ကူပိုးကောင်များ (1)
Vol. 5 Ch. 49
သစ္စာဖောက်ရင် ဒဏ်ခတ်ခံရလိမ့်မယ်
[ရှော့ရစေတဲ့ ထုတ်ဖော်မှုကြီးလား? !! ဖော့ရှီရွာရဲ့ လူတွေက တောင်ရဲ့ပြင်ပကို ခြေချလိုက်တာနဲ့ ဒုက္ခရောက်မယ်? ပြိုင်ပွဲဝင်နံပါတ် (၇) ပြောတာ တကယ်ကြီးလား? !!]
[ဒါကြီးက မှော်ဆန်လွန်းပါတယ်၊ ဒီလိုသာဆိုရင် တစ်ရွာလုံးက ကျိန်စာများမိထားကြတာလား???]
[အိုကေ၊ ခုနက ပြောလိုက်တဲ့ စကားကို ပြန်ရုတ်သိမ်းလိုက်ပြီ၊ ဒီရွာသားတွေက အဖြစ်ဆိုးလွန်းတာပဲ၊ မွေးပြီးတာနဲ့ အသက်မရှည်ရဘူးဆိုတာကို သိနေမှတော့ ဘယ်သူက ချိုချိုသာသာနှင့် ကောင်းမွန်တဲ့ခံစားချက်တွေ ရှိနေတော့မှာလဲ?]
[……]
ကုကျစ်စုန့်၏ စကားလုံးများ ထွက်ပေါ်လာသည်နှင့် ရိုက်ကွင်းပြင်ပမှ လူတွေတင်မကဘဲ၊ အတွင်းမှာရှိနေသည့် လူများပါ အံ့ဩသွားခဲ့ကြကာ မယုံကြည်နိုင်ဖြစ်နေကြသည်။
လက်ရှိရိုက်ကူးရေးတာဝန်ယူထားသည့် အဖွဲ့ဝင် ဝန်ထမ်းများသည်လည်း တစ်ဦးမျက်နှာကို တစ်ဦး လှမ်းကြည့်မိကြကာ ဆွံ့အနေခဲ့ကြသည်။
သူတို့မှာ ဤတောင်တန်းတွေကို ပထမဆုံးရောက်လာပြီး ဖော့ရှီရွာကို ရှာဖွေကာ ရွာခေါင်းဆောင်အမေကြီးနှင့် တွေ့ဆုံခဲ့ကြပြီး ရိုက်ကူးရေးလုပ်ရန် ခွင့်တောင်းခဲ့သူများလည်းဖြစ်သည်။ သူတို့က ရွာ၏ သတင်းများကိုလည်း ကြားသိခဲ့ရသည်ပင်။
ဖော့ရှီရွာသည်ကား ကံဆိုးမှုများ ဖုံးလွှမ်းနေသည့် ရွာဟု အနီးအနားမှ တောင်ပေါ်ရွာတိုင်း၏ ပါးစပ်ဖျားတွင် နာမည်ကျော်ကြားသည်။
ရွာထဲမှ လူများက တောင်စောင့်နတ်ဘုရား၏ မုန်းတီးမှုကို ခံယူနေကြရပြီး နတ်ဘုရားများက ကောင်းချီးမပေးသောကြောင့် ဤရွာထဲကို ဝင်လိုက်သည်နှင့် မကောင်းသည့် အဖြစ်အပျက်များကို ကြုံတွေ့ရလိမ့်မည်။
အစောပိုင်းနှစ်များတွင် တခြားရွာမှ လူများနှင့် ဖော့ရှီရွာသားများ လက်ထပ်ထိမ်းမြားမှုများရှိခဲ့သည်။ ရလဒ်မှာတော့ ဖော့ရှီရွာမှ လိုက်ပါလာသော ချွေးမများသည် သေလျှင်သေ၊ မသေလျှင်လည်း ကျန်းမာရေးချို့ယွင်းသွားရတတ်ကြသည်။ တစ်နည်းဆိုရသော် ပျော်ရွှင်ရမည့် မင်္ဂလာပွဲမှ ငိုကြွေးရမည့်အသုဘပွဲဖြစ်သွားရသည်ပင်။
ဖော့ရှီရွာသားများနှင့် လက်ထပ်မိသော တခြားရွာမှမိန်းကလေးများသည်လည်း မိမိတို့ ရွာတွင်ရှိစဥ်က ကျန်းမာပျော်ရွှင်စွာ ပြေးလွှားကခုန်နိုင်ကြသည်။ သို့သော် ဖော့ရှီရွာသို့ ချွေးမအဖြစ် ဝင်ရောက်မိသည်နှင့် ရောဂါအပြင်းအထန်ဖြစ်ကြခဲ့ကြရကာ အသက် ၃၀,၄၀ ခန့်တွင် သေဆုံးသွားကြရသည်။
