← Chapters

ခရီးတိုလေးလား

Vol. 168 Ch. 2396

ခရီးတိုလေးလား

Vol. 168 Ch. 2396

ရီဖူရှင်း၏အသံ တိုးညှင်းသွားသောအခါ နေရာတစ်ခုလုံးသည် တိတ်ဆိတ်သွားလေသည်။ ကောင်းကင်ဒေသမှ မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများ၏ နတ်အာရုံသည် သူ့အပေါ်တွင် စုဝေးနေသည်။

ရီဖူရှင်းသည် သူနှင့် အင်ပါယာရီချင်သည် ဆက်နွယ်မှုအချို့ရှိကြောင်း တဲ့တိုးဝန်ခံခဲ့သည်။

မင်းသမီးဒွန်ဟောင်သည်လည်း ဘုရားကျောင်းထိပ်ရှိ ဆံပင်အဖြူရောင်နှင့်လူကို အာရုံစိုက်ထားလေသည်။ သို့သော် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသည် ထိုအခိုက်တွင် သူမကိုအာရုံစိုက်နေကြပြီး အတန်ငယ် စိတ်လှုပ်ရှားနေကြသည်။ ရီဖူရှင်း၏ ကံကြမ္မာသည် မင်းသမီးထပ်မံချက်မှတ်မည့် ဆုံးဖြတ်ချက်အပေါ်တွင် မူတည်နေပေသည်။

“ရှင်တို့က ဘယ်လိုပတ်သတ်တာလဲ” မင်းသမီးဒွန်ဟောင်မေးခွန်းထုတ်လိုက်၏။

“မင်းသမီး ကျွန်တော့်ကို မှတ်မိပါသလား” ရီဖူရှင်းသည် မင်းသမီးဒွန်ဟောင်ကိုကြည့်၍ မေးလိုက်၏။

“ကျွန်တော် ဆယ့်ခြောက်နှစ်သားတုန်းက မင်းသမီးကို ချင်ကျူမြို့ရဲ့ သားရဲတောင်ကုန်းမှာ အဝေးကလှမ်းမြင်လိုက်ဖူးပါတယ် ”

သူသည် မင်းသမီးဒွန်ဟောင်ကို ပထမဆုံးမြင်လိုက်ရကတည်းက သူ့တို့နှစ်ယောက် ရေစက်ပါလျှင် ထပ်မံတွေ့ရလိမ့်မည်ဟု ခံစားခဲ့ရသည်။ ထို့နောက် အမှန်ပင် သူတို့ ထပ်မံတွေ့ခဲ့ရပေပြီ။

သို့သော် ထိုတွေ့ဆုံမှုသည် ယခုသူတို့ ရင်ဆိုင်နေရသည့် အခြေအနေကို ရည်ညွှန်းပေသလော။

“ရေးရေးပဲ မှတ်မိတယ်” မင်းသမီးဒွန်ဟောင်က ပြန်ဖြေလိုက်သည်။

“ကျွန်တော်က ချင်းကျူမြို့မှာ ကြီးပြင်းခဲ့တာပါ။ ကျွန်တော်က ချင်းကျူ‌ကျောင်းတော်မှ အချိန်တစ်ခုအထိ ကျင့်ကြံခဲ့တဲ့ သာမန်လူတစ်ယောက်ပါပဲ။ ကျွန်တော် ဆယ့်ခြောက်နှစ်ပြည့်တော့ သားရဲတောင်ကုန်းပေါ်ကို မတော်တဆရောက်သွားပြီး ရုပ်ထုတစ်ခုကို မြင်ခဲ့ပါတယ်။ ဒါပေမဲ့ သားရဲတောင်ကုန်းဆိုတာ ကောင်းကင်ဒေသမှာ မသွားဖို့တားမြစ်ထားတဲ့နေရာတစ်ခုဆိုတာ ကျွန်‌တော်နောက်မှ သိခဲ့ရတာပါ... ပြီးတော့ အဲ့ရုပ်ထုက အင်ပါယာရီချင်ရဲ့ရုပ်ထုဆိုတာလည်း နောက်ပိုင်းမှ ကျွန်တော်သိခဲ့ရတာပါ။ တကယ့်ကို ကံအားလျော်စွာပဲ ကျွန်တော် အင်ပါယာရီချင်ရဲ့ဝိညာဉ်စွမ်းအားရဲ့ တပိုင်းတစကိုရခဲ့ပြီး ကျွန်တော့်ရဲ့ ကံကြမ္မာကို ပြောင်းလဲသွားစေတော့တာပါပဲ။ နောက်တော့ နှင်းလူဝံအင်ပါယာက ကျွန်တော့်ထံမှာ အညံ့ခံခဲ့ပါတယ်။ နောက်တော့ မင်းသမီးက တခြားကျင့်ကြံသူတွေနဲ့ ရောက်လာပြီး နှင်းလူဝံအင်ပါယာနဲ့ နောက်ဆုံးတိုက်ခိုက်ခဲ့တာကို ကျွန်တော်မြင်ခဲ့ရပါတယ်။ အဲ့မှာ ကျွန်တော် မင်းသမီးကို ပထမဆုံးအကြိမ်မြင်ခဲ့တာပါ ”

