← Chapters

နတ်ဆိုးအရာရှိကြယ်စင် (1)

Vol. 5 Ch. 41

နတ်ဆိုးအရာရှိကြယ်စင် (1)

Vol. 5 Ch. 41

“ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်ရင် ဆိုးဆိုးရွားရွားအဆုံးသတ်ရလိမ့်မယ်”

ကုကျစ်စုန့်၏ ဟောကိန်းကို ကြားရပြီးနောက် တိုက်ရိုက်ကြည့်ရှုခန်းထဲမှပရိသတ်များက ဆူညံပွတ်လောရိုက်သွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုခန်း၏ အခြားတစ်ဖက်တွင် ရှိနေခဲ့သော အပြာရောင်လမင်းသည်လည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားကာ အသံက ဒေါသကြောင့် တုန်ရီလာခဲ့သည်။

“မဖြစ်နိုင်တာ! ကျွန်မက ရှင့်ကို တကယ်အင်အားကြီးတဲ့ အနာဂတ်ဟောသူလို့ ထင်နေတာ၊ ရှင်က လက်ထပ်ထိမ်းမြားမှု အဆင်ပြေ၊ မပြေတောင် မှန်အောင် မဟောနိုင်ဘူး!!

ကျွန်မရဲ့ချစ်သူက အရမ်းကြင်နာတတ်တယ်.. ကျွန်မတို့ စပြီး တွဲတဲ့အချိန်ကတည်းက အခုထိ တစ်ခါမှ စကားမများဖူးဘူး။ ကျွန်မနဲ့ ကျွန်မရဲ့ကလေးက မပျော်နိုင်ဘူးလို့ ပြောရအောင် ရှင်က ဘာတွေများသိလို့လဲ?”

“တကယ်လား? မင်းတကယ်ပျော်နေတာလား??”

ကုကျစ်စုန့်က မထူးခြားသည့် အေးတိအေးစက် လေသံဖြင့် ဆိုသည်။

“တကယ်လို့ မင်းဆုံးဖြတ်ထားသလို တကယ်ပျော်နေတယ်ဆိုရင် ဘယ်လိုအကြောင်းနဲ့မှ ဒီအနာဂတ်ဟောခြင်း  အစီအစဉ်မှာ ပါဝင်ဖို့ click နှိပ်လာမယ်မထင်ဘူး၊  အထူးသဖြင့် ငါ့ကို လက်ထပ်ခြင်းအတွက် တိုက်ရိုက် မေးလာဖို့က ပိုလို့ဝေးနေလိမ့်မယ်”

“အားမနာတမ်း ပွင့်ပွင့်လင်းလင်းပြောရမလား? ဒီဆက်ဆံရေးက မင်းထင်သလောက် ပြည့်စုံမနေဘူးဆိုတာ မင်းသဘောပေါက်လာပြီ၊ မင်းက တစ်ချိန်လုံး ကိုယ့်ကိုကိုယ် လိမ်နေခဲ့တာလေ”

သူမ၏ နှလုံးသားထဲတွင် ပုန်းကွယ်နေသည့် စိုးရိမ်စိတ်များက ရုတ်တရက် ထိုးထွက်လာသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ဖက်မှ မိန်းကလေး ဖြူဖျော့သွားခဲ့သည်။

မျက်နှာပြင်မှတစ်ဆင့် မည်းနက်တောက်ပနေသည့် မျက်ဝန်းတစ်စုံက သူမကို ရုပ်သံတစ်ဖက်မှ ဖောက်ထွင်းမြင်နေရပြီး သူမ၏ နှလုံးသားထဲသို့အထိ စိုက်ကြည့်နေသကဲ့သို့ ထင်မိလာစေသည်။

အပြာရောင်လမင်းက ငြင်းဆန်ချင်သော်ငြား ကုကျစ်စုန့်အသံက မှော်ဆန်လွန်းကာ သူမ မတော်တဆရော၊ တမင်သက်သက်ပါ မသိချင်ယောင်ဆောင်ထားခဲ့သည့် မှတ်ဉာဏ်အချို့က နောက်တစ်ကြိမ်ပြန်ပေါ်လာခဲ့သည်။