အချိန်ကြာလာပြီးနောက်တွင် ဘေးပတ်ဝန်းကျင် ရွာများမှာ ဖော့ရှီရွာ၏ ဘိုးဘေးများက နတ်ဘုရားများ အမျက်ရှစေမည့် အရာတစ်ခုကို ပြုလုပ်မိသောကြောင့် တောင်စောင့်နတ်များက အပြစ်ပေးခြင်းဖြစ်လိမ့်မည်ဟု ဆိုလာကြတော့သည်။
သို့သော်လည်း ဘေးပတ်ဝန်းကျင်မှ ရွာများတွင် ဆယ်စုနှစ်နှစ်ချီပြီးနေလာကြသူများပင် ဤရွာမှ ထွက်ခွာသွားသူများမှာ မတော်တဆမှုများ ဖြစ်ထားခဲ့ကြောင်းကို သိရှိထားခြင်းမရှိကြချေ။ ပရိုဂရမ်အဖွဲ့မှ လူများမှာ ထိုကိစ္စကို ကြားတောင် မကြားဖူးခဲ့ကြ။
ကုကျစ်စုန့်က ဒီကိစ္စကို တွက်ချက်မှုနှင့် သိလိုက်နိုင်ခဲ့တာလား?
တစ်ချိန်လုံးသုန်မှုန်နေခဲ့သော ဖော့ရှီရွာသားများသည်လည်း ကုကျစ်စုန့်အား မယုံကြည်နိုင်သည့် အကြည့်များဖြင့် ကြည့်လာကြသည်။
ခဏကြာချိန်တွင်တော့ ညာဘက်ထောင့်စွန်းမှ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က လေသံဝဲသည့် မန်ဒရင်းစကားဖြင့် မေးလာခဲ့သည်။
“နင်.. ဘယ်လိုလုပ် သိတာလဲ?”
ကုကျစ်စုန့်:
“အနာဂတ်ဟောပြောခြင်းကပဲ ပြောပြပေးတာလေ၊ လူတွေအားလုံးရဲ့ မျက်နှာက သူတို့ရဲ့ ဆွေမျိုး၊ ကံကြမ္မာ၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ သေဆုံးခြင်းတွေကို ဖော်ပြပေးနိုင်တယ်၊ ဒါတွေအားလုံးက ရှင်တို့မျက်နှာမှာ အတိုင်းသားပေါ်နေတာပဲ”
ပရိုဂရမ်အဖွဲ့မှ ရွာခေါင်းဆောင်အမေကြီးနှင့် တခြားရွာသူရွာသားများ၏ သဘောတူညီမှုကို ရရှိပြီးနောက် သူမ မြင်နေရသည့် ပြဿနာများကို ပြောပြပေးရန် ထပ်မံတောင်းဆိုခဲ့ကြသည်။
ထို့ကြောင့် သူမက ဆက်ပြီး ပြောလာသည်။
“အင်္ကျီအပြာရောင်ဝတ်ထားတဲ့ အန်တီ၊ အန်တီရဲ့ လက္ခဏာဗေဒအရဆိုရင် ကလေးလမ်းကြောင်း သုံးခုရှိတယ်၊ အားလုံးက ယောင်္ကျားလေးတွေချည်းပဲ၊ ဒါပေမယ့် အန်တီရဲ့ အသက်ဂိတ်ဝမှာ လမ်းကြောင်းအမျှင်လေး သုံးခုနှင့် စိတ်ဓာတ်ကျခြင်းတွေ ပေါ်ထွက်နေတယ်၊ ဆိုလိုတာက ကလေးသုံးယောက်လုံး မရှိတော့ဘူးလို့ ပြောချင်တာပဲ”
“ပထမကလေးနှစ်ယောက်က အသက်သိပ်မကွာဘူး၊ နှစ်နှစ်လောက်ပဲ ခြားလိမ့်မယ်၊ သူတို့နှစ်ယောက်က ဆက်ဆံရေးလည်း ကောင်းတယ်၊ ဒါပေမယ့် အသက် ရှစ်နှစ် ကိုးနှစ်အရွယ်လောက်မှာ ရေနစ်ပြီး သေခဲ့တယ်၊ နောက်နှစ်နှစ်ကြာတော့ တတိယကလေးကိုမွေးတယ်၊ သူက မနှစ်က ဆောင်းဦးအရွယ်လောက်အထိ သန်သန်မာမာပဲ၊ ဒါပေမဲ့ ရွာကနေ ထွက်သွားပြီးတော့ နှစ်လအကြာမှာ သေဆုံးခဲ့ရတယ်”
“ငါ့ရဲ့ ကလေးလေး သုံးယောက်... ဘာလို့ ငါတစ်ယောက်တည်း ဒီလောက်တောင် ခံစားနေခဲ့ရတာလဲ??!”
