← Chapters

နတ်ဆိုး အရာရှိကြယ်စင် (2)

Vol. 5 Ch. 42

နတ်ဆိုး အရာရှိကြယ်စင် (2)

Vol. 5 Ch. 42

စစ်မှန်တဲ့အရောင်ကိုသိဖို့ လျို့ဝှက်စုံစမ်းခြင်း

သူမ၏ လစဉ်ရာသီချိန်က အမြဲပုံမှန်ဖြစ်ခဲ့သောကြောင့် ရာသီလာနောက်ကျသည်နှင့် သူမစိတ်ထဲတွင် မယုံသင်္ကာဖြစ်ခဲ့မိသည်။

သို့သော်လည်း သူမက မဖြစ်နိုင်လောက်ဟုသာ တွေးထင်ခဲ့မိသည်။ ကိုယ်ဝန်လက္ခဏာများဖြစ်သည့် အစားစားချင်စိတ်ပျောက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အိပ်ငိုက်ခြင်းများ ဖြစ်လာတော့မှသာ စိတ်တုန်လှုပ်လာခဲ့ရသည်။

ကိုယ်ဝန်ရှိမရှိ စမ်းသပ်သည့် ကိရိယာနှင့် စမ်းသပ်ပြီးနောက် ကိုယ်ဝန်ရှိနေကြာင်း အတည်ပြုနိုင်ခဲ့ချိန်တွင်တော့ သူမ ပြိုလဲသွားခဲ့ရတော့သည်။

လက်ရှိတွင် သူမအား စိုးရိမ်စိတ်ဖြင့် ပြောနေသည့်မှတ်ချက်များ ၊ ကြိမ်းမောင်းနေကြသည့်သူများနှင့်၊ သိချင်စွာမေးမြန်းနေကြသည့် မှတ်ချက်များကို ကြည့်ကာ အပြာရောင်လမင်းက ခုံကိုမှီလိုက်ရင်း ရှိုက်ငိုလိုက်ချေသည်။

“သူက ကျွန်မကို ကြိုက်တယ်လို့ ပြောခဲ့တယ်၊  ကျွန်မ အိမ်မှာ ဂရုစိုက်မခံရတာကို သိတော့ သူက အရမ်းစိတ်ပူနေခဲ့တာ၊ နောက်ပိုင်း ကျွန်မတို့ အတူရှိနေခဲ့မယ်ဆိုရင် ဘယ်တော့မှ မှားယွင်းခံနေရသလိုမျိုး မဖြစ်စေရဘူးတဲ့….”

တစ်ဖက်မှ မိန်းကလေး၏ ပြောစကားအရ ကုကျစ်စုန့် ဇာတ်လမ်းတစ်ခုလုံးကို ဆက်စပ်သဘောပေါက်သွားခဲ့သည်။

ရှက်ရွံ့ကာ လူကြောက်တတ်သည့်အပြင်  အိမ်တွင်လည်း တစ်နှစ်ပတ်လုံး လျစ်လျူရှုခံရသည့် ဒုတိယကလေးဖြစ်ခြင်းကြောင့် အပြာရောင်လမင်းက ကိုယ့်ကိုကိုယ်နှိမ့်ချသိမ်ငယ်ကာ ကိုယ်တိုင်ယုံကြည်မှုမရှိတော့ချေ။

ထိုအချိန်တွင် ရုတ်တရက်ပေါ်လာသည့် ချောမောပြီး အပြောရွှင်သော ကောင်လေးတစ်ယောက်က သူမကို ဂရုစိုက်ပေးခဲ့သည်၊ ကြည်နူးစရာကောင်းသည့် စကားချိုချိုလေးများကို ပြောခဲ့သည်၊ ဤသို့ဖြင့် မိန်းမငယ်လေးကို လုံးဝဖမ်းစားနိုင်ခဲ့သည်။ အချိန်အတော်ကြာအောင်အရူးလုပ်ခံရပြီးနောက်တွင် သူမက သူမ၏ အရာအားလုံးကို အပ်နှံဖို့ရာအတွက် ဝန်မလေးတော့ချေ။

သူမ တွေဝေနေခဲ့လျှင်လည်း ကောင်လေးက ပြောလိမ့်မည် :

“သူများကောင်မလေးတွေက အကုန်လုပ်ပေးပေမယ့် မင်းက လုပ်မပေးဘူး.. မင်းက ငါ့ကို တကယ်မချစ်လို့လား?”