ကုကျစ်စုန့်က သက်ပြင်းချလိုက်ကာ တုံးတိတိပြောချလိုက်သည်။

“တောက်ဓမ္မပညာရပ်ကိုလေ့လာတဲ့ လူတွေက အရာအားလုံးမှာ ဖြစ်ပျက်ခြင်းနဲ့ သက်ရောက်မှုကို အလေးထားကြတယ်၊ ပရိုဂရမ်ရဲ့ စည်းမျဉ်းတွေကြောင့်သာ မဟုတ်ရင် ငါက ငါ့ကို မယုံကြည်တဲ့ လူတွေကို လုံးဝဟောပြောပေးမှာမဟုတ်ဘူး

မင်းရဲ့ အခုလက်ရှိချစ်သူက မင်းအပေါ်ကောင်းပါတယ်လို့ တထစ်ချ ယုံကြည်တယ်ဆိုရင် အခုပဲ ငါ့ရဲ့ ဟောပြောမှုကို ရပ်လိုက်တော့မယ်၊ မင်းပျော်ရွှင်နိုင်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ကျောက်ချကာ တိုက်ခိုက်ရန် အချိန်ကောင်းကို စောင့်နေကြသည့် black fanတွေက အခွင့်ကောင်းကိုတွေ့သွားကာ ချက်ချင်း တိုက်ခိုက်ကြတော့သည်။

[ကလေးမလေးက အပျိုပေါက်အရွယ်ပဲရှိသေးတာကို အနာဂတ်မှာ ကလေးမရနိုင်ဘူးလို့ ကျိန်စာတိုက်နေတာပဲ ၊ တချို့လူတွေက နာမည်ကြီး တောက်ကျန့်ဖြစ်သွားရတဲ့ အရသာကို ပျော်မြူးနေပြီး ပညာမရှိတာကိုတော့ လက်မခံချင်ကြဘူး]

[တစ်ဖက်က  အခုမှ ကျောင်းတက်နေတဲ့ ကျောင်းသူပဲရှိသေးတာ၊ စိတ်ကစားတဲ့ အချစ်ပဲလေ၊ သူမကို ထောက်ခံနေတာတော့ မဟုတ်ပေမယ့် အဲလိုပြောတာက အဓိပ္ပာယ်ရှိတာတော့ မဟုတ်ဘူးနော်!! လူငယ်လေးနှစ်ယောက်ချစ်ကြရုံနဲ့ ဒီလိုမိုက်ရူးရဲဆန်တာတွေ လုပ်မယ်ဆိုတာတော့ ယုံမပေးနိုင်ဘူး]

[အလိမ်ပေါ်ခါနီးကျတော့  လူတွေက အနာဂတ်ဟောတာကို မယုံကြည်ဘူးတွေ ဘာတွေ လျှောက်ပြောပြီး ပိတ်လိုက်တော့ဖို့ လုပ်နေတာလား၊  ဒါက အခုနောက်ပိုင်း လူလိမ်တွေ သုံးနေကျ အကွက်ကြီးပဲ]

[တစ်ချို့လူတွေက မျက်စိစုံမှိတ်ပြီး အပြစ်တင်မယ်ဆိုတာတွေချည်းပဲ၊ သူပြောခဲ့တဲ့ မိသားစုအချက်အလက်တွေက အကုန်မှန်ခဲ့တာပဲလေ၊ သူမရဲ့မျက်နှာနဲ့ အချက်အလက်တွေတောင် မပေးနိုင်တဲ့ ကောင်မလေးကမှ တစ်ခုခုကို ဖုံးကွယ်ထားတာ မဟုတ်ဘူးလား၊

တိုက်ရိုက်ထုတ်လွှင့်သူက ကောင်မလေးရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားပြီး ကာကွယ်ပေးနေတာနော်]

