ပျံလွှားနီလေး၏ သတိပေးမှု
Vol. 4 Ch. 360
"သူက ဘယ်သူလဲ… ငါ သူ့ကို တစ်ခါမှ တီဗွီမှာ မတွေ့ဖူးပါဘူး…"
"သူက အမေရိကန် သမ္မတရဲ့သားလား… ဒါမှမဟုတ် အင်္ဂလန် ဝန်ကြီးချုပ်ရဲ့ ဆက်ဆံသူလား… ဘာကြောင့် အရမ်းကို အရေးကြီးတဲ့သူလို ကြိုဆိုကြတာလဲ…"
"ပေါက်ကရတွေ လျှောက်မပြောနဲ့… အမေရိကန် သမ္မတက လူမည်း… ဒီကောင်လေးက အာရှရုပ်ပါ…"
အချို့လူများကမူ အီရီကာ နှုတ်ဆက်လိုက်သော စကားထဲမှ "ချန်းပေ့ရွှမ်း" ဆိုသော နာမည်အား ကြားလိုက်ရသည်။ ထိုလူငယ်လေး၏ နာမည်က ချန်းပေ့ရွှမ်း ဖြစ်ပေမည်။ သို့သော်လည်း "ချန်းပေ့ရွှမ်း" ဆိုသော ပုဂ္ဂိုလ်ကို သူတို့ မကြားဖူးချေ။
"သူက တရုတ် အချမ်းသာဆုံး သူဌေးကြီးရဲ့ သားလား…"
တစ်စုံတစ်ယောက်က သံသယ ရှိစွာ မေးလိုက်၏။
"ချီး… ဖြစ်မလားကွ… မစ်ဆု လုပ်ငန်းစု ပိုင်ရှင်ကို မင်းမတွေ့ဘူးလား… သူက တရုတ်ရဲ့ အချမ်းသာဆုံးထက်တောင် ဆယ်ဆ ပိုချမ်းသာတယ်။ ငါ့အထင်အရဆို အဲဒီ လူငယ်လေးက ငါတို့နိုင်ငံ ခေါင်းဆောင်လောင်း ထင်တယ်။ တရုတ်က တစ်ယောက်ယောက်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး…"
အခြားတစ်ယောက်က ပြန်ပြောလိုက်၏။
အိကျင့်ချီမှာမူ အံ့အားသင့်နေဆဲပင်။ ရမ်ဟိုပင်လျှင် ပါးစပ် အဟောင်းသား ဖြစ်နေဆဲ ဖြစ်၏။ သူကား တရုတ်နိုင်ငံ၊ အဆင့်မြင့် လုပ်ငန်း တစ်ခု၏ မန်နေဂျာ ဖြစ်ရာ မစ်ဆု ယူတို၏ ချမ်းသာမှုနှင့် လွှမ်းမိုးနိုင်စွမ်းကို ကောင်းစွာသိသည်။
ထိုကဲ့သို့ ပုဂ္ဂိုလ်ကြီးကပင် ကြိုဆိုရသော ချန်းပေ့ရွှမ်း၏ ပုံရိပ် အစစ်အမှန်က အဘယ်နည်း။ ထိုမေးခွန်းက ရမ်ဟို၏ စိတ်ကို စိုးမိုးထားသည်။
ရုတ်တရက် ချန်းပေ့ရွှမ်းက သူတို့ဘက် အနည်းငယ် လှည့်လာသည်ကို ရမ်ဟို သတိထားလိုက်မိသည်။ သို့သော်လည်း ချန်းပေ့ရွှမ်းက သူ့ကို သတိထားမိပုံပင် မပေါ်ချေ။ သူ၏ အကြည့်က အရပ်ရှည်ကာ ချောမောသည့် အိကျင့်ချီ ထံ၌ ရပ်တန့်သွား၏။
ချန်းဖန်က အိကျင့်ချီကို တွေ့သည်နှင့် သူမထံ လျှောက်လာခဲ့သည်။