ကုကျစ်စုန့် စကားဆုံးတာနဲ့ အပြာရောင်ဝတ်စုံနှင့် အန်တီကြီးက အော်ငိုတော့သည်။
“ငါ့ရဲ့အပြစ်တွေပဲ၊ ငါ့ရဲ့ တတိယသားလေး ရွာပြင်ကို ထွက်ချင်နေတာကို ငါမတားခဲ့မိဘူး၊ ငါ သူ့ကို သတ်လိုက်တာ၊ အား….”
သူမက ယခုနှစ်တွင် (၄၉)နှစ်ပြည့်မည်ဖြစ်သောကြောင့် ဖော့ရှီရွာ၏ အသက်ရှည်သည့် စာရင်းတွင် ပါဝင်သည်ဟု ဆိုရမည်။ သို့သော် မွေးဖွားခဲ့သည့် ကလေးသုံးယောက်တွင် နှစ်ယောက်က ငယ်ငယ်ရွယ်ရွယ် လုံဟူကန်တွင် ရေကစားရင်း ရေနစ်ကာသေဆုံးခဲ့ရသည်။
တတိယသားလေး မွေးဖွားခြင်းက သူမကို စိတ်ဖြေသာစေခဲ့ပြီး ပထမကလေးနှစ်ယောက်၏ သေဆုံးမှုကြောင့် ခံစားရသည့် ဝေဒနာများကို မေ့မေ့ပျောက်ပျောက်ဖြစ်လာခဲ့သည်။
သို့သော်လည်း လွန်ခဲ့သည့် နှစ်ဝက်ခန့်က အပြင်ဘက်မှ စာအုပ်များကို ဖတ်နေခဲ့သည်ကို မည်သူက သိနေပါမည်နည်း။ သူမ၏သားငယ်လေးက ရွာကို လာရောက် လေ့လာသည့် အပြင်လူများ၏ အရူးလုပ်ခြင်းခံရကာ တောင်ပြင်သို့ သွားချင်ကြောင်းကိုသာ တွင်တွင်ပြောလာခဲ့သည်။
သူက တောင်ပေါ်တွင် သေရဖို့စောင့်နေသည်ထက် အပြင်လောကကို သွားကြည့်ရသည်က ပို၍ ကောင်းမွန်လှကြောင်း ထပ်ချည်းတလဲလဲပြောခဲ့သည်။
အဆုံးတွင် အပြာရောင်ဝတ်စုံနှင့် အန်တီကြီးက သားဖြစ်သူကို မတားနိုင်ခဲ့ချေ။ သူမ၏ရင်ထဲတွင်လည်း မျှော်လင့်ချက်ငယ်လေး တစ်ခုရှိနေခဲ့မိသည်။ အကယ်၍ သူမ၏သားငယ်လေးက ရွာပြင်ကိုထွက်သွားခဲ့ပြီး စောစောသေမည်ကို တားဆီးနိုင်ခဲ့မည်ဆိုလျှင်..?
