နဂါးအမဲလိုက်ခြင်း(4)
Vol. 5 Ch. 48
“ရွာသူရွာသားတွေက ရွာကိုစွန့်ခွာသွားနိုင်ခြင်းမရှိဘူး”
ရွာခေါင်းဆောင်အမေကြီးက လူငယ်လေးကို အံ့ဩစွာ ကြည့်လိုက်သည်။ သူမ၏မျက်လုံးများက ကောင်လေး၏ လက်ထဲတွင် ပွေ့ချီထားသည့် ဖြူကောင်ကို စိုက်ကြည့်နေပြီး ခဏအကြာတွင် ပြောလာလေ၏။
“ဒီကောင်လေးက မသေမျိုးဖြစ်နိုင်တဲ့ ကံပါလာတာပဲ၊ သူပြောတာမှန်တယ်၊ ကျွမ့်ဇီ၊ မင်းကိုယ်တိုင် ပြောပြလိုက်”
သူမဘေးမှ ပိုင်စစ်ညွှန်ပြလိုက်သည့် ရွာသားနှစ်ယောက်၏ မျက်နှာတွင် အံ့ဩမှုနှင့် နာကျင်မှုတို့ ရောယှက်နေခဲ့သည်။ နှစ်ယောက်ထဲမှ တစ်ယောက်က ပိုင်စစ်၏စကားကို အတည်ပြုပေးလာခဲ့ချေသည်။
“ငါ့အမေက အရင်အပတ်ကပဲ ကွယ်လွန်သွားပြီး အိမ်မှာ အသုဘပွဲ လုပ်ထားခဲ့တာပါ”
နောက်ထပ်လူငယ်ကလည်း အသံအက်အက်ဖြင့် ပြောလာသည်။
“ငါ့မိန်းမက မနေ့ကပဲ မီးတွင်းထဲမှာ သွေးလွန်ပြီး ဆုံးသွားခဲ့တာ၊ သူ့ကို မကြာခင်ကပဲ မြေမြှုပ်ပြီးသွားတာ၊ ရွာထဲက လူတွေက သူမအတွက် အုတ်ဂူလုပ်ပေးထားတယ်”
[မှန်လိုက်တာ၊ အတိအကျပဲ၊ ဒါတွေက ရွာနဲ့ အနီးအနားတောင်ကုန်းမှာနေတဲ့ အဖြူရောင်မသေမျိုး မြင်ခဲ့တာတွေပဲ ဖြစ်ရမယ်]
[ဒီမသေမျိုးအကောင်လေးက တော်လိုက်တာ၊ ရွာခေါင်းဆောင် အမေကြီး ပြောသလို ဒါမျိုးလုပ်နိုင်တဲ့သူ ဒီနိုင်ငံမှာ အနည်းစုပဲရှိတယ်၊ သူက မသေမျိုးဖြစ်ဖို့ ကံပါလာတာပဲ!]
ပြိုင်ပွဲဝင် နံပါတ်(၆) ဒေစီက နော်ဝေးသူ အနက်ရောင်စုန်းမဖြစ်ပြီး ကံမကောင်းစွာဖြင့် အရှေ့တိုင်းနှင့် အနောက်တိုင်း၏ စုန်းအယူအဆမှာ လုံးဝကွဲပြားနေခဲ့သည်။ သူမ၏ အနက်မှော်စုန်းပညာရပ်က ဤကဲ့သို့ ဖုန်းရွှေကိစ္စများတွင် အကူအညီမပေးနိုင်ချေ။
သူမက ခေါင်းကို ရမ်းလိုက်ရင်း ပြောသည်။
“ကျွန်မက ဒီနေရာမှာ အင်အားပြင်းတဲ့ မကောင်းစွမ်းအားတစ်ခုက စိုးမိုးထားတယ်ဆိုတာကိုပဲ ပြောနိုင်တယ်၊ ဒီအငွေ့အသက်က ငရဲပြည်က ယမမင်းလိုပဲ၊ ဒီနေရာမှာ နေတာက အားလုံးကို ကံဆိုးစေလိမ့်မယ်၊ ကျွန်မ နံပါတ်(၁)ပြောသွားတဲ့ ဒီနေရာကို ထောက်ခံပါတယ်၊ ဒါပေမယ့် ပြောရရင် ဒါမျိုး အရှေ့တိုင်းပညာရပ်တွေကိုတော့ ကျွန်မနားမလည်နိုင်ပါဘူး”
တစ်ချိန်လုံးမျက်မှောင်ကြုတ်နေသည့် ရှင်းယိချင်းက အံ့ဩသွားပုံပေါ်ကာ ဒေစီကို လှမ်းကြည့်လိုက်သည်။
သူ ဤသည်ကိုမမျှော်လင့်ထားခဲ့ချေ။ သူက ဒေစီအား နှိမ့်ချခဲ့ဖူးပြီး ဒေစီကလည်း သူ့ထက် ကုကျစ်စုန့်ကို ပို၍သဘောကျသည်မဟုတ်လား။ သို့သော်လည်း ဒေစီက သူ့၏ထင်မြင်ချက်ကို ထောက်ခံလိုက်သည်လေ။
တင်ဆက်သူလျို့ :
“ပြိုင်ပွဲဝင် နံပါတ် (၉)ကရော၊ အခုအခြေအနေကို ဘယ်လိုထင်ပါသလဲ?”