"ဆရာချန်းပေ့ရွှမ်း… ဆရာကြီး တာကီမီယာက ဆရာ့ကို စောင့်နေပါတယ်။ ဒါကြောင့် ကျွန်မတို့က တိုကျိုမျှော်စင်ကို ဒီနေ့မှာ ပိတ်ထားတာပါ…"
အီရီကာက ချန်းဖန်အား ရှင်းပြလိုက်သည်။ သို့သော်လည်း ချန်းဖန်က သူမကို ဂရုမစိုက်ပဲ အိကျင့်ချီထံသို့ လျှောက်လာခဲ့၏။ အီရီကာ၏ မျက်နှာက မည်းမှောင်သွားပြီး မျက်လုံးများက ဒေါသအရိပ်အငွေ့များ ဖြတ်ပြေးသွားသည်။
"ကိုနိုယာရူ…" သူမက စိတ်ထဲမှ ကျိတ်၍ ဆဲလိုက်သည်။
"ဟမ်… ဟိုကောင်လေးက ဒီကို လာနေတာလား…"
တာကနိုရီ စုခဲက သူတို့ ထံသို့ လျှောက်လာသော ချန်းဖန်ကို ကြည့်ရင်း ဆွံ့အသွားခဲ့သည်။ သို့သော်လည်း မကြာခင်မှာပင် ထိုကောင်လေးမှာ သူ့ထံသို့ လာခြင်း မဟုတ်ကြောင်း သဘောပေါက် သွား၏။
ချန်းဖန်က သူတို့အား ရှိသည်ဟုပင် ထင်ပုံမရပဲ အိကျင့်ချီကိုသာ နှုတ်ဆက်လိုက်သည်။
"တိုက်ဆိုင်လိုက်တာ… မင်းတို့ကို တိုကျိုမှာ ပြန်တွေ့မယ်လို့ မထင်ထားခဲ့ဘူး…"
"အင်း… ဟုတ်တယ်။ ငါတို့ တတိယ အကြိမ် ပြန်ဆုံတာနော်…"
အိကျင့်ချီက ပျော်ရွှင်စွာဖြင့် ပြန်လည် နှုတ်ဆက်လိုက်၏။ ဂျပန် ထိပ်တန်းလူများကြား၌ ချန်းပေ့ရွှမ်းက သူ့ကို လာရောက် နှုတ်တက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
တာကနိုရီ စုခဲနှင့် အမဟူတို့ကား ထိုမြင်ကွင်းကို ကြည့်ရင်း စကား တစ်ခွန်းပင် မပြောနိုင်လောက်အောင် ဆွံ့အနေတော့သည်။ ထိုအရာက ယုံကြည်ရန် အလွန်ပင် ခက်ခဲ့၏။
"နင် တိုကျိုမျှော်စင်ကို လာတာဆိုရင် မြန်မြန်ပြန်တာ ကောင်းလိမ့်မယ်။ ဒီမှာ ဆိုးဆိုးဝါးဝါး တစ်ခု ဖြစ်တော့မှာ…"
ချန်းဖန်က အိကျင့်ချီအား အလေးအနက် သတိပေးပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ရင်း ပန်းခြံအတွင်း ဝင်သွားတော့၏။
တစ်လျှောက်လုံး၌ ချန်းဖန်က ရမ်ဟိုအား တစ်ချက်ပင် လှည့်ကြည့် မသွားခဲ့ချေ။ သူ့အတွက် ရမ်ဟိုကဲ့သို့သော သူမှာ သေးငယ်သည့် အင်းဆက်ပိုးမွှားလေးသာ ဖြစ်သည် မဟုတ်ပါလား။
ရမ်ဟိုက သက်ပြင်းတစ်ချက် အသာအယာ ချမိသည်။ သို့သော်လည်း ချန်းဖန်၏ သူ့ကို ဂရုမစိုက်သော အမူအရာကြောင့် အနည်းငယ် ဒေါသထွက်နေခဲ့သည်။ မည်သို့ပင် ဆိုစေ သူတတ်နိုင်သော အရာမရှိချေ။
