← Chapters

ကူပိုးကောင်များ (2)

Vol. 5 Ch. 50

ကူပိုးကောင်များ (2)

Vol. 5 Ch. 50

ချုပ်နှောင်ထားသည့် ခြေချင်းများ

T/n_ စားသောက်နေတုန်းသူတွေ၊ ဒါမှမဟုတ် နှလုံးမခိုင်တဲ့ သူတွေရှိရင် warning နေရာကို ကျော်ဖတ်လိုက်ကြနော်

ရွာခေါင်းဆောင်အမေကြီးက သူတို့ဆီသို့ စိုက်ပြည့်၍  ပြောလာချေသည်။

“ဒီတော့ ငါတို့က မင်းတို့လို အပြင်လူတွေကို မကြိုဆိုဘူး၊ ကလေးတွေကိုလည်း အားပေးအားမြှောက်လုပ်ပေးတာမျိုးတွေ လုံးဝလုပ်ဖို့ မစဉ်းစားပါနဲ့၊ ငါသိလို့ကတော့ မင်းတို့ မလွယ်ဘူးမှတ်လိုက်!!”

ထိုအချိန်တွင်တော့ အပြာရောင်ဝတ်စုံနှင့် ငိုကြွေးနေဆဲ အန်တီက အမုန်းတရားအပြည့်နှင့် ပရိုဂရမ်အဖွဲ့ကို စိုက်ကြည့်ကာ ပြောလာခဲ့ချေသည်။

“မြန်မြန်ထွက်သွားကြစမ်း၊ ငါတို့ရွာရဲ့ ငြိမ်းချမ်းမှုကို လာမနှောင့်ယှက်ကြနဲ့၊ ငါတို့ကလေးတွေကိုလည်း သေတွင်းကိုမပို့ကြနဲ့!!”

[ဘုရားရေ၊ ဒီလူတွေက တော်တော်ကြီး ဉာဏ်နည်းတာပဲ၊ ဒီခေတ်ကြီးထဲမှာ အသိပညာက ကံကြမ္မာကိုတောင် ပြောင်းလဲနေနိုင်တယ်၊ ဒီလိုအချိန်မျိုးမှာ အခုလို အတွေးအခေါ်ရှိတဲ့လူတွေရှိသေးတာလား?]

[အပေါ်ထပ်ကိုပြောရရင်  တောင်ပေါ်ဒေသဆိုတာက လူအရောက်အပေါက်နည်းတော့ ပိုပြီး ခေတ်နောက်ပြန်ဆွဲကြတယ် ၊ပြီးတော့ စာသင်တာက သူတို့အတွက် အသုံးမဝင်ဘူးလေ၊ သူတို့က တောင်ပေါ်နဲ့ မြစ်ထဲက ရတဲ့ ပစ္စည်းတွေနဲ့တင် တစ်သက်လုံးနေလို့ရတယ်ထင်နေကြတာ၊ သူတို့ရဲ့ အတွေးထဲမှာ စာဖတ်တာက အပိုအလုပ်ပဲ၊ အဲလိုနေရာတွေ အများကြီးရှိနေကြသေးတယ်လေ]

[တစ်သက်လုံး အပြင်ကိုမထွက်ဖူးဘူးဆိုရင်တောင်မှ ရွာထဲက လူတွေ အသက်၅၀ထိပဲ နေရတာက ပုံမှန်အခြေအနေတော့ မဟုတ်ဘူးလေ??]

[… …]

ကုကျစ်စုန့်က မျက်ခုံးပင့်ကာ ဆိုလိုက်သည်။

“အဘွား၊ ဒီတော့ ရှင်က ဒီပြဿနာကို မဖြေရှင်းချင်ဘူးပေါ့??”

ရွာခေါင်းဆောင်အမေကြီးက ရပ်တန့်လိုက်ကာ သူမ၏ တိမ်ထူနေသည့် မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။

“ပြောကြည့်စမ်းပါဦး၊ မင်းက ဘယ်လိုဖြေရှင်းမှာလဲ?”

“ဒီရွာက ရတနာ့ဂူနေရာမှာ တည်ရှိနေပေမယ့် ဘာလို့ ဒီလောက် ကံဆိုးမိုးမှောင်ကျနေရလဲဆိုတာ၊ အဘွားက တကယ်မသိတာလား??”

