နတ်ဆိုး အရာရှိကြယ်စင် (3)
Vol. 5 Ch. 43
ရုပ်လွန်ပညာရပ်သဘောအရ သူမမြင်တွေ့လိုက်ရသော အပြာရောင်လမင်း ၏အခြေအနေမှာ ထိုမကောင်းသည့် ဆေးရုံတွင် ကိုယ်ဝန်ပျက်ကျပြီးနောက် ခန္ဓာကိုယ်ကလည်းထိခိုက်သွားလိမ့်မည်။
သူမ ကျောင်းသို့ ပြန်သွားပြီးချိန်တွင် သူမ၏ကောင်လေးက သူမနှင့် လမ်းခွဲကာ နောက်ထပ်ရည်းစားအသစ်ရသွားလိမ့်မည်။
ရလဒ်ကတော့ ထိုအမှိုက်ကောင်က သူမနှင့်ဖြစ်ခဲ့သည့် ကိစ္စကို ဂုဏ်ယူစရာဟု သတ်မှတ်ကာ သူ၏ ညီအစ်ကိုများ၊ ရည်းစားသစ်များကို ကြွားဝါပြောဆိုခဲ့သည်။ ထိုလူတွေကပဲ ကျောင်းတွင် သတင်းများဖြန့်ဝေကာ ပြဿနာရှာခဲ့ကြသည်။ အပြာရောင်လမင်း၏ အတန်းဖော်များနှင့် ဆရာများကလည်း သူမကို လူထူးလူဆန်းတစ်ယောက်ကဲ့သို့ ကြည့်လာခဲ့ကြတော့သည်။
နောက်ဆုံးတွင်တော့ ပြင်းထန်သည့်စိတ်ကျရောဂါကို ခံစားနေရသည့် အပြာရောင်လမင်းက ကျောင်းဆင်းလက်မှတ်တောင် မရသေးခင်မှာ ကျောင်းထွက်လိုက်ရသည်။
ပညာရေးမပြီးဆုံးသည့် သူမအတွက် သင့်တော်တဲ့ အလုပ်ဆိုသည်မှာ ရွှေထက်ပင် ရှားပါးခဲ့သည်။
သူမက ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်ရင်း အသက်မွေးခဲ့ရသည်။ ကိုယ့်ကိုကိုယ် နှိမ့်ချခြင်းနှင့် စိတ်ကျခြင်းတို့အပြင် အဆင်မပြေနိုင်သည့် အချစ်ရေးက သူမကို အချစ်နှင့် လက်ထပ်မှုကို အယုံအကြည်ကင်းမဲ့စေကာ တွဲဖက်အစစ်နှင့်လည်း လွဲချော်ခဲ့သည်။
သူမက အသက် လေးဆယ်မပြည့်ခင်မှာ သေဆုံးသွားခဲ့ရလိမ့်မည်။
ကိစ္စများက ဖြစ်ပျက်ပြီးသွားပြီဆိုသော်လည်း သူမ၏ ဘဝကို ပြောင်းလဲနိုင်ရန်အတွက်တော့ အချိန်မှီသေးသည်။
အပြာရောင်လမင်းက မျက်ရည်များကို သုတ်လိုက်ရင်း ငိုသံဖြင့် ကုကျစ်စုန့်ကို ကျေးဇူးတင်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်တန့်လိုက်လေသည်။
[ဘုရားရေ! ဒီကောင်မလေးက အရမ်းကံဆိုးရှာတာပဲ၊ နောက်ပိုင်းမှာ သူမ ဘာတွေများ ဆက်လုပ်မှာပါလိမ့်?]
[ကလေးမလေးက စိတ်ထဲမှာ ဝန်ပိသွားတော့မှာပဲ၊ တိုက်ရိုက်ထုတ်လွှင့်သူ ကောင်မလေးကို တစ်နည်းနည်းနှင့် ကူညီလို့ မရနိုင်ဘူးလား?]
