နဂါးအမဲလိုက်ခြင်း (1)
Vol. 5 Ch. 45
မသေမျိုးဖြူကောင်
“သတိပေးလို့ ကျေးဇူးတင်တယ်၊ ဒါပေမယ့် ငါတို့က ဖော့ရှီရွာကို သွားမှဖြစ်လိမ့်မယ်”
ကုကျစ်စုန့်က သူမ၏လက်ကို ဝှေ့ရမ်းကာ ကောင်လေး ဝ,ကို ကျေးဇူးတင်စကားဆိုလိုက်ပြီး တောင်ပေါ်သို့ ဆက်တက်သွားခဲ့သည်။
သူပြောခဲ့သည့်စကားကို နားမထောင်သည်ကိုတွေ့လိုက်ရချိန်တွင် ကောင်လေး ဝ,မှာ စိတ်ပူပန်နေခဲ့သော်လည်း ရှေးလူကြီးများ ပြောခဲ့သော တောင်ပေါ်ရာဇဝင်များကြောင့် အနောက်မှလိုက်မသွားရဲခဲ့ပေ။
ထိုကိစ္စဖြစ်ပြီးနောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေကြသည့် ပရိသတ်များ၏ ရင်ထဲတွင် ထူးဆန်းသည့် ဖော့ရှီရွာမှာ လျို့ဝှက်ဆန်းကြယ်မှုများနှင့် ဖုံးလွှမ်းနေသကဲ့သို့ ပို၍ထင်မှတ်သွားခဲ့စေသည်။
ပရိုဂရမ်အတွင်း ပထမတစ်ပိုင်းပါဝင်ခဲ့ပြီးကတည်းက ကုကျစ်စုန့်အား ရိုက်ကူးရေးလုပ်ရသည့် ကင်မရာမင်းသည် သူမ၏ စွမ်းအားနှင့် အလျင်ကို နားလည်သွားပြီဖြစ်သော်လည်း တစ်ဖက်မှ အမျိုးသမီးမှာ သူ နားလည်ထားသည်ထက် ကျော်လွန်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ဤမျှလောက် ခက်ခဲကြမ်းတမ်းသည့် တောင်တက်လမ်းတွင်တောင် နူးညံ့ပြီး အားနည်းပုံပေါ်သည့် အမျိုးသမီးကြယ်ပွင့်၏ ခြေထောက်မှာ လေဟုန်စီးနေသကဲ့သို့ ပေါ့ပါးနေခဲ့ကာမြေပြန့်မှာ သွားလာနေကဲ့သို့ပင် လျင်မြန်နေခဲ့သေးသည်။
သူတို့ ဖော့ဖော့တောင်၏ မြင်ကွင်းကောင်းသည့် တည်နေရာသို့ ရောက်ရန် နာရီဝက်သာ တက်လိုက်ရချေသည်။
ရိုက်ကူးရေးအဖွဲ့ဝင်နှစ်ယောက်က ကျောက်တုံးပေါ်တွင်ထိုင်ချကာ အမောဖောက်နေသော်လည်း အသက်ရှုသံလေးတောင် လျှင်မြန်နေခြင်းမရှိသည့် ကုကျစ်စုန့်ကတော့ မြင်ကွင်းကိုပိုရှင်းလင်းစေသည့် အစွန်းသို့ လျှောက်သွားနေခဲ့သေးသည်။
ထိုနေရာမှ ရှုခင်းမြင်ကွင်းမှာ လူများကို ‘သေဆုံးမှုမြင်ကွင်းအားလေ့လာရန်’ အတွက် တည်ဆောက်ထားသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်စေသည်။
ဘေးနှစ်ဖက်မှ တောင်စွန်းများကို တစ်ချက်ကြည့်ရုံနှင့် မြင်သာနေပြီး တောင်တစ်ခုလုံးကတော့ …..
နဂါးတစ်ကောင်ရစ်ပတ်နေသည်နှင့် အသွင်တူလှသည်!