ချန်းဖန်တို့ တိုကျိုမျှော်စင်အတွင်း ဝင်သွားသည်နှင့် တာကနိုရီ စုခဲက ပြန့်ကျဲနေသော စိတ်များကို ပြန်လည် စုစည်းလိုက်ရင်း…
"နင်… နင် သူနဲ့ သိတာလား…"
သူ၏ စကားများ အနည်းငယ်ပင် ထစ်ငေါ့နေ၏။
"ဟုတ်တယ်လေ… ကျွန်မတို့က မိတ်ဆွေတွေပဲဟာ…"
အိကျင့်ချီက မေးစေ့အား မော့ရင်း မာနကြီးစွာ ပြန်ဖြေလိုက်သည်။ သို့သော်လည်း အမှန်တကယ် ချန်းပေ့ရွှမ်းနှင့် ဆုံဖူးသည်က သုံးကြိမ်သာ ရှိသေးသည်။ မိတ်ဆွေဆိုသော အဆင့်ကို ရောက်ရန်မှာ အလှမ်းကွာဝေး နေသေးသည်။
တစ်ဖက်၌ တာကနိုရီ စုခဲ၏ မျက်နှာက တစ်စုံတစ်ရာအား တွေးမိသည့်အလား ပြုံးလာခဲ့၏။ သူ၏ အတွေးတွင်မူ ချန်းပေ့ရွှမ်းမှာ မစ်ဆု ယူတိုကပင် လေးစားရသူ ဖြစ်ရာ ချန်းပေ့ရွှမ်းသာ ပြောဆိုပေးလျှင် သူ၏ ရာထူးအဆင့်က လျင်မြန်စွာ တက်လာလိမ့်မည် ဟူသော အတွေးက စိုးမိုးနေခဲ့သည်။
ခင်ပွန်းသည်၏ အမူအရာကို ကြည့်ရင်း အမဟူမှာ စိတ်ပျက် လက်ပျက် ဖြစ်နေပုံ ပေါ်သည်။ ထို ဂျပန်ကောင်အား လက်ထပ်မိသည့် အတွက် သူမ အလွန်ပင် နောင်တ ရမိသည်။
ထိုအချိန်၌ ချန်းဖန်ကမူ အထွတ်အထိပ် ပညာရှင်များ၊ သူဌေးကြီးများအား ခြံရံရင်း ရှီဘ ဥယျာဉ်အတွင်း ရောက်နေခဲ့ပြီ ဖြစ်၏။ ထိုပန်းခြံမှာ တိုကျို၏ ရှေးအကျဆုံး ပန်းခြံထဲမှ တစ်ခုဖြစ်သည်။ ဆောင်းရာသီ ဖြစ်ရာ ပန်းခြံတစ်ခုကား ဆာခူရာ ပန်းများဖြင့် ပြည့်နှက် နေတော့၏။
ပန်းခြံ အတွင်းတွင်မူ ကမ္ဘာတစ်ခုလုံးရှိ သိုင်းပညာရှင်များ စုစည်း ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
လူအုပ်ထဲတွင် ပါးကျီဂိုဏ်းမှ ကူရှောင်မန် ရောက်နေကြောင်း ချန်းဖန် တွေ့လိုက်ရသည်။ ကူရှောင်မန်က လက်သီးဆုပ်ရင်း ချန်းဖန်အား အရိုအသေ ပေးလိုက်သည်။ သူ၏ ဒဏ်ရာများက အလုံးစုံ ပြန်ကောင်းနေပြီ ဖြစ်၏။ သူ၏ မျက်လုံးတွင်မူ လေးစားခြင်းနှင့် ဂုဏ်ယူခြင်းတို့က စိုးမိုးနေခဲ့သည်။ အတိတ်၌ မည်သို့ပင် ဖြစ်ခဲ့စေကာမူ ယခုအချိန်တွင် ချန်းဖန်က နိုင်ငံကို ကိုယ်စားပြုနေသည် မဟုတ်ပါလား။
