နတ်ဆိုးပလွေ
Vol. 4 Ch. 354
သခင်ကြီး စုဆမ်နိုသည် ခူးရှူးကျွန်းအား နှစ်ရာချီကြာအောင် လွှမ်းမိုးနိုင်ခဲ့သူ ဖြစ်၏။
ထို့အပြင် လွန်ခဲ့သည့် နှစ်နှစ်ရာခန့် ကတည်းက စ၍ ဂျပန်၏ အစွမ်းအထက်ဆုံး အိုမိုင်ယိုချီ အဖြစ် ကျော်ကြားခဲ့ကာ အင်ပါယာပင်လျှင် သူ့အား လေးစားစွာ ဆက်ဆံရသည်။ ယူကီရှီရို မိသားစု၊ တာကီဒါ မိသားစု၊ ချီဇူရူ မိသားစုနှင့် ဖီဂျီနင်ဂျာ ကလန်တို့ကား သူ၏ အသုံးချစရာများသာ ဖြစ်ကြသည်။ ထိုအဖွဲ့အစည်းများ၏ အင်အားကို အသုံးပြု၍ ခူးရှူးကျွန်း တစ်ခုလုံးအား သူလွှမ်းမိုး နိုင်ခဲ့သည်။
သို့သော်လည်း သူကား သေဆုံးသွားခဲ့ရပြီ ဖြစ်၏။ ချီဇူရူ မာစာဟီရိုနှင့် အခြားလူများမှာ အမှန်တရားအား ရင်ဆိုင်ရန် ခက်ခဲနေကြသည်။
သို့သော်လည်း ထိုအမှန်တရားက သူတို့၏ မျက်လုံးများ အောက်တွင်ပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ စုဆမ်နို ဘုရားကျောင်းမှာ ပြိုပျက်သွားခဲ့ပြီ ဖြစ်သလို စုဆမ်နို ရုပ်တုကြီးမှာလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
ချီဇူရူ မာစာဟီရိုနှင့် အခြားလူများမှာ သက်ပြင်းရှည် တစ်ချက် ချလိုက်ရင်း ချန်းဖန်အား ကြည့်လိုက်ကြ၏။
သခင်ကြီး စုဆမ်နို၏ နောက်ဆုံး ဝှက်ဖဲဖြစ်သော ယင်ယန် အစီအရင်ကိုပင် ထိုလူငယ်က အသာအယာ ဖျက်ဆီးပစ်ခဲ့သည်။ ထိုကောင်လေးမှာ မည်မျှအထိ အစွမ်းထက်နေသနည်း။ ထိုကောင်လေးကား ကျိန်းသေ အထွတ်အထိပ်အဆင့် မဟုတ်ချေ။ တန်ခိုးရှင် အဆင့် တစ်ယောက်သာ ဖြစ်ရမည်။
"ဟူး… လား… လား…"
သခင်ကြီး စုဆမ်နို၏ အမှောင်မြူအားလုံးကို စုပ်ယူပြီးသည်နှင့် အရိုးပလွေက ချန်းဖန်ထံ ပြန်လည် ပျံသန်းလာခဲ့၏။
ထိုပလွေမှ ဓမ္မရတနာ တစ်ခုဖြစ်ကာ ကဝေဂိုဏ်း သခင်လေးထံမှ ချန်းဖန် ရရှိထားခြင်း ဖြစ်သည်။ ထိုပလွေကို ကဝေဂိုဏ်း အကြီးအကဲ တစ်ဦးက ရှေ့ဟောင်း သင်္ချိုင်းဂူ တစ်ခုထဲ၌ ရှာတွေ ခဲ့သည်။ ထိုအရာမှာ မူလက အရိုးတစ်ခုသာ ဖြစ်သော်လည်း အကြီးအကဲက ပလွေအဖြစ် ပြောင်းလဲ ထုဆစ်ခဲ့ခြင်း ဖြစ်၏။ ထိုပလွေတွင် တစ္ဆေများအား အမိန့်ပေးနိုင်သော အစွမ်း ရှိသည်။ ဒဏ္ဍာရီများအရ ကဝေဂိုဏ်း၏ ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးက ထိုပလွေဖြင့် တစ္ဆေများကို ထိန်းချုပ်ကာ မန်ချူး မြင်းစစ်သည် တစ်ထောင်ခန့်ကို သတ်ဖြတ်ခဲ့ဖူးသည် ဆိုကြသည်။