အောက်ခြေမှစ၍ တောင်အထက်အပိုင်အထိ မြင်ကွင်းမှာ ‘နဂါးကျောပြင်’ ဖြစ်ပြီး မြင်ကွင်းအဆုံး တိမ်နှင့် မြူများကွယ်နေရာတွင်တော့ ရေကန်ငယ်လေးကို မထင်မရှားမြင်နေရကာ ‘နဂါးအမြီး’သည် ထိုရေကန်လေးထဲတွင် နှစ်မြှုပ်ထားဟန်ပေါ်သည်။
အချိန်က နေ့လည်ခင်းပိုင်းဖြစ်ပြီး ဖော့ဖော့တောင်၏ နေသာသည့် အခြမ်းတွင် ရွှေရောင်နေအလင်းက ဖြာကျနေခဲ့သည်။
ကုကျစ်စုန့် တစ်ချက်ကြည့်လိုက်ရုံနှင့် ဤတောင်တွင် နဂါးသွေးကြောများရှိသည်ကို ပြောနိုင်သည်။
ထို့အပြင် ထိုအရာမှာ အသက်ဝင်နေဆဲဖြစ်ကာ ချမ်းသာကြွယ်ဝခြင်းများစွာနှင့် ပြည့်လျှံနေသော သွေးကြောလည်းဖြစ်နေခဲ့သည်။
သူမ၏အမြင်တွင်တော့ ချီဓာတ်နှင့် ဤနဂါးသွေးကြောသည် အနည်းဆုံး လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်က ပေါ်ပေါက်ခဲ့သည်ဟု ယူဆရသည်။
လွန်ခဲ့သည့် နှစ်ရာချီအချိန်တွင် တရုတ်နိုင်ငံသည် သက်ဦးဆံပိုင်စနစ်ဖြစ်ကာ မင်းညီမင်းသားများနှင့် စစ်သူကြီးများ စိုးမိုးချိန်လည်းဖြစ်ခဲ့သည်။
ပုံမှန်အားဖြင့် ဤနေရာ၏ အရှိန်အဝါမှာ အလွန်ကောင်းမွန်သည်။ နဂါးသွေးကြောများ တည်ရှိပြီး မြေမျက်နှာသွင်ပြင်အနေအထားသည်လည်း ဖုန်းရွှေပညာရှင်များ အသေးစိတ်ချဆွဲထားသကဲ့သို့ရှိနေခဲ့သည်။
အထူးသဖြင့် ဤသည်မှာ ဧကရာဇ်အရှင်တစ်ပါး၏ သင်္ချိုင်းတည်နေရာကို ရှာဖွေပေးရန် တာဝန်ရှိသည့် ဖုန်းရွှေပညာရှင်များမှ တည်ဆောက်ပေးထားသကဲ့သို့ တည်ရှိနေခဲ့သည်။ ထိုသို့နေရာမျိုးမှာ တောင်ဝင်သင်္ချိုင်းပြုလုပ်ရန် အသင့်တော်ဆုံးနေရာအဖြစ် တွေ့မြင်နိုင်သည်ပင်။
ဖုန်းရွှေပညာရှင်တစ်ယောက်၏ အမြင်မှ ဆိုရလျှင် ဖော့ဖော့တောင်၏ နဂါးသွေးကြောများသည် တစ်ရာတွင် တစ်ခုသာပေါ်ထွန်းနိုင်သော နေရာကောင်းဖြစ်သောကြောင့် ဤကဲ့သို့နေရာမျိုးကို အသုံးမပြုရသေးသည်မှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စတစ်ခုဖြစ်နေပေမည်။
တနည်းအားဖြင့် ဆိုရလျှင် ဤနေရာတွင် အလွန်ကြီးမားသည့်သင်္ချိုင်းကြီး တစ်ခုရှိနေပြီးဖြစ်လိမ့်မည်။
ကုကျစ်စုန့်၏ အမူအရာက ပို၍ လေးနက်သွားခဲ့ပြီး သူမ၏ ကျောပိုးအိတ်ထဲမှ ကြေးနီရောင်သန်းနေသည့် ရွှေအိုရောင်သံလိုက်အိမ်မြောင်တစ်ခုကို ထုတ်ယူလိုက်သည်။ ဤအရာမှာ အမွှေးနံ့သာဆိုင်မှ ရှင်းလန် ဝယ်ပေးခဲ့သည့် လက်ဆောင်ပင်။
အသက်ကို အလုအယက်ရှုူရှိုက်နေရသည့် ကင်မရာမန်းက အနည်းငယ်ရှက်သွားခဲ့ကာ ကင်မရာကို ပုခုံးပေါ်တွင်ထမ်းပြီး ရိုက်ကူးရေးဆက်လုပ်ရန် လျှောက်လာခဲ့သည်။
[တိုက်ရိုက်ထုတ်လွှင့်သူက ကျန်းမာရေးကောင်းချက်ပဲ! ဒီလောက်ခရီးကို ချွေးတောင်မထွက်ဘူး]
[အဲဒါ ဖုန်းရွှေသံလိုက်အိမ်မြောင်လား? ဒီလို ပစ္စည်းအစစ်ကို အခုမှ အနီးကပ်မြင်ဖူးတာပဲ၊ အဲဒီအပေါ်က ပုံတွေနဲ့ စာတွေက ဘာကို ဆိုလိုတာလဲ?]