[ရှောင်ဟဲရဲ့ ဇနီးလေး: ! ! !]
[နောက်ဆုံးတော့ ဟဲတောက်ကျန့်ကို ရိုက်ပြလာပြီပဲ! ပရိဂရမ်အဖွဲ့က စျေးကွက်ရှာဖွေဖို့ ဝင်လာတဲ့လူတွေကိုပဲ ရိုက်ကူးပြနေတာ၊ ငါကတော့ ပြောစရာမဲ့နေပြီ!]
ပြိုင်ပွဲဝင် နံပါတ်(၉)ဟဲမီတူသည်က ငယ်ရွယ်ကာ အမျိုးသမီးဆန်သည့် အသွင်အပြင်ရှိသည့် လျို့ဝှက်ဆန်းကျယ်ဆရာသခင်တစ်ယောက်ဖြစ်ချေသည်။ ဝိဉာဉ်ရေးရာ အစီအစဉ်ကို မလာခင်တည်းက သူသည် အင်တာနက်ပေါ်တွင် ပရိတ်သတ် တစ်မီလီယံကျော်ရှိနေပြီးသော နာမည်ကြီးတောက်ကျန့်တစ်ယောက်လည်း ဖြစ်နေခဲ့သည်။
သူက ထိုင်း၊တရုတ်ကပြားဖြစ်ကာ ထိုင်းရိုးရာ ဆရာသခင်တစ်ယောက်ဖြစ်ပြီး၊ စုန်းအတတ်ပညာရှင် မာစတာတစ်ယောက်လည်းဖြစ်သည်။
သူ၏ လျို့ဝှက်ဆန်းကျယ်သည့်နောက်ခံအခြေအနေ နှင့် ထူးကဲချောမောသည့် ရုပ်ရည်တို့ကြောင့်အောင်မြင်ကျော်ကြားသည့်အပြင် နာမည်ကြီးများအတွက်လည်း အလုပ်လုပ်ပေးခဲ့ဖူးကြောင်း သတင်းထွက်ခဲ့သည်။
ပထမပိုင်းတွင် ကုကျစ်စုန့်မပါဝင်သေးခင်ထိ သူ၏ ကျော်ကြားမှုက ပထမအဆင့်တွင်ရှိနေခဲ့သည်။ ကုကျစ်စုန့်ရောက်လာပြီးနောက် သူ့၏နေရာက ဒုတိယနေရာသို့ ကျဆင်းသွားခဲ့ရသည်။
ယနေ့တွင်တော့ ပိုင်စစ်၏ ပေါက်ထွက်လုမမတ်အောင်မြင်မှုကြောင့် သူက တတိယနေရာသို့အထိ ရောက်သွားရပြန်သောကြောင့် သူ့၏ ပရိတ်သတ်များမှာ အလွန်မကျေမချမ်းဖြစ်နေခဲ့ကြချေသည်။
ဟဲမီထူက ကင်မရာကို ကြည့်ကာ အပြုံးပါးပါးဖြင့်ပြောလိုက်သည်။
“အရှေ့က ပြိုင်ပွဲဝင်တွေ အတော်များများပြောပြသွားပြီဆိုတော့ ကျွန်တော်က မတူညီတာ တစ်ခုပြောပြလိုက်မယ်နော်၊ ဒီအဘွားက ‘မှော်စုန်းမာစတာ’တစ်ယောက်ပဲ? “
ရွာခေါင်းဆောင်က မျက်ခုံးတစ်ချက်ပင့်ကာကြည့်လာပြီး မည်သည့်စကားကိုမျှတော့ မပြောခဲ့ချေ။
