← Chapters

အထူးမြေကြီးအရည်အသွေး! ၂

Vol. 65 Ch. 966

အထူးမြေကြီးအရည်အသွေး! ၂

Vol. 65 Ch. 966

…

(နှစ်ရှည်သဘာဝမြေအောင်းမှို: ပုံမှန်)

(နှစ်ရှည်သဘာဝမြေအောင်းမှို: ပုံမှန်)

…

(နှစ်ရှည်သဘာဝမြေအောင်းမှို: အရည်အသွေး ၁)

(သက်တမ်းကြာသောသဘာဝမြေအောင်းမှိုဖြစ်သည်။ အဆင့်မြင့်ပါဝင်ပစ္စည်းဖြစ်ပြီး အထူးအာနိသင်ရှိသည်:

ကိုယ်ခံအားတက်စေခြင်း +၁၊ အမျိုးသားအားတိုးစေခြင်း +၁၊ မောပန်းပြေစေခြင်း +၁၊ သွေးအားပြည့်ခြင်း +၁၊ အိပ်ပျော်စေခြင်း +၁၊ နုပျိုစေခြင်း +၁၊ ကင်ဆာကာကွယ်ပေးခြင်း +၁၊ နှလုံးရောဂါကာကွယ်ပေးခြင်း +၁!)

လက်ထဲမှသိသိသာသာကြီးနေသောမှိုပွင့်ကြီးကိုကြည့်ရင်း ချင်လင်မျက်စိကျယ်သွားသည်။

အားလုံးကို 'ပုံမှန်'ဟုထင်ခဲ့သည်။ အရည်အသွေး ၁ ပါမည်ဟုမထင်မိ။

ထို့ကြောင့် သူခန့်မှန်းကြည့်သည်။ ဂိမ်းထဲမှာ ဂိမ်းဇာတ်ကောင်စိုက်သော၊ခူးသောအပင်များမှာ များသောအားဖြင့် အရည်အသွေး ၁ ရှိပြီး ပိုကောင်းလျှင် အရည်အသွေး ၂ ရှိသည်။

ဒါ ဂိမ်းရဲ့လက္ခဏာအရ ဆုံးဖြတ်ခြင်းပင်။

အခု သူကိုယ်တိုင်ဝင်လာတော့ သာမန်မှိုက သာမန်မှို၊ သက်တမ်းမြင့်မှိုလိုအရည်အသွေးမြင့်မှိုက အရည်အသွေး ၁ ရှိလိမ့်မည်။

ထို့ကြောင့် ချင်လင်ပိုပြီးစိတ်လှုပ်ရှားလာသည်။ သူကပိုကြီး၊ပိုရင့်သောမှိုများကိုရွေးနုတ်လိုက်သည်။ ထင်တဲ့အတိုင်း အရည်အသွေး ၁ ရှိသည်။

နောက်ဆုံး သူကအရည်အသွေး ၁ မဟုတ်တာအကုန်လွှင့်ပစ်လိုက်ပြီး အရည်အသွေး ၁ များသာချန်ထားသည်။

သူ့လုပ်ပုံကြောင့် နှစ်ရှည်မှိုကြိုက်သူများ ရင်နာကုန်လိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဒီသဘာဝမြေအောင်းမှိုကို သူတို့ဝယ်ချင်ရင်တောင် တစ်နှစ်ပတ်လုံးဝယ်မရ။

မကြာမီ ချင်လင်၏အိတ်ထဲတွင် အရည်အသွေး ၁ သဘာဝမှိုများပြည့်လာသည်။ သူက လမ်းလေးဆီပြန်သွားပြီး အတွေးနှင့်ဂိမ်းထဲမှထွက်လိုက်သည်။

စံအိမ်ထဲပြန်ရောက်သောအခါ ချင်လင်ကသူ့လက်ထဲမှမှိုအိတ်ကိုကြည့်လိုက်ပြန်သည်။

သူ၊ကျောက်မိုချင်းနှင့်သူ့အမေက ဒီအိတ်ကြီးကိုမကုန်လောက်။ ထို့ကြောင့် နည်းနည်းချန်ထားပြီး ကျန်မှိုများနှင့် အတွင်းဘက်မှထွက်လာသည်။