[သူမက ဘာလို့ ရွာကို မရှာဘဲ တောင်ပေါ်ကို အရင်တက်လာတာလဲ? အခြားပြိုင်ပွဲဝင်တွေက နေရာ ခဏ ခဏမှားရောက်သွားကြတာ၊ ကြည့်ရတာ အဲဒီရွာက ချောင်ကျပြီး ရှာရခက်ပုံပဲ၊ ဒါပေမယ့် ဒီတိုက်ရိုက်ထုတ်လွှင့်သူကို ကြည့်ရတာတော့ အလျင်လိုနေပုံမပေါ်ဘူး…]
ထိုစဉ် ကုကျစ်စုန့်က ပြောလိုက်သည်။
“ဒုတိယပိုင်းရဲ့ မစ်ရှင်က ဖော့ရှီရွာကို အရင်ရှာဖို့လေ၊ ပရိုဂရမ်အဖွဲ့က ဖော့ဖော့တောင်ရဲ့ အရိပ်အကျဆုံးနေရာကို ရှာရမယ်ဆိုတဲ့အကြောင်းကို အသေချာပြောလိုက်တာ၊
ဖော့ဖော့တောင်က နဂါးသွေးကြောနဲ့ ရောယှက်နေပြီး တောင်ဘက်ကို ခေါင်းတည်ပြီး မြောက်ဘက်မှာ အမြီးချထားတယ်၊ နေကိုမျက်နှာမူပြီး ကောင်းကင်ကို ပျံတက်နေသလိုမျိုးပဲ၊ သဲနှင့် ဝန်းရံပြီး ရေနှင့်လည်း ဆက်နွယ်ထားတယ်၊
ဒီတော့ ငါတို့ရှာရမှာက နဂါးသွေးကြောရဲ့ လေဝင်ပေါက်ပဲ၊ အဲဒါကို တွေ့တာနဲ့ ဖော့ဖော့တောင်ရဲ့ အရိပ်ကျဆုံးနေရာကို တွေ့ရလိမ့်မယ်”
လေဝင်ပေါက်ဆိုတာက ဘာလဲ?
ဖုန်းရွှေပညာရပ်တွင် နဂါးသွေးကြောရှိသည့် တောင်တန်းမှာ မွေးဖွားလာရန်အတွက်စွမ်းအင်နှင့် အာဟာရကို စုဆောင်းနိုင်သည်ဟု ယုံကြည်ကြပြီး နဂါးတွင် ‘နဂါးဦးခေါင်း’ ရှိသည်ဟုလည်း ယုံကြည်ထားကြသည်။
နဂါးသွေးကြောမှ ပို၍အသက် ဝင်လာပါက တိမ်များကို မြိုချကာ မြူမျာ့ကိုကို ထွေးအန်နိုင်ပြီး လေလှိုင်းများကိုလည်း ရှုသွင်းကာ ဖြန်းထုတ်နိုင်လိမ့်မည်။
တစ်ချို့သော လျို့ဝှက်ဆန်းကြယ်ဆရာသခင်များက ထိုအရာကို ‘လုံထွမ့်ဖန်း’ နှင့် ‘နဂါးဝါးမြိုခြင်း’ ဟု ခေါ်ကြသည်။
လေဝင်ပေါက်နေရာမှာ တောင်တစ်ခုလုံးတွင် မတည်ငြိမ်ဆုံးနေရာဖြစ်ပြီး မကြာခဏပြောင်းလဲနေတတ်သည်။ ‘တောင်၏လေထု’ သည်လည်း နေ့တစ်နေ့၏ ရာသီဥတုနှင့် လေတိုက်သည့် လားရာအလိုက် ပြောင်းလဲနေတတ်သေးသည်။
တောင်တက်ဝါသနာပါသည့် ပရိသတ်များတွင် ဤသို့အတွေ့အကြုံမျိုးရှိတတ်သည်:
တောင်ကို စ,တက်ချိန်တွင် တောင်က တိမ်ထူကာ အေးမြနေသော်ငြား အချိန်မကြာခင်အချိန်အတွင်း အပူချိန်မြင့်တက်လာခြင်း၊ တောင်တက်နေစဉ် ရုတ်တရက်မိုးရွာချခြင်း၊ မြူဆိုင်းခြင်း အစရှိသည်တို့သည် လေဝင်ပေါက်တွင်ရှိသည့် ‘ချီ’စွမ်းအင် ပြောင်းလဲမှုကြောင့်ပင် ဖြစ်သည်။