“အဘွားရဲ့ မှော်စုန်းပညာက အဆင့်မြင့်တယ်၊ ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင် အဘွားရဲ့နောက်မှာ ရပ်နေတဲ့ ကောင်မလေးက အဘွားရဲ့ အမွေခံတပည့်ပဲ ဖြစ်ရမယ်၊ သူမဆီမှာ အတော်လေး တိမ်ပေမယ့် မှော်စုန်းမာစတာတစ်ယောက်ရဲ့ စွမ်းအားရှိနေတယ်၊ ဒါပေမယ့် သူမက ကျန်းမာရေးမကောင်းဘူး၊ သူ့မှာ ရောဂါတစ်ခုခုရှိပုံရတယ်၊ ဒါကြောင့် အဘွားက သူ့ရဲ့ခန္ဓာထဲမှာ ကူပိုးကောင်ထည့်ပြီး အသက်ကယ်ထားတာပဲ”
လူငယ်လေးက စကားကို နူးညံ့ညင်သာစွာပြောနေခဲ့သော်လည်း စကားလုံးတိုင်းက ချက်ကောင်းကို ထိနေခဲ့သည်။
ရွာခေါင်းဆောင်အမေကြီး၏ မျက်လုံးများက ရုတ်တရက်စူးရှလာပြီး ဟဲမီထူကို မျက်လုံးမှေးစင်းကာ ကြည့်လိုက်သည်။ သူမ၏ အနောက်မှ ကောင်မလေးသည်ကား နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ ပြောစရာစကားမရှိဖြစ်နေခဲ့သည်။
အတန်ကြာမှ အဘွားအိုက အေးစက်စွာဖြင့် နှာခေါင်းရှုံလိုက်ကာ :
“မင်းရဲ့မျက်လုံးတွေကတော့ တော်တော်လေးကောင်းသားပဲ၊ ဒါပေမယ့် ငါ မင်းရဲ့ကိုယ်ပါ်က အနံ့ကိုတော့ မကြိုက်ဘူး၊
မင်းပြောတာမှန်တယ်၊ ဒါက ငါ့ရဲ့ ပညာသင်ပဲ၊ သူမက အားနည်းတဲ့ ခန္ဓာကိုယ်နဲ့ မွေးလာတာကြောင့် ငါ ပျိုးထောင်ထားတဲ့ ကူကို သူမကိုအသက်ဆက်ပေးဖို့ သုံးထားတယ်”
“မင်းတို့တွေ စကားတွေ အများကြီးတော့ ပြောနေကြတာပဲ၊ ပြဿနာကိုရော ဖြေရှင်းလို့ရပြီလား?”
အခြားပြိုင်ပွဲဝင်များကလည်း အသုံးဝင်သည့်အချက်ကို ဘာတစ်ခုမျှ မပြောနိုင်ကြချေ။ ပြိုင်ပွဲဝင်နံပါတ် (၁၀) ရှီဟေးဟုန်မှာ ဝိဥာဥ်လမ်းပြတစ်ယောက်ဖြစ်ပြီး သူမကို ငိုကျွေးချင်သည်အထိ ဖြစ်စေခဲ့သည်ကတော့ ဤရွာမှာ ထူးဆန်းလွန်းလှပြီး သူမက ဝိဉာဉ်တစ်ကောင်ကိုမျှ ဆင့်ခေါ်လို့ မရနိုင်ခဲ့ခြင်းကြောင့်ဖြစ်လေသည်!
