ဖော်ထုတ်ခြင်း
Vol. 168 Ch. 2393
သူက ထိုစကားကို ပြောလိုက်သည့်အခါ ထိုနေရာက ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပေသည်။
ရီဖူရှင်း... သူက မျိုးရိုးနာမည် 'ရီ' အဖြစ် မွေးဖွားလာရသည်လား။ သို့မဟုတ် မျိုးရိုးနာမည် 'ရီ' ဟု ပေးခံလိုက်ရသည်လား။
လူအများသည် ထိုစဥ်က မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ကို မသိခဲ့သော်လည်း ကောင်းကင်ဒေသ၏ အစွမ်းထက် အဖွဲ့အစည်းများအနေနှင့် အတွင်းသတင်းတချို့ ရရှိထားကြသည်။ ယခု စကားပြောလာသည့် လူက ကောင်းကင်ဒေသအတွင်း ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူက မင်းသမီးဒွန်ဟောင်ရှေ့၌ ထိုလူ၏ အမည်ကို တိုက်ရိုက်မခေါ်ရဲဘဲ 'ထိုလူ' ဟုသာ ရည်ညွှန်းခဲ့ပေသည်။
သို့သော် လူတိုင်းသည် သူ ရည်ညွှန်းခဲ့သော 'ထိုလူ' မှာ မည်သူဖြစ်ကြောင်း သိကြသည်။
ထိုစဥ်အချိန်က သူသည် ကောင်းကင်ဒေသ၏ မဟာအင်ပါယာနှစ်ပါးမှ တစ်ပါးဖြစ်ပြီး အရှင်ဒွန်ဟောင်နှင့် တန်းတူအဖြစ် သတ်မှတ်၍ရနိုင်သော မဟာအင်ပါယာရီချင် ဖြစ်ပေသည်။
သို့သော် လွန်ခဲ့သော လွန်ပေါင်းများစွာအကြာက အင်ပါယာရီချင် သေဆုံးသွားခဲ့သည့် တစ်ညတွင် မဟာအင်ပါယာရီချင်က အရှင်ဒွန်ဟောင် လက်ထဲ၌ သေခဲ့ရခြင်း ဖြစ်ကြောင်း ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများစွာက သိရှိကြပေသည်။ ကောင်းကင်ဒေသ၌ အရှင်ဒွန်ဟောင်မှလွဲ၍ မဟာအင်ပါယာရီချင်ကို သတ်နိုင်မည့်သူ မည်သူမှ မရှိပေ။
မဟာအင်ပါယာအဆင့်မှ ကျင့်ကြံသူတစ်ယောက်သည် ခုခံကာကွယ်ခြင်းမရှိဘဲ ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်ခြင်းကို ခွင့်ပြုခဲ့လျှင်ပင် မဟာအင်ပါယာအဆင့်အောက်က မည်သူမှ သူ့ကို သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။
အရှင်ဒွန်ဟောင်သာလျှင် ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။ ထို့ပြင် အရှင်ဒွန်ဟောင်သည် ထိုအဖြစ်အပျက် ပြီးသည့်နောက် မဟာအင်ပါယာရီချင်၏ တည်ရှိမှုနှင့် သက်ဆိုင်သော အစအနအားလုံးကို ရှင်းလင်းပစ်ရန် အမိန့်ပေးခဲ့သည်။