လေဝင်ပေါက်နေရာကို ရှာတွေ့သည်နှင့် ဖုန်းရွှေသဘောအရ တောင်၏ အရိပ်အကျဆုံးနေရာကို ရှာတွေ့လိမ့်မည်။
ကုကျစ်စုန့်က အပေါ်မှ အကာအရံအဝိုင်းကို ဖွင့်ကာ သံလိုက်အိမ်မြှောင်ပေါ်မှလက်တံကို ချိန်ညှိလိုက်ပြီး သံလိုက်အိမ်မြှောင်ကို သူမ၏ လက်ဖဝါးဖြင့် ဖိဆွဲလိုက်သည်။
ထို့နောက် သူမ၏ လက်ချောင်းထိပ်ဖြင့် အကာအရံအဝိုင်းကို အသာတောက်လိုက်ရာတွင် အဝိုင်းပေါ်ရှိ ကြေးနီရောင် သံလိုက်ချောင်းက လည်ပတ်လာခဲ့သည်။
ထိုလည်ပတ်ခြင်းဖြည်းညင်းစွာရပ်သွားချိန်တွင်တော့ ထျန်းချီ၏ အနီရောင်လိုင်းက ထပ်နေခဲ့ကာ တိကျသည့် နေရာတစ်ခုကို ညွှန်ပြနေခဲ့သည်။
ကြည့်ရှုသူများက သူမ၏လုပ်ရပ်များကို နားမလည်ခဲ့သော်လည်း ကုကျစ်စုန့်မှ ရှာတွေ့ပြီဟု ပြောသည်ကိုတော့ ကြားလိုက်ရချေသည်။
ကုကျစ်စုန့်က သံလိုက်အိမ်မြှောင်ကို သိမ်းလိုက်ပြီးနောက် သူမ၏ ခြေဖဝါးကို မ,ကာ တောင်၏ တစ်နေရာဆီသို့ ဦးတည်လျှောက်သွားတော့သည်။ သူမ၏ နောက်မှ ကင်မရာမန်းသည်လည်း ကင်မရာကို ကိုင်ဆွဲကာ အပြေးလိုက်လာခဲ့သည်။
သူတို့ ပို၍ဝေးဝေးသို့ ရောက်ရှိလာလေလ ပတ်ဝန်းကျင်အခြေအနေက ပို၍ဆိုးရွားလာလေလေပင်။ ခြေထောက်အောက်တွင် ကျောက်သားအခင်းမရှိတော့ဘဲ လမ်းကလည်း အမှိုက်သရိုက်များဖြင့် ဖုံးနေခဲ့သည်။ သူတို့တွေ အချိန်အကြာကြီး လမ်းလျှောက်လာသော်လည်း လူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရပေ။
အချိန်ခဏလောက်အထိ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများက ကုကျစ်စုန့် လမ်းမှားနေပြီလားဟု မေးခွန်းထုတ်နေကြသည်။ တစ်ချို့ကလည်း တောနက်တောင်နက်ထဲအထိရောက်သွားကာ လမ်းပျောက်နေမည်ကို စိတ်ပူနေကြသည်။
သို့သော်လည်း သူတို့ စောင့်ကြည့်နေပြီး နောက်ထပ်ဆယ်မိနစ်ခန့်ကြာအောင် ကြည့်ရှုနေပြီးသည့် နောက်တွင်တော့ သစ်ပင်တောအုပ်များ၏ အရိပ်ကြားမှ မြေစိုက်အိမ်များနှင့် ကျောက်တုံးအိမ်လေးများမှာ ကုကျစ်စုန့်နှင့် အခြားလူများ၏ မြင်ကွင်းတွင် ပေါ်ထွက်လာခဲ့သည်။
[သောက်ကျိုးနည်း! ဒီတောင်ပေါ်က လမ်းတွေက အကုန် တစ်ပုံစံတွေတွေတည်းတွေချည်းပဲ၊ ငါသာဆိုရင် မြေပုံကို လက်ထဲထည့်ပြီး သွားနေရင်တောင် တစ်သက်လုံးရောက်မှာမဟုတ်ဘူး၊ ဒါပေမယ့် ကုကျစ်စုန့်က ဖော့ရှီရွာကို တကယ်ကြီး ရှာတွေ့သွားပြီ!!]