[မိသားစုအချက်အလက်ရှာရတာက ခက်ခဲလို့လား? ကုကျစ်စုန့်မှာ ကုမ္ပဏီနဲ့ အဖွဲ့ရှိတယ်လေ…]

မှတ်ချက်ဧရိယာတွင် သူမအတွက်နှင့် စကားများရန်ဖြစ်နေသည်ကို မြင်တော့ အပြာရောင်လမင်းက တွေဝေပြီးနောက် စိတ်ဆုံးဖြတ်ချက်ချလိုက်သည်။

“ကျွန်မက ကျဲကျဲဟောလိုက်တာတွေကို မယုံကြည်နိုင်ဖြစ်သွားလို့ စိတ်မထိန်းနိုင်သလို ဖြစ်သွားတာပါ၊ ဘာပဲဖြစ်ဖြစ် ဆက်ပြီးဟောပြောပေးပါ၊ ကျွန်မရဲ့ အချက်အလက်တွေကို မဖော်ထုတ်သရွေ့ အစ်မ ရှာတွေ့သမျှကို ပြောပြပေးလို့ရပါတယ်”

“ကောင်းပြီ”

ကုကျစ်စုန့်က ခေါင်းငြိမ့်လိုက်ကာ ဆက်ပြောလိုက်သည်။

“ဒါဆို အထင်ရှားဆုံးနေရာကနေ စပြောတာပေါ့၊ မင်းရဲ့ စာလုံးရှစ်လုံးကို စစ်ဆေးပြီး နတ်မင်းကြီး ဆယ်ပါးရဲ့နည်းလမ်းအရ ခွဲခြားလိုက်တယ်၊ မင်းရဲ့ အရာရှိကြယ်စင်က သာမန်လူတွေနဲ့ ကွဲပြားနေတယ်”

အပြာရောင်လမင်းက နားရှုပ်သွားသည်။

“အရာရှိ? အရာရှိကြယ်စင်? အဲဒါကဘာများလဲ?”

ကုကျစ်စုန့်က သူမနှင့်အတူ ပရိတ်သတ်ကိုပါ တပါတည်း ရှင်းပြခဲ့သည်။

“တောက်ဓမ္မပညာအရ လူတွေက လက်ထပ်ထိမ်းမြားခြင်းကို တွက်ချက်ဖို့ စာလုံးရှစ်လုံးကို အသုံးပြုရင် ရှေးလူကြီးတွေ လက်ဆင့်ကမ်းခဲ့တဲ့ ‘အမျိုးသားများက စည်းစိမ်ရှာကာ အမျိုးသမီးများက နွေးထွေးမှုရှာသည်’ ဆိုတဲ့ တွက်ချက်မှုပုံစံကို သုံးပြီး တွက်ရတယ်၊

ခုနကပြောတဲ့ အရာရှိကြယ်စင်ဆိုတာက လူတစ်ယောက်ရဲ့ စာလုံးရှစ်လုံးကနေ ခွဲခြားနိုင်တယ့် နတ်မင်းကြီးဆယ်ပါးနည်းလမ်းထဲက တစ်မျိုးပဲ၊  အကြမ်းဖျင်းပြောရရင် လူတစ်ယောက် ဒါမှမဟုတ် အရာတစ်ခုရဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှုလို့ ပြောလို့ရတယ်

အရာရှိကြယ်စင်က မူလ လမ်းစဉ်ကနေ သွေဖယ်ပြီး ခုနှစ်စဥ်သတ်ဖြတ်ခြင်းကြယ်စင်ထဲကို ဝင်ရောက်သွားချိန်မှာ လူတစ်ယောက်အပေါ်မှာ အလွန်ပြင်းထန်ပြီးကောင်းကျိုးမရှိတဲ့ လွှမ်းမိုးမှုတစ်ခု ဖြစ်ပေါ်လာတတ်တယ်၊ အဲဒါကို နတ်ဆိုးအရာရှိကြယ်စင်လို့လည်း ခေါ်တယ်”