ယခု သူတို့သည် ရီဖူရှင်းက ချင်းကျူမှ လာခဲ့သည်အား ရှာဖွေတွေ့ရှိသေးသည်။ မင်းသမီးဒွန်ဟောင်သည်လည်း တစ်ချိန်က ထိုနေရာသို့ သွားခဲ့ပြီး မဟာအင်ပါယာ ရီချင်၏ ရုပ်တုသည်ပင် ထိုနေရာ၌ ရှိနေခဲ့ပေသည်။
ရီဖူရှင်းနှင့် ယူချင်းတို့၏ သဘာဝလက်ဆောင်ကို ပေါင်းစပ်ကာ ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများကြားမှ အချို့သည် ရီဖူရှင်းနှင့် မဟာအင်ပါယာရီချင်တို့ကြား စတင်ဆက်စပ်မိလာပေသည်။ သူတို့က ထိုကိစ္စကို မင်းသမီးဒွန်ဟောင်ထံ တင်ပြရန် ရောက်လာကြခြင်း ဖြစ်သည်။
ဤခန့်မှန်းချက်သာ မှန်ကန်ကြောင်း သက်သေပြနိုင်လျှင် ရီဖူရှင်းက ခြွင်းချက်မရှိ သေဆုံးရပေလိမ့်မည်။
ထို့ပြင် သက်သေမပြနိုင်လျှင်ပင် ဒွန်ဟောင်အင်ပါယာနန်းတော်က ရီဖူရှင်းကို သံသယဝင်နေသရွေ့ သူ့အတွက် အဆုံးသတ် ဖြစ်လာပေလိမ့်မည်။ ရီဖူရှင်းအတွက် အနာဂတ်ဟူ၍ ရှိလိမ့်မည် မဟုတ်ဘဲ သူက အင်ပါယာနန်းတော်မှ ခေါ်ဆောင်သွားခြင်းကိုပင် ခံရနိုင်ပေသည်။
မဟာအင်ပါယာဒွန်ဟောင်က အင်ပါယာရီချင်နှင့် ပတ်သတ်သည့် အစအနများ အားလုံးကို ရှင်းလင်းပစ်ချင်နေသည့်အတွက်ကြောင့် မဟာအင်ပါယာရီချင်နှင့် ပတ်သတ်မှုရှိနေနိုင်သည့် တစ်စုံတစ်ယောက်ကို မည်သို့ သည်းခံနိုင်ပါမည်နည်း။ အထူးသဖြင့် ရီဖူရှင်းက မဟာအင်ပါယာရီချင်၏ သွေးသားဖြစ်နေနိုင်သည့် အချိန်၌ ဖြစ်သည်။
‘ရီ’ ဟူသော မျိုးရိုးအမည်က သူ၏ မူလဇာစ်မြစ် မဟုတ်လျှင် ပေးအပ်ခြင်းခံထားခြင်း ဖြစ်နိုင်သလား။
မည်သည့် အခြေအနေမျိုး ဖြစ်ပါစေ မဟာအင်ပါယာဒွန်ဟောင်က ၎င်းကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
သဏ္ဌာန်မဲ့စွမ်းအားတို့က လေဟာနယ်အတွင်း လွှမ်းခြုံလာပြီး ကြောက်မက်ဖွယ် နတ်အလင်းတို့က မင်းသမီးဒွန်ဟောင်၏ လှပသော မျက်လုံးများထဲမှ ထွက်ပေါ်လာပြီး စကားပြောလာသည့် ကျင့်ကြံသူအား ကြည့်လိုက်သည်။ သူမ အတွေးတစ်ခု ဖြစ်ပေါ်လာပြ အကြည့်များက ဓားကဲ့သို့ ထက်ရှလာခဲ့သည်။
