မဟာအင်ပါယာရွှမ်လော
Vol. 130 Ch. 1794
အခု ဝမ်လင်းက ၎င်းသားရဲပေါ်၌ နာကျင်စွာ ထိုင်ချလိုက်၏။ သူက သူ၏ခန္ဓာကိုယ်တွင်းရှိ ဒဏ်ရာများအားလုံးကို တောင့်ခံကာ ဒြပ်စင်ငါးခုဂြိုဟ်ထံသို့ ကြည့်လိုက်သည်။
ဒြပ်စင်ငါးခုဂြိုဟ်ပေါ်၌ မည်သည့်ပြောင်းလဲမှုမှ မရှိသည်ကို တွေ့သည့်နောက် ဝမ်လင်းက တဖက်အုပ်စုသည် လောင်းကြေးမထပ်ဝံ့သည်ကို သိလိုက်သည်။
အမှန်တော့ သူတို့လောင်းကြေး ထပ်ဝံ့လျှင်ပင် ဝမ်လင်း၌ တခြားဝှက်ဖဲများ ရှိသေး၏။ သူ့၌ လီကောင်း၏လေး ရှိသည်။ သူက ၎င်းကို ခုချိန်၌ အသုံးမပြုချင်သော်လည်း အန္တရာယ်ကို ရင်ဆိုင်ရပါက တွေဝေခြင်းမရှိ အသုံးပြုမည်သာ။
ဝမ်လင်းက ဒြပ်စင်ငါးခုဂြိုဟ်သို့ ခရီးစဉ်၌ ဒဏ်ရာရခဲ့သော်လည်း သူ ရရှိခဲ့သော အကျိုးအမြတ်မှာ များပြားလှ၏။ သူက သူ့ခန္ဓာကိုယ်ပေါ်သို့ အကြိမ်များစွာ လက်ညွှန်လိုက်ပြီး နာကျင်မှုကို ဖိနှိပ်သည်။ မြေနိမ့်သားရဲက ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ သည်ဂြိုဟ်ပတ်လည်ရှိ ဟင်းလင်းပြင်ကနေ ထွက်ခွာလာသည်။ ၎င်းက တောက်ပသောလေဟာနယ်၌ ပြန်ပေါ်လာလေပြီ။
“အဘိုးအိုမာရဲ့ ကျင့်ကြံမှုဟာ အုပ်စိုးသူထက်တောင် မြင့်မားသေးတယ်။ သူဟာ လေဟာနယ်အတိဒုက္ခအဆင့်ကို မရောက်သေးပေမဲ့လည်း ဆန်းကြယ်ဒုက္ခအဆင့်တွေကို ဖြတ်ကျော်ပြီး ဖြစ်ရမယ်…”
“ဒါ့အပြင် မျှော်စင်ရဲ့ ပထမထပ်မှာလည်း ချပ်ဝတ်တစ်စုံ ရှိနေသေးတယ်။ ကောက်ရီကလန်ရဲ့ ကျင့်ကြံခြင်းဟာ တကယ်ပဲ ထူးဆန်းလှတယ်။ သူတို့က ချပ်ဝတ်အပေါ်မှာ တကယ် မှီခိုကြတာပဲ။ ပထမအလွှာမှာ ရှိတဲ့ ချပ်ဝတ်ဟာ အဘိုးအိုမာ ပိုင်ဆိုင်တဲ့ဟာ ဖြစ်နိုင်တယ်…”
“အဲ့ချပ်ဝတ်က တကယ်ပဲ သူ့အပိုင်ဆို ဒါကို ဝတ်ဆင်လိုက်ရင် သူ့ကျင့်ကြံမှုအဆင့်က ဘယ်လောက်ထိ မြင့်သွားနိုင်မလဲ…” ဝမ်လင်းက စဉ်းစားနေ၏။
ဝမ်လင်း ထွက်ခွာသွားသည့်နောက် အဘိုးအိုမာသည် သုန်မှုန်စွာဖြင့် ကောင်းကင်ထက်သို့ စိုက်ကြည့်နေသည်။ သူက ချီတုံချတုံ ဖြစ်နေကာ တိုက်ခိုက်ရမည်လား၊ နောက်ဆုတ်ရမည်လား မဆုံးဖြတ်နိုင် ဖြစ်ခဲ့ရသည်။