“ဂူတစ်လုံးမှာ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ဖို့အတွက် နှစ်နေရာအသုံးပြုထားတယ်၊  သက်ရှိလူတွေက သက်မဲ့ဝိဥာဥ်အတွက် ထောက်ပံ့ပေးထားရတယ်၊ ဒါက ဖုန်းရွှေမှာတော့ လုံးဝမဖြစ်သင့်တဲ့ အရာတစ်ခုပဲ!

ဒီရွာထဲက လူတွေက အဘွားရဲ့ သား၊မြေးမြစ်တွေနဲ့ ဆွေမျိူး အသိမိတ်ဆွေတွေချည်းပါပဲ၊ သူတို့အားလုံး တစ်ယောက်ပြီး တစ်ယောက်သေတာကို ထိုင်ကြည့်နေမလို့လား ? အဘွားတို့ရဲ့ ရိုးရာအဖွဲ့ကို ထောင်ချထားတဲ့ ခြေချင်းတွေကို ဖျက်ချဖို့အတွက် လုံးဝ မလုပ်ချင်တာလား??”

သူမ ပြောလိုက်သည့် စကားက အကျဉ်းချုံးပြောတာဖြစ်လွန်းသောကြောင့် ရွာရွာသားများနှင့် ကြည့်ရှု့သူများက လုံးဝနားမလည်နိုင်ခဲ့ကြချေ။

သို့သော်လည်း ရွာခေါင်းဆောင်အမေကြီး၏ မျက်နှာအမူအရာပြောင်းလဲသွားပုံနှင့် နှစ်ယောက်ကြားမှ တင်းမာမှုကြောင်း ဘေးနားမှ ကြည့်ရှုသူများအနေဖြင့် အရိပ်အမြွက်တော့ နားလည်နိုင်သည်။

ရွာခေါင်းဆောင်အမေကြီးသည် ဖော့ရှီရွာ၏ ‘ကျိန်စာ’ကို ဖြတ်တောက်နိုင်သည့် နည်းလမ်းကို သိထားပုံပေါ်သည်။

ရွာသားများ၏ အကြည့်တွေကို မြင်တော့ အဘွားအို၏ မျက်နှာထားက မှုန်မှိုင်းသွားခဲ့ကာ ကုကျစ်စုန့်ကို အချိန်ကြာကြာ စိုက်ကြည့်နေခဲ့ပြီး ဖြည်းဖြည်းချင်းပြောလာသည်။

“ဒီကအမျိုးသမီး ၊ နင်ဘာကို ပြောချင်တာလဲဆိုတာကို ငါနားမလည်ဘူး”

သူမက ပြောပြီးသည်နှင့် သူမ၏ တောင်ဝှေးကို အားပြုကာ တပည့် ဖြစ်သူ၏  အကူအညီဖြင့် ထရပ်လိုက်သည်။

“နင်တို့ ဘာကိုပဲ ရိုက်ကူးချင်ပါစေ  ငါ စိတ်မဝင်စားဘူး၊ အခု ငါပင်ပန်းနေပြီ၊ ဒီနေ့တော့ နေဝင်ပြီဆိုတော့ ကျွမ့်ဇီက တောင်နောက်က မသုံးတဲ့ နေရာကို ရှင်းပေးထားလိမ့်မယ် တစ်ညအိပ်ပြီး မနက်ဖြန်ပြန်သွားလိုက်တော့”

ရွာခေါင်းဆောင် အမေကြီးထွက်သွားပြီးနောက် ရွာသားအနည်းငယ်သာ ကျန်ရှိတော့ပြီး ပရိုဂရမ်အဖွဲ့သားများသည်လည်း တစ်ယောက်မျက်နှာကို တစ်ယောက်စိုက်ကြည့်လိုက်မိကြသည်။