ချန်းဖန်က လူထုအား ဆက်လက် ကြည့်လိုက်သည်နှင့် ရင်းနှီးသော မျက်နှာတစ်ခုအား မြင်တွေ့လိုက်ရ ပြန်သည်။ သူမကား တရုတ်နိုင်ငံ အထူးဌာနမှ ပျံလွှားနီလေးပင်။
"သူ ဘယ်လို ရောက်နေတာလဲ…"
ချန်းပေ့ရွှမ်း တွေးနေစဉ်မှာပင် ပျံလွှားနီလေး၏ အသံက သူ၏ စိတ်အတွင်း တိုးဝင်လာ၏။
"ဂရုစိုက်… တာကီမီယာ ဟီရိုက အရမ်း အစွမ်းထက်တယ်။ သူက အမှောင် သတ်မှတ်ချက် ထိပ်ဆုံးက လူတွေလောက် အစွမ်းထက်တယ်။ သူက အထွတ်အထိပ်ရဲ့ ထိပ်ဆုံးမှာ ရှိနေပြီးတော့ တန်ခိုးရှင် အဆင့်နဲ့ ခြေတစ်လှမ်းပဲ ကွာတော့တယ်။ တိုက်ပွဲအတွင်းမှာတင် တန်ခိုးရှင် အဆင့်ကို တက်လှမ်း သွားနိုင်တယ်။ ရှင်နိုင်ရင် ထွက်သာပြေး။ ရှက်က ငယ်ငယ်လေးပဲ ရှိသေးတယ်။ ရှင့်ရဲ့ အနာဂတ်က သူတို့ထက် ပိုသာမှာ ကျိန်းသေတယ်။ အနာဂတ်မှာ ရှင်က တန်ခိုးရှင်အဆင့်ကို ရောက်မှာ သေချာတယ်။ ဒါလို မရေးမပါတဲ့ ပွဲလေးမှာ ရှင့်ရဲ့ အသက်ကို မဖြုန်းတီးမိစေနဲ့…"
ပျံလွှားနီလေးက ဝိညာဉ်စွမ်းအင်ကို သုံးကာ လျှို့ဝှက် အသံ လွှဲပြောင်းနည်းစနစ်ဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူမ၏ ဝိညာဉ်စွမ်းအင်က ချန်းဖန်ကဲ့သို့ မသန်မာသည့်တိုင် ထိုအသံကို ချန်းဖန် ကောင်းစွာ ကြားရသည်။ သို့သော်လည်း သူမ၏ စကားတစ်ဝက်ကမူ အနည်းငယ် တုန်ခါနေ၏။
"စိတ်မပူနဲ့ … တာကီယီယာ ဟီရိုက ငါ့ပြိုင်ဘက် မဟုတ်ဘူး…"
ချန်းဖန်က သူမအား အသိအမှတ်ပြုဟန် ပြုံးပြလိုက်သည်။ တာကီမီယာဟီရို တန်ခိုးရှင် အဆင့် ဖြစ်နေလျှင်ပင် ချန်းဖန် ယုံကြည်ချက် ရှိသည်။ သို့သော်လည်း ပျံလွှားနီလေး၏ သတိပေးချက်ကိုမူ သူ တန်ဖိုးထား၏။
သို့သော်လည်း သူ၏ တုန့်ပြန်မှုက ပျံလွှားနီလေးကို ကျေနပ်စေပုံ မရချေ။ သူမ၏ မျက်နှာက အနည်းငယ် အေးစက်သွားကာ ဘေးဘက်သို့ ဒေါသတကြီး လှည့်ထွက် သွားတော့သည်။
တရုတ် သိုင်းပညာရှင် အားလုံးနီးပါးက ချန်းပေ့ရွှမ်းကို ယုံကြည်သော်လည်း ထိုအထဲ၌ ပျံလွှားနီလေး မပါချေ။ တာကီမီယာ ဟီရို၏ အချက်အလက် အသေးစိတ်ကို တွေ့မြင်ခဲ့ရချိန်၌ သူမ အလွန် အံ့အားသင့်ခဲ့သည်။ ထိုအဘိုးကြီးကား အမှန်ပင် မလွယ်ကူချေ။ အမှောင် သတ်မှတ်ချက် ထိပ်ဆုံး၌ ရှိသော လူများကိုပင်လျှင် အနိုင်ယူနိုင်စွမ်း ရှိသူ ဖြစ်သည်။
