်သလို ဂြိုဟ်သိမ်၊ ဂြိုဟ်မွှားများစွာကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည်။ ချန်းဖန် ထုတ်သုံးလိုက်သော နဂါးဟိန်းသံ နည်းစနစ်က အစစ်အမှန် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ အစွမ်းမထက်သည့်တိုင် စုဆမ်နို၏ အစီအရင်ကိုမူ ဖျက်ဆီး ပစ်နိုင်စွမ်း ရှိသည်။

ခဏအကြာတွင် ဘုရားကျောင်း၌ ချီဇူရူ မာစာဟီရို၊ ဂျန်ကာဇာ တာကီဒါ၊ ခရမ်းတို့မှလွဲ၍ အခြားလူများ မရှိကြတော့ချေ။ ယူကီရှီရိုဆာမှာမူ ခရမ်း၏ အကာအကွယ်အောက်၌ ဘေးကင်း လုံခြုံနေဆဲပင်။

အခြားလူများ၏ မျက်နှာများက ကြောက်ရွံ့သည့် အရိပ်အယောင်များ ပေါ်ထွက်နေသော်လည်း အဘိုးအို ချီဇူရူ မာစာဟီရို၏ မျက်နှာကမူ မည်းမှောင်နေခဲ့သည်။

သူ၏ စိတ်တွင်မူ အတွေးတစ်ခုက ကြီးစိုးနေခဲ့၏။ ချန်းပေ့ရွှမ်းကား လူရာချီ၍ သတ်ကာ ဘုရားကျောင်းအား သွေးလွှမ်း စေခဲ့သော်လည်း ထိုအနိဋ္ဌာရုံ မြင်ကွင်းက သူ့အား တုန်လှုပ်စေပုံ မရပေ။ ထိုကဲ့သို့ ခိုင်မာပြတ်သားသော နှလုံးသားမျိုး သူ့တွင်ပင် မရှိချေ။

ချန်းဖန်ကမူ သူတို့အား ဂရုမစိုက်ဘဲ ဝတ်ပြုခန်းထဲရှိ ရုပ်တုကိုသာ လှမ်းကြည့်နေခဲ့သည်။

"ငါ့ကို သတ်ဖို့ မင်းရဲ့ လူတွေကို အမိန့်ပေးခဲ့တာက အစီအရင်တစ်ခု ခင်းကျင်းဖို့မလား။ အဲဒါက ငါ့ကို ရပ်တန့်နိုင်မယ်လို့ မင်း ထင်နေတာလား"

ချန်းဖန်က လက်နှစ်ဖက်အား နောက်သို့ ပစ်ရင်း မေးလိုက်၏။

"မင်း… မင်းက ဘယ်သူလဲ…"

အမှောင်မြူနှင်းထုနှင့် သခင်ကြီး စုဆမ်နို ထွက်ပေါ်လာခဲ့၏။ သူ၏ အသွင်အပြင်ကမူ အနည်းငယ် ပြောင်းလဲနေခဲ့၏။ သူက အိုမိုင်ယိုချီ ဝတ်စုံကို ဝတ်ကာ ခေါင်းတွင် အခမ်းအနားသုံး ဦးထုပ်ကို ဆောင်းထား၏။

သူက ချန်းဖန်အား စူးစိုက် ကြည့်လိုက်ရင်း…

"မင်းက တရုတ်ပြည်ရဲ့ အထွတ်အထိပ် ပညာရှင် တစ်ယောက် မဟုတ်ဘူး။ မင်းရဲ့ ဓမ္မအစီအရင်၊ နတ်ဘုရား စွမ်းအား၊ သုံးတဲ့ နည်းစနစ်တွေ… အားလုံးက ဒီကမ္ဘာမှာ မရှိနိုင်တဲ့ အရာတွေ။ မင်းက တန်ခိုးရှင် လူဝင်စားတစ်ယောက်မလား…"

