← Chapters

မင်းတို့က အဲ့ဒါနဲ့ ထိုက်တန်လို့လား

Vol. 81-85 Ch. 1251

မင်းတို့က အဲ့ဒါနဲ့ ထိုက်တန်လို့လား

Vol. 81-85 Ch. 1251

“မင်းတို့အလှည့်ပဲ”

ထိုစကားကို ကြားလိုက်ရသောအခါ သွေးဆူးချွန်အဖွဲ့သားများနှင့် အရာရှိများ လိပ်ပြာ လွင့်မတတ် ကြောက်လန့် သွားလေသည်။ ယဲ့ဖန်က သေချာပေါက် သူတို့ကို တိုက်ခိုက်ပေ တော့မည်။

“ယဲ့ဖန် ပြဿနာ လိုက်မရှာနဲ့၊ လူတိုင်းက အင်ပါယာရဲ့ တော်ဝင်အမှုထမ်းတွေပဲ၊ နင် ငါတို့ကို တိကျတဲ့ အကြောင်းပြချက် မရှိဘဲ သတ်လို့မရဘူး”

ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးသည် မောက်မာတင်စီးခြင်း မရှိတော့ဘဲ တုန်ယင်နေသော အသံဖြင့် ပြောလာသည်။

“ဟုတ်တယ် မင်း ငါတို့ကို သတ်လိုက်ရင် အင်ပါယာက မင်းကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး၊ မင်း စိတ်ကို တည်တည် ငြိမ်ငြိမ်ထားဖို့ ငါ အကြံပေးချင်တယ်”

“ယဲ့ဖန် မင်း အင်ပါယာ တရားဥပဒေ စနစ်တစ်ခုလုံးရဲ့ ရန်သူ ဖြစ်ချင်တာလား၊ မင်း အမှားမလုပ်မိအောင် နေဖို့ သတိပေးလိုက်မယ်”

သွေးဆူးချွန်အဖွဲ့သားများအားလုံး ကြောက်လန့်တကြား ပြော၍ ယဲ့ဖန်အား လေးလေးနက်နက် သတိပေး နေကြသည်။ ယဲ့ဖန်၏ ခြေလှမ်းက ဆက်လက် လျှောက်လှမ်းနေပြီး သူ၏အပြုံးက ပိုပို၍ အန္တရာယ်များသော အပြုံးမျိုး ဖြစ်လာလေသည်။

“အထက်က သိမှာမှ မဟုတ်တာ၊ မင်းတို့ တတိယမင်းသမီးကို ကယ်တင်ဖို့ ကြိုးစားရင်း သေသွားတယ်လို့ ပြောလိုက်မယ်လေ၊ ဒါ မင်းတို့ ငါတို့အတွက် ပြင်ဆင်ထားတဲ့ ဆင်ခြေ မဟုတ်လား”

သွေးဆူးချွန်အဖွဲ့သားများနှင့် အခြားသူများ၏ မျက်နှာများ နီမြန်းသွားသည်။ မူလက သူတို့သည် လုံခွေတို့ကို သတ်၍ ထိုအတိုင်း ပြန်သတင်းပို့မည်ဟု စီစဉ်ထားခဲ့သည်။ သို့သော် တစ်ဖက်လူက သူတို့နည်းလမ်းကို ပြန်အသုံးချလာလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

“ဟာသပဲ ဒီမှာရှိတဲ့လူတိုင်းကို မျက်မမြင်တွေလို့ နင် ထင်နေတာလား၊ သူတို့က နင်နဲ့ ပူးပေါင်းမယ်လို့ ဘာလို့ ထင်နေတာလဲ”

ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးက ဒေါသနှင့် ရယ်မောလိုက်သည်။ ဤနေရာ၌ သူတို့ သွေးဆူးချွန် အဖွဲ့သားများ သာမက အရာရှိများလည်း ရှိနေ၏။