ကုကျစ်စုန့် ဆက်ပြောခဲ့သည်။

“ပထမဆုံးအနေနဲ့ပြောရရင် အပြာရောင်လမင်း၊ မင်းရဲ့ ခုနှစ်စင်သတ်ဖြတ်ခြင်းကြယ်စင်က ဒီနှစ်ရဲ့ အခြေခံတိုင်ပေါ်မှာ ရှိနေတယ်၊

ဆိုလိုတာက မင်းရဲ့ ဒီအချစ်ဇာတ်လမ်းက စတင်တာ နည်းနည်းလောက်စောနေပြီး ကောင်းတဲ့ တွဲဖက်မဟုတ်ပေမယ့် မင်းရဲ့ လက်ထပ်ခြင်းလမ်းကြောင်းမှာ အပြည့်နေရာယူထားတယ်၊

မင်းတို့နှစ်ယောက် စပြီး တွဲတာက အထက်တန်းကျောင်း ဒုတိယနှစ်မှာဖြစ်လိမ့်မယ်၊ အဲဒီမတိုင်ခင်က မင်းတို့နှစ်ယောက်ရဲ့ ကံကြမ္မာလမ်းကြောင်းကဆက်သွယ်မှု လုံးဝမရှိခဲ့တာကြောင့် မင်းတို့က စာသင်ခန်းမတူနိုင်ဘူး၊ ဒါက ပထမအချက်ပဲ”

“မင်းရဲ့ဇာတိဇယားအရ မင်းက နံပါတ် ငါးနေရာမှာ ကျရောက်နေတယ်၊ ဒီလို နန်းတော်မျိုးက ဘာကို ရည်ညွှန်းလဲဆိုတော့ မင်းတို့နှစ်ယောက် စပြီးတွေ့တဲ့နေရာက မတော်တဆတွေ့တာဖြစ်ပြီး လေးနက်တဲ့ နေရာမျိုးတော့ မဟုတ်နိုင်ဘူး၊ တခြားတစ်ဖက်ရဲ့ အရည်အချင်းကလည်း‌ တော်တော်ကောင်းတယ်၊ ရုပ်ရည်ချောပြီး မိသားစုက ပိုက်ဆံရှိတယ်၊

ဒါပေမယ့် ဒီလိုနန်းတော်အဆင့်ကလူတွေက ရှုပ်ပွေရတာကိုသဘောကျတတ်ပြီး ဆန့်ကျင်ဘက်လိင်နဲ့ ဆက်ဆံရေးတွေအပေါ်မှာ နှစ်သက်ပျော်ရွှင်တတ်ကြတယ်၊ ဒါက ငါ့ရဲ့ ဒုတိယကောက်ချက်ချမှုပဲ၊ မှန်လား?”

အပြာရောင်လမင်းက ခဏ တိတ်ဆိတ်သွားခဲ့ပြီး သူမအား ကုကျစ်စုန့်၏မျက်နှာကို ရိုက်ပစ်စေချင်နေသည့် black fanများ၏ ဆုတောင်းနှင့်ဆန့်ကျင်ကာ ဝန်ခံလိုက်သည်။

“မှန်ပါတယ်၊ ကျွန်မနဲ့ ကျွန်မရဲ့ချစ်သူကောင်လေးက  ဒုတိယနှစ်တုန်းက သူငယ်ချင်းရဲ့မွေးနေ့ပါတီကိုတက်ရင်း KTVမှာ တွေ့ခဲ့ကြတာပါ၊ သူက ရုပ်ချောပြီး နာမည်လည်းကြီးတယ်၊

အမှန်တိုင်းပြောရရင် သူ့ကို ကြိုက်တဲ့ ကောင်မလေးချောချောတွေ အများကြီးရှိတာ၊ ဒါတောင်မှ သူက ကျွန်မလို သာမန်ကောင်မလေးကို ရွေးချယ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒါက သူကျွန်မကို ချစ်လို့မဟုတ်ဘူးလား?