တင်ဆက်သူလျို့က အကင်းပါးစွာဖြင့် အစီအစဉ်ပြီးဆုံးသွားကြောင်း စကားဆိုလာသည်။

“ကြည့်ရှုသူပရိသတ်များခင်များ၊ ပြိုင်ပွဲရဲ့ဒုတိယပိုင်းကတော့ ပြီးဆုံးပါပြီ၊ ဒါရိုက်တာအဖွဲ့နှင့် အွန်လိုင်းမဲပေးစနစ်အရ ထိပ်ဆုံးမှ ပြိုင်ပွဲဝင် (၄)ယောက်ကတော့ နံပါတ် (၇)ကုကျစ်စုန့်၊ နံပါတ် (၂)ပိုင်စစ်၊ နံပါတ် (၁) ရှင်းယိချင်း နဲ့ နံပါတ် (၉) ဟဲမီထူတို့ ဖြစ်ပါတယ်၊ သူတို့တွေကတော့ ‘လင်းရှီ’ ပရိုဂရမ် ရဲ့ ထိပ်တန်းပြိုင်ပွဲဝင်လေးယောက်ပဲဖြစ်ပါတယ်၊ ဂုဏ်ပြုပေးလိုက်ကြရအောင်ပါ!!”

“ထုတ်ပယ်မဲ့ စာရင်းမှာတော့ ပရိသတ်မဲပေးမှုအရ နောက်ဆုံးစကာတင် သုံးယောက်ရှိပါတယ်”

ဤအပိုင်းတွင် ထုတ်ပယ်ခံရမည်မှာ ဖော့ရှီရွာကို ရှာမတွေ့နိုင်သော ပြိုင်ပွဲဝင်များထဲမှ တစ်ယောက်ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

နောက်ဆုံး မဲခွဲကာ ထုတ်ပယ်ခံလိုက်ရသူမှာတော့ နံပါတ် (၅) သူဌေးသားပင်ဖြစ်နေခဲ့သည်။

တင်ဆက်သူလျို့:  “ဒီရလဒ်နဲ့ ပတ်သတ်ပြီး ပြောချင်တာများ ရှိနေသေးလား??”

“ဘာမှ ပြောစရာမရှိဘူး၊ ငါက ဒီကို အပျော်လာတာသက်သက်ပဲ၊ အားလုံးကို ပြောချင်တာတစ်ခုကတော့ သတ္တိမရှိရင် ၊အသက်မသေချင်ရင် ဒီပရိုဂရမ်ကို မလာပါနဲ့၊ ဒီလျို့ဝှက်ဆန်းကြယ်တဲ့အရာတွေက တကယ်ရှိတာပါ”

မှတ်ချက်ဧရိယာမှာတော့ သူကို စနောက်၊ လှောင်ပြောင်ရယ်မောနေကြသည်။

[နံပါတ်(၅)က အရမ်းရယ်ရတာပဲ၊ သူထွက်သွားတော့ ပြိုင်ပွဲကိုကြည့်ရတာ ပျော်စရာ တစ်ဝက်လောက်လျော့သွားတော့မှာ]

[သူကို ကြည့်ရတာ ငါ သရဲအိမ်ထဲကိုဝင်ပြီး ပြန်ထွက်လာတာနဲ့ တစ်ပုံစံတည်းပဲ၊ သူက အစားအသောက်ကိုကြိုက်ပြီး ကစားရတာလည်း ကြိုက်သေးတယ်]

[ပြိုင်ပွဲဝင် နံပါတ်(၅)က ပရိုဂရမ်အဖွဲ့က ဖိတ်ထားတဲ့ ကလေးထိန်းပဲ ဟားဟား၊ သရုပ်ဆောင်တာ‌ အရမ်းတော်တယ်၊ နောက်တစ်ခါသရုပ်ဆောင်မလုပ်နဲ့တော့နော်] 

[ပြိုင်ပွဲဝင်တွေရော၊ ဒါရိုက်တာရော တောင်အောက်ကို အခု ဆင်းကြတော့မှာလား? ဒီရွာထဲမှာတော့ မနေချင်လောက်ဘူးမလား? လုံခြုံရေးကို ဂရုစိုက်ကြပါဦး]

အစီအစဉ်ပြီးစီးကြောင်း ကြေညာပြီးနောက် ပရိုဂရမ်အဖွဲ့သားများက ကင်မရာများပိတ်ပြီး ဆက်စပ်ပစ္စည်းများကို ဖြုတ်သိမ်းနေကြသည်။

မတိုင်ခင်မှာ ရွာခေါင်းဆောင်အမေကြီး၏ နောက်တွင်ရပ်နေခဲ့သည့် ကျွမ့်ဇီက သူတို့အား မျက်နှာတည်တည်ဖြင့် ရပ်စောင့်နေခဲ့ချေသည်။