“ဟုတ်တယ် ငါတို့ မင်းကို လုံးဝ မကူညီဘူး၊ ယဲ့ဖန် မင်း မြန်မြန်ရပ်လိုက်တာ ကောင်းမယ်”

“ခေါင်းမာလိုက်တာ၊ လူတစ်ယောက်ကို သတ်တာနဲ့တင် အားမရလို့ မင်းက လူပိုသတ်ချင် နေတာလား၊ ငါတို့ မင်းကို ကူညီမယ်လို့ ထင်နေတာလား”

အရာရှိနှစ်ယောက်က ပြိုင်တူ ပြောလာသည်။ သို့သော် အခြားအရာရှိများ ငြိမ်နေပြီး ချင့်ချိန်စဉ်းစားနေဟန်များ ပေါ်လွင်နေသည်။ ယဲ့ဖန် အလွန် ရူးမိုက်လိမ့်မည်ဟု သူတို့ မထင်ပါ။

သူတို့စကားများကို ကြားသော်လည်း ယဲ့ဖန်က သူတို့အား တစ်ချက်ပင် လှည့်မကြည့်ဘဲ လှောင်ပြုံးသာ ပြုံးနေ၏။ ရုတ်တရက် အရာရှိတစ်ယောက်က တစ်စုံတစ်ရာကို စဉ်းစားမိသွားပြီး မျက်နှာ ပြာနှမ်းလာသည်။ သူသည် ဟန်လုပ်ပြုံး၍ ငိုတော့မတတ် အသံနှင့် ပြောလိုက်သည်။

“မင်း … မင်း ငါတို့ကိုပါ သတ်ချင်နေတာလား”

ဤလူများသည် ရာထူးကြီးသော နေရာ၌ ထိုင်နိုင်သူများ ဖြစ်သောကြောင့် တုံးအသူများ မဟုတ်ပေ။ အနည်းငယ်မျှ စဉ်းစားတွေးတောပြီးနောက် အလွန် အတင့်ရဲနေရသည့် အကြောင်းရင်းကို သူ ရိပ်မိသွားလေသည်။

*ဒီနတ်ဆိုးက … သူ ဘယ်သူ့ကိုမှ အရှင်ထားဖို့ စိတ်ကူးမရှိဘူးပဲ*

*ငါတို့သာ အသက်ရှင်မနေရင် ဘယ်သူက ပြန်ပြောနိုင်မှာလဲ*

*ဒီနေ့ ဒီမှာ ဘာဖြစ်ခဲ့သလဲဆိုတာ ဘယ်သူ သိတော့မှာလဲ*

“အိ”

ထိုအခိုက်တွင် လုံခွေတောင်မှ ပင့်သက်ရှိုက်မိသွားပြီး ဤလူ၏ ရက်စက် ပြတ်သားမှုတို့ကို နားလည်လာလေသည်။ ထိုစကားကြောင့် အရာရှိများအားလုံး၏ မောက်မာသော ဟန်ပန်များ ပြိုလဲသွားသည်။ ထို့နောက် အော်လုမတတ် အသံများ ထွက်ပေါ်လာ၏။

“ယဲ့ဖန် ငါတို့ မင်းနဲ့ ဘာရန်ငြှိုးမှ မရှိဘူးလေ၊ မင်း အဲ့လိုလုပ်လို့ မရဘူး”

“ယဲ့ဖန် ငါတို့ ဘာမှမမြင်လိုက်ဘူး၊ မင်း လုပ်ချင်သလိုသာလုပ်ပါ၊ ငါတို့ကို ဘာမှမလုပ်ပါနဲ့”

“ယဲ့ဖန် ငါ မှားမှန်း သိပါပြီ၊ ငါ မင်းကို အဲ့လို မစော်ကားခဲ့သင့်ဘူး၊ ငါ့ကို နောက်တစ်ကြိမ် အခွင့်အရေးသာ ပေးမယ်ဆိုရင် ငါ ဧကရာဇ်ရှေ့မှာ မင်းကောင်းကြောင်းတွေ ပြောပေးပါ့မယ်”