သူမ အတွေးများနေလျှင် ကောင်လေးက နာကျင်ရသည့် လေသံနှင့် ပြောပေလိမ့်မည်။

‘ငါက မင်းနဲ့ အမြဲအတူရှိနေရတာထက် ဘာကိုများ လိုချင်နေရဦးမှာလဲ? ငါသာ အဲဒီကောင်မလေးကို ကြိုက်တယ်ဆိုရင် မင်းရဲ့အလှည့်တောင် ရှိလိုက်မှာမဟုတ်ဘူး၊ မင်းက ငါ့ကို မယုံကြည်ဘူးပဲ!’

ထိုကဲ့သို့ စကားများနှင့် တဖြည်းဖြည်းထပ်လာခဲ့သည့် ခပ်သေးသေးအရာလေးများက အပြာရောင်လမင်း၏ စိတ်ကို ပိုမို အားငယ်စေပြီး ယုံကြည်မှုများပျောက်ကွယ်သွားစေခဲ့သည်။

သို့သော်လည်း နောင်တရဖို့ကလည်း အလွန်အမင်း နောက်ကျသွားခဲ့ပြီဖြစ်ကာ ပြသနာဖြစ်ပွားခြင်းကိုသာ ဦးတည်သွားစေတော့မည်။

သူမက ကောင်လေးကို ချက်ချင်းပြောပြခဲ့သော်လည်း သူမ၏ကောင်လေးက သူမထက် ပိုပြီး စိတ်လှုပ်ရှားနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ကောင်လေးက မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ ထို့နောက် “ငါအရင် စဉ်းစားလိုက်ဦးမယ်” ဟု ပြောကာ ထွက်သွားခဲ့ပြီး ပြီးခဲ့သည့် နှစ်ရက်လုံး သူမဆီကို တစ်ကြိမ်မှ မဆက်သွယ်ခဲ့တော့ပေ။

ကံကောင်းစွာဖြင့် လက်ရှိမှာ ကျောင်းပိတ်ရက်များဖြစ်နေသောကြောင့် အခန်းဖော်များနှင့် ဆရာများ သိသွားမည်ကို စိတ်ပူစရာမလိုအပ်သေးပေ။ သို့သော်လည်း သူမ၏ စိတ်ကတော့  ကိုယ်ဝန်ရင့်လာလျှင် မိသားစုမှ သိရှိသွားမည်ကိုသာ တစ်ချိန်လုံး ပူပန်နေခဲ့ရသည်။

[ဒါက အပျော်ကြံတာမဟုတ်ဘူးလား?! သတိကပ်လိုက်တော့.. ရှောင်မေ့.. ကောင်လေးက မင်းရဲ့ ယုံကြည်မှုကို ရိုက်ချိုးနေတာ!]

[ကောင်လေးက တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝကို မရှိတာပဲ၊ တိုက်ရိုက်ထုတ်လွှင့်သူ ပြောနေတာမှန်တယ်၊ သူက လူကောင်းမဟုတ်ဘူး၊ သူသာ မင်းအတွက်စဉ်းစားတယ်ဆိုရင် ကိုယ့်ကိုကိုယ် တခဏသာယာဖို့နဲ့ မင်းကို ချောက်ထဲ တွန်းချမှာ မဟုတ်ဘူး]

[ဒါမျိုးက မိသားစုဆီကို ဖုံးကွယ်မထားသင့်ဘူး၊ ကလေးတွေတော်တော်များများက မိဘတွေဆူမှာကို ကြောက်ပေမယ့် ကိုယ့်ဘာသာကိုယ်တွေးနေမယ်ဆိုရင် အန္တရာယ်ပိုများတာပဲရှိလိမ့်မယ်…]

ကုကျစ်စုန့် မေးခွန်းထုတ်လိုက်သည်။

“ဒီတော့ မင်းစဉ်းစားမိတဲ့အဖြေက ကျောင်းထွက်၊  သူ့ကိုလက်ထပ်ပြီး ကလေးမွေးဖို့လား?”