လူအားလုံးသည် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူသည် ငယ်ရွယ်စဉ်ကတည်းက အင်ပါယာရီချင်၏ဝိညာဉ်စွမ်းအားကို အမွေဆက်ခံခဲ့ရပုံပေါ်လေသည်။ ထိုရှင်းပြချက်သည် အဘယ်ကြောင့် သူသည် အရည်အချင်းရှိသော ပါရမီရှင်အားလုံးကို အနိုင်ယူနိုင်ခဲ့ပြီး မည်သူမှ သူနှင့်မယှဉ်ပြိုင်နိုင်သေးခြင်းဖြစ်ကြောင်းကို ကောင်းစွာရှင်းလင်းပြနိုင်ခဲ့သည်။ ရီဖူရှင်းသည် ငယ်ရွယ်စဉ်ကပင် မဟာအင်ပါယာတစ်ပါး၏ဝိညာဉ်စွမ်းအားကို အမွေဆက်ခံခဲ့ရသူတစ်ဦးဖြစ်ပြီး သူအမွေဆက်ခံခဲ့ရသော ဝိညာဉ်စွမ်းအားသည်လည်း အင်ပါယာရီချင်၏ဝိညာဉ်စွမ်းအားဖြစ်ရာ အဆင့်နိမ့်ကမ္ဘာများတွင် ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်နေခြင်းမှာ အံ့အားသင့်စရာမရှိတော့ပေ။

ထို့ကြောင့် အင်ပါယာရီချင်၏ဝိညာဉ်စွမ်းအားသည် ရီဖူရှင်း၏ ခွန်အားနှင့် တိုးတက်မှုတို့၏ အခြေခံဖြစ်ကြောင်း ရှင်းလင်းသွားပြီဖြစ်သည်။

လူအများအပြားသည် သူ၏ရှင်းပြချက်မှာ ယုံကြည်ဖွယ်ကောင်းသည်ဟု ထင်မြင်ကြ၏။ သူသည် အသေးစိတ်အချက်အလက်အချို့ကို ထိမ်ချန်ထားပုံရသော်လည်း သူပြောပြသည့် ယေဘုယျအချိန်အပိုင်းအခြားသည် မှန်ကန်သည်ဟု ထင်ရပေသည်။ ရီဖူရှင်းသည် အင်ပါယာရီချင်၏ အမွေခံဖြစ်သည်ဟူသော ကောလဟာလများကို ထိုရှင်းပြခြင်းဖြင့်ပင် အတော်လေးဖြေရှင်းနိုင်မည်ဖြစ်သည်။ အထူးသဖြင့် အတွင်းသတင်းအချို့ရရှိထားသော သူများသည် ပို၍ပင် ရှင်းလင်းသွားလေသည်။

သူတို့နှစ်ဦးစလုံး၏ “ရီ”ဟူသော မျိုးရိုးအမည်တူနေခြင်းမှာလည်း တိုက်ဆိုင်မှုသာဖြစ်နိုင်ပေသည်။

သို့သော် သူတစ်စုံတစ်ခုကို ကွယ်ဝှက်ထားခြင်းလည်း ဖြစ်နိုင်ပေသေးသည်။ ဥပမာအားဖြင့် သူသည် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားအနည်းငယ်ကိုသာ ရခဲ့ခြင်းမဟုတ်နိုင်ပေ။

မင်းသမီးဒွန်ဟောင်သည် သူ့ကို စူးစူးစိုက်စိုက်ငေးကြည့်နေ၏။ သူမ၏မျက်လုံးများသည် ပြစ်မျိုးမှဲ့မထင်လှပပြီး ထိုမျက်လုံးများမှတဆင့် သူမ မည့်သည့်အကြောင်းကို စဉ်းစားနေကြောင်းကို သိနိုင်မည်မဟုတ်ပေ။