သူတို့ အလွန်အမင်း ကြောက်လန့်နေကြသည်။ ဤလူက အင်ပါယာ၏ မြင့်မားသော ရာထူးအဆင့်အတန်းမှ အရာရှိများကို လုပ်ကြံရဲလောက်သည်အထိ ရူးသွပ်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိပေ။

အကယ်၍ ဤအကြောင်းသာ ပျံ့သွားပါက ကောင်းကင်ကို လှုပ်ခါနိုင်လောက်သည့် သတင်းကြီးတစ်ပုဒ် ဖြစ်လာ ပေလိမ့်မည်။ ကျုံးကျိုး အင်ပါယာတစ်ခုလုံး၌ သူ့အတွက် နေရာရှိတော့မည် မဟုတ်ပါ။ သို့သော် လက်ရှိတွင် ယဲ့ဖန်က အေးအေးဆေးဆေး ခေါင်းခါ၍ သရော်လိုက်သည်။

“မင်းတို့ အခု ပြောတဲ့အတိုင်း လုပ်လိမ့်မယ်လို့ ငါ မထင်ဘူး၊ ဟုတ်တယ်မလား”

“ငါ မင်းတို့ကို ဒီနေ့ အသက်ချမ်းသာပေးလိုက်တာနဲ့ မင်းတို့က အင်ပါယာကို ပြန်ရောက်ရင် ဒီအတိုင်း နေမှာ မဟုတ်ဘူးလို့ ငါ သေချာပေါက် ပြောရဲတယ်၊ မင်းတို့ ဖြစ်သမျှကို ပြောပြပြီး ဧကရာဇ်ကို ငါ့ကိုပါ သတ်ဖို့ ကုန်းတိုက်ဦးမှာ မဟုတ်လား”

ထိုစကားကို ကြားသောအခါ အရာရှိများအားလုံး မျက်နှာ နီမြန်းသွားသည်။ တကယ်ပင် သူတို့၌ ထိုသို့သော အတွေးမျိုး ရှိလေသည်။

သူတို့၏ အဆင့်အတန်းနှင့် ဉာဏ်မများဘဲ နေကြမည်လော။ နိုင်ငံရေးသမားများသည် လိမ်ညာစကား မပြောတတ်ပါက နိုင်ငံရေးသမားဟု ခေါ်နိုင်ပါမည်လော။

“အဲ့လိုမလုပ်ဘူးလို့ ကတိပေး …”

တစ်စုံတစ်ယောက်က ခုခံပြောဆိုချင်သော်လည်း ယဲ့ဖန်၏ ဖြတ်ပြောခြင်း ခံလိုက်ရသည်။ ယဲ့ဖန်က သုန်မှုန်နေသော မျက်နှာထားနှင့် လှောင်ရယ်ကာ ပြောလိုက်သည်။

“ဘာမှပြောနေစရာ မလိုဘူး၊ မင်းတို့ မမြင်ချင်ယောင်ဆောင်ဖို့ စိတ်ကူးထားကတည်းက မင်းတို့ကံတရားက ဆိုးရွားသွားပြီ”

“ဘာလို့လဲဆိုတော့ စကားတစ်ခွန်းရှိတယ်လေ၊ ရေနစ်သူကို ဝါးကူထိုးခြင်းဆိုတာ”

အကယ်၍ ယဲ့ဖန်သာ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ပါက လုံခွေနှင့် အခြားသူများ သေသွားရပေလိမ့်မည်။ သွေးဆူးချွန်အဖွဲ့သားများက လူသတ်သမားများ ဖြစ်ပြီး ဤအရာရှိများက ကြံရာပါများ ဖြစ်ပေသည်။

ထိုအခါ ဤအရာရှိများသည် ပုတ်ခတ် ပြောဆိုနေရာမှ ယဲ့ဖန်၏ ဘိုးဘေးဘီဘင်အထိ ခွင့်လွှတ်ပေးရန် တောင်းပန် လာကြသည်။