“ဟုတ်ပါတယ်…”

အပြာရောင်လမင်းက အားဖျော့သော အသံဖြင့် ဖြေလာသည်။

“အားလုံးက ကျွန်မကောင်းဖို့အတွက် ပြောတာကို သိပါတယ်၊ ဒါပေမယ့် ကိုယ်ဝန်ဖျက်ချလိုက်မယ်ဆိုရင် မိသားစုက သိသွားကြမှာပဲ၊ မိဘတွေက ကျွန်မကို သေအောင်ရိုက်ပြီး သူနဲ့ ကျွန်မ တစ်သက်လုံးဝေးရလိမ့်မယ်”

“ဘယ်လိုဖြစ်ဖြစ် ကျွန်မ အဆူခံရမယ့်အတူတူ ကောင်လေးနဲ့တော့ မခွဲနိုင်ဘူး၊ ဒီတော့ ကျောင်းထွက်ပြီး ကလေးမွေးလိုက်မယ်၊ ကျွန်မရဲ့ မိသားစုနဲ့လည်း ဝေးဝေးမှာ နေမှာပါ၊ ကျွန်မက စာလည်းမတော်သလို ပျင်းစရာလည်းကောင်းတယ်လေ၊ သူတို့မှာ သူတို့ကို အဖော်ပြုပေးမယ့် ကျွန်မရဲ့အစ်မနဲ့ မောင်လေးရှိနေသေးတာဆိုတော့ ကျွန်မကို မှတ်မိမှာ မဟုတ်ပါဘူး”

“ဖြစ်တာက ဖြစ်ပြီးသွားပြီဆိုတော့ မင်းအနေနဲ့ ထွက်ပြေးရင်လည်း အလကားပဲ”

ကုကျစ်စုန့်က ခေါင်းခါလိုက်ပြီး ဆက်ပြောခဲ့သည်။

“ငါပြောခဲ့သလို မင်းအနေနဲ့ ဒီမကောင်းတဲ့ ဆက်ဆံရေးကိုပဲ ကုပ်တွယ်ထားမယ်ဆိုရင်တော့ မင်းရဲ့ ကံကြမ္မာကိုရော၊ ကလေးတွေကိုပါ ဆုံးရှုံးရမှာပဲ”

“မင်း ဒီကလေးကိုထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး”

“ရှင်..!”

အပြာရောင်လမင်းက အနည်းငယ်ဒေါသထွက်သွားသော်လည်း ထိုအခိုက်တွင် သူမ၏ကောင်လေးပို့လိုက်သည့် မတ်ဆေ့ချ်တစ်စောင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

အားကျယ် : “နေ့လည်ကျရင် ကိစ္စတွေကို ဆွေးနွေးဖို့ နေရာဟောင်းမှာ တွေ့ကြရအောင်”

နောက်ဆုံးတော့ သူမ၏ကောင်လေးထံမှ စာရလိုက်ပြီဖြစ်သောကြောင့် အပြာရောင်လမင်းတစ်ယောက် စိတ်အေးသွားရသည်။

သူမ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း စကားအနည်းငယ်လောက်ပြောပြီး ဖုန်းချဖို့ပြင်လိုက်ပေမယ့် ကုကျစ်စုန့်၏ အေးစက်စက်အသံကို ကြားလိုက်ရသည်။ 

“ဖုန်းမချသေးနဲ့ဦး၊ မင်းရဲ့ကောင်လေးက မင်းဆီက ဘာတွေလိုချင်နေတာလဲဆိုတာ မသိချင်ဘူးလား?”