မကြာလိုက်ချေ။ #ကုကျစ်စုန့် #အပြာရောင်လမင်း ဆိုသည့် tagများက hot search ထဲကို ချက်ချင်းရောက်သွားကာ အကြိတ်အနယ်ဆွေးနွေးမှုများလည်း ဖြစ်ပေါ်လာကြသည်။
သူမ၏ ကောင်လေးရောက်လာချိန်တွင်တော့ အပြာရောင်လမင်းမှာ ရေကန်ဘေးမှ တဲကုပ်လေးထဲတွင် စောင့်ဆိုင်းနေခဲ့သည်မှာ နာရီဝက်လောက်ရှိနေပေပြီ။
“ယွဲ့ယွဲ့ ဘာဖြစ်ပြန်တာလဲ? နေ့လည်မှတွေ့မယ်လို့ ပြောထားတာကို အခုကတည်းက အလောတကြီး လှမ်းခေါ်နေတယ်”
ကောင်လေးက စိတ်မရှည်တော့သည့် လေသံဖြင့် ပြောလိုက်သော်လည်း သူမ၏ တည်ငြိမ်ပြီး အသက်မဲ့နေသည့် မျက်လုံးများနှင့် နီရဲနေသည့်မျက်နှာလေးကို မြင်လိုက်ရတော့ အားနာရှက်စိတ် အနည်းငယ်လောက်ကို ခံစားလိုက်ပြီးနောက် အကြည့်ချင်းမဆုံဘဲ မျက်နှာလွှဲလိုက်သည်။
အပြာရောင်လမင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
“ကိုယ်ဝန်ကိစ္စကို ဆွေးနွေးချင်လို့ဆို? ရှင် ဘယ်လိုဖြေရှင်းမယ်လို့ စဉ်းစားထားလဲ?”
သူမက ကောင်လေးကို စေ့စေ့စိုက်ကြည့်လိုက်တယ်။
“အားကျယ်၊ ရှင် ကျွန်မတို့အတူရှိနေတုန်းက ပြောခဲ့တဲ့စကားကို မှတ်မိသေးရဲ့လား?”
သူ ယခင်တုန်းက ကောင်မလေးအား ချော့မြူနေရင်း အလွယ်တကူပြောခဲ့သည့် သကြာဖုံးလွှမ်းထားသည့် စကားလုံးများက သူ့၏ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့သည်။
‘အနာဂတ်မှာ ငါမင်းကို လက်ထပ်ယူမှာပါ’
‘မင်းမှာ ကိုယ်ဝန်ရှိခဲ့ရင်လည်း ငါတို့ကလေးလေးကို အတူမွေးကြမယ်’
…..
နှလုံးသားထဲတွင် စိတ်ပျက်မှုများဖြင့် ပြည့်နေသော်လည်း သူက စိတ်ရှည်ရှည်နှင့် ညင်သာစွာပြောလိုက်သည်။
“ယွဲ့ယွဲ့.. ငါတို့က အရမ်းငယ်သေးတယ်လေကွာ.. ငါ မင်းကို ဘယ်လိုလုပ်ပြီး ကလေးမွေးခိုင်းရက်မှာလဲ? မင်းရဲ့မိဘတွေ သိရင် မင်းကို ဆူပူပြီး ရိုက်နှက်ကြလိမ့်မယ်..ငါ မင်းထိခိုက်မှာကို လုံးဝမမြင်နိုင်လို့ပါ”
“ဒီတော့ ရှင် ဘယ်လိုဖြစ်ချင်တာလဲ?”