သို့သော်လည်း ချန်းဖန်သည် ထိုမကောင်းဆိုးဝါး စစ်သည်များအား ရွှေရောင်လီ မီးတောက်မျက်လုံးဖြင့် ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ ထိုကဲ့သို့သော ရတနာကို မကောင်းဆိုးဝါး ထိန်းချုပ်သည့် အရာအဖြစ် အသုံးပြုခြင်းက ဖြုန်းတီးမှု သက်သက်သာ ဖြစ်၏။ သူ့တွင် ထိုရတနာအတွက် ပိုကောင်းသော အစီအစဉ် တစ်ခု ရှိသည်။
ချန်းဖန် အနေဖြင့် ထိုရတနာကို လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက သန့်စင်ထားပြီး ဖြစ်သည်။ သို့သော်လည်း ရတနာ ဝိညာဉ် မရှိသည့် အားနည်းချက်ကြောင့် ပလွေမှာ သိသိသာသာ အစွမ်းထက်လာခြင်း မရှိသေးပေ။ တရုတ်ပြည်တွင်လည်း ထိုရတနာအတွက် ဝိညာဉ်ကို ရှာမတွေ့ခဲ့ချေ။ နောက်ဆုံး ဂျပန်တွင်မှ ရှာတွေ့ခဲ့ခြင်း ဖြစ်၏။
"နောက်ဆုံးတော့ ရခဲ့ပြီပေါ့…"
ချန်းဖန်က ပျံသန်းနေသော ပလွေကို ဖမ်းယူရင်း အနည်းငယ် စဉ်းစားလိုက်၏။
"မင်းမှာ နတ်ဆိုးသခင်ရဲ့ ဝိညာဉ် ရှိနေပြီ ဆိုတော့ မင်းကို "နတ်ဆိုးပလွေ" လို့ ခေါ်မယ်။
ပလွေက နာမည်အသစ်ကို သဘောကျသည့်အလား လှုပ်ခါလိုက်၏။
ထို့နောက် ချန်းဖန်၏ လက်မှ အဇူရာ အလင်းရောင် တစ်ခု ထွက်ပေါ်လာပြီး အရိုးပလွေနှင့် ချိတ်ဆက်လိုက်၏။ ရုတ်တရက် အရိုးပလွေထဲမှ အမှောင်မြူများ ထွက်ပေါ်လာကာ အွန်နီ မကောင်းဆိုးဝါး ပုံသဏ္ဌာန် တစ်ခုအား ဖွဲ့စည်း လိုက်၏။
သို့သော်လည်း ထိုအွန်နီအသွင်သည် ပျက်စီး သွားသော ရုပ်တုနှင့် ကွဲပြားနေ၏။ ထိုအသွင်၏ ခန္ဓာကိုယ်က ရွှေရောင်ချပ်ဝတ် တစ်ခုကို ဆင်မြန်းထားပြီး ယုတ်မာခြင်း အငွေ့အသက် ကင်းမဲ့နေခဲ့သည်။ သို့သော်လည်း အသွင်သဏ္ဌာန်ကမူ သခင်ကြီး စုဆမ်နိုနှင့် ချွတ်စွတ်ပင် တူသည်။
"ဒါက… ဒါက…"
ချီဇူရူ မာစာဟီရိုက အလန့်တကြား ရေရွတ်လိုက်၏။ သခင်ကြီး စုဆမ်နို ပြန်လည် အသက်ရှင်လာသည်လား။ အတွေးတစ်ခုက သူ့အား ကြီးစိုးလာသည်။