ဒါတွေကို တော်ဝင်ပညာရှင်လီနဲ့လောင်ချန်တို့ကိုပေးတာပေါ့။

ချင်လင် မှိုများနှင့်ထွက်လာသောအခါ မာလဲ့ဝမ်က ချူရှင်းတို့သားအမိနှင့်အတူ လမ်းလျှောက်နေသည်။

သူတို့မိသားစုသုံးယောက်မှာ ကြည်နူးနေကြ၏။

ချူရှင်းက အလှအပဥနှင့်သခွားသီးများစားထားသောကြောင့် လောင်မာနှင့်သားအဖလိုဖြစ်နေသည်။

"ချင်လင်... ဘာတွေသယ်လာတာလဲ?''

မာလဲ့ဝမ်ကချင်လင်ကိုမြင်ပြီး စပ်စုလိုက်သည်။ သူ့အတွေ့အကြုံအရ အိတ်ထဲမှာပစ္စည်းကောင်းပါလိမ့်မည်။

"ကြည့်ပါဦး... သိလား?''

ချင်လင်က မာလဲ့ဝမ်ဆီအိတ်လှမ်းပေးသည်။

"မြေအောင်းမှို!''

မာလဲ့ဝမ်က တစ်ချက်ကြည့်ရုံနှင့်သိပြီး တအံ့တဩပြောသည်_

"အကြီးကြီးပဲ... သဘာဝတွေလား? ချင်လင်.. ဒီလောက်အများကြီးဘယ်ကရလဲ? လီဖေးရဲ့ဇိမ်ခံပစ္စည်းများမှာ ဒီမှိုမျိုးနည်းနည်းပဲရတတ်တယ်... ရတနာလိုသဘောထားတာ!''

"ဒီည ခင်ဗျားတို့အတွက် ဆရာလင်းကိုချက်ခိုင်းလိုက်မယ်''

ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။

"ကောင်းတယ်!''

မာလဲ့ဝမ်မှာ ချက်ချင်းတောင့်တမိသည်။

ဒါ သူ့အကြိုက်ပင်။ သူက ချူရှင်းကိုတောင် အမှတ်တမဲ့ကြည့်လိုက်သည်။

မြေအောင်းမှိုအာနိသင်ကို သူသိသည်။ အမျိုးသားများအတွက်ကောင်းသည်။

ထို့ကြောင့် လီဖေးမှာမြေအောင်းမှိုရသည်နှင့် သူတန်းဝယ်တတ်သည်။

မဟုတ်ရင် သူ့ထက် ၁၀ နှစ်ကျော်ငယ်တဲ့ချူရှင်းနဲ့ဘယ်လိုနေမလဲ?

ယောက်ျားဆိုတာ အရင်းအနှီးလုံလောက်မှ။

ချင်လင်ရဲ့အစားအစာများက ပိုကောင်းတတ်သောကြောင့် ​မြေအောင်းမှိုကကောင်းမှာသေချာသည်။

ဟုတ်သား။ ဆရာလင်းကို ရုံးပတီသီးချက်ခိုင်းရမည်။

ပြီးရင် အပန်းဖြေစံအိမ်စျေးဆိုင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်ဝယ်မည်။

ပြီးတော့ ညကျရင် ချင်းလင်အားဖြည့်လက်ဖက်ရည်နှစ်ပုလင်းဆောင်ထားမည်။

ချူရှင်းကဇဝေဇဝါနှင့်ကြည့်ပြီး မေးသည်_

"ယောက်ျား... ဘာလို့ကြည့်နေတာလဲ? ရှင်ပြုံးတာ တစ်မျိုးကြီး?''