သူမက မြေအောက်ကမ္ဘာနှင့် မချိတ်ဆက်နိုင်ခဲ့ပေ။ ထို့ကြောင့် သူမ၏ ဆင့်ခေါ်စွမ်းအားကို အသုံးပြုကာ ကွယ်လွန်ပြီး ရွာသားများ၏ ဝိဉာဉ်ကို ဆင့်ခေါ်၍ မေးမြန်းခြင်းများကို မလုပ်ဆောင်နိုင်သောကြောင့် သူမအနေနှင့် စွမ်းအားကို အသုံးချနိုင်ခြင်း မရှိခဲ့ဟု ဆိုနိုင်သည်။
ပြိုင်ပွဲဝင်နံပါတ်(၃) ဘုန်းကြီးအိုကြီး၊ ပြိုင်ပွဲဝင် နံပါတ်(၅) သူဌေးသားနှင့် နံပါတ်(၈)တို့သည်လည်း မည်သည်ကိုမျှ မပြောနိုင်ခဲ့ကြချေ။
နောက်ဆုံးကျန်သည့် ပြိုင်ပွဲဝင်မှာ ကုကျစ်စုန့်တစ်ဦးတည်းသာရှိတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ပရိတ်သတ်များ၊ နေရာတွင်ရှိနေသည့် အခြားပြိုင်ပွဲဝင်များနှင့် ရိုက်ကူးရေး အဖွဲ့ဝင်များပါ ကုကျစ်စုန့်ထံသို့ အာရုံစူးစိုက်နေကြသည်။
ရှင်းယိချင်းတောင်မှ တည်ငြိမ်နေသည့် အမျိုးသမီးငယ်ကို စိုက်ကြည့်နေခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ သူက ဖုန်းရွှေကိုလည်း အသေအချာကြည့်ရှုခဲ့ပြီး ပြဿနာအရင်းခံနှင့် ရွာသူရွာသားများ အသက်တိုနိုင်ခြင်းကိုလည်း ရှာတွေ့ခဲ့သည်။ ကုကျစ်စုန့်မှ ထပ်မံပြီးရှာတွေ့စရာရှိနေသေးသည်ဟု သူ မယုံကြည်ပေ။
တင်ဆက်သူလျို့က ရယ်မောလိုက်ရင်း :
“ကဲ.. အားလုံးက စုန့်စုန့်ရဲ့ အဖြေကို မျှော်လင့်နေကြပုံပဲ၊ ဒီတော့ ပြိုင်ပွဲဝင် နံပါတ်(၇ )ကုကျစ်စုန့်၊ ကျေးဇူးပြုပြီး ရှာတွေ့တာလေးတွေ ဝေမျှပေးပါဦး”
အရှေ့ကလူများ ပြောနေကြစဉ်တုန်းက ကုကျစ်စုန့်မှ တစ်ချက်လေးတောင် မလှုပ်လာခဲ့ချေ။ သူမက ရွာ၏ခေါင်းဆောင်အမေကြီးနှင့် ရွာသားများကို စိုက်ကြည့်နေရင်း သူမရှာတွေ့ခဲ့သည့် နဂါးသွေးကြောများအကြောင်းကို ထပ်တလဲလဲတွေးတောနေခဲ့သည်။
တင်ဆက်သူက သူမ၏နာမည်ကို ခေါ်သံကိုကြားမှသာ ကုကျစ်စုန့်က မျက်လွှာဖွင့် အေးစက်စွာပြောလိုက်သည်။
“ဒီနေရာရဲ့ ဖုန်းရွှေက ဘာပြဿနာမှ မရှိဘူး”
“မင်း!?”
ရှင်းယိချင်းတစ်ယောက် အံ့ဩဒေါသထွက်ကာ တစ်ချိန်တည်းမှာ ဝမ်းသာသွားခဲ့သည်။
သူမက သူ့ကို ငြင်းဆိုဖို့အတွက်နှင့် ဤကဲ့သို့ အဓိပ္ပါယ်မဲ့သောစကားများကို ပြောနိုင်သည်ဆိုတော့ ဤမိန်းမ၏ အသွင်မှန်က ပေါ်ထွက်လာပြီပင်။
သို့သော် ကုကျစ်စုန့်ကတော့ အသံကိုမြှင့်၍ ဆက်ပြောလာသည်။