ဤမြင်ကွင်းက လုံခွေအား အလွန် ပျော်ရွှင်သွားစေသည်။ ဆိုးယုတ်သူများက ကိုယ့်ထိုက်နှင့်ကိုယ့်ကံ ခံရလိမ့်မည် ဖြစ်ကြောင်း သူမ သိနေ၏။

“သူ့ကို ချမယ်ကွာ၊ ငါတို့အားလုံး ပေါင်းတိုက်ရင် သူ့တစ်ယောက်တည်းကို မသတ်နိုင်ဘူးလို့ ငါ မယုံဘူး”

အရပ်ရှည်ရှည်နှင့် ထွားကြိုင်းသောလူက အော်ဟစ် ပြောဆိုပြီးနောက် ယဲ့ဖန်ကို တိုက်ခိုက်ရန် ပြေးတက်လာသည်။ ထိုစဉ် ယဲ့ဖန်က သူ့ရှေ့သို့ တိတ်ဆိတ်စွာ ရောက်ရှိလာလေသည်။

“မင်း …”

ထိုသူ အံ့ဩသွားသည်။ ယဲ့ဖန်က သူ့ရှေ့သို့ ချက်ချင်း ရောက်လာပြီး တိုက်ခိုက်လိမ့်မည်ဟု ထင်မထားမိချေ။ သွေးဆူးချွန် အဖွဲ့သားများ၏ မျက်နှာတွင် ကြောက်စိတ်များ ထင်ဟပ်လာသည်။ သူတို့ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခု မြင်တွေ့ရပါစေ ယဲ့ဖန်၏ လှုပ်ရှားမှုက သူတို့အား အမြဲ ကြောက်လန့်အောင် လုပ်ဆောင်နိုင်၏။

“အတူတူ သေမလို့လား၊ မင်းတို့ကောင်တွေက အဲ့ဒါနဲ့ ထိုက်တန်လို့လား”

ယဲ့ဖန်က အသာပြုံးလိုက်ပြီး တစ်ဖက်လူ၏ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ရိုက်ထုတ်လိုက်သည်။

“ဝုန်း”

ကျယ်လောင်သော အသံနှင့်အတူ လက်ဝါးပေါ်၌ ကြီးမားသော စွမ်းအင် ထွက်ပေါ်လာပြီး တစ်ဖက်လူ၏ ရင်ဘတ် ချိုင့်ဝင်သွားသည်။

“ဂျွတ် ဂျွတ်”

ကျောက်ဆောင်ကဲ့သို့ ကြံ့ခိုင်မြင့်မားသော ထိုလူ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် ခမ်းခြောက်သွားပြီး ခန္ဓာကိုယ်၌ အက်ရာများ ထင်ဟပ်ကာ ကွဲကြေသွားလေသည်။

စိတ်ဝိညာဉ် ချီမျှင်နှစ်ခုက ယဲ့ဖန်၏ နှာခေါင်းထဲသို့ တိုးဝင်သွားသည်ကို လူတိုင်း သေချာ မြင်လိုက်ရသည်။ ယဲ့ဖန်ကလည်း ကျေနပ်သလို သက်ပြင်းချလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“ဒီလိုဟာမျိုးကမှ သေချာပေါက် အာဟာရရှိတာ”

*ဘာ*

သွေးဆူးချွန်အဖွဲ့သားများအားလုံး ခေါင်းမွေးထောင်သွားကြသည်။

*ဝါးမျိုလိုက်တာ၊ ဒီလူက တကယ် ဝါးမျိုလိုက်တာပဲ*

*စိတ်ဝိညာဉ်ကို ဝါးမျိုတာ*

*ဒီလူက တကယ်ကို ရက်စက်တဲ့ နတ်ဆိုးပဲ*

သူတို့သည် အသတ်ခံရရုံတင်မကဘဲ ဤလူ၏ အစာ ဖြစ်သွားပေတော့မည်။ သူတို့ သေသွားလျင်တောင်မှ တစ်ဖက်လူ၏ အစာဖြစ်သွားရမည့် အဖြစ်ကို သူတို့ မည်သို့ လက်ခံနိုင်မည်နည်း။