[သူ ရှာတွေ့တဲ့နေရာက မှန်ရဲ့လားဆိာတာ မသေချာသေးဘူးလေ? ကုကျစ်စုန့်က ပထမဆုံးရောက်တဲ့လား?]
[အရှေ့ကလာနေတာ ဘယ်သူလဲ? တခြားပြိုင်ပွဲဝင်တစ်ယောက်လား?]
[အား! အဲဒါရှောင်စစ်ပဲ၊ ပြိုင်ပွဲမှာ ငါ့ရဲ့ အကြိုက်ဆုံး အမျိုးသားနဲ့ အမျိုးသမီးပြိုင်ပွဲဝင်တွေက တိုက်တိုက်ဆိုင်ဆိုင် တောင်ပေါ်မှာ ဆုံကြပြီ]
[… …]
မှတ်ချက်ဧရိယာက ချက်ချင်းပေါက်ထွက်လာခဲ့သည်။ ကုကျစ်စုန့်သည်လည်း တခြားလမ်းကျဉ်းထဲမှ ထွက်လာသည့် လူများကို တွေ့လိုက်ရသည်။ ဗီဒီယိုကင်မရာတစ်လုံးနှင့် လူသုံးယောက်ထွက်လာခဲ့ခြင်းပင်။
သူတို့ကို ဦးဆောင်လာသည့် ကောင်လေးက မီးခိုးရောင် အင်္ကျီကို ဝတ်ဆင်ထားသည်။ ထိုလူငယ်လေးသည်လည်း ချုံနွယ်များကို ဘေးသို့ဖယ်ရှားလိုက်ပြီးနောက် သူမတို့ကို မြင်သွားချေသည်။
ကုကျစ်စုန့်နှင့် အကြည့်ချင်းဆုံသွားသည်နဲ့ ထိုလူငယ်လေးမှာ ထိတ်လန့်မှုကြောင့် တုန်ယင်သွားခဲ့သည်။
ပြိုင်ပွဲဝင် နံပါတ် ၂ - ပိုင်စစ်
ကုကျစ်စုန့်က လက်ကိုဝှေ့ရမ်းပြလိုက်ပြီး သူမ၏ ပြုံးယောင်သန်းနေသည့်အကြည့်က ပိုင်စစ်၏ခြေထောက်အနီးသို့ ရောက်သွားခဲ့သည်။
“နံပါတ်(2)လေး .. ဘယ်လောက် တိုက်ဆိုင်လိုက်သလဲ”
သူမ ထိုလူငယ်လေး၏ ခြေထောက်နားတွင် ဖြူကောင်လေးများကို တွေ့နေရသည်။ အကြီးဆုံးကောင်မှာ ဘောလုံးတစ်ဝက်ခန့် ရှိပြီး အနည်းငယ် ထိတ်လန့်စရာပင်။
ယှက်ပြာပြာနှင့် အကောင်ပေါက်လေးများလည်း အနားတွင် ရှိနေသေးသည်။
ဖြူကောင်ပေါက်လေးတွေထဲက တစ်ကောင်က အနီရောင်အသီးလေးကို သူ့၏ကျောပေါ်မှ ဆူးများဖြင့်ထိုးကာ သူ့၏ နှာခေါင်းလေးကို ရှုံ့ပွရှုံ့ပွလုပ်ပြီး အရှေ့သို့ တစ်ကောင်တည်း လျှောက်လာခဲ့ကာ နှစ်မီတာလောက်အထိ ရောက်လာခဲ့သည်။
ထိုအချိန်တွင်မှ သူ့၏အဖော်များ တစ်ကောင်မှ ပါမလာသည်ကို သတိထားမိသွားပြီး ခေါင်းကို မော့လိုက်ချိန်တွင် ကုကျစ်စုန့်အား မြင်တွေ့လိုက်ရသည်ကြောင့် လန့်ဖြတ်သွားခဲ့လေသည်။
အကောင်ပေါက်လေးက ခြေထောက် ၄ချောင်းလုံးအား မိုးပေါ်သို့ထောင်ကာ ပြုတ်ကျသွားခဲ့ပြီး ဘောလုံးအသေးလေးကဲ့သို့ ကျုံ့သွားခဲ့သည်။
ထိုအချိန်တွင် အလွန်အမင်း နိမ့်လွန်းသော ပိုင်စစ်၏ အသံက ကုကျစ်စုန့်၏နားထဲသို့ တိုးဝင်လာခဲ့သည်။
“ဟယ်လို…”
ကုကျစ်စုန့်: “… …”
သူမက အဲလောက်တောင် ကြောက်ဖို့ကောင်းနေလို့လား?
