တိုက်ပွဲ
Vol. 4 Ch. 357
ဓားသူတော်စင် တာကီမီယာ ဟီရိုသည်ကား ဂျပန်၏ တကယ့် ဂန္ထဝင် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ဂျပန် သိုင်းပညာရှင်များ၏ အမြင်တွင်မူ တာကီမာ ဟီရိုမှာ ပြိုင်ဘက်ကင်းသည်။ သူ၏ ဖြစ်တည်မှုက အစွမ်းအထက်ဆုံး ကင်ဒို မာစတာ လေးယောက်၏ အထက်တွင် ရှိသည်။ သူ၏ တပည့်ပင်လျှင် ထို ကင်ဒို မာစတာ လေးယောက်၌ ပါဝင်နိုင်သည် အထိ လွှမ်းမိုးနိုင်စွမ်း ရှိသည်။
အခြားတစ်ဖက်၌ ချန်းပေ့ရွှမ်းမှာ တရုတ်နိုင်ငံ၏ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင် ဖြစ်သည်။ သူ နာမည် ကျော်ကြားလာသည်က မကြာသေးသည့်တိုင် အမှောင် သတ်မှတ်ချက်တွင် နံပါတ်သုံးနေရာကို ယူနိုင်ခဲ့သည် အထိ အစွမ်းထက်လှ၏။
ထိုကဲ့သို့ အလွန် အစွမ်းထက်သော ဓားသူတော်စင်နှင့် ချန်းပေ့ရွှမ်းတို့ တိုက်ခိုက်ကြတော့မည် ဖြစ်သည်။ ထိုတိုက်ပွဲကား ဂျပန်နှင့် တရုတ်ကြားမှ တိုက်ပွဲဟုပင် ဆိုနိုင်သည်။
ထိုနိုင်ငံ နှစ်ခုကြား ပြိုင်ဆိုင်မှုက သမိုင်းတွင် အလွန် ပြင်းထန်ခဲ့သည်။ ဂျပန်က တရုတ်အား အကြိမ်ကြိမ် ကျူးကျော်ခဲ့ကာ အကြိမ်တိုင်းနီးပါး အနိုင်ရခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံ သိုင်းပညာရှင်များ အကြား ပြိုင်ဆိုင်မှုကလည်း အစဉ်အဆက် ရှိခဲ့သည်။ ကောလာဟလများ အရ ဂျပန် ဓားသမား တစ်ဦးဖြစ်သော ဝါတနာဘေ ရှီရိုမှာ ဓားတစ်ချောင်းကို ဆွဲကိုင်၍ တရုတ် သိုင်းသမားများအား လှည့်လည် စိန်ခေါ်ဖူးသည်ဟု ဆိုကြသည်။ နောက်ဆုံး၌ လင်းမိသားစုမှ လူတစ်ယောက်နှင့် စိန်ခေါ် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲက ကမ္ဘာတုန်အောင် ပြင်းထန်ခဲ့သည်ဟု ဆိုသည်။
ထိုကဲ့သို့ သမိုင်းကြောင်းများအရ ချန်းပေ့ရွှမ်းနှင့် တာကီမီယာ ဟီရိုတို့ကြားမှ တိုက်ပွဲအား လူတိုင်း စိတ်ဝင်စားနေကြသည်။ ထိုတိုက်ပွဲက အလွန် အစွမ်းထက်သော လူနှစ်ယောက်၏ တိုက်ပွဲသာ မဟုတ်ချေ။ နိုင်ငံနှစ်ခုကြားမှ ဂုဏ်သိက္ခာ ပြိုင်ဆိုင်မှုလည်း ဖြစ်၏။
ထိုသတင်းက တရုတ်သို့ ရောက်သည်နှင့် တရုတ် သိုင်းပညာရှင်များအား ဆူပွက်သွား စေပြန်သည်။
ထိုအတောအတွင်း တရုတ်သိုင်းပညာရှင်များ စုစည်းထားသည့် အွန်လိုင်းဖိုရမ် တစ်ခုတွင်…