အပြာရောင်လမင်းက အံ့အားသင့်သွားခဲ့ရသည်။

“ကျွန်မရဲ့ကောင်လေး စာပို့တာကို ဘယ်လိုလုပ်ပြီး သိတာလဲ?”

ကုကျစ်စုန့်၏ မျက်နှာကတော့ အမူအရာ တစ်ချက်မှမပြောင်းလဲသွားခဲ့ချေ။

“ငါပြောတဲ့အတိုင်းသာလုပ်၊ မင်းရဲ့ကောင်လေး ခေါင်းထဲမှာရှိနေတဲ့ အတွေးအစစ်အမှန်ကို မင်းသိရအောင်လုပ်ပေးမယ်”

အတွေးအစစ်အမှန်?? သူမ ပြောချင်တာက အားကျယ်က သူမကို လိမ်ညာမယ်လို့ ပြောချင်တာလား?

အပြာရောင်လမင်းက မယုံကြည်ချင်သော်လည်း တဒုန်းဒုန်းခုန်နေသည့် နှလုံးခုန်သံက ဘယ်လိုမှ မတည်ငြိမ်နိုင်တော့သည့်အတွက်ကြောင့် သူမ လက်ခံလိုက်သည်။

“ကောင်းပါပြီ”

သူမက ကုကျစ်စုန့် ညွှန်ကြားသည့်အတိုင်း ခန္ဓာကိုယ်တွင် အဝတ်များဖြင့်ရစ်ပတ်ကာ သူမအမေ၏ အင်္ကျီကို အပေါ်မှဝတ်ဆင်ပြီး၊ ဦးထုပ်နှင့် mask တပ်ကာ ရုပ်ဖျက်လိုက်သည်။ ထို့နောက်  ကုကျစ်စုန့်၏ လမ်းညွှန်မှုအတိုင်း လူနေတိုက်ခန်းတစ်ခု၏ အခန်းကျဉ်းလေးထဲသို့ ရောက်ရှိလာခဲ့သည်။

သူမ အထဲသို့ ဝင်လာပြီးမှ သတိထားမိလိုက်သည်မှာ ထိုနေရာသည်ကား အပြင်ဘက်မှကြည့်လျှင် သိပ်မသိသာသည့် ပုဂ္ဂလိကဆေးခန်းတစ်ခုပင်ဖြစ်ချေသည်။

ကုကျစ်စုန့် မည်သို့သိလဲဆိုသည်ကို သူမ မသိပေ။ သို့သော်လည်း ကုကျစ်စုန့်က သူမအား ဖုန်းမျက်နှာပြင်မှတဆင့် မည်သည့်အချိန်တွင် ဘေးကိုလှည့်ကာ မည်သည့်လှေကားပေါ်သို့တက်ရမည်ကအစ ညွှန်ပြနေခဲ့သည်။

နောက်ဆုံးတွင်တော့ အပြာရောင်လမင်းက တိတ်ဆိတ်ပြီး ရှည်လျားသည့် ကော်ရစ်ဒါတစ်ခုထဲသို့ ရောက်လာခဲ့ကာ စိတ်ထဲတွင်တော့ ထိုနေရာက ဝင်ခွင့်မရှိသည့် နေရာဟု ခံစားနေရသည်။

“အိမ်သာထဲမှာ စောင့်နေလိုက်”

အပြာရောင်လမင်းရော၊ ပရိသတ်ပါ သံသယအပြည့်နှင့်ဖြစ်နေကြသော်လည်း မိနစ်အနည်းငယ်ကြာတော့ အပြင်ဘက်မှ စကားသံတချို့ကိုကြားလိုက်ရသည်။

“ဒါဆို ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီနော်၊ ကျေးဇူးပြုပြီး ဌာနမှူးလျို့ .. ကူညီပေးပါဦ်း”