“ကျွန်မ ရှင်တို့ကို ပြောရဲတယ်၊ ဒီနေရာက တောင်ပေါ်က ဝိဉာဉ်တွေအတွက် အကောင်းဆုံးရတနာ့လှိုက်ဂူပဲ၊ နောက်ပြီး နဂါးရဲ့ ပါးစပ်ထဲမှာလည်း တည်ရှိနေတယ်၊ ဒါ့အပြင် ဖော့ရှီရွာသူရွာသားတွေက ဒီရွာကနေ ထွက်သွားလို့မရဘူး”
ထိုစကားဆုံးသည်နှင့် တချိန်လုံးတည်ငြိမ်နေခဲ့သည့် ရွာခေါင်းဆောင်အမေကြီးက မျက်နှာအမူအရာပြောင်းလဲသွားကာ ကုကျစ်စုန့်ဘက်သို့ မျက်လုံးဖွင့်၍ လှမ်းကြည့်လာသည်။
“အိုး? ကလေးမလေး၊ နင့်ဆီမှာ သဘောထားတစ်ခုရှိနေတာပဲ.. ဒါဆိုရင် ဒီအဘွားကြီးကို ပြောစမ်းပါဦး၊ ဒီနေရာက ဘာလို့ ရတနာ့ဂူဖြစ်နေပြီး ငါတို့က ဘာလို့ ထွက်သွားလို့မရလဲ”
ကုကျစ်စုန့်က သူမကို ကြည့်ကာ ပြောလိုက်သည်။
“ရုပ်လွန်ပညာရပ်မှာ ဖုန်းရွှေအစီအရင်တွေ အများကြီးရှိတယ်၊
ဒီပညာရပ်က သေပြီးသူတွေအတွက် သင့်တော်တဲ့ ယင်,အိမ်ကို ရှာပေးပြီး၊ ရှင်သန်နေသူတွေအတွက် သင့်တော်တဲ့ ယန်,အိမ်ကို ရှာဖွေပေးဖို့အတွက် အသုံးပြုကြတယ်၊
အားလုံးထဲမှာ အောင်မြင်မှုတွေပြည့်နေတဲ့ မင်းညီမင်းသားတွေနဲ့ စစ်သူကြီးတွေအတွက်ဆိုရင်တော့ ခန်းနားတဲ့ဂူသင်္ချိုင်းတွေ ပြုလုပ်ပေးတတ်ကြတယ်၊ ပြီးတော့ သူတို့တွေက ဒီလို မြစ်တွေတောင်တွေ ဝန်းရံထားတဲ့ နေရာမျိုးကို ရွေးချယ်လေ့ရှိတယ်၊ ရှေးခေတ်ကတည်းက လူကြီးတွေက ချမ်းသာ နိမိတ်တွေဖြစ်ထွန်းတဲ့နေရာကို ရှာဖွေတတ်တယ်၊
ဒီလိုရှာဖွေဖို့အတွက် အဆင့်(၄)ဆင့်ရှိတယ်၊ ‘တောင်ကို ကြည့်ရှု့၊ ချီကို လေ့လာ၊ နဂါးကိုရှာ၊ အဓိကသွေးကြောမှတ်ကို ချိန်ညှိ’ တဲ့”
ထိုအရာကို နဂါးများရှာဖွေခြင်းနှင့် သွေးကြောမှတ်များ ပြောင်းလဲခြင်းဟုလည်းခေါ်ဆိုနိုင်သည်။
ရှင်းယိချင်းက နှာမှုတ်၍ လှောင်ရယ်လာသည်။
“သွေးကြောမှတ်တွေ ပြင်ဆင်ရတဲ့ နည်းလမ်းက အခု ငါတို့ဆွေးနွေးနေတဲ့ ပြဿနာနဲ့ မဆိုင်ဘူးနော်!!ပြီးတော့ တောင်ပေါ်က လေက တိမ်ထူပြီး စိုစွတ်နေတယ် ၊ ဒါက လေထွက်ပေါက်နေရာ ဟုတ်ပေမယ့် လူနေလို့ရတဲ့ နေရာမှာမဟုတ်နိုင်ဘူး။”
ကုကျစ်စုန့် ကူရာကယ်ရာမဲ့သလို ခံစားရပြီး စုပ်သပ်လိုက်သည်။
“ကျွန်မ အခုထိ ပြောလို့ မပြီးသေးဘူး”
သူမက ပြိုင်ပွဲဝင်နံပါတ်(၁) နှင့် ရန်ဖြစ်ချင်စိတ်ရှိမနေပေ။ သို့သော်လည်း သူမက ရှုပ်ထွေးသော်လည်း ပြောင်းလဲ၍ရနိုင်သည့်အရာများကို တွေ့တိုင်း ဤလူက အမှန်အတိုင်းမမြင်နိုင်ဘဲ ဝင်ရောက်ဆုံးဖြတ်တတ်သည်။