ရှစ်ဆယ် ရာနှုန်းသော ပို့စ်များက ချန်းပေ့ရွှမ်းနှင့် ဓားသူတော်စင်တို့ တိုက်ပွဲအကြောင်း အသည်းအသန် ဆွေးနွေးနေကြ၏။
"ချန်းပေ့ရွှမ်းက တရုတ်ကို သွားတာလား… ဘယ်တုန်းကလဲ… သူ ဘာကြောင့် သွားတာဆိုတာ တစ်ယောက်ယောက် သိကြလား…"
တစ်စုံတစ်ယောက်က မေးသည်။
"သူ ဂျပန်ကို ရောက်နေတာ ကြာပြီတဲ့… သူက ကီတ နီဝါကာဝါ၊ ဂျန်ကာဇာ တာကီဒါနဲ့ ချီဇူရူ မာစာဟီရို တို့ကို သတ်ပြီး ဂျပန်ဘုရားကျောင်း တစ်ခုကို ဖျက်ဆီးပစ်ခဲ့တယ်တဲ့။ ဒါကြောင့်ပဲ တာကီမီယာ ဟီရိုက သူ့ကို စိတ်ခေါ်တာတဲ့…"
အခြားတစ်ယောက်က မှတ်ချက် ပြန်ရေးလိုက်၏။
"သေစမ်း… သူက တကယ့် သေမင်းပဲ။ သူ့လက်ထဲမှာ အထွတ်အထိပ် ဘယ်နှယောက်လောက် သေသွားပြီတုံး … တစ်ဒါဇင်လောက်တောင် ရှိပြီ ထင်တယ်"
အခြားတစ်ယောက်က မှတ်ချက်ပေးသည်။ သူ၏ မှတ်ချက်ကို အခြားလူများက အံ့ဩသည့်ဟန် အီမိုဂျီ (emoji) ပေးကြသည်။
"ငါ ရေတွက်ပြမယ်… လုထျန်းဖန်၊ လဲ့ချန်းကျွယ်၊ အနက်ရောင်မွေ၊ ကျိုးတချီ၊ စိန်နက်၊ ဇိုရို၊ ပါ့ချွန်ဟွမ်၊ ကီတ နီဝါကာဝါ၊ ဂျန်ကာဇာ တာကီဒါ၊ ချီဇူရူ မာစာဟီရို… အားလုံးပေါင်း ဆယ့်နှစ်ယောက်။ အခု တာကီမီယာ ဟီရိုပါ ပေါင်းရင် ဆယ့်သုံးယောက် ဖြစ်တော့မှာ…"
"ပျံလွှားနီလေး" အကောင့်နာမည်ကလည်း မှတ်ချက်ရေးသည်။
"ပျံလွှားနီလေး… မင်းက ဘယ်သူတုံး။ ဘာလို့ ဒီလောက် သိနေတာလဲ။ ချီဇူရူ မာစာဟီရိုနဲ့ ကျိုးတချီ တို့ကို ငါတို့ မကြားဖူးဘူးဟ"
အခြားတစ်ယောက်က သူမအား မေးလိုက်၏။
"အာ… ဟုတ်တယ်။ ငါဆို တာကီမီယာ ဟီရိုကို သေချာ မသိဘူးဟ။ သူ့ကို ဘာလို့ ဓားသူတော်စင်လို့ ခေါ်တာလဲ။ သူက အစွမ်းထက်လား…"
မူရင်းပို့စ် တင်သူကလည်း ပျံလွှားနီလေး၏ အောက်တွင် မှတ်ချက်ဝင်ရေးသည်။
"တာကီမီယာ ဟီရိုက ၁၉၁၀ ဖွား ဂျပန် ကင်ဒို မာစတာ တစ်ယောက်ပဲ။ သူက အသက်နှစ်ဆယ်မှာ အတွင်းအား ထိပ်သီးအဆင့် ရောက်တယ်။ အသက်ငါးဆယ်မှာ အထွတ်အထိပ် ထိပ်ဆုံး အဆင့်ကို ရောက်တယ်။ အခုဆိုရင် သူ ဘယ်အဆင့် ရောက်နေလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး"