အမျိုးသမီးတစ်ယောက်က ပြုံးရယ်ပြီး စကားဆိုလာခဲ့သည်။

“ဒီကိစ္စကို ကူညီရတာ လွယ်ပါတယ်၊ ဒါပေမယ့် ငါကြိုပြောထားတယ်နော်၊ နောက်ဆက်တွဲ ကိစ္စကို မင်းတို့တွေ ဘယ်လိုပဲရှင်းရှင်း ငါနဲ့ လုံးဝမဆိုင်ဘူး၊ ဒီနေရာကို လူတွေ ရှာတွေ့ပြီး ပြဿနာရှာလာလို့ မဖြစ်ဘူး၊ အဲဒီကောင်မလေး တိုင်တန်းတာမျိုးဆို ပိုတောင် ဖြစ်လို့မရဘူး..”

“ဌာနမှူးလျို့ကို အရှက်မရစေရပါဘူး! အားကျယ်၊ ဒီကို လာပြီး ဌာနမှူးကို ကျေးဇူးတင်လိုက်ဦးလေ!!”

အားကျယ်က သူ့၏ပါးစပ်ကို ဖွင့်ဟ၍  ပြောလာသည်။

“ကျေးဇူးတင်ပါတယ်.. ဌာနမှူးလျို့ ကျွန်တော်‌ နောက်ရက်ကျမှ ညစာလိုက်ကျွေးပါဦးမယ်…”

[ငါ နားထောင်လို့မကောင်းတဲ့ အရာ တစ်ခုခုကြားလိုက်ရသလိုပဲ၊ တိုင်တန်းတာ?ဘာကို တိုင်မှာလဲ? အဲ့တာက ဘယ်လိုနေရာလဲ? မကောင်းတဲ့နေရာတော့ မဟုတ်ပါဘူးနော်?]

[ဒီနေရာကို အပြာရောင်လမင်းရဲ့ ကောင်လေးကို ရှာဖို့လာတာမဟုတ်ဘူးလား]

ထိုအချိန်တွင် အိမ်သာထဲမှာ ပုန်းနေခဲ့သည့် အပြာရောင်လမင်းမှာ ခြေဖျား၊လက်ဖျားများ အေးစက်နေခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တောင့်တင်းနေခဲ့သည်။

ရင်းနှီးနေသည့် နာမည်နဲ့ ရင်းနှီးနေသည့် အသံ၊ အပြင်ဘက်မှ အားကျယ်ဆိုသည့် ကောင်လေးမှာ သူမ၏ချစ်သူသာဖြစ်ချေသည်။

အားကျယ်က ဘာလို့ ဒီဆေးခန်းကို ရောက်နေတာလဲ? နှစ်နာရီကြာရင် သူတို့တွေ တွေ့မယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား? ကလေးကိစ္စနဲ့ ပတ်သတ်ပြီး… ဆွေးနွေးချင်တယ်လို့ ပြောခဲ့တယ်လေ…??”

အပြင်ဘက်မှ ကောင်လေးနဲ့ အမျိုးသမီးက ကော်ရစ်ဒါပေါက်ကို လျှောက်လာခဲ့ပြီး အိမ်သာတံခါးကြားမှ အပြာရောင်လမင်းမှာ သူမ၏ချစ်သူကို မြင်နေရသည်။

အားကျယ် : “ကျဲ ငါဆေးလိပ်သောက်ရင်း ခဏနားလိုက်ဦးမယ်၊ ပြီးမှ အဲဒီအဖိုးကြီးကို ပိုက်ဆံသွားပေးကြတာပေါ့၊  ခဏစောင့်ဦး၊ ငါ အရမ်း စိတ်ရှုပ်နေပြီ”

