တိုကျို၏ ထိပ်ဆုံး၌
Vol. 4 Ch. 359
တိုကျိုမြို့လယ်၊ ရှီဘပန်းခြံ၌ တိုကျိုမျှော်စင် တည်ရှိသည်။ ထိုမျှော်စင်ကြီးကား သုံးထောင်မီတာ ရှည်လျားကာ တိုကျိုမြို့၏ အမြင့်မားဆုံး အဆောက်အအုံပင် ဖြစ်သည်။ မျှော်စင်မှာ ကမ္ဘာလှည့် ခရီးသွားများ ကြားတွင်လည်း အလွန်ကျော်ကြားသည်။
ချန်းဖန်တို့ မျှော်စင် အောက်ခြေသို့ ရောက်သည်နှင့် ထိုနေရာ တစ်ခုလုံးတွင် သိုင်းသမား များဖြင့် ပြည့်နှက်နေကြောင်း တွေ့လိုက်ရ၏။ ယနေ့တွင်မူ အခြား ဧည့်သည်များအား ဝင်ခွင့် ပိတ်ထားသည်။
"ဒီနေ့ ဘာဖြစ်လို့များလဲ… တိုကျိုမျှော်စင်က ဘာလို့ ပိတ်ထားတာလဲ…"
အိကျင့်ချီက စိတ်ပျက်စွာ ရေရွတ် လိုက်မိသည်။
တိုက်ဆိုင်စွာပင် ထိုအလန်းလေးမှာလည်း ရှီဘ ပန်းခြံသို့ ရောက်နေခဲ့သည်။ တိုကျို မျှော်စင် အဝင်ဝတွင်မူ သူမနှင့်အတူ အခြား နိုင်ငံခြားသား ဧည့်သည်များ ရှိနေပြီး ဂျပန် ဥပဒေ ထိန်းသိမ်းရေး အဖွဲ့သားများက သူတို့၏ ရှေ့တွင် စီတန်း၍ ရပ်နေခဲ့၏။
"ဘာတွေများ ဖြစ်နေတာလဲ…"
ရမ်ဟိုကလည်း မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
"မသိတော့ဘူးဟာ… တိုကျို မျှော်စင်ထိပ်ကနေ ဆိုရင် ဖူဂျီတောင်ကို မြင်နိုင်တယ် ဆိုလို့ နောက်ဆုံး ခရီးအနေနဲ့ ဒီကို ရောက်အောင်လာခဲ့တာ။ အခုကျ ပိတ်တယ်တဲ့။ ငါတို့ လေယာဉ်က မနက်ဖြန် မနက် ထွက်မှာ။ အဲဒီမြင်ကွင်းကို မကြည့်ရတော့ဘူး ထင်တယ်…"
အိကျင့်ချီက ညည်းညူလိုက်သည်။
"ချမ်းပေ့ရွှမ်းတို့တော့ ဘယ်ရောက်နေတယ် မသိဘူး… ဟိုတစ်ခေါက် တွေ့တုန်းက သူ့ဖုန်နံပါတ်ကို တောင်းထားလိုက်ရမှာ…."