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် အရွယ်ရောက်ပြီးသား ကြည့်ရှုသူများက တစ်ခုခုမှားနေသည်ကို ကြားလိုက်ရသည်။

[ဒီရှောင်မေ့က အရမ်း အားငယ်တတ်လွန်းနေတာပဲ၊ မင်းရဲ့အသံက နူးညံ့ပြီး နားထောင်ရတာ စိတ်ချမ်းသာစေတယ်၊ နတ်သမီးလေးရဲ့ အသံလိုပဲ၊

မင်းကောင်လေးက မင်းရဲ့ wechat ကိုတောင်းတယ်ဆိုကတည်းက မင်းလှတယ်ဆိုတာကို သူမြင်နေလို့ပေါ့! ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစမ်းပါ!!]

[တကယ်လို့  မင်းကို ဆက်သွယ်ဖို့ကြိုးစားတယ်ဆိုတာနဲ့ မင်းကို ကြိုက်တာဖြစ်နိုင်မှာလား? နိုးထတော့ ညီမလေး!]

ကုကျစ်စုန့်က ခေါင်းငြိမ့်လိုက်ကာ ဆက်ပြောသည်။

“မင်းရဲ့ နတ်ဆိုး အရာရှိကြယ်စင်ဆိုတဲ့အကြောင်းကိုပြောမှ မင်းက အင်မတန်အရှုပ်အထွေးဖြစ်မယ့် လူမျိုးထဲမှာ ပါဝင်နေပြီး အစက်အပျောက်တွေက တစ်ခုမကပါရှိတယ်”

အရာရှိကြယ်စင်များက အမျိုးသမီးတွေအတွက် အရေးအကြီးဆုံးကြယ်စင်ဖြစ်သည့်အလျောက် သူတို့၏ စိတ်ဓာတ်ပုံစံများလည်း ပေါ်လွင်နေတတ်သည်။

သူမ၏ မွေးဖွားရာ အက္ခရာတွေက ဖိနှိပ်ခံထားသည်။ ထို့ကြောင့် ကြောက်ရွံ့ကာ လူများကိုလည်း ကြောက်ရွံ့တတ်သည်၊ ရံဖန်ရံခါတွင် အနိုင်ကျင့်ခံရတတ်သည်။ တခြားလူများနှင့်လည်း ပြဿနာမဖြစ်ရဲသည့် သူဖြစ်ခဲ့သည်။  အပြာရောင်လမင်း၏ လေသံနှင့် မိသားစုနောက်ခံကလည်း ထိုအတိုင်း တထေရာတည်းပင်။

သူမ၏ အရာရှိကြယ်စင်တွင် အမည်းစက်များနှင့် ရောနှောနေသည်။

အဓိပ္ပါယ်မှာ မသေချာ မရေရာသည့် လက်ထပ်ထိမ်းမြားမှုနှင့် လင်နှင့်မယား ကွဲကွာခြင်းတို့ပင် ဖြစ်ချေသည်။

“မင်းက ဒီအတိုင်း အရာရှိကြယ်စင်ပဲဆိုရင်တော့ ကိစ္စမရှိဘူး၊ ဒါပေမယ့် မင်းက နတ်ဆိုး အရာရှိကြယ်စင်ဖြစ်နေခဲ့တ်ကြောင့် ဒီဆက်ဆံရေးက ကြမ်းတမ်းပြီး အဆင်မပြေနိုင်ဘူး။ အခုကိစ္စမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်တာက ဆိုးဆိုးဝါးဝါးအဆုံးသတ်ရလိမ့်မယ်၊

ပြောချင်တာက မင်းအနေနဲ့ အချိန် နောက်ကျပြီးမှ လက်ထပ်ဖို့ သင့်တော်လိမ့်မယ်၊ ဒါပေမယ့် မင်းရဲ့ အနီရောင်မီးငှက်က လက်ထပ်ခြင်းနန်းတော်ဘက်ကို ရွေ့စပြုနေတာကို မြင်နေရတယ်ဆိုတော့ မင်းက လက်ထပ်ဖို့ စိတ်ကူးနေပြီဆိုတာ အသေအချာပဲ”

[လက်ထပ်တော့မှာလား???]