“တကယ်ပဲ ဝိညာဉ်စွမ်းအားအနည်းငယ်ကိုပဲ ရခဲ့တာလား” မင်းသမီးဒွန်ဟောင်က မေးလိုက်၏။

“မင်းသမီး... အဲ့အချိန်တုန်းက ရုပ်ထုထဲမှာ အင်ပါယာရီချင်ချန်ထားခဲ့တဲ့ ဝိညာဉ်စွမ်းအားနည်းနည်းပဲရှိခဲ့တာပါ။ မဟုတ်ရင် မဟာအင်ပါယာတစ်ဦးရဲ့ အစွမ်းနဲ့သာဆိုရင် သူကဘာလို့ ချင်းကျူမြို့တော်မှာဆက်နေပြီး ကိုယ့်ပျက်ဆီးရာပျက်ဆီးကြောင်းကို ထိုင်စောင့်နေမှာလဲ”

ရီဖူရှင်းဆက်ပြောလိုက်သည်။

“တကယ်လို့ မင်းသမီးက ကျွန်တော့်ကို မယုံသေးဘူးဆိုရင် မင်းသမီး နန်ဒူနိုင်ငံကိုသွားပြီးတော့ ကျွန်တော့်ရဲ့ ဇစ်မြစ်ကို ထပ်ပြီးရှာဖွေနိုင်ပါတယ်။ ကျွန်တော့်လို လူမျိုးက မဟာအင်ပါယာနဲ့ ဆက်နွယ်နေမယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲခင်ဗျာ”

“ဘာလို့ ချင်းကျူမြို့တော်က ပျောက်ကွယ်သွားရတာလဲ” မင်းသမီးဒွန်ဟောင်ဆက်မေးလိုက်၏။

“ကျွန်တော်လည်း ကျွန်တော့်ရဲ့ဆရာကို ခေါ်ပြီးထွက်သွားတဲ့နောက် ဘာဆက်ဖြစ်လဲဆိုတာ မသိတော့ပါဘူး။ ချင်းကျူမြို့တော်က ပျောက်ကွယ်သွားတယ်ဆိုတာတောင် ကျွန်တော်မသိခဲ့ပါဘူး” ရီဖူရှင်းပြန်ဖြေလိုက်သည်။

မင်းသမီးဒွန်ဟောင်သည် မေးခွန်းများကို မနားတန်းဆက်မေးလိုက်၏။ ထို့နောက် ထိုနေရာတွင် နောက်တစ်ကြိမ် ထပ်မံတိတ်ဆိတ်သွားပြန်လေသည်။

အကယ်၍ အင်ပါယာရီချင်၏ဝိညာဉ်စွမ်းအားအနည်းငယ်ကို ဆက်ခံရရှိခဲ့သောသူမှာ ရီဖူရှင်းတစ်ဦးတည်းသာဖြစ်ခဲ့ပါက ဤကိစ္စကို လျှော်ပေးလိုက်ခြင်းလည်းဖြစ်နိုင်သလို၊ အပြစ်ပေးခြင်းလည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရီဖူရှင်းဆက်ခံရရှိခဲ့သည်မှာ ဝိညာဉ်စွမ်းအားအနည်းငယ်သာ ဖြစ်သောကြောင့်ပင်။ သို့ဖြစ်ရာ ထိုကိစ္စ၏ အဖြေသည် မင်းသမီးဒွန်ဟောင်၏ ကိုင်တွယ်မှုပေါ်တွင်သာ မူတည်လေတော့သည်။

မည်သူမှ စကားထမပြောကြပေ။ ကောင်းကင်ဒေသရှိ ထိပ်တန်းအင်အားစုများမှ ကျင့်ကြံသူများသည် ထိုကိစ္စကို ခပ်လှမ်းလှမ်းမှသာ တိတ်တဆိတ်စောင့်ကြည့်လေလာနေကြလေသည်။ မည်သူမှ တစ်ခွန်းမှဝင်မပြောဝံ့ကြပေ။

အင်ပါယာရီချင်၏အကြောင်းသည် ပေါ်ပေါ်ထင်ထင်ပြောရန် သင့်တော်သော အကြောင်းတစ်ခုမဟုတ်ချေ။ လူအားလုံးသည် မည်သည့်ကိစ္စများဖြစ်ပျက်နေကြောင်း နားလည်သော်လည်း မည်သို့မှဝင်မပြောနိုင်ကြချေ။

မင်းသမီးဒွန်ဟောင်ဘေးမှ တစ်ယောက်သည် မင်းသမီးကို အသံပို့လွှတ်၍ ပြောလိုက်သည်။

“အရှင့်သမီး... သူပြောတာ အမှန်ဟုတ်ဟုတ်၊ မဟုတ်ဟုတ်.. သူ့ကိုလွှတ်ပေးလိုက်လို့မရပါဘူး။ အခုရှုပ်မှနောင်ရှင်းပါ...”