သူက ဝမ်လင်း၌ ချန်ကွက်များ ပြင်ဆင်ထားမည်ကို မသေချာပေ။ သို့ပေမည့် ဝမ်လင်းက သည်လို အန္တရာယ်များသည့်နေရာသို့ ရောက်လာကာ သွေးဓားကို သူ့ထံမှ အတင်းအကြပ် ပြန်တောင်းဝံ့မှတော့ ကြိုပြင်ဆင်ထားပြီးသား ဖြစ်ရပေမည်။
စဉ်းစားနေရင်း အဘိုးအိုမာ၏ မျက်လုံးတို့က အေးစက်လာ၏။ သူ ရပ်နေစဉ် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေ၏။ ဒြပ်စင်နှစ်ခုချပ်ဝတ်ဖြင့် အဘိုးအိုမှာလည်း နေရာတွင် တရိုတသေ ရပ်နေပြီး အသံတစ်သံမျှ မပြုဝံ့ပေ။
ငါးလွှာမြောက်ကနေ ခုနစ်လွှာမြောက်မှ သက်လတ်ပိုင်းလူသုံးယောက်လည်း နေရာတွင် တရိုတသေ ရပ်နေကြ၏။ သူတို့က အဘိုးအိုမာကို ကြောက်ကြသည်။
အချိန်အတန်ကြာပြီးနောက် အဘိုးအိုမာက ရုတ်တရက် မေးလာ၏။ “မင်း ဘယ်လိုထင်လဲ…” သူ့ စကားက လူတိုင်းကို ဆိုလိုခြင်း မဟုတ်၊ ယွမ်ရီဖန်တစ်ယောက်သာ စဉ်းစား၍ ဖြည်းဖြည်းချင်း ပြန်ဖြေလာ၏။
“ကောင်းကင်ဘုံတာအိုက ကျနော်တို့ကို ဝါးမြိုနိုင်လိမ့်မယ်လို့တော့ ဂျူနီယာ မထင်ဘူး။ ဦးလေးလည်း ဒီကောင်းကင်ဘုံတာအိုနဲ့ ပတ်သတ်လို့ သဲလွန်စအချို့ တွေ့ထားတယ်မလား။ ငါ ဒါကို ရှာဖွေနေခဲ့တာ နှစ်ပေါက်ခဲ့ပြီ။ ငါ ဘာမှ မတွေ့ခဲ့ပေမဲ့လည်း ခန့်မှန်းချက်တချို့တော့ ရှိပါတယ်…”
“ကောင်းကင်ဘုံတာအိုဟာ နှစ်ပိုင်းကွဲထွက်သွားခဲ့တာ ဖြစ်မယ်။ အဲ့ကောင်လေးက ၎င်းရဲ့ သခင် ဖြစ်နေပေမယ့်လည်း ဒီကောင်းကင်ဘုံတာအိုဟာ ပြီးပြည့်စုံမှု မရှိသေးဘူး။ မပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံတာအိုဟာ သက်ရှိအားလုံးကို ဝါးမြိိုနိုင်ပေမယ့်လို့ အစွမ်းထက်ကျင့်ကြံသူတွေကိုတော့ မဝါးမြိုနိုင်လောက်ဘူး…”
“သူ ဒီကို လာခဲ့တာဟာ ငါတို့ဟာ လှိုဏ်ဂူလောကအပြင်ကနေ ရောက်လာခဲ့တဲ့အချက်ကို သူ တစ်နေရာရာမှာ ရှာတွေ့ခဲ့လို့ ဖြစ်လိမ့်မယ်။ ခုချိန်ဟာ တတိယစိတ်ဝိညာဉ်ကို ရှာဖွေဖို့ အရေးကြီးဆုံးအခါပဲ။ သူလည်း ဒီအတွက် စိုးရိမ်နေတာ ဖြစ်ရမယ်။ ဒါ့ကြောင့် သူက ဒီကိုလာခဲ့ပြီး ငါတို့ကို ပုန်းကွယ်နေရာကနေ ထွက်လာစေခဲ့တာ။ အခု သူက ငါတို့နဲ့ ပတ်သတ်လို့ အရာအားလုံးကို သိသွားပြီဆိုတော့ သူ့မှာ အစီအစဉ်တွေ ရှိနေလောက်ပြီ…”
“တကယ်တော့ ဒါက ဂျူနီယာရဲ့ ခန့်မှန်းချက်သပ်သပ်ပါ။ ဒီခန့်မှန်းချက်က သူ ဒီကိုလာခဲ့တဲ့ အကြောင်းရင်း အမှန်ဖြစ်မယ်ဆိုရင် သူဟာ တကယ့်ကို တစ်ခုခုပဲ…”