[ သူက အထက်တန်းကျောင်း စီနီယာကျောင်းသူဆို? ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေရတော့မှာကို မင်္ဂလာဆောင်ဖို့ တွေးနေနိုင်သေးတယ်၊ နောက်ပြီး အခုချက်ချင်းတောင် မင်္ဂလာဆောင်ချင်နေသေးတယ်၊ အဲလောက်တောင် ချစ်နေလို့လား]

သူမပြောလိုက်ပြီးသည့်နောက် တိုက်ရိုက်ထုတ်လွှင့်မှု၏ အခြားတစ်ဖက်မှ မိန်းကလေးက အံ့ဩလွန်းသောကြောင့် စကားပင် မပြောနိုင်ဖြစ်သွားရသည်။ ကုကျစ်စုန့်ပြောသမျှအရာအားလုံးက လုံးလုံးလျားလျားကို မှန်ကန်နေခဲ့သည်။

သူမ စာလေ့လာခြင်းကို လက်လျှော့လိုက်ပြီး သူမ၏ချစ်သူ လက်ထပ်ဖို့အတွေးက သူမကို လတ်တလော စိတ်ဖိစီးနေစေသည့်အကြောင်းအဝာတစ်ခုဖြစ်နေခဲ့သည်။  သူမ မည်သူသူ တစ်ဦးတစ်ယောက်ကိုမှ ထုတ်မပြောခဲ့ချေ။ သူမ၏ချစ်သူနဲ့ သူမ၏မိဘများတောင် သူမ ထိုသို့ တွေးနေသည်ကို မသိကြသေးပေ။

ဤသည်ကို ထိုမင်းသမီးက မည်သို့များ သိရှိသွားရသည်လဲ?

မွေးနေ့နဲ့ စာလုံးများကို ကြည့်လိုက်ရုံဖြင့် အရာအားလုံးကို သိနေလောက်သည်အထိ မှော်ဆန်လွန်းသည့်အရာမျိုး ရှိနေနိုင်သည်လား??

သူမ ဆွံ့အသွားချိန်တွင် ကုကျစ်စုန့်က ဆက်ပြောနေခဲ့သည်။

“မင်း ငါ့ကို ပို့လိုက်တဲ့ပုံက လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရိုက်ထားတဲ့ ပုံဖြစ်နေလိမ့်မယ်။ အဲဒီအချိန်တုန်းက မင်း ဒီကောင်လေးနဲ့ မတွဲသေးဘူး၊ ဆိုတော့ မျက်နှာပေါ်က လက်ထပ်ခြင်းလမ်းကြောင်းနဲ့ နန်းတော်အဆင့်က ကွဲပြားနေတယ်၊ မင်းသာ အသေအချာ ဟောပြောစေချင်တယ်ဆိုရင် မင်းရဲ့ အခုလက်ရှိဓာတ်ပုံကို ပို့ပေးမှ ရလိမ့်မယ်”

‘အပြာရောင်လမင်းနှင့် ပရိတ်သတ်များ : “???”

ဒီပုံဘယ်တုန်းက ရိုက်ထားတာဆိုတာကို သူမက ဘယ်လိုလုပ်ပြီးသိနေရတာလဲ?