ချီဇူရူ မာစာဟီရိုနှင့် အခြားလူများမှာ ချန်းဖန်အား ဖောက်ထွင်း၍ မမြင်နိုင်ခဲ့သော်လည်း သခင်ကြီး စုဆမ်နိုမှာမူ နှစ်ရာချီ အသက်ရှင်ခဲ့သော တန်ခိုးရှင်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ချန်းဖန်၏ အသက်အရွယ်၊ ခန္ဓာကိုယ်၊ စွမ်းအား စသည့် အရာရာအား ဆက်စပ် စဉ်းစားကြည့်ပါက တစ်ခုခု လွဲချော်နေကြောင်း သူကောက်ချက် ချနိုင်သည်။

"စကားများလိုက်တာ…"

ချန်းဖန်က တည်ငြိမ်စွာ ပြုံးရင်း လက်သီး ဆုပ်ဟန် ပြုလိုက်၏။ ရုတ်တရက် မီတာအနည်းငယ် ကြီးမားသော အဇူရာ အလင်းရောင် လက်သီးတစ်ခု ဖြစ်ပေါ်လာကာ စုဆမ်နို၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ၏။

"ချင်နလက်ဝါး…"

ချန်းဖန်မှာ ဉာဏ်အလင်း စုဆောင်းခြင်း အလယ်အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်ရာ သူ၏ ချင်နလက်ဝါးမှာလည်း မူလကထက် ပိုမို အစွမ်းထက်လာခဲ့ပြီ ဖြစ်၏။

စုဆမ်နိုက အမှောင်မြူအဖြစ် ပြန်လည်ပြောင်းလဲကာ ဝတ်ပြုခန်းအတွင်း ပြန်လည် ဝင်ပြေးသည်။

"ချန်းပေ့ရွှမ်း … မင်းဘယ်သူလဲ ဆိုတာ ငါဂရုမစိုက်ဘူး။ မင်းက ငါ့ကို စော်ကားပြီး ငါ့ရဲ့ ဘုရားကျောင်းကိုပါ ဖျက်ဆီးခဲ့တယ်။ ဒါကြောင့် မင်း သေကိုသေရမယ်"

သခင်ကြီး စုဆမ်နို၏ ရေခဲကဲ့သို့ အေးစက်သည့် အသံအဆုံး၌ ဘုရားကျောင်းက စတင်တုန်ခါလာကာ ကမ္ဘာမြေကြီး၏ စွမ်းအားများကို စုပ်ယူသည်။ အမှောင်မြူများမှာလည်း ဘုရားကျောင်း တစ်ခုလုံး ပိတ်မှောင်နေအောင် ပြည်နှက်လာတော့၏။

"ဘာတွေ ဖြစ်နေတာလဲ…" ခရမ်းက စိတ်လှုပ်ရှားစွာ မေးလိုက်၏။

ဂျန်ကာဇာ တာကီဒါကမူ နားမလည်သည့် အမူအရာဖြင့် ဝတ်ပြုခန်းသို့ ကြည့်နေခဲ့သည်။

ချီဇူရူ မာစာဟီရိုကမူ တစ်ခုခုအား သဘောပေါက်သွားဟန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"သေပြီ… ငါတို့ သခင်ကြီး ခင်းနေတဲ့ အစီအရင်က ယင်ယန် အစီအရင်ပဲ…"

"ယင်ယန် အစီအရင် … အဲဒါကဘာလဲ"

ခရမ်းနှင့် ဂျန်ကာဇာ တာကီဒါတို့က တစ်ယောက်ကိုယ် တစ်ယောက် နားမလည်ဟန် ကြည့်လိုက်ကြသည်။