ကောင်လေးက နင်သွားခဲ့ရကာ သူ့၏ကောင်မလေးက ဒီနေ့မှာ ပြောရဆိုရ ကပ်သပ်နေသည်ဟုလည်း ခံစားလိုက်ရသည်။ သို့သော်လည်း သူက ကျည်ဆံကိုကိုက်ကာ ဆက်ပြီး ချော့မြူနေခဲ့သည်။
“ကလေးကိစ္စကို စိတ်မပူပါနဲ့၊ ငါအသိဆရာဝန်တစ်ယောက်ကို ဆက်သွယ်ပြီးသွားပြီ၊ မင်းကို မနာကျင်စေရဘူးလို့ ကတိပေးတယ်၊ ငါတို့ ကောလိပ်တက်ပြီး လက်ထပ်ပြီးမှ ကလေးတွေ မွေးကြမယ်လေ…”
သူ့၏ဦးနှောက်ထဲတွင် အပြာရောင်လမင်းအား ပုဂ္ဂလိကဆေးခန်းသို့ မည်သို့ခေါ်သွားရမလဲဆိုသည်ကို ဖြစ်ညှစ်စဉ်းစားနေစဥ် ကောင်မလေးက ဒေါသတကြီးဖြင့် အော်ဟစ်လာခဲ့သည်ကို ကြားလိုက်ရချေသည်။
“ထွက်သွားစမ်း! ဖန်းကျယ်၊ နင်က ငါ့ကို အန်ချင်လာအောင်လုပ်နေတာပဲ!!!”
ဖန်းကျယ်: “???”
“အဲလိုမဟုတ်ပါဘူး ယွဲ့ယွဲ့၊ မင်းဒီနေ့ ဘယ်လိုဖြစ်နေတာလဲ? အား!!!”
သူ စကားမဆုံးသေးခင် သူ့၏ခေါင်းကို ကျောက်တုံးနဲ့ ရိုက်ခြင်းကိုခံလိုက်ရလေ၏။ သူ ခေါင်းမော့ကြည့်လိုက်တော့ ကောင်မလေး၏ မျက်လုံးများက နီရဲနေကာ လက်ထဲတွင်လည်း ကျောက်တုံးကို ကိုင်ထားဆဲဖြစ်နေခဲ့သည်။ ဖန်းကျယ် ထိတ်လန့်သွားခဲ့ပြီး တဲလေးထဲမှ ပြေးထွက်လိုက်ရင်း အော်ဟစ်လိုက်လေသည်။
“နင် ရူးနေတာလား!? ငါ အဲဒီစောက်ကလေးကို မလိုချင်ဘူးလို့ပြောနေတယ်လေ!!”
ဖန်းကျယ် ထွက်ပြေးသွားပြီးနောက် အပြာရောင်လမင်းက သူမ၏ ဘဝမှာလမ်းပျောက်သွားခဲ့ရသကဲ့သို့ ကူရာကယ်ရာမဲ့မှုများကိုသာ ခံစားနေခဲ့ရသည်။ သူမ မိဘများ၏ စိတ်ပျက်သည့် အကြည့်များကိုလည်း မခံစားနိုင်ချေ။
သူမ ရှေ့ဆက်လုပ်ရမည့်အရာများကိုလည်း မတွေးတော့နိုင်တော့။
အပြာရောင်လမင်းက သူမ၏ဖိနပ်များကို ချွတ်လိုက်ပြီး ရေကန်ထဲသို့ ဆင်းလိုက်သည်။
ရေက သူမ ဒူးကိုကျော်လာသည့်အချိန်တွင်တော့ ရုတ်တရက် အနောက်ဘက်မှ အော်ဟစ်သံများကို ကြားလိုက်ရလေ၏။
“ယွဲ့ယွဲ့ သမီး!! ရပ်လိုက်!!!”
အလွန်စိတ်ပူပန်နေသည့် သက်လတ်ပိုင်းစုံတွဲက ပြေးလာခဲ့ကာ ရေထဲသို့ခုန်ချပြီး သတ်သေဖို့ ကြိုးစားနေသည့် ကောင်မလေးအား ရေကန်အစပ်သို့ ပြန်လည်ဆွဲခေါ်လာသည်။
“မင်း တကယ်ကိုပဲ!”
