ဇာတ်ကောင်အဆင့်တက်၊ နတ်ဘုရားမတောင်ပွင့်?
Vol. 65 Ch. 961
ချင်လင်က အရည်အသွေး ၁ သစ်မွှေးနှင့်နံ့သာနီအကုန်ထုတ်လိုက်သည်။ သစ်နှစ်မျိုးကို နှစ်ပုံပုံထားသည်။
ဂိမ်းအရည်အသွေးကိုထည့်မတွက်ရင်တောင် အရည်အသွေး ၁ သစ်မွှေးက စျေးကွက်ထဲတွင် တစ်ကတ်တီ ယွမ် ၄၀၀၀ မှ ၆၀၀၀ ရှိသည်။
ဂိမ်းထုတ်ကုန်များအတွက် ဂိမ်းအရည်အသွေးမပါလျှင် ထုတ်ကုန်တစ်ခုချင်းအများဆုံးစျေး ယွမ် ၆၀၀၀ ဖြစ်သည်။
သစ်မွှေးတစ်တုံးကိုအနည်းဆုံးကတ်တီ ၄၀ ရှိပြီး ယွမ် ၂၄၀၀၀၀ ကျော်တန်သည်။
ဒီသစ်မွှေးတစ်ပုံဆို အများကြီးတန်ဖိုးရှိသည်။
နောက်ပြီး နံ့သာနီရှိသေးသည်။
နံ့သာနီက သစ်မွှေးထက်ပိုစျေးကြီးသည်။
ချင်လင်က သစ်အားလုံးရွှေ့ပြီး ကျောက်လီယွမ်တို့အဖွဲ့ကိုဖုန်းဆက်ကာ သယ်ခိုင်းသည်။
ချင်းလင်ကုမ္ပဏီဖွံ့ဖြိုးမှုနှင့်အတူ တခြားကားကုမ္ပဏီများကလည်း ချင်းလင်ကုမ္ပဏီနှင့်စာချုပ်လက်မှတ်ထိုးပြီး ဖွံ့ဖြိုးလာကြသည်။
ကျောက်လီယွမ်၏အဖွဲ့က ဖွံ့ဖြိုးမှုအမြန်ဆုံးပင်။
အစပိုင်းက အားလုံးထဲမှာ သူ့ယာဉ်အဖွဲ့ အသေးဆုံးဖြစ်သည်။ သို့ရာတွင် ချင်လင်၏ကိစ္စဝိစ္စများမကြာခဏဆောင်ရွက်ပေးသောကြောင့် တန့်ကွမ်းက သူ့ကိုပိုကြည့်ပေးသည်။
အခု သူ့ကားအဖွဲ့ကအကြီးဆုံးဖြစ်လာပြီး ချင်းလင်ကုမ္ပဏီကထွက်မရသည့်သဘောလည်းဖြစ်လာသည်။
ချင်းလင်ကုမ္ပဏီက သူနှင့်စာချုပ်ရပ်ဆိုင်းသည့်တစ်နေ့ သူ့အဖွဲ့မှာဟိုမရောက်ဒီမရောက်နှင့် အဆုံးသတ်ရလိမ့်မည်။
ချင်လင်က ခေါ်ခိုင်းခဲသည်။ ကျောက်လီယွမ်လည်း ယာဉ်တန်းနှင့်အတူ မင်မြို့တော်မှချင်လင်၏ဂိုဒေါင်ရှိရာနေရာသို့ချက်ချင်းရောက်လာသည်။
ဥက္ကဌချင်အတွက်မလုပ်ပေးရတာကြာပြီဖြစ်၍ သူစိုးရိမ်နေခဲ့သည်။
ကျောက်လီယွမ်က သူ့လူများနှင့်ရောက်လာပြီး ကားပေါ်မှဆင်းဆင်းချင်း ချင်လင်ကိုနှုတ်ဆက်လိုက်သည်_
"ဥက္ကဌချင်... ကျွန်တော်တို့သယ်ရမယ့်သစ်တွေရော?''