“ဒီလိုပဲ ဖြစ်နိုင်တယ်။ ကောင်းကင်ဘုံတာအိုအပြင် သူ ဒီကို လာဝံ့ခဲ့တာဟာ သူ့မှာ ချန်ကွက်တစ်ခုခု ရှိလို့ပဲ...” အဘိုးအိုအိုမာ၏ မျက်လုံးတို့မှာ တလက်လက် ဖြစ်သွားပြီး ကောင်းကင်ထက်မှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက သည်နေရာရှိ လူတိုင်းကို သုန်မှုန်စွာ ကြည့်လိုက်ပြီး မျှော်စင်ထံသို့ ပြန်ရန် ဟန်ပြင်လိုက်သည်။
သို့သော် ထိုအခိုက်တွင် ဒြပ်စင်ငါးခုဂြိုဟ်အနှံ့ တည်ငြိမ်သောအသံတစ်သံ ပဲ့တင်ထပ်လာသည်။
“မင်းတို့က ရှေးတောက်ကလန်ဟာ အရိုင်းအစိုင်းသာသာလို့ ပြောခဲ့ကြတယ်လား…”
ထိုအသံ ပေါ်လာသည်နှင့် အဘိုးအိုမာ၏အမူအရာမှာ ပြောင်းလဲသွားကာ သူ့မျက်လုံးသူငယ်အိမ်ပင် ကြုံ့သွားပြီး သူ့နှဖူးထက်တွင် ချွေးစေးများ ပြန်လာသည်။ ယင်းအသံက တည်ငြိမ်သော်လည်း လူတစ်ယောက်၏စိတ်နှလုံးကို တုန်ရီအောင် လုပ်နိုင်သည်။
အဘိုးအိုမာသည်သာ ထိုသို့ ဖြစ်သွားသည် မဟုတ်ပေ။ ယွမ်ရီဖန်၏အမူအရာမှာလည်း ကြီးစွာ ပြောင်းလဲသွားပြီး တစ်လက်မမျှ မလှုပ်ဝံ့တော့ချေ။
တခြားသုံးယောက်မှာလည်း အလားတူပင်။ သူတို့၏ခန္ဓာကိုယ်များ တုန်ရီကာ သူတို့၏မျက်လုံးများထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်လာ၏။
ဒြပ်စင်နှစ်ခုချပ်ဝတ်ဖြင့် အဘိုးအိုကမူ သူ့မျက်နှာသည် ချက်ခြင်း ဖြူရောသွားကာ သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်မှု ပြည့်နှက်လာသည်။ ထိုအသံက လူတိုင်း၏စိတ်နှလုံးအတွင်းသို့ ဝင်ရောက်သည့်အခါ သူတို့၏ခန္ဓာကိုယ်များထံမှ အကြောက်တရား ပေါက်ကွဲထွက်လာရသည်။
ထိုကြောက်ရွှံ့မှုက သူတို့၏အသက်ဓာတ်အားကိုပါ ဖျက်စီးစေဖို့ လုံလောက်သည့်အထိ ပြင်းထန်သည်။ သက်လတ်ပိုင်းလူသုံးယောက်က သွေးအန်လိုက်ရပြီး နောက်သို့ အမြန်ဆုတ်ကြ၏။
လောကသည် အရောင်များ ပြောင်းလဲကာ တိမ်စိုင်များ ပြန့်ကြဲသည်။ လှိုင်းဂယက်များထလာပြီး ဝိုးတဝါးပုံရိပ်တစ်ခု ပေါ်လာကာ သည်ဂြိုဟ်ထံသို့ လှမ်းလာကြသည်။