"သူက သခင်ကြီး စုဆမ်နို မဟုတ်ဘူး … ငါ့ဓမ္မရတနာရဲ့ တန်ခိုးရှင် အစောင့်အရှောက်ပဲ…"
ချန်းဖန်က လက်တစ်ဖက်အား ဝှေ့ယမ်းသည်နှင့် ပုံရိပ်က ပြန်လည် ပျောက်ကွယ်သွားတော့၏။
"နတ်ဆိုးပလွေ" အား ပြန်လည် သိမ်းဆည်းပြီးသည်နှင့် ချန်းဖန်ကာချီဇူရူ မာစာဟီရိုနှင့် အခြားလူများအား ကြည့်လိုက်၏။
တောင်ထိပ် တစ်ခုလုံးတွင် ချန်းဖန်မှလွဲ၍ ချီဇူရူ မာစာဟီရို၊ ခရမ်းနှင့် ယူကီရှီရိုဆာတို့ သုံးယောက်သာ ကျန်ရှိတော့၏။
စုဆမ်နို၏ အစွမ်းအထက်ဆုံး အစေခံ သုံးယောက်အနက် ဂျန်ကာဇာ တာကီဒါကို ချန်းဖန် သတ်ခဲ့ပြီးဖြစ်သည်။ ယူကီရှီရိုဆာအား ကာကွယ်ပေးရန် အတွက် ခရမ်းအား အသက်ချမ်းသာပေးရန် ချန်းဖန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ချီဇူရူ မာစာဟီရိုကိုမူ လွယ်လွယ်ကူကူ လွှတ်ပေးရန် အကြောင်းပြချက် မရှိပေ။
ချန်းဖန်က တွေးရင်း ချီဇူရူ မာစာဟီရိုအား စူးရဲစွာ ကြည့်လိုက်၏။
ချီဇူရူ မာစာဟီရိုက ချန်းဖန်၏ အတွေးကို သိနေသည့် အလား ဒူးထောက်ချလိုက်ရင်း…
"သခင်ကြီး ကျုပ်ရဲ့ အသက်ကို ချမ်းသာပေးပါ။ ကျုပ်က စုဆမ်နို ဘုရားကျောင်းရဲ့ နှစ်ရာချီ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားတဲ့ သူပါ။ တကယ်လို့ သခင်ကြီးသာ အလိုရှိရင် ယန်းငွေ ထရီလျံနဲ့ ချီပြီး ပေးနိုင်ပါတယ်။ နောက်ပြီး ခူးရှုးကျွန်း မြေအောက်လောကကလည်း ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။ ကျုပ်ကို အသက်ချမ်းသာပေးရင် သခင်ကြီးအတွက် အမှုထမ်းနိုင်ပါတယ်"
ချီဇူရူ မာစာဟီရိုသည် စုဆမ်နို ဘုရားကျောင်း၏ အစွမ်းအထက်ဆုံး အိုမိုင်ယိုချီ တစ်ယောက် ဖြစ်ကာ ခူးရှူးကျွန်း၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ချန်းဖန်၏ ရှေ့တွင်မူ အသုံးမကျသည့် တီကောင်အလား ကြောက်ရွံ့စွာ တောင်းပန်နေခဲ့ရ၏။
"ဆရာ… စုဆမ်နို ဘုရားကျောင်းက တကယ်ပဲ ချမ်းသာတယ်။ သူတို့က မစ်ဆုလုပ်ငန်းစုမှာတောင် ရှယ်ယာတွေရှိတယ်"
ယူကီရှိရိုဆာက ချန်းဖန်အား တိုးတိတ်စွာ ပြောလိုက်၏။
စုဆမ်နို ဘုရားကျောင်းသည် အီဒိုခေတ်မှ စတင်၍ ဂျပန်၏ တတိယ အကြီးဆုံးကျွန်း ဖြစ်သော ခူးရှူးကို လွှမ်းမိုးနိုင်ခဲ့ရာ သူတို့၏ ကြွယ်ဝမှုများက မှန်းဆ၍ မရနိုင်လောက်အောင်ပင်။