အိကျင့်ချီ ရေရွတ်လိုက်စဉ်မှာပင် လူများထံမှ ဆူဆူညံညံ အသံများ ထွက်ပေါ်လာသည်။
ရုတ်တရက် တိုယိုတာ လန်ခရူဆာ၊ မာစီတီးဘန့် စသည့် ဇိမ်ခံကားများ ထိုးဆိုက်လာခဲ့သည်။
"အရေးကြီးတဲ့ တစ်ယောက်ယောက် လာတာ ဖြစ်ရမယ်။ ငါ့အထင် ဝန်ကြီး တစ်ယောက်ယောက် ဖြစ်မယ်"
အိကျင့်ချီက ထိုကားများအား ကြည့်ရင်း မှတ်ချက် ချလိုက်သည်။
"မိန်းကလေး ကျင့်ချီ… စကားပြောတာ နည်းနည်း သတိထားနော်"
အိကျင့်ချီ၏ ဘေးတွင် ရှိသော ဂျပန် လူကြီးက တရုတ် ဘာသာဖြင့် သတိပေးစကား ပြောလိုက်သည်။
"ဟုတ်တယ်… ရှောင်ချီ… အဲဒီလိုလူမျိုးတွေက ပတ်သက်မိလို့ မရဘူးနော်…"
အသက်လတ် မိန်းမကြီးကလည်း ပြောလိုက်သည်။
"အစ်မဟူ… အဲဒီလူတွေက ဘယ်သူတွေလဲ… ဘာကြောင့် စကားတောင် ပြောလို့ မရတာလဲ…"
အိကျင့်ချီက မကျေမနပ် မေးလိုက်သည်။ အစ်မဟူ ဆိုသော အမျိုးသမီးမှာ ကျောင်းဟိုင်ကပင် ဖြစ်ပြီး အိကျင့်ချီတို့ မိသားစုနှင့် ပတ်သက် ဆက်နွှယ်မှု ရှိသည်။ အစ်မဟူ၏ အမျိုးသားမှာ တာကနိုရီ စုခဲဟု ခေါ်သော ဂျပန်လူမျိုး တစ်ယောက် ဖြစ်သည်။
"သူတို့ အားလုံးက တိုကျို မြေအောက်လောကသားတွေပဲ… သူတို့ကို ရာမာဂူချီလို့ ခေါ်ကြတယ်…" အစ်မဟူ မပြောရသေးခင်မှာပင် တာကနိုရီ စုခဲက ရှင်းပြလိုက်သည်။
တာကနိုရီ၏ စိတ်ထဲတွင်မူ တရုတ်လူမျိုး အားလုံးမှာ ဂျပန်၏ အောက်တွင် ရှိသည့် ခပ်ချာချာ လူမျိုးဟု ခံယူထားသည်။ အိကျင့်ချီ၏ လှပသော မျက်နှာကြောင့်သာ မဟုတ်ပါက မိန်းကလေးကို သူမိန်းမနှင့်သာ ထားခဲ့လောက်ပြီ ဖြစ်၏။
"ရာမာဂူချီ…"
အိကျင့်ချီက ထိုနာမည်အား ကြောက်ရွံ့စွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ ရမ်ဟိုပင်လျှင် အနည်းငယ် ဖြူရော်နေခဲ့သည်။
ရာမာဂူချီ ဆိုသော အမည်မှာ တရုတ်နိုင်ငံ အထိပင် ကျော်ကြားသည်။ အိကျင့်ချီပင်လျှင် ရာမာဂူချီများ၏ ကြောက်မက်စရာ ကောင်းသော အဖြစ်အပျက်များ အကြောင်း ကြားဖူးသည်။
အိကျင့်ချီက ဝင်ပေါက်နေရာသို့ စိတ်ဝင်တစား လှမ်းကြည့်လိုက်၏။ ဆိုက်ကပ်လာသော ကားထဲမှ လူများစွာ ထွက်ပေါ်လာပြီး ဝင်ပေါက်နေရာကို တစ်ဖက် တစ်ချက် ဝန်းရံ စီတန်း လိုက်ကြသည်။ သူတို့၏ ပုံစံကား တစ်ယောက်ယောက်ကို စောင့်ကြိုနေပုံရသည်။
"သူတို့က ဘယ်သူ့ကို စောင့်နေတာလဲ… ရာမာဂူချီ ခေါင်းဆောင်ကိုလား…"
အိကျင့်ချီက တအံ့တဩ မေးလိုက်၏။
"အင်း… ဖြစ်နိုင်တယ်"
တာကနိုရီ စုခဲက အဖြေပေးလိုက်သည်။ သို့သော်လည်း ရုတ်တရက် သူ၏ မျက်လုံးများက မေးခွန်းများဖြင့် ပြည့်နှက်သွား၏။