"ဂိုဒေါင်ထဲမှာ... ပစ္စည်းသယ်ရင် ဂရုစိုက်နော်''
ချင်လင်ကတန်းပြောသည်။
"မပူပါနဲ့ ဥက္ကဌချင်... ကျွန်တော့်လူတွေက မပေါ့ဆပါဘူး''
ကျောင်လီယွမ်က ချက်ချင်းကတိပေးပြီး သူ့လူများကိုဂိုဒေါင်ထဲခေါ်သွားသည်။ အထဲတွင် သစ်ပုံနှစ်ပုံတွေ့သည်။
သူတို့ကချက်ချင်းရှေ့တိုးသွားပြီး သစ်များသယ်ကြသည်။ စသယ်သည်နှင့် ပုံမှန်မဟုတ်သည်ကို သူတို့လည်းသတိထားမိသည်။
"အာ.. ဒီသစ်တွေက ဝိတ်ပါတယ်! ပုံမှန်သစ်က ဒီလောက်မလေးဘူး"
"ဒီသစ်က ပိုလေးတယ်... လုံးဝသာမန်သစ်မျိုးမဟုတ်ဘူး''
"သာမန်ဘယ်ဟုတ်မလဲ... မင်းတို့အနံ့မရဘူးလား?''
ဥက္ကဌချင်က သာမန်သစ်သယ်မည်မဟုတ်မှန်း ကျောက်လီယွမ်ကသိသောကြောင့် အမြန်တိုက်တွန်းလိုက်သည်_
"ဘာတွေပြောနေကြတာလဲ? မြန်မြန်သုတ်သုတ်လုပ်... ပြီးတော့ အဖိုးတန်သစ်တွေ... မတိုက်မိစေနဲ့''
သူ့အသံကြောင့် အားလုံးကမပေါ့ဆရဲ။ တစ်ယောက်ပြီးတစ်ယောက် သစ်ကိုကားပေါ်သေချာရွှေ့ကြသည်။
သစ်အားလုံးတင်ပြီးသောအခါ ချင်လင်က ကျောက်လီယွမ်အဖွဲ့နှင့်အတူ ရုံချန်းပြန်လာသည်။
သစ်များ ချင်းလင်အပန်းဖြေစံအိမ်ရောက်သောအခါ ချင်လင်က ချန်တပေနှင့်ချင်းလင်စံအိမ်အင်ဂျင်နီယာအဖွဲ့ကိုဖုန်းဆက်ပြီး အပန်းဖြေစံအိမ်ထဲနေရာရွှေ့ခိုင်းသည်။
ချင်းလင်စံအိမ်မှာ လက်ရှိအခြေအနေအထိဖွံ့ဖြိုးလာသောကြောင့် ကိုယ်ပိုင်အင်ဂျင်နီယာအဖွဲ့ရှိ၍ တချို့စံအိမ်ပရောဂျက်များကိုကိုယ်တိုင်လုပ်နိုင်သည်။
ဥပမာ ယခုမျှော်စင်နှင့်စင်္ကြံဆောက်လုပ်ရေးကို အင်ဂျင်နီယာဌာနကလုပ်နိုင်သည်။
ချန်တပေကိုခေါ်ခြင်းက အခြေအနေကိုကြီးကြပ်ဖို့ပင်။ မည်သို့ဆိုစေ သစ်အားလုံးက သစ်မွှေးနှင့်နံ့သာနီများဖြစ်နေသည်။
"သူဌေး... မျှော်စင်နဲ့စင်္ကြံကို ဒီသစ်တွေနဲ့ဆောက်တာ နည်းနည်းမများဘူးလား?''
ချန်တပေမျက်နှာမှာ အံ့ဩမှုကအတိုင်းသား။
သစ်မွှေးနှင့်နံ့သာနီအကြောင်း သူသိသည်။ စံအိမ်ဝင်ပေါက်ကဆိုင်းဘုတ်၊ လက်ဖက်ရည်စားပွဲနှင့် သူဌေးရုံးခန်းစားပွဲ အားလုံးအတူတူပင်။
သူဌေးလူယုံတစ်ဦးဖြစ်၍ သူဌေးအကြိုက်ကိုသူသိထားရသည်။ သက်ဆိုင်ရာဗဟုသုတများဖတ်ပြီး သစ်မွှေးနှင့်နံ့သာနီစျေးကွက်တန်ဖိုးတောင်သိသည်။
အခု သူဌေးက သစ်မွှေး၊နံ့သာနီတွေဒီလောက်အများကြီးရခဲ့တာ။ စဉ်းစားကြည့်၊ သူဘယ်လောက်လက်ဖွာလိုက်လဲ?