သူမ ကောင်လေး၏ ခြေထောက်နားမှ မျက်လုံးနက်နက်လေးများနှင့် လူကဲ့သို့ အသိစိတ်အနည်းငယ် ရှိပုံပေါ်သည့် ဖြူကောင်အားကြည့်လိုက်ပြီး ဘာမှ မပြောတော့ဘဲ ရွာ၏ အပေါက်ဝဆီသို့ လျှောက်သွားလိုက်သည်။
[ဘုရားရေ၊ ဒီမသေမျိုးဖြူကောင်လေးက ဉာဏ်ကောင်းတဲ့ပုံစံပဲ၊ ကြည့်လိုက်တာနဲ့ သာမန်မဟုတ်တာ သိသာတယ်၊ အခြားကောင်လေးတွေကလည်း သူ့စကားကို နားထောင်တဲ့ပုံရတယ်!]
[ရှောင်စစ်နဲ့ ‘ဖြူကောင်’လေးတွေက အရမ်း ချစ်စရာကောင်းတာပဲ! ကုကျစ်စုန့်ကလည်း တကယ်ကို တော်တာပဲ! သူမက ပထမဆုံးရောက်တာပဲ ဟုတ်တယ်မလား ?]
[ပိုင်စစ် တောင်ပေါ်ကို စပြီး တက်ကတည်းက မသေမျိုးဖြူကောင်လေးက လမ်းညွှန်ပြလာတာ၊ သူက တစ်လမ်းလုံး မရပ်တန့်ခဲ့ဘူး၊ ဒါတောင် သူက ပြိုင်ပွဲဝင်နံပါတ် (၇)နဲ့ ဆုံနေသေးတယ်၊ ဒါက ပြိုင်ပွဲဝင်နံပါတ် (၇) က ဘယ်လောက်မြန်ပြီး တိကျလဲဆိုတာ ထင်ရှားနေတာပဲ]
‘ဝိဉာဉ်ရေးရာ’ တတိယရာသီ၏ ပြိုင်ပွဲဝင်များထဲတွင် ပိုင်စစ်မှာ လူတိုင်းက စိတ်ဝိဥာဥ်ပညာရှင်တစ်ယောက်ဟု အသိအမှတ်ပြုခံရသူများမှ တစ်ယောက်ပင်ဖြစ်သည်။
သူက ပထမအပိုင်းက စတင်သည့်အချိန်မှ စ၍ သူ၏ မသေမျိုးများအား ဆင့်ခေါ်နိုင်ခြင်းစွမ်းရည်ကို ပြသခဲ့ကာ အပိုင်းတိုင်းတွင်လည်း သူ့၏အနီးတွင် ဖြူကောင်လေးများ အမြဲရှိနေတတ်သည်။
သူက အနာဂတ်အား မဟောပြောတတ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြထားခဲ့သော်လည်း သူ၏ ကျော်ကြားမှုကတော့ မြင့်မားဆဲပင်။
အထူးသဖြင့် ယခုပွဲစဉ်တွင်ဖြစ်သည်။
ပိုင်စစ်တောင်ထဲသို့ ဝင်လာသည်နှင့် ဖြူကောင်ကြီးတစ်ကောင်က အကောင်ပေါက်လေးများတစ်သိုက်နှင့် ပေါ်ထွက်လာကာ သူ့ကို တစ်လမ်းလုံး လမ်းညွှန်ပြပေးခဲ့သည်။
ထိုမြင်ကွင်းက သိပ္ပံနည်းနှင့်လည်း ရှင်းပြ၍ မရသောကြောင့် သူ့၏ အောင်မြင်မှုမှာ ပို၍ပင်ထိုးတက်လာခဲ့ချေသည်။ ထိုအကောင်လေးများ ပေါ်ထွက်လာပြီးနောက်တွင် သူက ပရိုဂရမ်၏ ဒုတိယအဆင့်သို့ တိုက်ရိုက်ခုန်တက်သွားခဲ့တော့သည်။
**