"ခဏနေဦး… ဂျန်ယိုစာ၊ စိုင်ဝါကိုင်၊ နစ်ဆန်… မြေအောက်လောကရဲ့ ခေါင်းဆောင် ဆယ့်ခုနစ်ယောက်က ဒီကို ရောက်နေတာပဲ… တစ်ခုခုတော့ တစ်ခုခုပဲ…"
တာကရီနို စုခဲက တအံ့တဩ ရေရွတ်လိုက်၏။ သူက ဖျော်ဖြေရေး ကုမ္ပဏီ တစ်ခု၏ မန်နေဂျာ အဖြစ် အလုပ်လုပ်ရာ ထိုလူများနှင့်လည်း ဆက်ဆံရသည်။ ထို့ကြောင့် မြင်သည်နှင့် မှတ်မိလိုက်ခြင်း ဖြစ်၏။
"မြေအောက်လောက ခေါင်းဆောင် ဆယ့်ခုနစ်ယောက်လုံး စုံနေတာဆိုတော့ ဘယ်လောက်တောင် အရေးကြီးတဲ့ ကိစ္စပါလိမ့်…"
တာကနိုရီ စုခဲက ထိုမြင်ကွင်းကို တအံ့တဩ ဆက်ကြည့်လိုက်၏။
သူ၏ အကြည့်အောက်တွင်ပင် ခေါင်းဆောင် စိုင်ဝါကိုင်က မာစီဒီးဘန့်ကား ဆီသို့ လှမ်းသွားကာ ကားတံခါးအား တရိုတသေ ဖွင့်ပေးလိုက်၏။
ကားတံ့ခါး ပွင့်သွားသည်နှင့် အဖြူရောင် သိုင်းဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက် ကားထဲမှ ထွက်ပေါ်လာသည်။ ထိုမိန်းကလေး၏ မျက်နှာက အေးစက်ဟန် ရှိသော်လည်း အလွန် ဆွဲဆောင်မှု ရှိသည်။
"ဒါက ဘယ်လိုကြီးလဲ…"
တာကနိုရီ စုခဲက ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိ၏။
မြေအောက်လောက၏ ခေါင်းဆောင်များက မိန်းကလေး တစ်ယောက်ကို ရိုသေစွာ ကြိုဆိုရခြင်း ... ထိုဖြစ်ရပ်က သူတို့၏ သဘာဝနှင့် ဆန့်ကျင်၍ နေသည်။
မိန်းကလေးက ကားထဲမှ ထွက်လာပြီးသည့် နောက်တွင် ပန်းခြံထဲသို့ ဝင်မသွားပဲ တစ်ယောက်ယောက်ကို စောင့်ဟန် ရပ်နေပြန်သည်။ သိပ်မကြာခင်မှာပင် အခြား ဇိမ်ခံကားများ ဆိုက်ကပ်လာကာ လူများ ထွက်ပေါ်လာပြန်သည်။
"ဆိုနီ၊ တိုယိုတာ၊ မစ်ဆုလုပ်ငန်းတွေရဲ့ စီအီးအိုတွေ၊ ငြိမ်းချမ်းရေး ကျောင်းတော်ရဲ့ ခေါင်းဆောင်… နောက်ပြီး..."
တာကနိုရီ စုခဲ ပါးစပ်မှ ထွက်ပေါ်လာသော နာမည် တစ်ခုချင်းစီက အလွန် ကျော်ကြားသော အမျိုးသား၊ အမျိုးသမီးများ၏ နာမည်များ ဖြစ်သည်။ တရုတ်တွင် နေသော အိကျင့်ချီပင်လျှင် ထိုလူများထဲမှ အချို့ကို ကြားဖူးသည်။
သို့သော်လည်း ထိုလူများက ဝင်ပေါက်နေရာတွင်ပင် ရပ်၍ တစ်ယောက်ယောက်အား စောင့်နေပြန်သည်။ ယနေ့၌ အလွန်အရေးကြီးသည့် တစ်စုံတစ်ယောက် ရောက်လာမည်မှာ ကျိန်းသေသည်။
အိကျင့်ချီနှင့် အခြားလူများကား ပြန်ရန် မတွေးတော့ပဲ နေရာတွင်ပင် ရပ်ကာ ထိုမြင်ကွင်းကို ကြည့်ကြသည်။ ရောက်ရှိလာမည့် တစ်ယောက်အား သူတို့ အမှန်ပင် စိတ်ဝင်စားကြ၏။
"ဝန်ကြီးချုပ် ရောက်လာမှာ ထင်တယ်နော် … ဒါမှ မဟုတ် သူ့လို အင်အားကြီး လူတစ်ယောက်များလား…"