ပြည်တွင်းမှာ သစ်မွှေးနဲ့နံ့သာနီစုနေတဲ့သူတွေသာသိရင် ရူးကုန်မှာ။
ထို့ကြောင့် ချန်တပေက မပေါ့ဆရဲ။ ချက်ချင်းလုံခြုံရေးအစောင့်များခေါ်ပြီး သစ်ပုံကိုစောင့်ကြည့်ခိုင်းသည်။
အင်ဂျင်နီယာဌာနမှလူများကလည်း ချက်ချင်းအလုပ်စသည်။ ၂ နာရီမပြည့်မီ ဒီဇိုင်းတချို့ဆွဲပြီး ချင်လင်ဆီအပ်ကြသည်။
မျှော်စင်နှင့်စင်္ကြံဗိသုကာဒီဇိုင်းများစွာပေးသည့်အထဲတွင် လက်ရှိရေပန်းအစားဆုံးဒီဇိုင်းများပါသည်။
ချင်လင်က အပန်းဖြေစံအိမ်ပတ်ဝန်းကျင်၊ရှုခင်းနှင့်အသင့်တော်ဆုံးဖြစ်သော ရှေးကျကျ၊ရိုးရိုးရှင်းရှင်းပုံစံတစ်ခုကိုရွေးလိုက်သည်။
နောက်တစ်နေ့_
အင်ဂျင်နီယာဌာနကအလုပ်စသောအခါ တစ်ချိန်လုံးစောင့်ကြည့်ရန်လူများစီစဉ်ထားသည်။ သူလည်း ခဏခဏသွားပြီးကြီးကြပ်သည်။
ချင်းလင်စံအိမ်အင်ဂျင်နီယာဌာနမှာ ကျွမ်းကျင်သူများဖြစ်၍ ရက်ပိုင်းအတွင်း မျှော်စင်နှင့်စင်္ကြံတစ်ဝက်ဆောက်ပြီးသွားသည်။
ဒီရက်ပိုင်း ချင်လင်က ဆောက်လုပ်ရေးတိုးတက်မှုအခြေအနေကိုအာရုံစိုက်ထားသည်။ အခုတစ်ဝက်ပြီးပြီဖြစ်၍ မျှော်စင်နှင့်စင်္ကြံက အပန်းဖြေစံအိမ်ပတ်ဝန်းကျင်နှင့်လိုက်ဖက်မှုရှိမရှိ ကြည့်နိုင်ပြီ။
ကြည့်ပြီး သူစိတ်သက်သာရာရသွားသည်။
ရုံးခန်းထဲပြန်မည်အပြုတွင် ချန်ရှန်းဖေဖုန်းဝင်လာသည်။
"လောင်ချန်... ဒီနေ့ ဖုန်းတွေဘာတွေဆက်လို့?''
ချင်လင်ကဖုန်းကိုင်ပြီး ပြုံးလိုက်သည်။
ချန်ရှန်းဖေအသံကိုလည်းကြားရသည်_
"လောင်မာနဲ့ငါ ရုံချန်းရောက်နေတာ... အခုတလော မသောက်ရတာကြာလို့ ငတ်နေတာ... အရင်ကဝယ်ထားတဲ့ချင်းလင်ဝိုင်နှစ်ပုလင်းကုန်သွားပြီ''
ချင်လင်ကတန်းသဘောပေါက်သည်။ သူကပြုံးပြုံးနှင့်_
"တိုက်ဆိုင်လိုက်တာ! ချင်းလင်ဝိုင်တွေအများကြီးရှိနေလို့ ခင်ဗျားတို့အတွက်နှစ်ပုလင်းဖယ်ထားတာ!''