ထိုပုံရိပ်သည် မမြင့်မားလှပေ။ သို့သော် သူ၏ပုံပန်းသွင်ပြင်က မြေကမ္ဘာကို တုန်ယင်စေကာ ဒြပ်စင်ငါးခုဂြိုဟ်ကို ပျက်စီးလုနီးနီး ဖြစ်သွားစေ၏။ လူတိုင်းသည် ကြောက်ရွှံ့မှုဖြင့် အတိပြီးကုန်သည်။ ထိုပုံရိပ်က ကောင်းကင်ဘုံကိုယ်တိုင်ကို ဖျက်စီးနိုင်သည့် စွမ်းအား ဆုပ်ကိုင်ထားသည့်အလား။
သူ ပေါ်လာသည့်နောက် ဂြိုဟ်တစ်ခုလုံးသည် သေလောက်အောင် ငြိမ်သက်သွား၏။ ကောင်းကင်ထက်ရှိ နေမင်းသည်ပင် ပျောက်ကွယ်သွားသည်။
‘ရှေးတောက်ကလန်က မင်းတို့ရဲ့ ကောက်ရီကလန်ရှေ့မှာဆို အရိုင်းအစိုင်းသာသာပဲ ရှိတယ်လို့ ဘယ်သူ ပြောခဲ့တာလဲ…”
မထူးခြားနားအသံက ထိုပုံရိပ်ထံမှ ထွက်ပေါ်လာ၏။ ထိုပုံရိပ် လှမ်းလာသည့်အခါ မည်သူကမျှ တစ်စက်လေးပင် မခုခံဝံ့ကြပေ။ ယင်းပုံရိပ်က ဒြပ်စင်နှစ်ခုချပ်ဝတ်ဖြင့် အဘိုးအိုရှေ့ ရောက်လာကာ သူ့လက်ဖြင့် အနှီအဘိုးအို၏ လည်တိုင်ကို ဆုပ်ကိုင်လိုက်သည်။
အဖြစ်အပျက်များသည် မြန်လှ၏။ တုန်လှုပ်ဖွယ်ဖိအားမှာ လုံးဝ မရပ်တန့်သွားပေ။ ချပ်ဝတ်ဖြင့်အဘိုးအိုသည် မခုခံနိုင်သလို ထွက်ပြေးနိုင်စွမ်းလည်း မရှိပေ။ ထိုပုံရိပ်၏ ချုပ်ကိုင်ခြင်း ခံရသည့်အခါ သူသည် နာကျင်စွာ စတင် ရုန်းကန်မိသည်။
ထိုပုံရိပ်က သူ့ညာလက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်ရာ မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံ ပဲ့တင်ထပ်၏။ ကောက်ရီကလန်၏ အစွမ်းထက်လှသော ထိုဒြပ်စင်နှစ်ခုချပ်ဝတ်သည် စက္ကူစတစ်ခုအလား တစစီဖြစ်ကာ ပျောက်ကွယ်သွားတော့သည်။
“အဲ့လို ပြောခဲ့တာ မင်းပဲ…” ထိုပုံရိပ်က ယင်းအဘိုးအိုကို ဆွဲယူကာ အေးစက်စက် စိုက်ကြည့်၏။
သည်မြင်ကွင်းသည် အဘိုးအိုမာကို ကြောက်ဒူးတုန်စေသည်။ သူသာမက ယွမ်ရီဖန်လည်း အလားတူပင်။
“မဟာ…မဟာအင်ပါယာ…” အဘိုးအိုမာက ကတုန်ကယင် ပြောလာ၏။ ကောက်ရီကလန်၏ ချပ်ဝတ်ကို လွယ်ကူစွာ ဖျက်စီးပစ်နိုင်ပြီး ရှေးတောက်ကလန်အပေါ် မလေးစားမှုကို မေးခွန်းထုတ်နိုင်သောလူမှာ တစ်ဦးသာ ရှိ၏။
“မဟာအင်ပါယာရွှမ်လော…” အဘိုးအိုမာသည် သွေးအန်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသည်။ သူ၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုမှာ အထွတ်အထိပ်သို့ ရောက်နေလေပြီ။