ချီဇူရူ မာစာဟီရိုက ကျယ်လောင်စွာ ရယ်မောရင်း အဖြေပေးလိုက်၏။

"ယင်ယန် အစီအရင်ဆိုတာ သခင်ကြီး စုဆမ်နို မသေခင်က ခင်းကျင်းခဲ့တဲ့ ဓမ္မ အစီအရင်ပေါ့။ မီးတောင်ရဲ့ ယန်စွမ်းအင်နဲ့ ဘုရားကျောင်းရဲ့ ယင်စွမ်းအင်တို့ကို စုပ်ယူပြီး ခင်းကျင်းထားတာ။ အစီအရင် ဖွင့်လိုက်ပြီဆိုတာနဲ့ ယင်နဲ့ယန် စွမ်းအင်နှစ်ခု ပူးပေါင်းပြီး ကြောက်မက်စရာ စွမ်းအားကို ထုတ်လွှတ်နိုင်တယ်"

"ဒါဆို ငါတို့ ဘာလို့ ဒီမှာနေရမှာလဲ… ပြေးကြမယ်"

ခရမ်းက ဖြူရော်စွာ ပြောလိုက်၏။

"အသုံးမဝင်ဘူး… ယင်ယန် အစီအရင် ဖွင့်လိုက်ပြီ ဆိုတာနဲ့ ဘုရားကျောင်း တစ်ခုလုံးက အစီအရင်ရဲ့ လွှမ်းမိုးမှုအောက်ကို ကျသွားပြီ။ တန်ခိုးရှင်အဆင့် ကျင့်ကြံသူတွေပဲ ဒီအစီအရင်ကို ဖောက်ထွက်နိုင်လိမ့်မယ်။ မင်းရဲ့ဘေးကို ကြည့်ကြည့်လိုက်…"

ချီဇူရူ မာစာဟီရိုက အသက်မဲ့စွာ ပြောလိုက်၏။

သူ၏ စကားအတိုင်း ယူကီရှီရိုဆာနှင့် ခရမ်းတို့က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ သူတို့၏ ဘေးဘက်တွင် ဆေးလိပ်မီးခိုးကဲ့သို့ အမှောင်မြူများက အလွန်များပြားသော ပမာဏဖြင့် ပိတ်မှောင်နေခဲ့သည်။ မီးခိုးများ၏ အဆုံးတွင်မူ မီးတောက်များက ဘုရားကျောင်း၏ ပတ်လည်ကို ဝန်းရံထားသည်။ မီးတောက်များမှာ အမှောင်မြူများအား လောင်စာအဖြစ် လောင်ကျွမ်းနေခဲ့၏။

ခရမ်းကား ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကာ မျက်နှာတစ်ခုလုံး ဖြူရော်နေတော့သည်။

စုဆမ်နိုသည် ဤတိုက်ပွဲအတွက် အရာရာကို ရင်းနှီးထားပုံ ပေါ်၏။ အကယ်၍ သူသာ သေပါက သူတို့ပါ လိုက်သေဆုံးရလိမ့်မည်။

"ချန်းပေ့ရွှမ်း… ဒီအစီအရင်ကို ငါမသုံးချင်ခဲ့ဘူး… ဒီအစီအရင်ကို အသက်သွင်းပြီးရင် ငါတောင်မှ မရပ်နိုင်ဘူး။ နှစ်ရာချီ ငါတည်ဆောက်ခဲ့တဲ့ အရာရာက မြူတွေ အဖြစ် ပြောင်းသွားလိမ့်မယ်။ ဒါပေမဲ့ ငါ့မှာ ရွေးစရာက ဒါပဲ ရှိတော့တယ်…"

သခင်ကြီး စုဆမ်နို၏ အသံက လေထုတွင် ပျံ့နှံ့လာ၏။

"နှစ်ရာချီ သက်တမ်း ရှိတဲ့ ဓမ္မအစီအရင်ရဲ့ အစွမ်းကို ခံစားကြည့်စမ်း… ဟီး… ဟီး… ဟီး…"

နတ်ဆိုး၏ အော်ဟစ် ရယ်မောသံနှင့် အတူ ယင်နှင့်ယန် စွမ်းအားနှစ်ခုက တစ်ခုကိုတစ်ခု တဖြည်းဖြည်း ဝါးမျိုကြ၏။