တစ်စုံတစ်ယောက်က ခန့်မှန်းပြောဆို လိုက်သည်။
"မဖြစ်နိုင်ဘူး… မစ်ဆုလုပ်ငန်းစုရဲ့ မန်နေဂျာ ကိုယ်တိုင်ရောက်နေတာ မတွေ့ဘူးလား… ငါ့အထင်တော့ အနောက်နိုင်ငံတွေက ခေါင်းဆောင် တစ်ယောက် ဖြစ်မယ် ထင်တယ်…"
အခြားတစ်ယောက်က ပြန်ပြောလိုက်၏။
"အစ်မဟူ… အဲဒါ တရုတ်လာတဲ့ တစ်ယောက်ယောက် ဖြစ်နေမလား…"
အိကျင့်ချီက စိတ်ဝင်တစား မေးလိုက်၏။
အစ်မဟူ မပြောခင်မှာပင် တာကနိုရီ စုခဲက နှာခေါင်းရှုံ့ရင်း…
"မစ်ဆုလုပ်ငန်းစုရဲ့ ခေါင်းဆောင်ကို ဂျပန် ပါလီမန်ကတောင် လေးစားရတာ… ဘယ်တရုတ်ကမှ သူ့အချိန်အတွက် မထိုက်တန်ဘူး…”
အိကျင့်ချီ၏ မျက်လုံး၌ မကျေနပ်ဟန် အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။
ဤသို့ဖြင့် နေ့အလင်းရောင်က တဖြည်ဖြည်း လျော့ကျလာကာ မီးအလင်းရောင်များက တိုကျိုမျှော်စင်၌ ထွန်းလင်းလာခဲ့၏။ များစွာသော လူများကား စိတ်ဝင်တစား စောင့်နေကြဆဲပင်။
အိကျင့်ချီတို့မှာမူ စိတ်မရှည်နိုင်တော့ပေ။ သူမတို့က အိမ်သို့ ပြန်ရန် လှည့်လိုက်စဉ်မှာပင် အနက်ရောင်ဝတ် လူငယ် တစ်ဦးနှင့် ခရမ်းရောင် ဆံပင်ရှိသည့် အလွန်လှပသော မိန်းကလေး တစ်ဦး ဝင်ပေါက်ရှိရာသို့ လျှောက်လာခဲ့၏။ မိန်းကလေးက တိုကျိုမျှော်စင်တွင် ရောက်ရှိနေသော လူအုပ်စုကို ကြည့်ကာ အနည်းငယ် အံ့အားသင့် သွားသော်လည်း လူငယ်ကမူ ဂရုစိုက်ပုံ မရပေ။
"ဒီကောင်လေးက သေချင်နေတာလား… ဟိုလူအုပ်ဆီကို တန်းတန်းမတ်မတ် သွားနေတာ…"
များစွာသော လူများက လူငယ်အား ကရုဏာသက်စွာ ကြည့်နေကြသည်။ ထိုလူငယ်ကား တိုကျိုမျှော်စင် အဝင်ဝရှိ လူများ၏ အစစ်အမှန် ပုံရိပ်ကို သိပုံ မရေချေ။
အိကျင့်ချီနှင့် ရမ်ဟိုတို့မှာလည်း လူငယ်အား မြင်သည်နှင့် အလွန် အံ့အားသင့် သွားကြသည်။ သူကား လေယာဉ်ပေါ်၌ ဆုံခဲ့ဖူးသော ချန်းပေ့ရွှမ်းပင်။
"ဒီနေ့ ကံကောင်းတဲ့နေ့ပဲ…" အိကျင့်ချီက ပျော်ရွှင်စွာ ပြောရင်း လက်ဝှေ့ယမ်းပြရန် ဟန်ပြင်လိုက်၏။
သို့သော်လည်း အဖြူရောင် သိုင်းဝတ်စုံဝတ် မိန်းကလေးက ချန်းပေ့ရွှမ်းထံသို့ လျှောက်သွားကာ နှုတ်ဆက်လိုက်သည်ကို သူမ တွေ့လိုက်ရ၏။
"ဆရာချန်းပေ့ရွှမ်း… ကျွန်မတို့ ဆရာ့ကို စောင့်နေတာပါ…"
မစ်ဆု ယူတို၊ အိတို အိမိ၊ ကာရိုကာဝါရှိုနှင့် အခြား လူများစွာမှာလည်း ရှေ့သို့ အနည်းငယ် တိုးရင်း ချန်းဖန်ကို နှုတ်ဆက်ကြသည်။
တိတ်ဆိတ်မှုက ပန်းခြံတစ်ခုလုံးအား စိုးမိုးသွား၏။ အိကျင့်ချီ၏ နှုတ်ခမ်းများက မယုံကြည်နိုင်မှုဖြင့် ပွင့်ဟ လာခဲ့ဟ။
"ဒါက ဘာလဲ…"
***