“နဂါးကို တုန်လှုပ်စေခြင်း ဂါထာမှာ ပါတယ်၊ နဂါးကို ရှာချင်ရင် လေတိုက်နေတဲ့ တောင်ကို ကြည့်ပါတဲ့၊ လေပြင်းတဲ့တောင်တစ်လုံးက ဖြတ်သွားဖို့ ခက်ခဲလိမ့်မယ်၊
ပိတ်ထားတဲ့ တံခါးဆီမှာ သော့တွေအများကြီးရှိရင် အတွင်းမှာ မင်းညီမင်းသားတွေနေထိုင်လို့ပဲ ဖြစ်ရမယ် “
ကုကျစ်စုန့်က ဆက်ပြီးပြောလိုက်သည်။
“သွေးကြောအမှတ်တွေကို ပြင်ဆင်ရတဲ့ အဓိပ္ပာယ်က:
မင်းညီမင်းသားတွေနဲ့ စစ်သူကြီးတွေ ရှာဖွေတဲ့ ရတနာသွေးကြောမှတ်တွေမှာ နဂါးသွေးကြောရှိနေလိမ့်မယ်၊ တောင်ကို ဝင်ထွက်ဖို့အတွက် ခက်ခဲစေဖို့ ပတ်လည်မှာ နဂါးအတက်တွေနဲ့ ကာကွယ်ထားလိမ့်မယ်၊
အဝေးဆုံးမှာရှိနေတဲ့ အဆုံးသတ်နေရာမှာ ရတနာမှတ်ကို ဝန်းရံထားတဲ့ ဝင်ပေါက်တစ်ခုအနေနဲ့ ရှိပြီး ဒီဝင်ပေါက်က လေဝင်လေထွက်ကို ထိန်းချုပ်ထားလိမ့်မယ်၊
တောင်ထိပ်တွေ၊ နဂါးအတက်တွေနဲ့ ဖော့ဖော့တောင်ခြေရဲ့ ရေကန်တွေက အံဝင်ခွင်ကျဖြစ်နေတဲ့အတွက် ဒီနေရာက ရတနာဂူဖြစ်နေတယ်၊ ဒါကို သံသယဝင်စရာ မရှိဘူး”
“ဒီတော့ ပြဿနာက ဖုန်းရွှေကြောင့်မဟုတ်ဘဲ လူတွေရဲ့ကံတရားပဲ”
ရှင်းယိချင်း ထပ်မံဖြတ်မပြောလာစေဖို့အတွက် ကုကျစ်စုန့်က စကားကို ခပ်မြန်မြန်ပြောခဲ့သည်။ သူမက ရွာခေါင်းဆောင် အမေကြီးကို ကြည့်လိုက်ပြီး ဆက်ပြောပြန်သည်။
“အဘွား၊ ကျွန်မရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် ရွာထဲကနေ လူတွေ ထွက်သွားလို့ မရတာမဟုတ်ဘူး၊ ဒါပေမယ့် ထွက်သွားတဲ့ လူတိုင်းက အချိန်တိုလေးအတွင်း မမျှော်လင့်ဘဲ သေဆုံးကြရတတ်တာပဲ၊ လူတိုင်းက ရုတ်တရက် သေဆုံးတာဖြစ်တဲ့အတွက် အဘွားတို့က အလောင်းကိုတောင် ပြန်မကောက်နိုင်ကြဘူး၊
တောင်ပေါ်က ထွက်သွားတဲ့ လူတွေရဲ့မိသားစုက သူတို့ရဲ့ အင်္ကျီနဲ့ ဦးထုတ်တွေကိုပဲသုံးပြီး သင်္ဂြိုလ်လိုက်ရတယ်၊ အသုဘကို မလုပ်ချင်လို့ မဟုတ်ဘဲ မလုပ်နိုင်ကြတာ”
တဖြည်းဖြည်းမျက်နှာပို၍ပျက်လာသည့် ရွာခေါင်းဆောင်အမေကြီးကို ကြည့်ပြီး ကုကျစ်စုန့်က တည်ငြိမ်အေးဆေး ပြောလိုက်သည်။
“ဒီတော့ အဘွားတို့က ထွက်မသွားချင်တာမဟုတ်ဘူး၊ ထွက်သွားလို့ မရတာပဲ၊ ဒီတောင်ကနေ ထွက်သွားရင် ရွာသားတွေရဲ့ သက်တမ်းက ရွာထဲမှာနေတုန်းကထက် ပိုတိုသွားနိုင်တဲ့အတွက်ကြောင့်ပဲ!!”