"သူက အမှောင်သတ်မှတ်ချက်မှာ ပါတဲ့အထိ အစွမ်းထက်ခဲ့ပေမဲ့ ၁၉၆၀ လောက်က စပြီး အနားယူ သွားခဲ့တယ်။ ဒါကြောင့် သူ့နာမည်က အမှောင် သတ်မှတ်ချက်မှာ ပါမလာတော့ဘူး။ ဒါပေမဲ့ အတွင်းစကားတွေ မရ သူနဲ့ အမှောင် သတ်မှတ်ချက် အဆင့်လေး မိုးကြိုး ဘုရင် ဇူးရပ်တို့ တိုက်ခိုက်ဖူးတယ်။ အဲဒီပွဲက သရေ ကျခဲ့တယ်တဲ့"
"ပျံလွှားနီလေး" အကောင့်ပိုင်ရှင်က စာအရှည်ကြီး ရေးကာ ရှင်းပြလိုက်၏။
"ဗုဒ္ဓေါ… သူက အထွတ်အထိပ် အဆင့်ရဲ့ ထိပ်ဆုံးကို လွန်ခဲ့တဲ့ နှစ်ငါးဆယ် လောက်တည်းက ရောက်တာလား… သူက တန်ခိုးရှင် တစ်ယောက် ဖြစ်နေပြီ ထင်တယ်…"
"ပျံလွှားနီလေး… မင်းက ဘယ်သူတုံး။ ဘာကြောင့် ဒီလောက်တောင် သိနေတာလဲ… မင်းက ဝီကီပီဒီယာက လူတော့ မဟုတ်ပါဘူးနော်"
အခြား မှတ်ချက်ပြုသူ တဖြည်းဖြည်း များပြားလာသော်လည်း ပျံလွှားနီလေး အကောင့်ပိုင်ရှင်ကမူ တစ်လုံးပင် ပြန်မရေးတော့ချေ။
"ဟေ့ စိတ်မပူကြနဲ့… ငါဆရာက နတ်ဘုရားပဲ။ အဲဒီဂျပန်ကောင် မယှဉ်နိုင်တာ ကျိန်းသေတယ်…"
"မဟာ ရှု့ရှု့" ဆိုသော အကောင့်နာမည်က ဝင်ရေးသည်။
"မင်းဆရာလား… ဟဟ… ဒါဆို ငါတို့က ဂိုဏ်းတူ ညီအကိုတွေပေါ့"
တစ်စုံတစ်ယောက်က နောက်ပြောင်သည်။
"ဟဟ… ဒီဖိုရမ်မှာ ရှိတဲ့ လူတစ်ဝက်က ချန်းပေ့ရွှမ်းရဲ့ တပည့် ဖြစ်ချင်ကြတဲ့ လူတွေချည်းပဲ။ တန်းစီလိုက်ဦးကွာ…"
အခြားတစ်ယောက်က ဝင်ရေးလိုက်၏။
***
ထိုအချိန် ခွန်းလွန် တောင်တန်း၊ လျှို့ဝှက် စစ်စခန်း၊ အစည်းအဝေးခန်း အတွင်း၌…
"တာကီမီယာ ဟီရို ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ အားလုံး အသိပဲ။ သူက ငြိမ်းငြိမ်းချမ်းချမ်း နေနေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ အမှောင်သတ်မှတ်ချက် ထိပ်ဆုံးမှာ ရှိတဲ့သူတွေကို တစ်ချိန်လုံး လိုက်စိန်ခေါ်နေတာ။ ဒီနှစ်ပိုင်းမှာပဲ သူနည်းနည်း ငြိမ်သွားတာ…"
ဒုတိယ ဗိုလ်ချုပ်မှူး ရှောင်က စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်ရင်း ပြောလိုက်၏။ ထိုစားပွဲ၌ သူအပြင် အခြား ဝန်ကြီးများ၊ ငှက်နီလေးနှင့် အခြား စစ်သားများ ထိုင်နေကြသည်။
"သူက တကယ့်လူနဲ့ ချမှာပဲ။ ဘယ်လို ရလဒ်ထွက်မယ် မသိဘူး"
ကျားဖြူက မေးလိုက်သည်။
"အဇူရာ နဂါးရဲ့ စကားမရဆို ဘယ်သူကမှ အရေးမသာဘူးတဲ့။ တာကီမီယိုက သူ့ရဲ့ ဆရာကိုတောင် ရင်ဆိုင် နိုင်တယ်တဲ့"
ဒုတိယ ဗိုလ်ချုပ်မှူးရှောင်က ပြောလိုက်၏။