“နင်က စိတ်ရှုပ်တယ်? ဒါက ဘယ်သူမွှေးတဲ့ မီးလဲ? ဒီအရွယ်ထိ ငါ နင့်ရဲ့ပြဿနာကို လိုက်ရှင်းနေရတုန်းပဲ၊  ငယ်ငယ်လေးကတည်းက သေသေချာချာ မသင်ယူခဲ့ဘူး၊ ငါကတော့ နင် အသားယားနေတယ်လို့ပဲထင်တယ်၊ နင့်‌မိဘတွေသာ သိလို့ကတော့ နင့်ကို သေအောင် ရိုက်သတ်လိမ့်မယ်”

အမျိုးသမီးက ဒေါသတကြီးနှင့် ကြိမ်းမောင်းနေခဲ့သည်။

“နင် ဘာကိစ္စကြောင့် ကြိုတင်ပြင်ဆင်တာတွေ မလုပ်ခဲ့ရတာလဲ!!?”

အားကျယ်က ခပ်သဲ့သဲ့ ပြုံးလိုက်ရင်း ပြောလာသည်။

“ငါ အဲလောက်ထိကံဆိုးလိမ့်မယ်လို့ မထင်လို့ပေါ့”

“ဟမ့်! နင်ပြောပုံအရဆို အဲဒီကောင်မလေးက ကလေးတောင်မွေးချင်သေးတာတဲ့လား? ကြည့်ရတာ ဒီတစ်ယောက်လည်း နင့်ကို မြူဆွယ်ပြီး၊ တမင်သက်သက် ဗိုက်ကြီးအောင်လုပ်ယူခဲ့တာဖြစ်ရမယ်၊ ပြီးရင် ကလေးမွေးပြီး သူ့သားကို အမွေရအောင် ကြံဖန်နေတာပဲ နေမှာ”

အမျိုးသမီးက မသတီသည့် ပုံစံဖြင့် နှာခေါင်းရှုံ့သည်။

“အဲလိုမိသားစုကဟာတွေက ငွေအတွက်ဆို မလုပ်ရဲတာကို မရှိဘူး၊ ကလေးကို ဖျက်မချဘဲ နင့်ကို တစ်သက်လုံး ထိန်းချုပ်ချင်တာနေမှာပေါ့”

“ငါ နင့်ကို ပြောထားမယ်၊ အဖေနဲ့ အမေက အဲလို အပျက်မမျိုးကို အိမ်ကို လုံးဝအဝင်ခံမှာမဟုတ်ဘူးနော်၊ ငါမနင့်အတွက် ဆေးရုံရော အဆက်အသွယ်တွေရော ရှာထားပေးပြီးပြီ၊ မြန်မြန်လေး အဲဒီကလေးရော ကောင်မလေးပါ အပြတ်ဖြတ်လိုက်တော့!”

“ငါက သူနဲ့ အပျော်ကစားရုံပါပဲ၊ သူ့ကို အဲလောက်ခက်လိမ့်မယ်လို့ မထင်ထားမိဘူးလေ၊ နေ့တိုင်း ငါ့ကို စိုက်ကြည့်နေတာများ စိတ္တဇဖြစ်နေတဲ့လူလိုပဲ”

အားကျယ်၏ အသံက စိတ်မရှည်မှုများ ရောနေခဲ့သည်။

“စိတ်မပူပါနဲ့ ကျဲ၊ ငါလည်း သူနဲ့ မပတ်သတ်ချင်တော့ဘူး”

“… …”

အိမ်သာအပြင်မှ စကားများက မရပ်တန့်သွားခဲ့သော်လည်း အပြာရောင်လမင်း၏ ဦးနှောက်ကတော့ ဗလာသက်သက်ဖြစ်နေခဲ့ကာ သူမ၏ မျက်ရည်များသည်လည်း ရပ်တန့်ခြင်း မရှိတော့ပေ။

သူမ၏မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် မည်မျှပင် ဖြူဆုတ်နေလောက်ပြီလဲဟူသည်ကို  မမြင်ရသော်လည်း မျက်ရည်များမှာတော့  mask အောက်ချေထိ အသံတိတ်စီးကျနေခဲ့သည်။