အံကိုကြိတ်ထားသည့် အဖေ့ဖြစ်သူ၏ မျက်လုံးထဲတွင် မျက်ရည်များပြည့်နေခဲ့သည်။ သူက လက်ကိုမြှောက်ကာ အပြာရောင်လမင်းကို ရိုက်ရန်ဟန်ပြင်လိုက်သော်လည်း ရေများဖြင့် စိုရွှဲနေသည့် အမေဖြစ်သူက တွန်းထုတ်လိုက်သည်။
“ရှင်ဘာလုပ်တာလဲ? သမီးလေး စိတ်သောကရောက်နေတာကို ရှင်မမြင်ဘူးလား?”
ဖြူဖတ်ဖြူရော်ဖြင့် ကြောက်ရွံနေသည့် သမီးဖြစ်သူ၏ မျက်နှာလေးကို ကြည့်ကာ သူမ၏ရင်ထဲတွင် နောင်တရ၍ မဆုံးတော့ချေ။
သူမတို့၏ မိသားစုက ဆင်းရဲသောကြောင့် ပိုက်ဆံကို အတတ်နိုင်ဆုံးချွေတာချင်ခဲ့သည်။ ဒုတိယကလေးက လိမ္မာရေးခြားရှိပြီး နားလည်တတ်သည်ဟု ထင်ခဲ့သော်လည်း အဆုံးတွင်တော့ သမီးဖြစ်သူကို လျစ်လျှူရှုထားခဲ့သလို ဖြစ်ကာ နာကျင်စေခဲ့ရသည်။
နောက်ဆုံးတွင် ယခုကဲ့သို့ ကိစ္စကြီးမျိုးဖြစ်လာချိန်မှာတောင် သမီးဖြစ်သူမှာ မိသားစုများကို ပြောမပြနိုင်ရဲဘဲ ဖြစ်လာခဲ့ရသည်။
အမေဖြစ်သည်က ခိုင်မာသည့် လေသံဖြင့် ပြောခဲ့သည်။
“ယွဲ့ယွဲ့၊ လာ.. အမေတို့ အိမ်ပြန်ကြမယ်.. ဒါက ဖြေရှင်းလို့မရနိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး၊ အမေ သမီးကို ကျောင်းခဏနားခိုင်းပြီး ကလေးဖျက်ချဖို့အတွက် ဆေးရုံကောင်းကောင်းကို ခေါ်သွားပေးမယ်၊ ကျန်းမာရေးကောင်းသွားရင် ကျောင်းသစ်တစ်ကျောင်း ထပ်ရှာပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲကို အေးအေးဆေးဆေးဖြေကြမယ်၊ စာမေးပွဲကျရင်လည်း အမေတို့ ထပ်ဖြေလို့ရတယ်၊ ကိစ္စမရှိဘူးနော်”
“မင်းနေရမယ့် ဘဝက အရှည်ကြီးကျန်သေးတယ်? ဘယ်လိုပြဿနာပဲဖြစ်ဖြစ် ရင်ဆိုင်ကျော်ဖြတ်လို့ရတယ်၊ အရင်က ငါတို့က မင်းရဲ့ မိဘတွေဖြစ်ပြီး မင်းအပေါ်ကို မတရားခဲ့ဘူး၊ လျစ်လျှူရှုခဲ့မိတယ်၊ ဒီအတွက် ငါတို့တွေ မင်းကို တောင်းပန်ပါတယ် ”
သူမ၏ မိဘများထံမှ တောင်းပန်မှုက သူမအား တစ်သက်လုံး ဖိနှိပ်ထားခဲ့သည့် ခံစားချက်တွေ ပြိုကွဲပြီး ပွင့်ကျလာခဲ့ရကာ အပြာရောင်လမင်းမှာ ပြိုလဲသွားခဲ့ရသည်။
သူမက အမေဖြစ်သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်ကာ ကလေးတစ်ယောက်ကဲ့သို့ ရှိုက်ကြီးတငင် အော်ငိုလိုက်မိသည်။
“မား!! သမီးက သေချာ မတွေးနိုင်ခဲ့ဘူး! သမီး အရမ်းနောင်တရတယ်!!!”