ထိုကြောင့် သူမ၏သားလေးက တောင်ပေါ်မှ ထွက်ခွာသွားခဲ့ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်ရခဲ့သည်။ သူမဆီ ဖုန်းခေါ်တိုင်း သားဖြစ်သူ၏ အသံက ပျော်ရွှင်မြူးကြွမှုများပြည့်နေခဲ့သည်။
‘အမေ၊ တောင်အပြင်ဘက်က ကမ္ဘာကြီးက တီဗီထဲမှာ မြင်ရတာထက်တောင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းသေးတယ်၊ ကျွန်တော် ပိုက်ဆံစုပြီးရင် အမေ့ကို ဖုန်းတစ်လုံးဝယ်ပေးမယ်၊ ပြီးရင် အပြင်ဘက်လောကမှာရှိတဲ့ ပုံတွေရိုက်ပြီး ပို့ပေးမယ်၊
ကျွန်တော်သာ ပိုက်ဆံတွေ အများကြီးရှာနိုင်ခဲ့ပြီဆိုရင် အိမ်တစ်လုံးဝယ်ပြီး အမေ့ကို တောင်ပေါ်ရွာကနေ လှမ်းခေါ်ပေးမယ်!”
ဤမျှ လိမ္မာသော သားလေးသည် တောင်ပေါ်မှ ထွက်သွားပြီး သုံးလမြောက်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အသက်ဆုံးရှုံးခဲ့ရသည်။ မတော်တဆကြိုးပြေကျလာသည့် စတီးပြားက သူ့ကို တည့်တည့်ကိုထိမှန်ပြီး သားငယ်ဖြစ်သူ၏ အရိုးကိုပင် ပြန်မရခဲ့ပေ။
အပြင်ဘက်မှမှ ရဲများက သူမဆီကို ဆက်သွယ်လာချိန်တွင်တော့ သူမ မူးမေ့လဲသွားခဲ့ကာ ကလေးသုံးယောက်၏နောက်သို့ လိုက်ခါနီးပင်ဖြစ်ခဲ့ရသည်။
သူမ၏ ရင်ထဲတွင် ဖုံးကွယ်ထားသော ဝမ်းနည်းစရာအဖြစ်အပျက်များကို ကုကျစ်စုန့်က ထောက်ပြလာသည်ကြောင့် ထိုအန်တီကြီးမှာ မျက်ရည်များ မရပ်တန့်နိုင်တော့ဘဲ ငိုကြွေးရှာတော့သည်။
ထိုအန်တီ၏ ငိုသံများ တဖြည်းဖြည်းတိတ်ဆိတ်သွားပြီးနောက် ကုကျစ်စုန့်က တစ်ဖက်သို့လှည့်ကာ ဆက်ပြီးပြောလာသည်။
“ရှင့်ရဲ့ တပည့်အကြောင်းကို ပြောရအောင် ရွာခေါင်းဆောင်အဖွား၊ သူမရဲ့မျက်နှာကို ကြည့်လိုက်ရင် သူမမှာ အမွှာရှိမယ့် ကံရှိနေတယ်၊ ဒီတော့ သူမမှာ အမွှာညီမတစ်ယောက်ရှိလိမ့်မယ်၊ ဒါပေမယ့် သူတို့ကြားက ဆက်သွယ်ရေးက ပြတ်တောက်နေပြီ၊ ဆိုလိုတာက အခြားညီမတစ်ယောက်က သေသွားခဲ့ပြီ”
ရွာခေါင်းဆောင်အမေကြီး၏ တပည့်မလေးက မျက်လုံးတွင် မျက်ရည်အပြည့်နှင့် ရှိုက်ငိုလိုက်သည်။
“မှန်ပါတယ်၊ ကျွန်မရဲ့ ညီမကလည်း တောင်အပြင်ဘက်ကို ထွက်သွားတဲ့လူတွေထဲက တစ်ယောက်ပါ၊ သူမက ညဘက်အချိန်မှာ မြို့ထဲက လမ်းဆုံတစ်ခုမှာ ကားတိုက်ခံလိုက်ရတာပါ၊ ကားသမားက ထွက်ပြေးသွားပြီး ခုထိ မမိသေးဘူး၊ ကျွန်မလည်း အပြင်ကိုထွက်ပြီး စုံစမ်းချင်ပေမယ့်….”