လေလံမှာ အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ချင်းလင်ဝိုင်ပုလင်း ၃၀ သာရောင်းခဲ့သည်။ လီရှင်းက တချို့တဝက်ယူသွားသည်။ သူ့ဝိုင်သိုလှောင်ခန်းထဲတွင် ချင်းလင်ဝိုင်ပုလင်း ၁၀၀ ကျော်ကျော်ရှိသေးသည်။ ကတ်တီ ၁၅၀ နီးနီးပင်။
ရုံချန်း_
မေဘာ့ချ်ကားတစ်စီးထဲတွင် ချန်ရှန်းဖေကဖုန်းချပြီး မာလဲ့ဝမ်အား_
"ချင်လင်မှာ ချင်းလင်ဝိုင်ရှိသေးတယ်ဆိုတာ သိသားပဲ''
မာလဲ့ဝမ်လည်း ရယ်လိုက်သည်။ ဝိုင်ကောင်းက လူကိုစိတ်ချမ်းသာစေသည်။
သို့ရာတွင် ချင်းလင်အပန်းဖြေစံအိမ်သွားတာ ဝိုင်သောက်ဖို့မဟုတ်။ သူတို့ဇနီးများတွေ့ဖို့ပင်။
ဘာပဲဖြစ်ဖြစ် သူတို့ဇနီးနဲ့ကလေးတွေက ချင်းလင်အပန်းဖြေစံအိမ်မှာ အနားယူနေကြသည်။ မတွေ့တာကြာပြီဖြစ်၍ သတိရနေလိမ့်မည်။
ပြီးတော့ အပြင်မထွက်ရတာလည်းကြာပြီ။
ချင်းလင်အပန်းဖြေစံအိမ်ကားပါကင်တွင် မေဘာ့ချ်တစ်စီး လျင်မြန်စွာထိုးရပ်လာသည်။
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ကားပေါ်မှဆင်းလာပြီး ဒရိုင်ဘာကိုအရင်ပြန်ခိုင်းလိုက်သည်။
ဒီတစ်ခါ စံအိမ်မှာရက်ပိုင်းလောက်နေမည်ဖြစ်၍ ဒရိုင်ဘာက သူတို့နှင့်အတူနေလို့မရ။ အချိန်တန်ရင် ဒရိုင်ဘာကိုကြိုအသိပေးပြီး လှမ်းခေါ်လိုက်ရုံသာ။
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်မှာ ချင်းလင်အပန်းဖြေစံအိမ်နှင့်အသားကျနေပြီဖြစ်၍ ဝင်းထဲရောက်သည်နှင့် စံအိမ်ဘက်တန်းလျှောက်သွားသည်။
အပန်းဖြေစံအိမ်ပတ်ဝန်းကျင်ကို သူတို့နှစ်ယောက်သိပ်မအံ့ဩမိ။ ဘာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ဘယ်လောက်ကောင်းမှန်းသိ၍ စိတ်ထဲမှာကြိုတွေးထားပြီးဖြစ်သည်။
သို့ရာတွင် နှစ်ယောက်သား စံအိမ်ထဲဝင်လာရင်း မျှော်စင်နှင့်စင်္ကြံဆောက်လုပ်ရေးကိုစိတ်ဝင်စားမိသေးသည်။
"စံအိမ်ကို မွမ်းမံပြန်ပြီလား?''
မာလဲ့ဝမ်က တအံ့တဩပြောသည်။
"သွားကြည့်ရအောင်!''
ချန်ရှန်းဖေကပြောရင်း မာလဲ့ဝမ်နှင့်လျှောက်သွားသည်။
ချင်းလင်အပန်းဖြေစံအိမ်ပတ်ဝန်းကျင်က လှပြီးသား။ မွမ်းမံစရာလိုသည်ဟု လုံးဝမထင်။
အခု ချင်လင်ကပြင်ဆင်ဖို့လူတွေစီစဉ်ထားတယ်ဆိုတော့ ပြင်ဆင်လိုက်ရင် သေချာပေါက်ပိုလှမယ်ဆိုတဲ့သဘောပေါ့။
ဒါဆို ဒီမျှော်စင်နဲ့သစ်သားစင်္ကြံလမ်းကြောင်းရှိရမည်။
"အာ... ဒီအနံ့က ပြင်းလိုက်တာ''
ရုတ်တရက် ချန်ရှန်းဖေအံ့ဩသွားသည်။ သူကမျှော်စင်နှင့်စင်္ကြံကိုတန်းကြည့်လိုက်သည်။ ထို့နောက် နည်းနည်းလန့်သွားပုံနှင့်_
"ဒါ.. ဒါ.. ဒါ...''