"ရှင်က ရီဖူရှင်း မဟာအင်ပါယာရီချင်နဲ့ ဆက်စပ်နေတယ်လို့ သံသယဝင်နေတာလား။" မင်းသမီးဒွန်ဟောင်က တိုက်ရိုက် မေးလိုက်သည်။ အခြားလူများက မဟာအင်ပါယာရီချင်၏ အမည်ကို ထုတ်မပြောရဲသော်လည်း မင်းသမီးဒွန်ဟောင်က မည်သည်ကိုမှ စောင့်ထိန်းနေရန် မလိုပေ။ အရှင်ဒွန်ဟောင်က ထိုအကြောင်းကို သိခဲ့လျှင်ပင် သူ ထိုမျှ ချစ်ရသည့် သူ့သမီးအား မည်သို့ လုပ်နိုင်ပါမည်နည်း။ သူက ထိုအကြောင်းနှင့် ပတ်သတ်ပြီး ရေးကြီးခွင်ကျယ် လုပ်လိမ့်မည် မဟုတ်ပေ။
"ရီဖူရှင်းရဲ့ ဇာစ်မြစ်က ထူးဆန်းတယ်။ ပြောရရင် သူက အဲဒီလို ထူးခြားနဲ့ ပါရမီမျိုးနဲ့ မဟာအင်ပါယာတွေ အများကြီးရဲ့ အမွေအနှစ်တွေကို ဆက်ခံနိုင်စွမ်း ရှိခဲ့တယ်။ သူ့ရဲ့ မူလဇာစ်မြစ်ကို လေ့လာရင်းနဲ့ သဲလွန်စတွေကို စုံစမ်းကြည့်ပြီး ဒီသံသယကို ဖော်ထုတ်နိုင်ခဲ့တာ။" တစ်ယောက်က ပြောလိုက်သည်။ "ဒါပေမယ့် ကျုပတို့ အမှန်တရားကို အတည်ပြုနိုင်စွမ်းမရှိဘူး။ အရာအားလုံးက ခန့်မှန်းချက်တွေပဲ ဖြစ်ပြီးတော့ အဲဒါကပဲ ဒွန်ဟောင်အင်ပါယာနန်းတော်ကို ဘာကြောင့် လာရတယ်ဆိုတဲ့ အကြောင်းပြချက် ဖြစ်တယ်။ မင်းသမီးဒွန်ဟောင်က ဒီကိစ္စကို သေချာစုံစမ်းပေးပြီး ကျုပ်တို့ကို စိတ်မပူရအောင် လုပ်ပေးမယ်လို့ ယုံကြည်ပါတယ်။"
ရီဖူရှင်းနှင့် အင်ပါယာရီချင်တို့ကြားမှ ပတ်သတ်မှုကို အတည်ပြုနိုင်သရွေ့ သူတို့က ရီဖူရှင်းနှင့် ရင်ဆိုင်ဖို့ရာ စိုးရိမ်ရန် မလိုအပ်တော့ပေ။ သို့သော် အားလုံးသော လျှို့ဝှက်ချက်များ၊ ရတနာများနှင့် ရီဖူရှင်း ဆက်ခံထားခဲ့သမျှ အရာအားလုံးအတွက် ၎င်းတို့က သူတို့နှင့် သက်ဆိုင်လိမ့်တော့မည် မဟုတ်ပေ။
အင်ပါယာနန်းတော်က ရီဖူရှင်းနှင့် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်နှင့် ရီဖူရှင်း ကိုယ်တိုင်အပါအဝင် သူ ပိုင်ဆိုင်သည့် အရာအားလုံးက အင်ပါယာနန်းတော်သို့ ရောက်ရှိသွားလိမ့်မည် ဖြစ်ပြီး သူတို့ရရှိနိုင်ရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။
သို့သော် ၎င်းက သူတို့ကို ခြိမ်းခြောက်နိုင်သည့် အရာတစ်ခုကို ဖျက်ဆီးပစ်လိုက်နိုင်မည် ဖြစ်သည်။ ရီဖူရှင်းအား သူ့ကိုယ်သူ ဖွံ့ဖြိုးတိုးတက်နိုင်မည့် အခွင့်အရေး မပေးသင့်ပေ။
"နားလည်ပြီ။" မင်းသမီးဒွန်ဟောင်က အေးစက်စွာ ပြောလိုက်သည်။ "ကျွန်မ ဒီကိစ္စကို စုံစမ်းပြီး အင်ပါယာနန်းတော်က ဝင်ဖြေရှင်းပေးမယ်။ ရှင်တို့ကတော့ ဒီကိစ္စမှာ ထပ်ဝင်မပါတော့နဲ့။ ပြီးတော့ တခြားဘယ်သူ့ကိုမှ မပြောရဘူး။"