“သတ်ကွာ”

နောက်ဆုံးတွင် လူတိုင်း သတ္တိမွေး၍ မှော်လက်နက်များအားလုံးကို ထုတ်၍ ယဲ့ဖန်ကို သတ်ရန် ပြိုင်တူ ပြေးဝင် လာ၏။ သတ်ဖြတ်ချင်သော အရှိန်အဝါက ပြင်းထန်လွန်းလှသည်။

ထိုအခါ ယဲ့ဖန်က လက်နက် မသုံးဘဲ လက်သီးဆုပ်၍ ပြန်လည် တိုက်ခိုက်လာသောကြောင့် သူတို့ ထိတ်လန့် သွားလေသည်။ ဤသည်ကိုမြင်ပြီး သွေးဆူးချွန်အဖွဲ့သားများနှင့် အရာရှိများ အံ့ဩဟန် ပေါ်လာသည်။ ထို့နောက် သူတို့ အပြုံးကြီး ပြုံးလာ၏။

*လက်နက်ကို လက်သီးနဲ့ ပြန်တိုက်တယ်၊ ဒီလူ သေချင်နေတာလား*

*ဒီအရူးက ငါတို့ကို နဂါးမြို့တော်က ပုရွက်ဆိတ်ကောင်တွေလိုများ ထင်နေတာလား*

*ဟာသပဲ*

သူတို့တစ်ယောက်ချင်းစီကပင် နတ်မီးဖို သယ်ဆောင်ထားသည် ဧရာမလူကြီးကိုပင် အခါတစ်ရာမက သတ်နိုင်စွမ်း ရှိသူ ဖြစ်သည်။ ယဲ့ဖန်က ဘယ်လိုလုပ် သူတို့ကို အလွန် အထင်သေးရသနည်း။

*လက်သီးပဲသုံးပြီး ငါတို့အားလုံးရဲ့ တိုက်ကွက်ကို ခုခံချင်တယ်ပေါ့လေ*

*သေချင်နေတာပဲ*

ရုတ်ချည်းဆိုသလိုပင် လူသတ်ချင်သော စွမ်းအင်များက ပိုမိုပြင်းထန်လာပြီး လူတိုင်းက ယဲ့ဖန်ကို သတ်မည်ဟု ဆုံးဖြတ်ချက်ချကာ အစွမ်းကုန် တိုက်ခိုက်လာ၏။

“ဝုန်း ဝုန်း ဝုန်း”

ကျယ်လောင်သော အသံများက ကောင်းကင်ထက်သို့ ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။ ယဲ့ဖန်၏ လက်သီးနှင့် လက်နက်များ ထိပ်တိုက် တွေ့ဆုံလာသည်။

ထို့နောက် ဂျွတ်ခနဲ အသံထွက်ပေါ်လာသဖြင့် သွေးဆူးချွန် အဖွဲ့သားများ၏ အပြုံးများ အေးခဲသွားလေသည်။ ယဲ့ဖန်၏ လက်သီးနှင့် လက်နက်များ ထိသွားချိန်တွင် သူတို့၏ မှော်လက်နက်များက အက်ကွဲကာ ပျက်စီးသွား သည်ကို သူတို့ တွေ့လိုက်ရသည်။

ထို့အပြင် ယဲ့ဖန်၏ လက်သီးသည် လက်နက်များကို ဖျက်ဆီးသွားသည်နှင့် ဘုရင်တစ်ပါးရှေ့သို့ ရောက်လာသည်။ ထိုလက်သီးအစွမ်းက ကြောက်စရာ ကောင်းလှပြီး‌ လေဟာနယ် အက်ကွဲသွားရသည်။

“ဝုန်း”