“ကျွန်မနောက်ကို လိုက်ခဲ့ပါ”

ည (၈)နာရီ (၉)နာရီလောက်ရှိပြီဖြစ်သောကြောင့် တောင်ပေါ်တွင် မှောင်မည်းနေခဲ့သည်။

အခုချက်ချင်း‌တောင်အောက်သို့  ဆင်းရန်ကား မလုံခြုံသလို ဖြစ်လည်းမဖြစ်နိုင်ချေ။ လူတိုင်းက ရွာထဲတွင် နေဖို့အတွက် အနေရခက်နေကြသော်လည်း ယာယီတော့ နေရပေဦးမည်။

သူတို့အားလုံး ပင်ပန်းလွန်းနေသည်ကြောင့်လားဟူသည်ကိုတော့ မသိပါချေ။  ပရိုဂရမ်အဖွဲ့မှာ သတိလက်လွတ်အိပ်ပျော်သွားခဲ့ကြသည်။

လီချန်ဟဲတစ်ယောက် အိပ်ပျော်နေစဉ်တွင် နှစ်ချက်သုံးချက်ခန့် အရိုက်ခံလိုက်ရပြီး လန့်နိုးလာခဲ့သည်။

သူ မျက်လုံးများဖွင့်ကြည့်လိုက်ရာ သစ်သားကုတင်ဘေး၌ ရပ်နေသော ပိန်ပိန်ပါးပါးအမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသောကြောင့် နှလုံးပြုတ်ထွက်မတတ် ထိတ်လန့်သွားရလေ၏။

“ကု.. ကုတောက်ကျန့်?”

သူအံ့ဩတကြီးဖြင့် မေးလိုက်မိသည်။

“ကျွန်တော့်အိပ်ရာဘေးမှာ ဘာလုပ်နေတာလဲ?”

အကြောင်းရင်းတစ်ချို့ကြောင့် ကုကျစ်စုန့်က မအိပ်နေခဲ့ချေ။ သူမက ဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကာ အမူအရာသည်လည်း ထူးဆန်းနေခဲ့သည်။

“ရှင် ရွာခေါင်းဆောင်အမေကြီးနဲ့ ဆွေးနွေးတုန်းက ဘယ်လိုပြောခဲ့တာလဲ?”

လီချန်ဟဲ:

“ဒီအတိုင်း ရွာမှာ ရိုက်ကူးရေးလေး လုပ်ချင်လို့ပါလို့ပြောလိုက်တော့ သူကလည်း သဘောတူတယ်လေ၊ ဘာပြဿနာရှိလို့လဲ??”

“ဒါက တိုက်ရိုက်ထုတ်လွှင့်မှာလို့ ပြောခဲ့သေးလား??

“မပြောမိဘူးထင်တာပဲ…”

ကုကျစ်စုန့် ခဏ ပြောစရာစကားပျောက်သွားပြီးနောက် သူမက လက်များကို ပူးကပ်လိုက်ကာ နှုတ်ခမ်းမှစတင် ရေရွတ်လိုက်သည်။

“ဂုဏ်သိက္ခာနှင့် သန့်စင်မှုကြောင့် အနန္တကိုယ်တော်သည် (၁၇)နှစ်ကြာမြင့်ပြီးနောက် စကားလုံးများမှာ အမြင့်သို့ ပျံတက်လိမ့်မည်၊ သန်းပေါင်းများစွာ….”

“မာစတာကု ဘာလုပ်နေတာလဲ?”

လီချန်ဟဲ ထိတ်လန့်လာခဲ့သည်။

သို့သော်‌လည်း နောက်တစက္ကန့်မှာပင် ကုကျင့်စုန့်၏ လက်များက သူ့၏ရင်ဘတ်ပေါ်မှ သွေးကြောမှတ်ပေါင်းများစွာကို လျှင်မြန်စွာဖိနှိပ်လိုက်ကာ ဂါထာရွတ်သံသည်လည်း ပို၍ကျယ်လောင်လာခဲ့သည်။

“…..ကြီးမားသော ဂရုဏာနှင့် မြင့်မြတ်သော ဆုတောင်းများ၊ မြင့်မြတ်သော ပညာရှိမှုနှင့် မြင့်မြတ်သော သနားကြင်နာမှု၊ အကန့်အသတ်မဲ့သော လူသားများ၊ အကျွန်ုပ်သည် ရှန်းလောင်ကျွင်းအား တရားဥပဒေကဲ့သို့ တန်ဖိုးထားပါ၏!!”