သူမ ရွာကနေ ထွက်သွားမည့်အကြောင်းကို ပြောခဲ့ချိန်တွင် သူမ၏ မိဘနှစ်ပါးနှင့်၊ ဆရာဖြစ်သူကပါ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည်။ သူတို့က သူမ ခိုးထွက်သွားမည်ကို စိုးရိမ်သောကြောင့် အိမ်ကိုပင် သော့ခတ်ထားခဲ့ကြသည်။
သူမ ညီမ၏ အလောင်း တောင်ပေါ်ကို ပြန်ရောက်လာချိန်တွင်တော့ အရိုးပြာအဖြစ်နှင့်သာ အိမ်ကိုပြန်လာခဲ့ရသည်။
သူမ၏ အဖေက တံခါးပေါက်ဝတွင် တစ်ညလုံး ဆေးလိပ်သောက်နေရင်း ပြောခဲ့ချေသည်။
“ဒါက ငါတို့ရဲ့ ကံကြမ္မာပဲ၊ ဒီတောင်ရဲ့ အပြင်ကို ထွက်သွားတဲ့သူတိုင်းက တစ်ခုမဟုတ်၊တစ်ခု ဖြစ်ကြတာပဲ၊ မင်းရဲ့ညီမကလည်း စကားကို နားမထောင်ခဲ့လို့ အခုလိုဖြစ်ခဲ့ရတာ”
ထိုမိသားစုနှစ်ခုအပြင် ကုကျစ်စုန့်က ဆုတောင်းပွဲတွင် သူမ မြင်ခဲ့ရသည့် မိသားစုများတွင်လည်း မျက်နှာတွင် ကလေးလမ်းကြောင်းများရှိခဲ့သော်ငြား အားလုံးက ပြတ်တောက်နေပြီးဖြစ်ကြောင်း ပြောခဲ့သည်။
သူမ ပြောသမျှကို နေရာတွင်ရှိနေသည့် ရွာသားများက မှန်ကန်ကြောင်း အတည်ပြုခဲ့ကြသည်။ သူတို့အားလုံးမှာ တောင်ပေါ်မှ ထွက်ခွာကာ သေဆုံးခဲ့ရသည့် လူငယ်လေးများ၏ မိသားစုဝင်များပင်ဖြစ်ချေသည်။
လူတိုင်းက အံ့သြတကြီးဖြင့် ကြက်သေ,သေနေခဲ့ကာ ရှင်းယိချင်းတောင် မယုံကြည်ချင်သော်ငြား မငြင်းဆန်နိုင်ဖြစ်နေခဲ့သည်။
[ကုကျစ်စုန့်ကလွဲလို့ .... သူမကို သဘာဝလွန်ပညာရပ်မတတ်ဘူးလို့ပြောတဲ့ သူတွေအကုန်လုံးက ဆွံ့အနားမကြားတွေပဲ!]
[ဒါကြီးက ဆိုးလွန်းပါတယ်ကွာ၊ အန်တီကြီးက ကလေးသုံးယောက်လုံးသေသွားခဲ့ရတာ၊ သူမ ဘယ်လောက်တောင်စိတ်ထိခိုက်နေခဲ့မလဲ]
[စဉ်းစားကြည့်ရင် ကြောက်စရာကြီးနော် ရှုန်းတိတို့၊ ဒီအခန်းထဲမှာ ရပ်နေတဲ့ ရွာသားတွေအကုန်လုံး လတ်တလော အသုဘမချထားတဲ့လူ တစ်ယောက်မှ မရှိဘူး၊ ငါဆိုတောင်ပေါ်တက်သွားတုန်းက ရွာနောက်က အုတ်ဂူတစ်ခုက အသစ်ဖြစ်နေတာတောင် မြှုပ်ထားတာ မကြာသေးလောက်ဘူးဆိုတဲ့အတွေးနဲ့ စိတ်ထဲမှာ မသိုးမသန့်ဖြစ်နေခဲ့တာ]
[ဒီတော့ ဒီတစ်ခါလည်း ကုကျစ်စုန့်က အမှန်ပဲဆုံးပေါ့၊ စုန့်ကျဲက အရမ်းတော်တာပဲ ]
ခန်းမထဲမှ ဆူညံသံများကြောင့် တစ်ချိန်လုံး ကုကျစ်စုန့်ကို စိုက်ကြည့်နေခဲ့သည့် ရွာခေါင်းဆောင်အမေက နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။
“နှစ်ပေါင်းများစွာ ငါတို့ရွာရဲ့ ပထဝီသဘောတရားနဲ့ ဖုန်းရွှေကို လေ့လာဖို့ လူတွေလာခဲ့တာ မနည်းဘူး၊ ဒါပေမယ့် မင်းလောက်တော့ ဘယ်သူမှ မထက်မြက်ခဲ့ကြဘူး!!”