မာလဲ့ဝမ်ကအသိပြန်ဝင်လာပြီး ချက်ချင်းမျက်နှာထားတည်သွားကာ_

"ကိုယ့်ကလေးအမေကို ဘယ်လိုကောင်းကောင်းပြုစုရမလဲ တွေးနေတာပါ''

"လူကိုချွဲဖို့ပဲသိတယ်''

ချူရှင်းက ကျေနပ်ပုံနှင့်ပြောလိုက်သည်။

ချင်လင်က သူတို့အတွဲကိုကြည့်ပြီး အပိုလူလိုဖြစ်လာသည်။ သူတို့ကိုမနှောင့်ယှက်ချင်တော့။ သူကစားဖိုဆောင်ထဲမှိုအိတ်ယူသွားပြီး ဆရာလင်းကိုပေးလိုက်သည်။ ထို့နောက် ချန်ထားသောမှိုများကိုင်ရန် အတွင်းဘက်ပြန်လာ၏။

ချင်လင်အရင်ကမှိုမကိုင်ဖူးသော်လည်း ငါးချက်တတ်သည်။ ထို့ကြောင့် သူစားရန်ပြင်ထားသောငါးကို မှိုနှင့်ရောချက်လိုက်သည်။ ဒီလိုနှင့် ငါးလက်ရာအာနိသင်ကိုထုတ်ယူနိုင်မည်။

ထို့ကြောင့် ကျောက်မိုချင်းနှင့်လင်းဖန်အတွက် မှိုနှင့်ငါးဟင်းရည်၊ မှိုနှင့်ငါးပေါင်း၊ မှိုနှင့်ငါးကြော်လုပ်ပေးသည်။

မှိုနှင့်ငါးမှာ ပိုစားကောင်းလာခြင်း၊အသားကောင်းလာခြင်းမရှိ။ ငါးချက်လက်ရာအပေါ်သာအားပြုထားသောကြောင့် အရသာ၊အသားကညံ့သည်။

သို့ရာတွင် ကျောက်မိုချင်းနှင့်လင်းဖန်က မြေအောင်းမှိုကို ပထမဆုံးစားဖူးခြင်းဖြစ်ပြီး မြေအောင်းမှိုဘယ်လောက်စျေးကြီးမှန်းသိသောကြောင့် အားရပါးရစားကြသည်။

ညပိုင်း_

ချင်လင်က ဂိမ်းဖန်သားပြင်ကိုကြည့်နေသည်။ ဂိမ်းဇာတ်ကောင်အဆင့်တက်ပြီး နတ်ဘုရားမတောင်အပြင် တခြားထူးထူးခြားခြားလုပ်ဆောင်ချက်များရှိဦးမည်။

နောက်ပြီး နွေဦးသတ္တုတွင်းနှင့်ရေကန်သတ္တုတွင်းမှာ အလွှာထပ်ပွင့်မည်ဖြစ်၍ သူသွားကြည့်ရဦးမည်။

ချင်လင်က ဂိမ်းဇာတ်ကောင်အား အရင်ဆုံးမြေကွက်ပေါ်သွားပြီး အဆင့်အချက်အလက်ကိုကြည့်စေသည်။

ပထမဆုံး ဒီအဆင့်မှာ အဆင့် ၁ ​မြေကွက်အားလုံးပွင့်ပြီး အဆင့် ၂၊ ၃၊ ၄ မြေကွက်တချို့ပွင့်မည်။

အရင်က မြေကွက်အသစ်ပွင့်ခြင်းမရှိ၍ လယ်ကွက်နှင့်ဆေးဥယျာဉ်မှာထူးခြားမှုမရှိခဲ့။

ဒီတစ်ခါ မြေကွက်အသစ်အဆင့်မြှင့်နိုင်ကြောင်းအသိပေးစာတက်လာပြီး 'အထူး'ဟူသောစကားလုံးပါသည်။

ချင်လင်ကချက်ချင်း 'မြေကွက်အဆင့်မြှင့်မည်' ကိုနှိပ်လိုက်ရာ အသိပေးစာတက်လာသည်။

(အထူးအရည်အသွေးရှိသောအထူးမြေကွက်သို့ အဆင့်မြှင့်နိုင်သည်။ လက်ရှိတွင် အထူးအရည်အသွေးရှိပါဝင်ပစ္စည်းများမရှိသောကြောင့် အဆင့်မမြှင့်နိုင်!)

သူကြောင်သွားသည်။

အရင်မြေကွက်တွေက တစ်ချက်နှိပ်လိုက်ရုံနှင့် တန်းအဆင့်မြှင့်နိုင်သည်။

All Chapters