❗❗warning ❗❗

လီချန်ဟဲ၏ ရင်ဘတ်တွင် ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရကာ ဝမ်းဗိုက်မှာလည်း ထိုးအောင့်လာသည်။ သူက နာကျင်မှုကြောင် အော်ဟစ်ရန် ပါးစပ်ဟလိုက်သော်ငြား အသံမထွက်ခင် အော့အန်လိုသည့်စိတ်က ရင်ခေါင်းထဲမှ ပျို့တက်လာခဲ့သည်။ သူ၏လည်ပင်းထဲတွင် တစ်ဆို့နေခဲ့ပြီး မကြာခင်တွင်  အနံ့ဆိုးသည့်အက်ဆစ်ရည်ကို အန်ထုတ်လိုက်သည်။

လီချန်ဟဲ၏ ပါးစပ်ထဲတွင် ခါးသက်သက်ဖြစ်ကာ အရသာဆိုးလှသော်လည်း ခေါင်းထဲတွင် မူးဝေနေခြင်းက ပျောက်သွားသည်။

သူအောက်သို့ ငုံ့ကြည့်လိုက်တော့ လက်သန်းလောက်ရှိသည့် လောက်ကောင်တစ်ကောင်မှာ သူအန်လိုက်သည့် အန်ဖတ်ရည်ထဲတွင် ရှိနေကာ လရောင်အောက်တွင် ကြောက်စရာကောင်းအောင် တွန့်လိမ်နေခဲ့သည်။

ဒါကြီးက သူ့ဗိုက်ထဲက ထွက်လာတာ!?

ထိုအချိန်တွင် မူးဝေမှု၊ကြောက်ရွံ့ထိတ်လန့်မှုနှင့် အခြားစိတ်ခံစားချက်ပေါင်းများစွာ နှလုံးသားတွင် ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်တွင် ကြက်သီးဖြန်းဖြန်းထသွားသည်။

သူစကားမပြောနိုင်ခင် ယိုင်သွားကာ ဝမ်းဗိုက်ကို ကိုင်ပြီး နံရံကို အားပြုကာ ရွံရှာစွာနှင့် ပျို့နေခဲ့သည်။

ခဏကြာတော့ လီချန်ဟဲ ပြန်လည်သက်သာလာခဲ့ကာ ခေါင်းကို လှည့်ကြည့်လိုက်ရာ ကုကျစ်စုန့်က ထိုလောက်ကောင်ကို တုတ်ချောင်းဖြင့် ကောက်ယူနေခဲ့ကာ မည်သည့်နေရာမှ တွေ့လာမှန်းမသိသည့် ဖန်ပုလင်းထဲကို ထည့်လိုက်သည်။

❗❗warning end❗❗

သူ ထပ်ပြီး မကြည့်ရဲတော့ချေ။ အန်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီးသာ အသာ ပြန်မေးလိုက်သည်။

“ကုတောက်ကျန့်၊ အဲဒါဘာကြီးလဲ ? ဘာလို့ ငါ့ဗိုက်ထဲကို ရောက်နေရတာလဲ!?”

ကုကျစ်စုန့်၏ မျက်လုံးများက‌ အေးစက်နေခဲ့သည်။

“ဒါက ‘ကူပိုးကောင်’ပဲ”

ကူပိုးကောင်များက ရှန်းချန်နယ်မြေတွင် အပေါများဆုံးဖြစ်သည်။ သူတို့က အဆိပ်ပုံစံငါးမျိုးကို ရွေးချယ်ကာ ပိုးကောင်များကို တစ်နေရာတည်းတွင် စုထည့်ထားပြီး အချင်းချင်း စားသောက်စေသည်။

နောက်ဆုံးတွင် အသက်ရှင်ကျန်ခဲ့သည့် အကောင်မှာ ‘ကူ’ဖြစ်လာခဲ့သည်။

ထို့နောက် ထို ‘ကူ’အား တခြားသော ကူများနှင့် အတူတူထားကာ အချင်းချင်းသတ်ဖြတ်စေကြပြန်သည်။