ထိုစကားကို ကြားတော့ ရှင်းယိချင်း၏မျက်နှာက ရှုံ့မဲ့သွားခဲ့ရသည်။
ဒီအဘွားကြီးက သူ့ကို စောင်းပြောနေတာလား!?
“အဲဒီ သာမန်အဆင့်လောက်ပဲတတ်သိနားလည်တဲ့ လူတွေက ငါတို့ရွာက ကျိန်စာသင့်နေတယ်၊ တောင်စောင့်နတ်ဘုရားမက လျစ်လျှူရှုထားတယ်ဆိုတာတွေပဲ ပြောတတ်ကြတယ်၊ အကုန်လုံးက အမြင်ကျဉ်းတဲ့ လူတွေချည်းပဲ၊ နတ်ဘုရားမကို အဲဒီသာမန်မျိုးဆက်တွေနဲ့ ဘယ်လိုလုပ်နှိုင်းယှဉ်လို့ ရမှာလဲ?!”
“ဖော့ရှီရွာကို ကာကွယ်ဖို့က ငါတို့ရဲ့ တာဝန်ပဲ၊ ငါတို့က ငါတို့နေရာမှာပဲနေတာ၊ မင်းတို့ အပြင်လူတွေကသာ ငါတို့ကို လာနှောင့်ယှက်ပြီး လူငယ်တွေကို မြူဆွယ်ချင်နေကြတာ”
ရွာခေါင်းဆောင်အမေက အေးစက်စွာ ပြောလိုက်သည်။
“အဲဒီ သတိမရှိတဲ့ လူတွေက တောင်စောင့်နတ်ဘုရားမကို သစ္စာဖောက်ခဲ့ကြတာလေ! အဲတော့ တောင်စောင့်နတ်ဘုရားက ချမှတ်လိုက်တဲ့ အပြစ်ဒဏ်ကို ခံကြရမှာပဲ!”
ပရိုဂရမ်အဖွဲ့နှင့် ကင်မရာနောက်မှ ကြည့်ရှုသူများသည်လည်း ဤရွာသားများက သူတို့နဲ့ ကင်မရာတွေကို မြင်တွေ့ရချိန်မှာ အဘယ်ကြောင့် မုန်းတီးစွာနှင့် အော်ဟစ် ရိုက်ခွဲလာရသည်လဲဆိုသည်ကို သဘောပေါက်သွားပြသည်။
သူတို့ မျက်လုံးထဲတွင်တော့ အပြင်လူတွေမှ အပြင်လောကရဲ့ လှပမှုတွေနဲ့ အသိပညာတွေကို ယူဆောင်လာကြသည်။ သူတို့ပြောနေကြသည့် ပညာရေး၊ သူတို့ ယူလာကြသည့် စာအုပ်နှင့် တီဗီများက လူငယ်များကို တောင်ပေါ်တွင် နေထိုင်ရသည်မှာ အဓိပ္ပါယ်မဲ့သည်ဟု ထင်လာစေသည်။
ကလေးများက တောင်တန်းကို အသက်စွန့်ပြီး မကာကွယ်ချင်ကြတော့ချေ။ သူတို့သည် အပြင်လောကကိုသာ မြင်တွေ့ချင်ကြတော့သည်။ ထိုအရာကြောင့်ပင် တောင်စောင့်နတ်ဘုရား အမျက်ရှကာ သူတို့ကို အပြစ်ပေးခဲ့ခြင်းပင်ဖြစ်ချေသည်။
**”