ချီဇူရူ မာစာဟီရိုကလည်း သူ၏ ကမ်းလှမ်းမှုကို ချန်းဖန် လက်ခံလိမ့်မည်ဟု ကျိန်းသေတွက်ဆထားသည်။ သို့သော်လည်း ချန်းဖန်ကမူ ထိုအရာများအား စိတ်ဝင်စားဟန် မရပေ။
သူက နတ်ဆိုးပလွေကို လက်ဖြင့် လှည့်ယမ်း ကစားလိုက်ရင်း…
"ဂျပန်မှာ စုဆမ်နို ဘုရားကျောင်းလို နတ်ဆိုးသခင်ရှိတဲ့ ဘုရားကျောင်းတွေ ရှိသေးလား…"
ထိုတုံ့ပြန်မှုကား မည်သူမျှ မျှော်လင့်ထားသော အရာဖြစ်သည်။ ယူကီရှီရိုဆာနှင့် ခရမ်းတို့က ချန်းဖန်အား နားမလည်နိုင်စွာ ကြည့်မိကြသည်။
"သူက ဘာပြောချင်တာလဲ…"
ချီဇူရူ မာစာဟီရိုက ချန်းဖန်အား အံ့အားသင့်စွာ ကြည့်လိုက်၏။
ချန်းပေ့ရွှမ်းကား စုဆမ်နို ဘုရားကျောင်း၏ ပိုင်ဆိုင်မှုများထက် အခြား နတ်ဆိုးသခင်များကို အာရုံစိုက်နေပုံရသည်။ အဘယ်ကြောင့်နည်း။
ချီဇူရူ မာစာဟီရိုက ချန်းဖန်အား ကြည့်ရင်း တုန်ယင်သော အသံဖြင့်…
"သခင်ကြီး… သခင်ကြီးက သူတို့အားလုံးကို ဖမ်းမလို့လား"
ယူကီရှီရိုဆာနှင့် ခရမ်းတို့ကလည်း ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြ၏။
နတ်ဆိုးသခင် တစ်ယောက်ကို ဖမ်းဆီးပြီးသည့် နောက်ပင် သူမကျေနပ် သေးသည်လား။
ချီဇူရူ မာစာဟီရိုက အတွေးများအား ပြန်လည် စုစည်းလိုက်ရင်း…
"သခင်ကြီး… ဂျပန်မှာ စုဆမ်နို ဘုရားကျောင်းလိုမျိုး ဘုရားကျောင်း ခြောက်ခု ရှိပါတယ်။ အဲဒီ ဘုရားကျောင်းတွေက ကူရိုမီ ဘုရားကျောင်း၊ ယာမမီဇူကီ ဘုရားကျောင်း… နောက်ပြီး အိုင်းမဟာ ဘုရားကျောင်းတို့ပါ။ ဘုရားကျောင်း ခြောက်ခုလုံးမှာ ရှေ့ဟောင်း အိုမိုင်ယိုချီတွေရဲ့ ဝိညာဉ်တွေ ရှိပါတယ်။ အိုင်းမဟာဘုရားကျောင်းက ဘုရားကျောင်း ခြောက်ခုမှာ အစွမ်းအထက်ဆုံးပါ။ အဲဒီ ဘုရားကျောင်းရဲ့ နတ်ဆိုးသခင်က အခြားနေရာတွေကိုတောင် အချိန်အကြာကြီး ထွက်ခွာနိုင်စွမ်း ရှိပါတယ်"
ချီဇူရူ မာစာဟီရိုက တစ်ခဏမျှရပ်ကာ ကြောက်ရွံ့သည့် အမူအရာဖြင့် ဆက်လက်ပြောလိုက်၏။
"ကောလာဟလတွေ အရ အိုင်းမဟာ ဘုရားကျောင်းမှာ အိပ်စက်နေတဲ့ နတ်ဘုရား တစ်ပါး ရှိတယ်တဲ့။ အဲဒီ ကောလာဟလက အိုဟောင်းနေပေမဲ့ ဘယ်သူမှ သွားမစမ်းသပ်ရဲဘူး"