“ကိစ္စမရှိဘူး.. မားတို့တွေ အစကနေ ပြန်စကြမယ်!”
သူမ၏ မျက်ရည်မရပ်တန့်သွားသည့်နောက်တွင် အပြာရောင်လမင်းက တစ်ခုခုကို သတိရသွားခဲ့သည်။
“မား ၊ မားတို့ ဒီနေရာကို ဘယ်လိုလုပ်ပြီး ရှာတွေ့ခဲ့တာလဲ?”
သတ်လတ်ပိုင်းအမျိုးသမီးက ပြန်ဖြေလာသည်။
“မားတို့ အိမ်မှာ ဟင်းချက်နေတုန်းမှာ အမျိုးသမီးတစ်ယောက်က ဖုန်းဆက်လာတယ်၊ အစကတော့ မားတို့ မယုံခဲ့ဘူး၊ ဒါပေမယ့် သူမက သမီးရဲ့ဓာတ်ပုံကို ပို့ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာတွေကို ပြောလာတာ၊
မားလည်း မင်းရဲ့အဖေကို ဆွဲပြီး ချက်ချင်းပြေးလာခဲ့တာလေ၊ သူမဘယ်သူလဲဆိုတာကို မင်းသိလား? မားတို့ မိသားစု သူမကို သေသေချာချာကျေးဇူးတင်ရမယ်!!”
အပြာရောင်လမင်း၏ နှလုံးသားက တစ်ချက်ခုန်သွားခဲ့ပြီး ချဥ်တူးနေသည့်နှာခေါင်းဖြင့် နှာတစ်ချက်ရှုံ့လိုက်သည်။
“သူမ ဘယ်သူလဲဆိုတာ သမီးသိတယ်၊ သမီးလည်း သူမကို ကျေးဇူးတင်ချင်တယ်”
*
ဤတစ်ကြိမ်တွင် ဟောပြောမှုအတွက် စကားပြောနေသည်မှာ အချိန်တစ်နာရီကျော်ခန့် ကြာနေသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ အရှိန်က ကျမသွားသည့် အပြင် ပေါက်ကွဲထွက်မတတ်ပင် အရှိန်မြင့်တက်နေခဲ့သည်။
အနာဂတ်ဟောခြင်းပြီးဆုံးသွားသည့်နောက်တွင်တောင် ကြည့်ရှုသူတွေများက အများအပြားကျန်ရှိနေသေးသည်။
[တိုက်ရိုက်ထုတ်လွှင့်သူ၊ စကားနည်းနည်းလောက် ထပ်ပြောပါဦး၊ မင်းက အခြားပြိုင်ပွဲဝင်တွေနဲ့ မတူဘူး]
[အား! မာစတာကု! ငါ့ကိုလည်း တစ်ချက်ကြည့်ပေးပါဦး၊ မင်္ဂလာဆောင်တာနဲ့ ပတ်သတ်ပြီး နတ်ဆိုးအရာရှိကြယ်စင်ဆိုတာအကြောင်း ပြောသံကြားလိုက်တယ်၊ ငါ့မှာရော အဲလိုအရာမျိုး ရှိနေလောက်လားဆိုတာ ကြည့်ပြီး ကူညီပါဦး၊
ငါအကြိမ် တစ်ဒါဇင်မက လူတွေနှင့်တွေ့ပြီး စေ့စပ်ခဲ့ဖူးတယ်၊ ဒါပေမယ့် တစ်ခုမှ အထမြောက်ခဲ့ဘူး၊ ငါ့အမေက ငါ့ရဲ့မင်္ဂလာဓာတ်ပုံကို ချိတ်ဖို့ ဖင်တကြွကြွဖြစ်နေတာ၊ ငါသိချင်တာက မင်္ဂလာဆောင်တာ ငါနဲ့ သင့်တော်၊မသင့်တော်ဆိုတာပါပဲ၊ တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း ငါ သိပ်ပြီး ကြိုးစားမနေချင်တော့ဘူး]
[အရင်တစ်ခေါက် မင်းပြောတဲ့ နည်းလမ်းတွေအတိုင်း ပန်းနဲ့ အပင်တွေကို နေရာပြန်စဉ်လိုက်တာ ညှိုးနေတဲ့ ပန်းတွေတောင် ပြန်ရှင်လာတာနော်၊ အရမ်းမိုက်တာပဲ!]