သူက မျှော်စင်နှင့်သစ်သားစင်္ကြံကိုအပြန်ပြန်အလှန်လှန်ကြည့်ပြီး မယုံနိုင်ပုံပေါက်နေသည်။ သူကငုတ်တုတ်ထိုင်ချကာ ဘေးနားပုံထားသောသစ်သားကိုတောင်ထိကြည့်သည်။
မာလဲ့ဝမ်က နည်းနည်းဇဝေဇဝါဖြစ်သွားပြီး လောလောနှင့်မေးသည်_
"လောင်ချန်... ဘာဖြစ်လို့လဲ?''
ချန်ရှန်းဖေက မယုံနိုင်ပုံနှင့်ရှင်းပြ၏_
"ဒီသစ်တွေက သစ်မွှေးနဲ့နံ့သာနီတွေ... အားလုံးသက်တမ်းရင့်ပြီး အရည်အသွေးကောင်းတာတွေပဲ''
ဒါကြောင့် ဒီမျှော်စင်နဲ့သစ်သားစင်္ကြံဆောက်တာကိုး။ ချင်လင်က လက်ဖွာလိုက်တာ။ အပြင်မှာ ဒီလိုမျှော်စင်နဲ့သစ်သားစင်္ကြံမျိုးဆောက်ဖို့ သစ်မွှေးနဲ့နံ့သာနီကိုရှာမရဟု ဆိုနိုင်သည်။
ဒီမျှော်စင်နဲ့သစ်သားစင်္ကြံကိုဆောက်လိုက်တာနဲ့ ပြိုင်ဘက်ကင်းဖြစ်လာမည်။ သစ်မွှေးနဲ့နံ့သာနီစုတဲ့သူတွေများတွေ့ရင် လာမကြည့်ရလို့အစားအသောက်တောင်ပျက်ချင်ပျက်နိုင်သည်။
“မလွန်ဘူးလား?''
မာလဲ့ဝမ်က ဇဝေဇဝါနှင့်မေးသည်။
ချန်ရှန်းဖေက ခေါင်းညိမ့်ပြပြီးထောက်ခံသည်။
ထိုအချိန်_
ရုံးခန်းထဲတွင် ချင်လင်လည်း ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကိုထွက်ကြိုရန်ပြင်နေသည်။
ရုံးခန်းတံခါးဖွင့်လိုက်ရုံရှိသေး၊ ရုတ်တရက် သူ့စိတ်ထဲတွင် အသိပေးစာတက်လာသည်။
(ဇာတ်ကောင်အဆင့်တက်သွားပါပြီ! မြေပုံတိုးချဲ့လိုက်ပြီ! နတ်ဘုရားမတောင်ပွင့်ပြီ!)
“???”
ချင်လင်ကြောင်သွားသည်။
ဇာတ်ကောင်အဆင့်တက်တာက ဟုတ်ပါပြီ။ ဘာပဲဖြစ်ဖြစ် အဆင့်မတက်တာကြာပြီ။
ဒါပေမဲ့ မြေပုံတိုးချဲ့တာနဲ့နတ်ဘုရားမတောင်ပွင့်တာက ဘာလဲ?
နတ်ဘုရားမတောင်က အမြဲပွင့်နေတာပဲမလား? သစ်ပင်ခုတ်၊ တောင်တန်းထွက်ကုန်ရှာ၊ နတ်ဘုရားမစမ်းရေခပ်၊ နွေဦးသတ္တုတွင်းသွား၊ အဲဒါတွေအားလုံးက နတ်ဘုရားမတောင်ပေါ်မှာလေ?