ရုတ်တရက် ကမ္ဘာတုန်ဟည်းလောက်သော ပေါက်ကွဲသံကြီး တစ်ခု ပေါ်ထွက်လာကာ လှိုင်းများ ထွက်ပေါ်လာ၏။ လှိုင်းများ၏ ရိုက်ခတ်မှု အောက်တွင် ဘုရားကျောင်း၏ နံရံများမှာ တောင့်မခံနိုင်ပဲ ပြိုကျတော့၏။

"ဆရာ… ကျွန်မတို့ ဘာလုပ်ကြမလဲ…"

ယူကီရှီရိုဆာက ချန်းဖန်အား စိုးရိမ်စွာ မေးလိုက်၏။ ကောင်းကင်နှင့် မြေကြီး၏ တုနှိုင်းမမီသော စွမ်းအားများ တွေ့မြင်သည်နှင့် သူမ သွေးပျက်နေခဲ့တော့သည်။

ချန်းဖန်က သူမ၏ အမေးကို ပြန်မဖြေဘဲ တာကီဒါ၏ အနားသို့ ခဏချင်း ရွေ့လျားသွား၏။

"မင်း ဘာလုပ်မလို့လဲ… ငါတို့အားလုံးက ဒီမှာ ပိတ်မိနေကြတာ။ ဒီကနေထွက်ဖို့ ငါတို့ အတူကြိုးစားရမှာလေ…" ဂျန်ကာဇာ တာကီဒါက ဖြူရော်သော မျက်နှာဖြင့် ပြောလိုက်၏။

"ဒါက ငါ့ကို အလစ်တိုက်တဲ့ အတွက်…"

ချန်းဖန်က လက်တစ်ဖက်ကို မြောက်ကာ ရိုက်ချလိုက်၏။

ဘုန်း…

လေဟာနယ်က ပေါက်ကွဲကာ အဖြူရောင် နှင်းမြူကဲ့သို့ အရာများ ထွက်ပေါ်လာပြီး တာကီဒါ၏ ခန္ဓာကိုယ် အတွင်း တိုးဝင်သွားသည်။ ဂျန်ကာဇာ တာကီဒါ၏ မျက်နှာကား နီရဲခြင်းနှင့် မည်းမှောင်ခြင်းတို့ ပြည့်နှက်နေ၏။ သို့သော် ခဏအတွင်းမှာပင် သူ၏ မျက်နှာက သွေးမရှိသကဲ့သို့ ဖြူရော်သွားတော့သည်။

ရုတ်တရက် သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းမှ ပေါက်ကွဲသံ တစ်ခု ပေါ်ထွက်လာကာ ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်သွားတော့သည်။ သွေးမှုန်သွေးစများ၊ အသားအပိုင်းအစများက အမှောင်မြူနှင်းထု၏ အောက်တွင်ပင် မြင်မကောင်းအောင် ပြန့်ကျဲနေတော့၏။

အထွတ်အထိပ်အဆင့်၏ ထိပ်ဆုံးတွင် ရှိနေသော လူတစ်ယောက်ကား အသတ်ခံလိုက်ရပြီ ဖြစ်၏။

ချီဇူရူ မာစာဟီရိုနှင့် ခရမ်းတို့ကား တစ်ကိုယ်လုံး တုန်အောင် ကြောက်လန့်နေကြပြီ ဖြစ်၏။

သို့သော်လည်း ချန်းဖန်က သူတို့ကို သတိပြုမိပုံပင် မရဘဲ တစ်ဝက် တစ်ပျက် ပြိုကျနေသော ဝတ်ပြခန်းတွင်းရှိ ရုပ်တုအား ကြည့်လိုက်ရင်း…

"မင်းရဲ့ အသုံးမကျတဲ့ အစီအရင်က ငါ့ကို တားနိုင်မယ် ထင်နေတာလား… ခုချက်ချင်း ထွက်လာစမ်း…"