ခရမ်းကမူ ယုံကြည်ချက် ရှိစွာပင် တိုကျို မျှော်စင်ရှိရာသို့ သွားနေသည့် ချန်းဖန်အား ကြည့်နေခဲ့သည်။
ချန်းဖန်က မျှော်စင် အခြေတွင် ရပ်ရင်း မိုးထိအောင် မြင့်မားလှသည့် မျှော်စင်ကြီးအား မော့ကြည့်လိုက်၏။ ထိုမျှော်စင်ကြီးနှင့် ယှဉ်ပါက လူသား ခန္ဓာကိုယ်မှာ ဖုန်မှုန့်လေးအလား သေးငယ်သည်ဟု သူ ခံစားလိုက်ရသည်။
"ဆရာချန်းပေ့ရွှမ်း … ဓားသူတော်စင်က မျှော်စင်ထဲမှာ စောင့်နေပါတယ်…"
အီရီကာက ချန်းဖန် အနားသို့ လျှောက်လာကာ စူးရဲစွာ ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
"မင်း ငါ့ကို ခုလို ကြည့်ရဲတဲ့ အတွက် မင်း နောင်တရအောင် ငါလုပ်ပြမယ်…"
ချန်းဖန်က သူမအား ကြိမ်းမောင်းလိုက်၏။ အီရီကာ၏ မျက်နှာက ဒေါသဖြင့် ဖုံးလွှမ်း မသွားခင်မှာပင် ချန်းဖန်က ကျယ်လောင်စွာ ရယ်မောရင်း လေထဲသို့ ပျံတက်လိုက်၏။ မကြာခင်မှာပင် ချန်းဖန်၏ ခန္ဓာကိုယ်မှာ ထူထပ်သော တိမ်များအကြား ပျောက်ကွယ် သွားတော့၏။
"ဘာလဲ…" လူများစွာကား ချန်းဖန်အား ကြည့်ရင်း အလွန် အံ့အားသင့် နေကြတော့၏။ တာကီမီယာ ဟီရို မျှော်စင်ထိပ်သို့ မည်သို့ တက်ရောက်ခဲ့ကြောင်း သူတို့ မတွေ့မြင်လိုက် ရသော်လည်း ချန်းဖန်၏ လှုပ်ရှားမှုကမူ သူတို့ လုံးဝ မထင်ထားခဲ့သော အရာပင်။
လူတစ်ယောက်က ကမ္ဘာမြေ ဆွဲအားကို ဆန့်ကျင်ပြီး ပျံသန်းနိုင်ခြင်း … ထိုအရာကား သာမန်လူသားတို့၏ လုပ်နိုင်စွမ်းမှ ကျော်လွန်နေပြီ ဖြစ်သည်။
အီရီကာမှာ ချန်းဖန်၏ စကားကြောင့် ဒေါသထွက်ရမည့် အလား ထိုမြင်ကွင်းအား ကြည့်ရင်း ဆွံ့အနေခဲ့တော့သည်။
ချန်းဖန်ကမူ လျင်မြန်စွာပင် မျှော်စင်ထိပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ မျှော်စင်ထက်တွင်မူ အရပ်ရှည်ရှည်နှင့် ချောမောသော အသက်လတ်လူကြီး တစ်ယောက် ရှိနေခဲ့သည်။ သူက ချန်းဖန်အား တွေ့သည်နှင့်…
"ချန်းပေ့ရွှမ်းစံ… ကျုပ်မင်းကို စောင့်နေတာ…"
***