ကုကျစ်စုန့်က ရွဲ့စောင်းလှောင်ပြောင်နေသည့် black fan တွေကို တစ်ချက်ကြည့်ကာ လျစ်လျူရှုလိုက်ပြီး :
“လူတွေရဲ့ ကြမ္မာဆိုတာက ရှုပ်ထွေးပြီး တစ်ချိန်လုံး ပြောင်းလဲနေတာကြောင့် နတ်ဆိုး အရာရှိကြယ်စင် တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရဘူး၊ လက်ထပ်ထိမ်းမြားခြင်းအကြောင်းကို သိချင်နေတဲ့ ကြည့်ရှုသူက ဇာတာခွင်နဲ့ ဓာတ်ပုံကို ပို့ပေးလိုက်ပါ”
အချိန်က မနက်ခင်းမှာပဲရှိနေသေးသည်ကို အခွင့်ကောင်းယူကာ သူမ အချိန်ပိုဆင်းလိုက်သည်။
ဇာတာခွင်နှင့် ဓာတ်ပုံကိုရပြီးနောက် ကုကျစ်စုန့်က တွက်ချက်ကာ ပြောလိုက်သည်။
“ဒီပရိသတ်၊ မင်းရဲ့ နှာခေါင်းက လုံးဝန်းပြီး တုံးတိတိဖြစ်နေတယ်၊ ကောင်းကင်နေရာက ပြည့်နေပြီး မြေတိုက်ခန်းနဲ့ ရွှေကြိုးနီနေရာတွေက အရောင်လက်နေတယ်၊ ဒါက စီးပွားရေးအဆင်ပြေတဲ့ မျက်နှာမျိုးပဲ၊ ငါထင်တာ မမှားဘူးဆိုရင် မင်းက ကုမ္ပဏီကြီး တစ်ခုရဲ့ မန်နေဂျာဖြစ်ပြီး မင်းလက်အောက်မှာလဲ ဝန်ထမ်းတွေအများကြီး ရှိလိမ့်မယ်”
“မင်းရဲ့ ယောကျ်ားနဲ့ မိန်းမကြားက ဆက်ဆံရေးတွေအကြောင်းက သိပ်ပြီး လွမ်းမောနေဖို့မလိုတာကြောင့်…. ဇွတ်အတင်းလုပ်ယူဖို့လည်း မလိုအပ်ဘူး၊ မင်းရဲ့ အရာရှိကြယ်စင်နဲ့ နတ်ဘုရားဆယ်ပါးအရဆိုရင် သိပ်ပြီး ပြဿနာမရှိဘူး၊ မင်းသတိထားရမှာ တစ်ခုက မင်းရဲ့ အရာရှိကြယ်စင်က နာရီထောက်ထိုင်ပေါ်မှာ ရှိနေတာ၊
အသက်ကြီးမှ လက်ထပ်ပြီး ကလေးမွေးရတာက ပုံမှန်ပါပဲ၊ မင်းရဲ့ ထိမ်းမြားခြင်းနန်းတော်က အဆင့်တစ်ဆယ်မှာ ရှိနေတာဆိုတော့ မင်းနဲ့ မင်းရဲ့ အချစ်စစ်က အလုပ်မှာပဲ ဆုံတွေ့ကြလိမ့်မယ်၊ မင်းတို့ နှစ်ယောက်က အကြိုက်ချင်းတူပြီး ဝါသနာလည်း တူတော့ ပျော်ရွှင်ရလိမ့်မယ်”
ဖုန်းရွှေအကြောင်းမေးခွန်းအနည်းငယ် ထပ်ဖြေပြီးနောက် ကုကျစ်စုန့်က တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ဆူညံစွာတောင်းဆိုမှုတွေကို လျစ်လျူရှုလိုက်ပြီး ထုတ်လွှင့်မှုကို ရပ်တန့်လိုက်သည်။