ထိုအသံနှင့်အတူ လက်သီးရှေ့မှ လူငယ်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးစပြုလာ၏။

“ဝေါ့”

လေထဲမှ ဘုရင်များအားလုံး သွေးအန်လာပြီး သူတို့၏ ကိုယ်တွင်းကလီစာများ ပျက်စီးလာကာ ခြေလက်များ ကျိုးကြေလာ၏။

ထိုအခိုက်တွင် အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ သွေးဆူးချွန် အဖွဲ့သားများသာမက လုံခွေတို့ပါ သေမတတ် ကြောက်လန့်သွားကြသည်။

ယဲ့ဖန် သန်မာမှန်း သူတို့ သိသော်လည်း တစ်ချက်တည်းနှင့် ဘုရင်အဆင့် ခုနစ်ယောက် ရှစ်ယောက်ကို တစ်ပြိုင်တည်း အပြင်းအထန် ထိခိုက် ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

*ဒီလူရဲ့ တိုက်ပွဲဝင်ခွန်အားက ဘယ်လောက် သန်မာတာလဲ*

မြေကြီးပေါ် တကွဲတပြားစီ လဲကျနေသော သွေးဆူးချွန်အဖွဲ့သားများ တိုက်ပွဲဝင်ခွန်အားများ ဆုံးရှုံးသွားသည်ကို သူတို့ တွေ့လိုက်ရသဖြင့် မှင်တက်နေမိသည်။

“မင်းတို့တွေက အဆင့်အတန်း မြင့်တယ် မဟုတ်ဘူးလား”

ယဲ့ဖန်က သူတို့အား အမှိုက်တစ်စုကို ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်နေသည်။ မည်သူမှ ပြန်မဖြေရဲပေ။ အားလုံး၏ မျက်နှာတွင် စိတ်ဓာတ်ကျ၍ ကြောက်လန့်ဟန်များနှင့် ပြည့်နှက်နေ၏။

သူတို့အားလုံး ပြိုင်တူ တိုက်ခိုက်သော်လည်း တစ်ဖက်လူ၏ လက်သီးတစ်ချက်တည်းဖြင့် ရှုံးနိမ့်ရလိမ့်မည်ဟု လုံးဝ ထင်ထားမိပုံ မပေါ်ကြချေ။

သူတို့သည် အဆင့်အတန်း မြင့်မားသူများ ဖြစ်သော်လည်း ယခုအခါတွင် မြေကြီးပေါ်၌ ခွေးတစ်ကောင်သဖွယ် လဲနေပြီး ညည်းညူနေရသည်။

“မင်းတို့တွေ မောက်မာတယ် မဟုတ်ဘူးလား”

သူတို့သည် အတ္တကြီး၍ မောက်မာကာ ပေါင်လုံအဖွဲ့အစည်းအား အမှိုက်သဖွယ် ဆက်ဆံ၍ ဆရာဖြစ်သူကိုပင် ရက်စက်စွာ လုပ်ကြံခဲ့သည်။

“မင်းတို့ကောင်တွေ လုပ်ချင်တာမှန်သမျှ လုပ်ကြတယ် မဟုတ်လား”

ဧကရာဇ်၏ အမိန့်ကို လက်ထဲ၌ ကိုင်၍ အရိပ်သခင်ကို အားကိုးကာ သူတို့လုပ်ချင်တာမှန်သမျှ လုပ်ခဲ့ကြသည်။ ယဲ့ဖန်ကို သတ်ကာ လုံခွေတို့ကိုပါ ရှင်းလင်းရန် စဉ်းစားခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့ရှေ့မှ နတ်ဆိုးမှ ဒေါသထွက်အောင် လုပ်ခဲ့မိသဖြင့် ဤသို့ အဆုံးသတ်သွားရသည်။

ယဲ့ဖန်၏ စကားတိုင်းက သူတို့ကို စိတ်ပျက်သွားစေသည်။ သူတို့၏ မျက်နှာပေါ်မှ ခါးသီးသော အရိပ်အယောင် များကလည်း ပို၍ သိသာလာ၏။