အပြင်ဘက်မှ အသံများတိတ်သွားချိန်တွင် သူမက အိမ်သာထဲကနေစိတ်နှင့် ကိုယ်နှင့်မကပ်ဘဲ ထွက်လာခဲ့မိသည် ။

သူနာပြုတစ်ယောက်က သူမကို မြင်တွေ့သွားခဲ့ပြီး လှမ်းအော်လာသည်။

“ဟေး၊ မင်းကို ဘယ်သူက ဒီအလွှာကို ဝင်ခိုင်းလိုက်တာလဲ? ဒါက သီးသန့်နားနေဆောင်ဆိုတာ မမြင်ဘူးလား”

အပြာရောင်လမင်းက သူမကို လျစ်လျူရှုထားခဲ့သည်။ ဆေးခန်းမှ ထွက်လာပြီးနောက် သူမက လမ်းသွားလမ်းလာများမရှိသည့် လမ်းဘေးတွင်ရပ်တန်လိုက်ကာ ဖုန်းမျက်နှာပြင်ကို ပြန်ကြည့်လိုက်မိသည်။

မျက်နှာပြင်၏ အခြားတစ်ဖက်တွင်တော့ ကုကျစ်စုန့်မှာ ခြေချိတ်ထိုင်လျှက်ရှိနေခဲ့သည်။ သူမမျက်လုံးများက မျက်နှာပြင်တစ်ဖက်ကိုဖြတ်ကျော်ကာ အပြာရောင်လမင်းကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သလိုပင်။

မှတ်ချက်၏နေရာတွင်တော့ ကြည့်ရှုသူ ပရိသတ်များမှာ မောင်နှမနှစ်ယောက်ပြောဆိုနေသည့် စကားများကို ကြားရပြီး တစ်ချို့က ဆူပူကြိမ်းမောင်းနေကြသည်။ တစ်ချို့ကတော့ သူမက ထိုကောင်နှင့် မတန်ဟုဆိုကြသည်။ လူနည်းစုကတော့ ဖြစ်ခဲ့သည်မှ နည်းတောင်နည်းသေးကြောင်း သူမကို ရှုံ့ချနေခဲ့ကြသည်။

သူမ မျက်ရည်များဖြင့် ရှိုက်ကြီးတငင် ငိုကြွေးလိုက်ကာ :

“ကျဲကျဲ.. ကျဲကျဲပြောတဲ့ ကျွန်မက ကိုယ့်ကလေးကို သတ်ပြီး‌ ကလေးကို မထိန်းသိမ်းနိုင်ဘူးဆိုတာ ဒါကိုပြောတာလား!?”

ကုကျစ်စုန့် :

“ဟုတ်တယ်၊ မင်းရဲ့ကျန်းမာရေးက သိပ်မကောင်းဘူး၊ ဒါ့အပြင် အဲဒီပုဂ္ဂလိကဆေးခန်းက စက်ကိရိယာတွေ၊ သန့်ရှင်းမှုနဲ့ ဆရာဝန်တွေက ဆေးရုံကြီးတွေလိုမျိုး အဆင့်အတန်းမမှီဘူး၊ မင်းကို ခွဲစိတ်နေရင်းနဲ့ ပြဿနာဖြစ်လာလိမ့်မယ်၊ မင်းဆုံးရှုံးရမှာက ဒီကလေးတစ်ယောက်တည်းတင်မကပဲ မင်းရဲ့ မျိုးပွားနိုင်စွမ်းကိုပါ ဆုံးရှုံးရလိမ့်မယ်”

“ဒါကြောင့် ဒီမကောင်းတဲ့ ဆက်ဆံရေးကိုပဲ တွယ်ကပ်နေဦးမယ်ဆိုရင် မင်းရဲ့ မျိုးဆက်တွေကို အကုန်သတ်မိလိမ့်မယ်လို့ ပြောခဲ့တာပဲ”

All Chapters