ထို့နောက် နာကျင်နေသည့် မျက်လုံးဘေးထောင့်တွေကို အသာညှစ်လိုက်စဥ်တွင် ဦးနှောက်ထဲမှ စနစ်၏ အသံကို ကြားလိုက်ရသည်။
“တစ်ယောက်ယောက်က လူသားတွေရဲ့ အရေးကိစ္စတွေမှာ ဝင်ပါရတာကို မုန်းတယ်လို့ ပြောခဲ့ဖူးသလိုပဲ? သူတို့တွေမှာ သူတို့ရဲ့ကံတရားတွေရှိနေတာပဲဆို ၊ အခုကျတော့ ဘာလို့ ကူညီချင်နေတာလဲ? မကြားချင်ယောင်ဆောင်မနေနဲ့!!”
အပြာရောင်လမင်းက ထုတ်လွှင့်မှုကို ရပ်လိုက်ပြီးနောက် hot search မှာ ရှာဖွေမှုတွေများနေခဲ့သည်။ အင်တာနက်ပေါ်တွင်ရော၊ တိုက်ရိုက်ထုတ်လွှင့်မှုခန်းမှ လူတစ်ချို့ကပါ သူမ ယခုလိုဖြစ်ခဲ့ရသည်မှာ နည်းသေးသည်ဟု ပြောသူများရှိကြသလို သူမ၏အချက်အလက်များကို ရှာဖွေဖော်ထုတ်ဖို့ လုပ်နေကြသူများလည်း ရှိသည်။
သို့သော်လည်း သူတို့တွေ မည်မျှရှာဖွေပါစေ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ချေ။ အပြာရောင်လမင်း၏ အချက်အလက်ဟူ၍ တစ်ခုလောက်တောင် ရှာ၍မရနိုင်ခဲ့။
စနစ်ရဲ့တည်ရှိမှုကြောင့် အင်တာနက်ပေါ်မှ သက်ဆိုင်ရာ စကားလုံးတွေအားလုံးမှာ ကောင်မလေး၏ ကိုယ်ရေးကိုယ်တာကို ကာကွယ်ရန်အတွက် အဖျက်ခံလိုက်ရသည်။
ကုကျစ်စုန့်က သိပ်ပြီး မစဉ်းစားခဲ့ချေ။ သူ့အနေဖြင့် အပြာရောင်လမင်းက ဤဆူးများဖုံးလွှမ်းသည့်တောင်ကို ကျော်လွှားနိုင်သည်နဲ့ သူမ၏ ကံကြမ္မာမှာ ပြောင်းလဲသွားလိမ့်မည်ကို သိထားခဲ့သည်။
သူမက ပို၍ သန်မာလာလိမ့်မည်။ စာကို ကြိုးစားပြီး တက္ကသိုလ်ကောင်းကောင်းတက်ကာ အနာဂတ်တွင် ကိုယ်ပိုင်ဘဝကို ထိန်းချုပ်နိုင်လာလိမ့်မည်။
ကုကျစ်စုန့်တစ်ယောက် ပရိုဂရမ်အဖွဲ့မှပြင်ဆင်ပေးထားသည့် နေ့လည်စာကို စားဖို့ ပြင်နေစဉ်မှာပဲ သူမ၏ လက်ထောက် ရှောင်ကျိုးက အလွန် အူမြူး၊ စိတ်လှုပ်ရှားစွာ ဝင်လာသည်ကို တွေ့လိုက်ရလေသည်။
**