*ငါတို့ ဘယ်လိုလုပ် ဒီလိုနတ်ဆိုးရဲ့ ရန်သူ ဖြစ်လာရတာလဲ*

*ဒါ သေတွင်းတူးတာပဲ*

*ဒါ လုံးဝ သေသွင်းတူးတာ*

ယဲ့ဖန်၏ စကားတိုင်းက သူတို့ မျက်နှာကို ဖြတ်ရိုက်၍ နှလုံးသားကို ဆွဲထုတ်သလို ဖြစ်နေသောကြောင့် သူတို့ ခံရခက်နေသည်။

ယခုအဆုံးသတ်က သူတို့၏ အမှားပင်။ နောက်ဆုံးတွင် ယဲ့ဖန်က သူတို့ကို အလွန် အထင်သေးသော ဟန်အပြည့်ဖြင့် ပြောလိုက်သည်။

“မင်းတို့တွေ အဲ့ဒါနဲ့ ထိုက်တန်လို့လား”

ထိုစကားက သူတို့အား ထိတ်လန့်ကာ မျက်နှာ ဖြူရော်သွားစေသည်။ မှန်ပေ၏။ ဤနတ်ဆိုးရှေ့၌ သူတို့က မည်သို့သော အရည်အချင်းရှိ၍ မတူသလို မတန်သလို လုပ်ရသနည်း။ သူတို့၌ မည်သို့သော အရည်အချင်းရှိ၍ မောက်မာနေ ခဲ့ရသနည်း။ သူတို့ ထိုအရာများနှင့် မထိုက်တန်ပေ။

“မင်းတို့ ငါ့ကို‌ တကယ် သေစေချင်တယ်လို့ ငါ ကြားလိုက်သလားလို့”

ထိုအခိုက်တွင် ယဲ့ဖန်က ခရမ်းရောင် ဆံပင်နှင့် မိန်းကလေးအား လည်ပင်းညှစ်၍ လေထဲ မြှောက်ထားလိုက်သည်။ ထိုမိန်းကလေး၏ မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်နေပြီး ဘာတစ်ခွန်းမှ မပြောနိုင်ချေ။

အဖွဲ့ဝင်များအားလုံး တစ်ချက်ပင် မလှုပ်နိုင်အောင် အားကုန်နေသည်။ သူတို့ တိုက်ခိုက်လျင်လည်း သေမည်၊ မတိုက်ခိုက်လျင်လည်း သေရပေမည်။ သူတို့အားလုံး အကြပ်ရိုက်ကာ ဆောက်တည်ရာမရ ဖြစ်နေ၏။

ထိုမိန်းကလေး မျက်ရည်များ စီးကျနေသည်။ စကားတစ်ချို့က ကပ်ဆိုးတစ်ခုကို သယ်လာနိုင်မှန်း သူတို့ သိခဲ့ပါက သူမ တစ်သက်လုံး ပါးစပ်ပင် ဟမိမည် မဟုတ်ပါ။ သို့သော် နောင်တရသော်လည်း နောက်ကျသွားလေပြီ။

“ဒီလိုဆိုမှတော့ မင်းကို စသတ်ရတာပေါ့”

ယဲ့ဖန်က ရယ်မော၍ လက်ငါးချောင်း၌ အားစိုက်လိုက်သည်။

“ဂျွတ်”

ထိုမိန်းကလေး၏ ခန္ဓာကိုယ်က ပျော့ခွေကာ အောက်သို့ ပြုတ်ကျလာ၏။ သွေးဆူးချွန် အဖွဲ့သားများအားလုံးသည် ဤနတ်ဆိုး၏ သုတ်သင်ခြင်း စတင်တော့မည်ကို ရိပ်မိလိုက်သဖြင့် မျက်နှာ ပြာနှမ်းသွားကြသည်။

All Chapters