နောက်ဆုံးတွင် အနိုင်ရသူက ‘ကူဘုရင်’ဖြစ်လာခဲ့သည်။ ထိုပိုးကောင်မျိုးမှာ ကျေးမွေးရန်အတွက် သွေးတိုက်ကျွေးရသည်၊ ယင်စွမ်းအင်၊ သက်ရှိပိုးကောင်များကို ကျွေးရသည်။ ထိုသေးငယ်သော ကူပိုးကောင်များနှင့် ရှေးခေတ်ကာလ လူများစွာကို သတ်ဖြတ်နိုင်ခဲ့သည်။

“ကူ!?”

လီချန်ဟဲတစ်ယောက် ရုတ်တရက် ဟဲမီတူ၏ စကားကို သတိရလိုက်သည်။ ရွာခေါင်းဆောင်အမေက ‘မှော်စုန်းပညာရှင်’ဖြစ်ပြီး သူမတပည့်၏ အသက်ကို ကူပိုးကောင်များနှင့် ဆွဲဆန့်ထားသည်။

သို့သော် လက်ရှိတွင် မည်သည့်အကြောင်းရင်းမှမရှိဘဲ ကူပိုးကောင်တစ်ကောင်က သူ့၏ဗိုက်ထဲတွင်ရောက်ရှိနေခဲ့သည်။ အဖြေက အလွန်ရှင်းလင်းနေခဲ့ပေ၏။

“သူက ဘာလို့ ဒီလိုလုပ်ရတာလဲ? ရွာထဲက လူတွေ ငါ့ရဲ့ကင်မရာကို ခွဲပစ်တာတောင် ငါ အလျော်မတောင်းခဲ့ဘူးလေ၊ သူတို့သာ ဒီမှာ ရိုက်ကူးရေးမလုပ်စေချင်ရင် အစတည်းက သဘောမတူခဲ့လို့ရတာပဲ!!”

လီချန်ဟဲတစ်ယောက် အလွန် ဒေါသထွက်စွာနဲ့ ထိုင်ကျသွားရသည်။ ပရိုဂရမ်၏ ယခုအပိုင်းက သူ့ကို မကူညီနိုင်သည့်အပြင် အသက်ကိုပါ ဆုံးရှုံးရတော့မလို ဖြစ်သွားရသည်!

ကုကျစ်စုန့် ချောင်းဟန့်လိုက်သည်။

“အဲဒါက ကျွန်မကို ပစ်မှတ်ထားတာဖြစ်လိမ့်မယ်၊ ဒီစုန်းမကြီး ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကို ကျွန်မဖော်ထုတ်လိုက်လို့လေ၊ သူမက ဒီအကြောင်းတွေကို ကျွန်မ လူတိုင်းကို ထုတ်ဖော်ပြောလိုက်မှာကို ကြောက်နေတာ”

သူမ ဖုံးကွယ်ဖို့ ကြိုးစားထားသည့် လျှို့ဝှက်ချက်အတွက် စုန်းအိုကြီးက သူမကို နှုတ်ပိတ်ရန် လူသတ်ဖို့ ရွေးချယ်ခဲ့သည်။ ထိုအမျိုးသမီးအိုကြီးမှာ အလွန်ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းကို ရွေးချယ်ကာ ပရိုဂရမ်အဖွဲ့မှ လူများအားလုံးကို အစီအရင်ပြုလုပ်ခဲ့ချေသည်။

ကုကျစ်စုန့်၏ ခန္ဓာကိုယ်မှာ ကျင့်ကြံမှုများကြောင့် ‘ချီ’နှင့် ကာကွယ်ထားခဲ့သည်။ ထို့ကြောင့် ကူပိုးကောင် သူမ၏ အနားကို တို့ကပ်လာသည်နှင့် သူမ ခံစားလိုက်မိပေသည်။

သူမက ချက်ချင်း ထလိုက်ပြီး တခြားသော မူးဝေနေသည့် ရိုက်ကူးရေးအဖွဲ့သားများကို မြင်တော့ သူတို့အားလုံး တိုက်ခိုက်ခံလိုက်ရပြီကို သူမ ချက်ချင်း သိရှိခဲ့သည်။

All Chapters