ချန်းဖန်က အွန်နီ ရုပ်တုအား အဝေးမှ ဖျစ်ညှစ်ဟန် ပြုလိုက်၏။ ရုတ်တရက် အဇူရာ အလင်းတစ်ခုက သူ၏ လက်မှ ထွက်ပေါ်လာကာ ရုပ်တုထံ ပျံသန်းသွားသည်။

အကယ်၍ "အစီအရင်၏ မျက်လုံး" ကိုသာ ဖျက်ဆီးနိုင်ပါက အစီအရင်တစ်ခုလုံး ပျက်စီးသွားလိမ့်မည် ဖြစ်သည်။ ထိုအစီအရင်၏ မျက်လုံးမှာ အွန်နီရုပ်တု၌ တည်ရှိကြောင်း ချန်းဖန် ကောင်းစွာသိသည်။

အဇူရာ အလင်းက ရုပ်တုပေါ်သို့ ကျဆင်းသည်နှင့် အမှောင်မြူများစွာက ရုပ်တုထဲမှ ထွက်ပေါ်လာခဲ့၏။

ရုတ်တရက် ရုပ်ထံမှ နာကြည်းသော အော်ဟစ် ငိုယိုသံ ထွက်ပေါ်လာသည်။ ထို့နောက် ရုပ်တုက ကြမ်းပြင်ပေါ်သို့ လဲကျကာ အစိတ်စိတ် ကွဲကြေသွားတော့၏။

"ချန်းပေ့ရွှမ်း… အားလုံးအတွက် မင်းပြန်ပေးဆပ်ရမယ်"

ပျက်စီးသွားသော ရုပ်တုအတွင်းမှ အမှောင်မြူများက တလိပ်လိပ် ထွက်ပေါ်လာကာ အဝေးသို့ ပြန်ပြေးရန် ကြိုးစားသည်။ ထိုရုပ်တုမှာ ဓမ္မအစီအရင်ဖြင့် ခင်းကျင်းကာ စုဆမ်နို ဝိညာဉ်နေထိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် ရုပ်တု ပျက်စီးသည်နှင့် စုဆမ်နို ဝိညာဉ် အနေဖြင့် ထွက်ပြေးရန် အသည်းအသန်  ကြိုးစားခြင်း ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ် အစိတ်စိတ် အမြွှာမြွှာ မကွဲအက်ခင် ခိုအောင်းရာ နေရာတစ်ခု သူရှာဖွေရမည် ဖြစ်၏။

"ထွက်ပြေးနိုင်မယ် ထင်နေတာလား…"

ချန်းဖန်က လှောင်ပြုံးပြုံးရင်း အဝါရောင် ကျောက်မျက်ထဲမှ ရှေ့ဟောင်း အရိုးပလွေကို ထုတ်ယူလိုက်၏။

စုဆမ်နိုက ပလွေကို တွေ့မြင်သည်နှင့် အရှိန်ကို ပိုမို မြှင့်တင်လိုက်၏။ သို့သော်လည်း ချန်းဖန်၏ လက်မှ မည်ကဲ့သို့ လွတ်မြောက်မည်နည်း။

ပလွေက သခင်ကြီး အမှောင်မြူ သဏ္ဌာန် သခင်ကြီး စုဆမ်နို၏ နောက်ကျောအား ထိုးဖောက်ကာ ဝိညာဉ်စွမ်းအင်ကို စုပ်ယူတော့သည်။ သခင်ကြီး စုဆမ်နို၏ အော်ဟစ်သံများက ကြက်သီးထလောက်အောင်ပင် ထွက်ပေါ်နေတော့သည်။

မကြာခင်မှာပင် အမှောင်မြူထုကား မည်သည့်အခါကမျှ မရှိခဲ့သလို ပျောက်ကွယ်သွားတော့၏။

ချီဇူရူ မာစာဟီရိုနှင့် အခြားလူများက ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြသည်။

ခူးရှူးကျွန်းကို နှစ်ရာချီ လွှမ်းမိုးခဲ့သည့် သခင်ကြီး စုဆမ်နို အသတ်ခံလိုရချေပြီ။

***

All Chapters