ပြောစရာမလို! ပြိုင်ချင်စရာကောင်း! ၂
Vol. 65 Ch. 973
"သူဌေး... ဒီကိစ္စကိုဘယ်လိုလုပ်သင့်လဲ? ပြန်တုံ့ပြန်ခိုင်းရမလား?''
လင်းလန်ဇီကမေးသည်။
ချင်လင်ကခဏတွေးကြည့်ပြီးမှ_
"မလောနဲ့ဦး... ကျွန်တော် ရှန်းရွှေကိုအရင်စာပို့ခိုင်းလိုက်မယ်... စကားပြောကြည့်တာပေါ့!''
"ကောင်းပါပြီ သူဌေး''
လင်းလန်ဇီကခေါင်းညိမ့်သည်။
ချင်လင်ကစူးစမ်းကြည့်ရာ အင်တာနက်ပေါ်တွင် ရှန်းရွှေလက်ဆောင်ဆန်တာဝန်ခံဖုန်းနံပါတ်မရှိပေ။ တရားဝင်ဝဘ်ဆိုဒ်မှာတောင် ဆက်သွယ်ရမည့်ဖုန်းနံပါတ်မရှိ။
ဒါရှန်းရွှေလက်ဆောင်ဆန်ရဲ့ထူးခြားချက်တစ်ခုပင်။
သူတို့က စဆက်သွယ်စရာမလို။ ဆန်အကြောင်းသိသူက မရမကရှာဝယ်လိမ့်မည်။
ထို့ကြောင့် သူကဖုန်းထုတ်ပြီး လီဖေးကိုဆက်လိုက်သည်။ သူ့မှာရှန်းရွှေအဆက်အသွယ်မရှိသောကြောင့် လီဖေးမှတဆင့်သာဆက်သွယ်ရမည်။
မင်မြို့တော်_
လီဖေးပြန်လာပြီးနောက် ဇိမ်ခံပစ္စည်းများဆိုင်မှာ နည်းနည်းအလုပ်ရှုပ်နေသည်။
ဝန်ထမ်းများကချက်ချင်း ဆီးနှင်းအမဲသားနှင့်ချင်းလင်ဆန်ကိုဂရုတစိုက်ချင်တွယ်ပြီး အပိုင်းပိုင်းခွဲသည်။
ဒီပစ္စည်းတွေက အကန့်အသတ်ရှိသည်။ ရောက်ခါစဆိုရင်တောင် သာမန်လူများ၊ သို့မဟုတ် တော်ရုံတန်ရုံပိုက်ဆံရှိသူများမဝယ်နိုင်။
ဘယ်သူမှကြိုတင်စာရင်းမပေးထားရင်တောင် လီဖေးနှင့်လင်းဟိုင်လျန်က ဘယ်သူ့ကိုအရင်အသိပေးရမလဲသိသည်။
အသိပေးသင့်သူများကိုအသိပေးပြီး တချို့ကမဝယ်။ အကျန်ကို Wechat မှာတင်ပြီးကြော်ငြာလိုက်ရင် တခြားသူဌေးတွေဝယ်ကြမည်။
လူတွေကိုအဆင့်ဆင့်ခွဲသလို လူချမ်းသာတွေကိုလည်း အဆင့်ဆင့်ခွဲရသည်။
သူတို့ဇိမ်ခံပစ္စည်းဆိုင်က လူချမ်းသာတစ်စုကိုရိုသေရပြီး ကျန်တစ်စုက သူတို့ကိုရိုသေရသည်။
"ယောက်ျား''
လင်းဟိုင်လျန်က စပ်စုလိုက်သည်_
"အဲဒီဥက္ကဌချင်က ရှင့်ကိုဆီးနှင်းအမဲသားတွေ ချင်းလင်ဆန်တွေပေးလိုက်တာ... ရှင့်ကိုဘာလုပ်ခိုင်းလဲ?''
လီဖေးက သက်ပြင်းချပြီး_
"မြန်မာက ဆင်ပေါက်လေးတွေဝယ်ဖို့ ကူညီခိုင်းတယ်... ငါတို့သေချာလုပ်ရမယ်... ဒါမှမလုပ်နိုင်ရင် ဥက္ကဌချင်ရှေ့မှာမျက်နှာပျက်လိမ့်မယ်''
"အင်း... ကျွန်မတို့ကောင်းကောင်းလုပ်ရမယ်!''