"ဟုတ်ကဲ့ပါ မင်းသမီး။" ကောင်းကင်ဒေသ ကျင့်ကြံသူများက ထွက်မသွားခင် အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။
ဤခရီးစဥ်တစ်ခုလုံး၏ ရည်ရွယ်ချက်က မင်းသမီးဒွန်ဟောင်ကို သတိပေးရန် ဖြစ်သည်။ နောက်ပိုင်းဖြစ်ပျက်သမျှက သူတို့ အာရုံစိုက်ရန် မလိုအပ်တော့ပေ။
ကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက် မင်းသမီးဒွန်ဟောင်နောက်၌ ပုံရိပ်များစွာ ထွက်ပေါ်လာသည်။ သူတို့အားလုံးက မင်းသမီးဒွန်ဟောင်ထံ ကြည့်နေခဲ့ကြသည်။ သူတို့ထဲမှ တစ်ယောက်ချင်းစီက ခမ်းနားထည်ဝါသည့် နတ်အလင်းများနှင့် ဝန်းရံခံထားရပေသည်။ ထိုနေရာ၌ ရပ်နေရင်း သူက ထူးခြားသည့် ဂုဏ်သရေနှင့် သူက မြင့်မြတ်သော အဆင့်အတန်း ရှိသည့် တစ်စုံတစ်ယောက် ဖြစ်နိုင်ပေသည်။
"မင်းသမီး၊ ကျုပ်တို့ ကောင်းကင်အာဏာစက်ဘုံကို သွားပြီး ရီဖူရှင်းကို အရင်ဖမ်းသင့်လား။" ထိုလူက မေးလိုက်သည်။ သူ့အသံက အလွန် စိတ်မပါလက်မပါ ဖြစ်နေခဲ့ပြီး ရီဖူရှင်းကို ဖမ်းဆီးရန်မှာ သူ့အတွက် အလွန် အရေးမပါသည့် အလုပ်တာဝန်တစ်ခုကဲ့သို့ပင် ဖြစ်သည်။
အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသ နယ်မြေတစ်ခွင်ကို အုပ်စိုးခဲ့ပြီး ကောင်းကင်ဒေသတစ်ခွင်က သူ့ အုပ်ချုပ်မှုအောက်၌ ရှိနေခဲ့ပေသည်။ ကောင်းကင်ဒေသမှ အင်အားစုများက ရီဖူရှင်းနှင့် ရင်ဆိုင်ရန် ခက်ခဲသော်လည်း အင်ပါယာနန်းတော်က သူနှင့် ရင်ဆိုင်ဖို့ရာ အမိန့်တစ်ချက်ပေးရန်သာ လိုအပ်ပေသည်။
ယခု ကိစ္စများ၌ အင်ပါယာရီချင် ပါဝင်ပတ်သတ်နေရာ သူက ဟုတ်မှန်ကြောင်း သက်သေပြနိုင်သည်ဖြစ်စေ မပြနိုင်သည်ဖြစ်စေ စစ်ဆေးရန်အတွက် အရင်ဆုံး ရီဖူရှင်းအား ဖမ်းဆီးရပေလိမ့်မည်။
မင်းသမီးဒွန်ဟောင်က အဝေးသို့ ကြည့်လိုက်သည်။ သူမက အတွေးနက်နေခဲ့ပြီး သူမနောက်မှ လူကို ပြန်မဖြေခဲ့ပေ။ သူမက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် ပြောလိုက်သည်။ "သူ့ကို စုံစမ်းဖို့ တစ်ယောက်လောက် လွှတ်လိုက်။ အခုချက်ချင်း မဖမ်းနဲ့ဦး။ အခု ရီဖူရှင်းက မူလဘုံရဲ့ အုပ်ချုပ်သူဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်း ကြီးမားတယ်။ သူက အင်ပါယာရီချင်နဲ့ တကယ်ပဲ ပတ်သတ်မှုမရှိရင် ဒီကိစ္စတစ်ခုလုက အမှားအယွင်းတစ်ခု ဖြစ်သွားပြီး ရလဒ်အနေနဲ့ သူက အင်ပါယာနန်းတော်ကို ဆန့်ကျင်ရန်ငြိုးထားလိမ့်မယ်။ အရာအားလုံးကို သေချာစုံစမ်းပြီးတော့မှပဲ ဆုံးဖြတ်ချက်ချတာ ကောင်းတယ်။'
"ကောင်းပါပြီ။" သူမနောက်မှ လူက ပြန်ဖြေလိုက်သည်။ သူက ရီဖူရှင်း ထွက်ပြေးလိမ့်မည်ကို ဂရုမစိုက်ပေ။ အင်ပါယာနန်းတော်က ရီဖူရှင်းကို အမှန်တကယ် လိုချင်ခဲ့လျှင် သူ့အတွက် နောက်ထပ်လောကတစ်ခုသို့ ပြေးပုန်းရန်သာ တတ်နိုင်ပေလိမ့်မည်။ မဟုတ်လျှင် အင်ပါယာနန်းတော် လက်အောက်မှ ထွက်ပြေးလွတ်မြောက်နိုင်ရန် မည်သည့်နေရာမှ ရှိလိမ့်မည် မဟုတ်ပေ။
"ကျုပ် စီစဥ်လိုက်မယ်။" ကျင့်ကြံသူတစ်ယောက်က အဖွဲ့ကို ဦးဆောင်ကာ ထွက်မသွားခင် ပြောလိုက်သည်။ သူတို့က ရီဖူရှင်း၏ လှုပ်ရှားမှုတိုင်းကို ထောက်လှမ်းရန် ထွက်သွားခဲ့ခြင်း ဖြစ်သည်။
မင်းသမီးဒွန်ဟောင်က ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို ထိုအကြောင်းမပြောရန် တားမြစ်ခဲ့သည်။ သို့သော် သူတို့က ထိုအကြောင်းကို တွေးနိုင်သလို ကောင်းကင်ဒေသမှ အခြားကျင့်ကြခြင်းအဖွဲ့အစည်းများကလည်း ထိုကဲ့သို့ တွေးနိုင်စွမ်းရှိပေလိမ့်မည်။ သူတို့က အမှန်တရားကို ခန့်မှန်းနိုင်စွမ်းရှိလျှင် သူတို့၏ အပြုအမူများက ရီဖူရှင်းကို သတိပေးသလို ဖြစ်ပြီး ထွက်ပြေးရန် ကြိုးစားလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် သူတို့က ရီဖူရှင်း မည်သည့်နေရာ၌ ရှိနေသည်ကို တစ်ချိန်လုံးစုံစမ်းနေရမည် ဖြစ်သည်။
…
စီဝေ့အင်ပါယာနန်းတော်အတွင်း စီဝေ့ကြယ်ကမ္ဘာတွင် ရီဖူရှင်းသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မလွယ်ကူသလို ခံစားနေရသည်။ သူက အခြေအနေများနှင့် ပတ်သတ်၍ မကောင်းသော ခံစားချက်များ ရှိနေခဲ့ပေသည်။
၎င်းသည် ထိုနေ့က တိုက်ပွဲနှင့် အားလုံး ဆက်စပ်နေခဲ့ပေသည်။