"အဇူရာ နဂါးရဲ့ ဆရာကို ရင်ဆိုင်နိုင်တယ် ဆိုတော့… တာကီမီယာ ဟီရိုက တန်ခိုးရှင် အဆင့်ကို ရောက်နေပြီလား မသိဘူးနော်…"
ပျံလွှားနီလေးကလည်း မေးလိုက်၏။ သူမ အနေဖြင့် အဇူရာ နဂါး၏ တန်ခိုးရှင် အဆင့် ဆရာ မည်မျှ အစွမ်းထက်ကြောင်း ကောင်းစွာသိသည်။ တန်ခိုးရှင် အဆင့်နှင့် အထွတ်အထိပ် အဆင့်ကြားမှ ကွာခြားချက်က အလွန်ပင် ကြီးမားသည်။ ချန်းပေ့ရွှမ်း မည်မျှပင် အစွမ်းထက် စေကာမူ တန်ခိုးရှင် အဆင့်ကို နိုင်မည် မဟုတ်ပေ။
"အဇူရာ နဂါး ပြောပုံ အရဆို တာကီမီယာ ဟီရိုက တန်ခိုးရှင် အဆင့်ကို မရောက်သေးဘူး။ တွန်းအား သေးသေးလေး တစ်ခုပဲ လိုတော့တယ်တဲ့။ ဒါကြောင့် သူက ချန်းပေ့ရွှမ်းကို စိန်ခေါ်တာ။ အဲဒီ တိုက်ပွဲကို တွန်းအား အဖြစ်သုံးပြီး တန်ခိုးရှင် အဆင့်ကို တက်ချင်နေတာ"
ဒုတိယ ဗိုလ်ချုပ်မှူး၏ စကားက အားလုံး၏ စိတ်များအား လေးလံ သွားစေခဲ့သည်။
"ချီးပဲကွာ… ချန်းပေ့ရွှမ်းကတော့ ထောင်ချောက်ထဲကို သွားနေမိတာပဲ" ကျားဖြူက အော်ဟစ်လိုက်၏။
ပျံလွှားနီလေးကမူ မည်သို့မျှ မပြောတော့ပဲ အခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားတော့၏။
"ဆရာရှောင်… ပျံလွှားနီလေးကို ကြည့်ဦး။ သူက ဘယ်တော့မှ အစည်းအဝေးပြီးအောင် မနေဘူး။ အမြဲ ပျာတိပျာယာနဲ့…"
ဝန်ကြီးတစ်ဦးက ထွက်ခွာသွားသော ပျံလွှားနီလေးကို ကြည့်ရင်း ရေရွတ်လိုက်၏။
"သူ့ကို လွှတ်ထားလိုက်။ သူက ချန်းပေ့ရွှမ်းကို သတိပေးချင်လို့ ထွက်သွားတာ ဖြစ်မယ်။ အဲဒီ အရူးမလေးက ဘယ်တော့မှ မပြောင်းလဲဘူး…"
ဒါရိုက်တာရှောင်က ပြုံးရင်း ခေါင်းကိုသာ ခါယမ်းလိုက်တော့၏။
***
ချန်းပေ့ရွှမ်းနှင့် ချန်းဖန်တို့၏ တိုက်ပွဲ သတင်းအား ကြားသည်နှင့် တရုတ်ပြည်မှ အထွတ်အထိပ် ပညာရှင်များကာ ဂျပန်သို့ အလျင်အမြန် ချီတက်ကြတော့သည်။ ထိုကဲ့သို့ တိုက်ပွဲကြီးအား သူတို့ လက်မလွှတ်နိုင်ချေ။
ထိုအချိန်၌ ချန်းဖန်မှာမူ ယူကီရှီရို မိသားစုတွင်သာ ရှိနေသေး၏။ သူ၏ လက်ထဲတွင်မူ တရုတ်စားလုံးများဖြင့် ရေးထားသည့် စိန်ခေါ်စာ တစ်ခုကို ကိုင်ထားခဲ့သည်။
"တာကီမီယာ ဟီရို … သူက ဘယ်သူလဲ"
ချန်းဖန်၏ ပါးစပ်မှ ထွက်လာသော စကားကြောင့် ခရမ်းနှင့် ယူကီရှီရိုဆာတို့ ဆွံအသွားကြတော့၏။
***