လင်းဟိုင်လျန်ကခေါင်းညိမ့်သည်။
သူတို့နှစ်ဦးစကားပြောနေစဉ် လီဖေးဖုန်းမြည်လာသည်။
"ဥက္ကဌချင်ပဲ!''
သူက နံပါတ်ကိုကြည့်လိုက်ပြီးပြောသည်။
အချိန်မဆိုင်းရဲသောကြောင့် အမြန်ဖုန်းကိုင်လိုက်၏_
"ဥက္ကဌချင်... ဘာမှာစရာရှိလို့လဲ? ဆင်အကြောင်းသိရတာနဲ့ တန်းဆက်သွယ်လိုက်ပါမယ်''
"ဆင်အကြောင်းမဟုတ်ပါဘူး''
ချင်လင်ကပြောသည်_
"ရှန်းရွှေလက်ဆောင်ဆန်တာဝန်ခံနဲ့ဆက်သွယ်ပေးပါဦး... ကျွန်တော် သူတို့နဲ့စကားပြောချင်လို့... တာဝန်ခံရဲ့ဖုန်းနံပါတ်ရရင် အကောင်းဆုံးပါပဲ''
လီဖေးကဇဝေဇဝါနှင့် ဖုန်းချလိုက်သည်။
ရုတ်တရက်ကြီး ဥက္ကဌချင်ကဘာလို့ ရှန်းရွှေတာဝန်ခံနဲ့ဆက်သွယ်ချင်ရတာလဲ?
"ယောက်ျား... ဥက္ကဌချင်က ဘာတဲ့လဲ?''
လင်းဟိုင်လျန်က လောလောနှင့်မေးသည်။
"ဥက္ကဌချင်က ရှန်းရွှေတာဝန်ခံနဲ့ဆက်သွယ်ပေးခိုင်းတယ်... ကြည့်ရတာ တစ်ခုခုဖြစ်နေပုံပဲ''
လီဖေးကရှင်းပြသည်။
"ဘာဖြစ်နေလဲ ကျွန်မသိသလိုပဲ''
လင်းဟိုင်လျန်က စောစောက သူမကြည့်ထားသောဗီဒီယိုကိုသတိရသည်_
"အင်တာနက်မှာ ရှန်းရွှေလက်ဆောင်ဆန်နဲ့ချင်းလင်ဆန်အကြောင်းသတင်းတွေပွနေတာ''
လီဖေးကနားထောင်ရင်း ချက်ချင်းဖုန်းထုတ်ပြီး သတင်းရှာကြည့်သည်။
ထို့နောက် သူယူလာသောချင်းလင်ဆန်ကိုကြည့်လိုက်သည်။ ရှန်းရွှေဘက်က သူဌေးချင်တို့ရှန်းရွှေလက်ဆောင်ဆန်စိုက်ထားမှန်းမသိနိုင်။
သူဌေးချင်သာ ချင်းလင်ဆန်ကိုကြေညာလိုက်ရင် ရှန်းရွှေကလက်ရှိနာမည်ကျပြီး အကြီးအကျယ်ဆုံးရှုံးမည်။
သူဌေးချင်က တစ်ဖက်ကိုဆက်သွယ်ပြီးဆွေးနွေးချင်တယ်ဆိုတော့ တန်းမကြေညာသေးဘဲ ရှန်းရွှေကိုအခွင့်အရေးပေးချင်တာဖြစ်မည်။
ဘာပဲဖြစ်ဖြစ် သူဌေးချင်က ရှန်းရွှေလက်ဆောင်ဆန်ကိုအခြေခံပြီး ချင်းလင်ဆန်ထုတ်ခဲ့ခြင်းပင်။
ဒါ လက်သင့်ခံနိုင်စရာ။
ထို့ကြောင့် သူကတုံ့ဆိုင်းမနေဘဲ ဥက္ကဌလင်းနံပါတ်ကိုဆက်လိုက်သည်။ ဥက္ကဌလင်းမှတဆင့်သာ ရှန်းရွှေတာဝန်ခံကိုဆက်သွယ်ရမည်။
ဖုန်းဝင်ဝင်ချင်း ဥက္ကဌလင်းအသံကိုကြားရသည်_
"သူဌေးလီ... ဆန်ပေးဖို့လာလောပြန်ပြီလား? ရှန်းရွှေလက်ဆောင်ဆန်နောက်တစ်သုတ်က ဒီလောက်မြန်မြန်နဲ့မရသေးဘူး''
လီဖေးက လောလောနှင့်_
"ဥက္ကဌလင်း... ဆန်ပေးဖို့မဟုတ်ပါဘူး... ချင်းလင်ဝိုင်လုပ်ငန်းက ရှန်းရွှေနဲ့ဆက်သွယ်ချင်တယ်ဆိုလို့ ဖုန်းဆက်ပေးရုံပါ... ပြီးတော့ ချင်းလင်ဝိုင်လုပ်ငန်းနဲ့ ရှန်းရွှေအကြောင်းပြောလို့ အကျိုးမယုတ်ဘူး... မဟုတ်လို့ ဒီအတိုင်းဆက်သွားရင် ရှန်းရွှေပဲထိခိုက်မှာ... ဘာပဲဖြစ်ဖြစ် သူတို့မှာပါမောက္ခလီခိုင်ရှိတယ်!''
သူကသေသေချာချာသတိပေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဥက္ကဌချင်က ချင်းလင်ဆန်ကိုမကြေညာသေး၍ သူဘာမှမပြောနိုင်။
ပါမောက္ခလီခိုင်ဟုထည့်ပြောလိုက်သောကြောင့် သူသိလောက်မည်။
ချင်းလင်ဓာတ်ခွဲခန်းက ရှန်းရွှေလက်ဆောင်ဆန်ထုတ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ပါမောက္ခလီခိုင်ကို သီးနှံသုတေသနမျိုးဆက်သစ်ထဲမှာ ပထမဟုအသိအမှတ်ပြုထားကြသည်။
တစ်ဖက်တွင် ဥက္ကဌလင်းကလည်းနားထောင်ပြီးအတွေးများသွားသည်။
လီဖေးဘယ်လိုလူလဲ သူသိသည်။ သူ့စကားထဲမှာ အဓိပ္ပါယ်တစ်ခုခုပါမည်။
ဒါပေမဲ့ ချင်းလင်ကုမ္ပဏီကိုလည်း သူသိသည်။ ရှေ့လျှောက် အကြီးဆုံးကုမ္ပဏီတစ်ခု သေချာပေါက်ဖြစ်လာလိမ့်မည်။ သူလည်းညှိမှာစိုးရိမ်ပြီး ရှန်းရွှေတာဝန်ခံကိုဆက်သွယ်လိုက်သည်။
သူဝင်မပါလို၍ လီဖေးစကားအတိုင်းသာ ပြန်ပြောပြလိုက်၏။
…
မကြာမီ လီဖေးဆီကသတင်းကို လိုင်ကျင်းရသည်။
လက်ထောက်ကသတင်းရပြီးပြီးချင်း သူ့ကိုအစီရင်ခံသည်_
"ဥက္ကဌလိုင်... ချင်းလင်ကုမ္ပဏီက စကားပါးလိုက်ပါတယ်... ကျွန်တော်တို့နဲ့ စကားပြောချင်တယ်တဲ့''
လိုင်ကျင်းကရယ်ပြီး_
"အပြစ်ရှိသလိုဖြစ်နေပြီလား? ဒါပေမဲ့ သူတို့နဲ့ပြောစရာအကြောင်းမရှိဘူး... ရှန်းရွှေလက်ဆောင်ဆန်နာမည်သုံးပြီးလုပ်စားတာကို လူသိရှင်ကြားမတောင်းပန်ရင်ပေါ့''
လက်ထောက်ကမျက်မှောင်ကြုတ်ပြီး_
"ဥက္ကဌလိုင်... သူကပြောသေးတယ်... ဒီလိုဆက်သွားရင် ကျွန်တော်တို့ပဲထိခိုက်မှာတဲ့... ပါမောက္ခလီခိုင်နာမည်ကိုလည်း ထည့်ပြောတယ်''
"ငါတို့ကိုခြိမ်းခြောက်နေတာလား?''
လိုင်ကျင်းကနားထောင်ရင်း ရယ်လိုက်ပြီး_
"ပါမောက္ခလီခိုင်နာမည်ကိုထည့်ပြောတယ်? ပါမောက္ခလီခိုင်ကိုတန်းစိုက်ခိုင်းမယ်ပေါ့? အစိုးရကတောင် ဒီပရောဂျက်ကိုလက်လျှော့ထားတာ... ပါမောက္ခလီခိုင်ဘယ်လောက်တော်တော် သူမလုပ်နိုင်ပါဘူး'’