"မင်းပြော ခြောက်ခုနော်…"
ချန်းဖန်က မျက်လုံးများအား ကျဉ်းမြောင်းကာ စဉ်းစားလိုက်၏။
အကယ်၍ နတ်ဆိုးပလွေတွင် တန်ခိုးရှင် အစောင့်အရှောက် တစ်ယောက် တိုးလာပါက စွမ်းအားလည်း နှစ်ဆတိုးသွားလိမ့်မည် ဖြစ်သည်။ အကယ်၍ ဝိညာဉ်ခြောက်ခုသာ ပေါင်းထည့်နိုင်လျှင် နတ်ဆိုးပလွေမှာ တန်ခိုးရှင်အဆင့် ကျင့်ကြံသူကိုပင် ချန်းဖန် အကူအညီ မပါဘဲ ရင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။
"သခင်ကြီး… အဲဒီ ဘုရားကျောင်းတွေကို သခင်ကြီးသွားမလို့လား။ သူတို့တွေ အားလုံးကို ဂျပန်ရဲ့ ထိပ်တန်းလူကြီးတွေက ထောက်ပံ့ပေးထားတာနော်။ သူတို့ကို ရန်စမိတာနဲ့…"
ချီဇူရူ မာစာဟီရို၏ စကားမဆုံးခင်မှာပင် ချန်းဖန်၏ လက်မှ အလင်းတစ်ခု ထွက်ပေါ်လာ၏။
"မင်းက အရမ်းစကားများတယ်"
အလင်းက ချန်းဖန်၏ စကားသံနှင့် အတူ ချီဇူရူ မာစာဟီရို၏ ဦးခေါင်းအား ဖောက်ဝင်သွားတော့၏။
ချီဇူရူ မာစာဟီရိုကား သတိမထားမိခင်မှာပင် အသက်ပျောက်သွားခဲ့ရပြီ ဖြစ်၏။
ထိုအဖြစ်အပျက်အား မြင်သည်နှင့် ခရမ်း၏ မျက်နှာက ဖြူရော်သွားကာ ချက်ချင်း ဒူးထောက်လိုက်တော့သည်။
"မင်းက ဘယ်အချိန်မှာ ဘယ်လို ပြုမူရမယ် ဆိုတာ သိတယ်။ ငါအဲဒါကို သဘောကျတယ်…"
ချန်းဖန်က သူမအား ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"မင်းက နင်ဂျာတွေရဲ့ ခေါင်းဆောင်ဆိုတော့ စုဆမ်နို ဘုရားကျောင်းရဲ့ ပိုင်ဆိုင်မှုတွေ အကြောင်း သိမှာပေါ့။ အခြား ဘုရားကျောင်း ငါးခု အချက်အလက်တွေနဲ့ စုဆမ်နို ဘုရားကျောင်းရဲ့ ပိုင်ဆိုင်မှုတွေကို စုဆောင်းပြီး ငါ့ဆီယူလာခဲ့ …"
ချန်းဖန်ပြောရင်း ခရမ်းထံ ရွှေရောင်အလင်းတစ်ခု ပစ်လွှတ်လိုက်၏။
"ငါ့ကို ဆန့်ကျင်ဖို့ မတွေးနဲ့။ ဘယ်နေရာ ရောက်နေပါစေ ငါအကုန် သိနေတယ်ဆိုတာ မှတ်ထား…"
"ဟုတ်ကဲ့ပါ… သခင်ကြီး"
ခရမ်းက တုန်လှုပ်စွာ ခေါင်းညိတ်လိုက်၏။
ယူကီရှီကိုဆာကမူ ချန်းဖန်၏ ဘေး၌ တိတ်ဆိတ်စွာသာ ရပ်နေခဲ့သည်။ သူမ၏ စိတ်တွင်မူ ပျော်ရွှင်ခြင်းနှင့် လေးစားခြင်းတို့က ပြည့်နှက်လျက်။
***