အပြာရောင်လမင်းက သူမ၏ဖုန်း မူရင်းကင်မရာနှင့် ဓာတ်ပုံရိုက်ကာ ကုကျစ်စုန့်ထံသို့ သီးသန့်ပေးပို့လိုက်သည်။

ဓာတ်ပုံရပြီးနောက် ကုကျစ်စုန့်မှ တစ်ချက်ကြည့်ရုံနှင့် ထိုကောင်မလေး၏မျက်နှာက တစ်နှစ်အတွင်း လုံးဝပြောင်းလဲသွားသည်ကို သတိပြုလိုက်မိသည်။

“မင်းပြောခဲ့တဲ့စကားအရ မင်းက အရမ်း ပျော်နေခဲ့တယ်ဆို? ဒါဆို ဘာလို့ မင်းရဲ့မျက်လုံးအောက်က လမ်းကြောင်းလေးတွေနဲ့ မျက်ခုံးကြားမှာလည်း ပူပန်မှုတွေနှင့် ပြည့်နေရတာလဲ? ဒါက အမျိုးသားနဲ့ အမျိုးသမီး၏ နန်းတော်တွေ တည်ရှိတဲ့ နေရာဖြစ်ပြီးတော့ လဲ့ထန်အမှတ်ရှိတဲ့ နေရာပဲ

ရှမ်းရွှီမှာ ဖော်ပြနေတာက မင်းရဲ့ ယောင်္ကျားနဲ့ မိန်းမကြားက ဆက်ဆံရေးက ကြမ်းတမ်းပြီး မမြင်နိုင်တဲ့ အန္တရာယ်အပြည့်ဖြစ်နေတယ်၊ ဒီကိစ္စကြောင့် မင်းကို ညဘက်မှာ အိပ်မပျော်ဖြစ်စေတတ်တယ်၊ ဒီတိုင်းပဲဆက်သွားနေမယ်ဆိုရင်တော့ မင်းရ့်ဘဝက ငိုကြွေးရမှုတွေနဲ့ပဲ အဆုံးသတ်ရလိမ့်မယ်”

“ပိုပြီးအရေးကြီးတာက မင်းရဲ့ ကျင်းရှယ် နဲ့ ကွမ်းထျန်အမှတ်တို့ရဲ့ သွေးကြောမှတ်နှစ်ခုက ချိုင့်ဝင်နေတယ်၊ အခုရက်ပိုင်းမှာ မင်းက အိပ်ငိုက်တာ၊ အိပ်ရေးပျက်တာနဲ့ စိတ်ဓာတ်ကျတာတွေ ဖြစ်နေလိမ့်မယ်”

ကုကျစ်စုန့်က ကင်မရာကို စိုက်ကြည့်ကာ ယတိပြတ်ပြောလိုက်သည်။

“မင်းမှာ ကိုယ်ဝန်ရှိနေတာပဲ”

သူမ ပြောလိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် ပရိတ်သတ်အားလုံး အုတ်အော်သောင်းနင်း ဆူပွက်သွားကြပြီး မျက်နှာပြင်မှာလည်း နှင်းကျနေသကဲ့သို့ မှတ်ချက်များဖြင့် ပလူပျံနေတော့သည်။

[တကယ်ကြီးလား? အပြာရောင်လမင်း၊ မင်းရဲ့ စိတ်တွေ ရှုပ်ထွေးနေတာလား!]

[တကယ်လို့ အဲဒါကသာ အဓိက အကြောင်းရင်းဆိုရင်တော့ အားလုံးက အဓိပ္ပာယ်ရှိသွားပြီ၊ သတိမရှိတဲ့ ဆယ်ကျော်သက်နှစ်ယောက်က ကလေးကို သတ်မိတာ ဖြစ်နိုင်တာပဲလေ၊ မိသားစုကလည်း မသိသေးလောက်ဘူး ဟုတ်တယ်မလား?】

[… …]

အပြာရောင်လမင်းက အက်ကွဲသည့် အသံဖြင့် ပြောလာသည်။

“မှန်ပါတယ်၊ ကျွန်မလည်း ပြီးခဲ့တဲ့ အပတ်ကမှ သိထားခဲ့တာ ၊နှစ်လလောက်ရှိနေပြီတဲ့…”

**

All Chapters