ဂျီယူနှင့် ယူချင်းနှစ်ယောက်လုံးက ပြန်ရောက်လာပြီး သူနှင့် ပြန်လည်ပေါင်းစည်းခဲ့သည်။ ၎င်းက ပျော်ရွှင်ဖွယ်ဖြစ်ရပ်ဖြစ်ပြီး သူက အမှန်တကယ် ပျော်ရွှင်နေခဲ့သည်။ သို့သော် သူက စိုးရိမ်ပူပန်နေခဲ့၏။
တိုက်ပွဲအတွင်း ကောင်းကင်ဒေသမှ ကျင့်ကြံသူများက သူ့ကို စုံစမ်းစစ်ဆေးခဲ့သည်ဟု ပြောခဲ့သည်။ ထပ်ပြောရလျှင် ရှီးချီယောင်ကလည်း သူတို့ကို သတိပေးခဲ့သေးသည်။ ယခု ယူချင်း ပြန်ရောက်လာသည့်အခါ ကောင်းကင်ဒေသမှ ထိုလူများက ပို၍ပင် သံသယဝင်လာကြပေသည်။ ကောင်းကင်ဒေသသည် ဤနေရာမှ အလွန် ဝေးကွာသော်လည်း ထိပ်သီးအင်အားစုများက များပြားလှသည့် အရာများကို အမှန်တကယ် ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိပေလိမ့်မည်။ ပြည်နယ်ကိုးခုက ဖျက်ဆီးခံလိုက်ရလျှင်ပင် သူ၏ အတိတ်ကို ဖုံးကွယ်နိုင်ရန် နည်းလမ်းမရှိပေ။
သူတို့က ဆက်လက်စုံစမ်းစစ်ဆေးသည့်အခါ သဲလွန်စမရှိလျှင်ပင် ကောင်းကင်ဒေသမှ အင်အားစုများက သံသယဖြစ်လာနိုင်နေဆဲ ဖြစ်လိမ့်မည် ဖြစ်သည်။ မည်သည့် အချိန် ဖြစ်ပေါ်လာမည် မသိသော်လည်း သူ့အတွက် အကြီးအကျယ် ပြဿနာ ဖြစ်လာမည်မှာ သေချာပေသည်။
ထိုစဥ် ပုံရိပ်တစ်ခုက အလွန် လျင်မြန်လှသော အရှိန်နှင့် ကောင်းကင်ကို ဖြတ်သန်းရောက်ရှိလာသည်။ ချက်ချင်းပင် သူက ရီဖူရှင်းရှေ့သို့ ဆင်းသက်လာခဲ့၏။ ၎င်းက ဖန်းကိုင့် ဖြစ်သည်။ သူ၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်သော အမူအရာတို့ ရှိနေခဲ့သည်။ သူက ရီဖူရှင်းကို ပြောလိုက်သည်။ "မင်းရဲ့ သံသယက မှန်ကန်တယ်။ အခု မင်းနဲ့ ပတ်သတ်တဲ့ ကောလာဟလတချို့ စပြီး ပျံ့နှံ့နေခဲ့ပြီ။ အဲဒါက မင်းအတွက် အကျိုးမရှိစေမှာတော့ စိုးရိမ်မိတယ်။"
"ဘာကောလာဟလလဲ။" ရီဖူရှင်း၏ နှလုံးသားက အနည်းငယ် တုန်ယင်သွားကာ ဖန်းကိုင့်အား ကြည့်လိုက်သည်။ သူက မည်သည့် ကောင်းမွန်သော အရာမှမဟုတ်ဟု ခံစားမိပေသည်။
"မင်းက မဟာအင်ပါယာရီချင်နဲ့ ပတ်သတ်မှုရှိတယ်လို့ သတင်းထွက်နေတယ်။ မင်းက သူ့ရဲ့ ဆက်ခံသူ မဟုတ်ရင် သူ့ရဲ့ မျိုးဆက် ဖြစ်နိုင်တယ်တဲ့။" ဖန်းကိုင့်က ပြောလိုက်သည်။ ရီဖူရှင်း၏ မျက်လုံးများက အနည်းငယ် တင်းကျပ်သွားသည်။ သူ၏ ခံစားချက်က မှန်ကန်ပုံရသည်။ ဖြစ်ပျက်မည့်အရာက မလွဲဧကန် ဖြစ်လာခဲ့ပေသည်။