အကယ်၍ ရီဖူရှင်းနှင့် အင်ပါယာရီချင်တို့အကြားတွင် နက်နဲသောဆက်နွယ်မှုတစ်ခုရှိနေလျှင် မည်သို့လုပ်မည်နည်း။

အကယ်၍ ရီဖူရှင်းသည် တစ်‌နေ့တွင် ဒဏ္ဍာရီလာအဆင့်သို့ ရောက်ရှိသွားမည်ဆိုလျှင် မည်သို့ဖြစ်လာမည်နည်း။

ထို့ကြောင့် သူတို့သည် မတွေးနိုင်သည်များကို တွေးတောနေမည့်အစား ရီဖူရှင်းကိုပင် မလိုအပ်ဘဲ သတ်ပစ်လိုနေပေသည်။

မင်းသမီးဒွန်ဟောင်သည် ခပ်မဆိတ်သာ ရှိနေသေးလေသည်။ လောကအာလုံးမှ ကျင့်ကြံသူများသည် အဝေးသို့ ကြည့်နေကြသည်။ ထိုအခိုက်တွင် မှော်နက်လောကမှ ပြောလိုက်သောအသံတစ်ခု ထွက်ပေါ်လာသည်။

“အင်ပါယာနှစ်ပါး တစ်ပါးနဲ့တစ်ပါး ဆန့်ကျင်ခဲ့ကြတာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပါ... ပြီးတော့ အရှင်ဒွန်ဟောင်ကလည်း အင်ပါယာရီချင်ကို နှိမ်နင်းခဲ့ပြီးပါပြီ။ အခု နှစ်ပေါင်းများစွာကြာမှ ဒွန်ဟောင်အင်ပါယာနန်းတော်က အင်ပါယာရီချင်ရဲ့ ဝိညာဉ်စွမ်းအားနည်းနည်းကို မတော်တဆရသွားတဲ့ ကျင့်ကြံသူလေးတစ်ယောက်ကိုတောင် ချမ်းသာမပေးနိုင်တော့ဘူးတဲ့လား”

ထိုအသံသည် အတန်ငယ် ရွဲ့ပြောနေသယောင်ရှိလေသည်။ မှော်နက်လောကမှ ကျင့်ကြံသူများသည် ရီဖူရှင်းကို‌သေစေလိုနေသော သူတို့၏ဆန္ဒများကို မည်သည့်အခါကမှ မဖုံးကွယ်ခဲ့ပေ။ သို့သော် ယခုတွင် သူတို့သည် ရီဖူရှင်းအတွက် ကူပြောပေးနေရာ အကြံအစည်အချို့ရှိပုံရလေသည်။

“ရီဖူရှင်း... နတ္ထိအင်ပါယာဘုံကိုလာခဲ့ပါ... ငါတို့မင်းကို လုံခြုံတဲ့ခိုလှုံရာပေးမယ်”

ထိုအခိုက်တွင် အသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။ ထိုအသံသည် နတ္ထိအင်ပါယာဘုံမှ ကျင့်ကြံသူတစ်ဦးထံမှ ထွက်ပေါ်လာခြင်းပင်။ သို့သော် ထိုအကြံပြုချက်၏နောက်ကွယ်တွင် မကောင်းသောရည်ရွယ်ချက်များ ပြည့်နှက်နေပေသည်။ ထိုအခြေအနေများအောက်တွင် ဒွန်ဟောင်အင်ပါယာနန်းတော်သည် ရီဖူရှင်းကို ပို၍ပင် ပြစ်ဒဏ်ခတ်လိုလာမည်ဖြစ်သည်။ ထုတ်၍မပြောနိုင်လောက်အောင်ပင် ရက်စက်သော အကြံအစည်ပင်။

ထိုအခိုက်တွင် လူတစ်ယောက်သည် ရီဖူရှင်းနောက်သို့လျှောက်လာပြီး ထိုနေရာတွင် တိတ်တဆိတ်ရပ်နေလေသည်။ ထိုလူသည် နတ်ဆိုးသံချပ်အင်္ကျီကို ဝတ်ဆင်ထားပုံရ၏။ သူ့ထံတွင် အလွန်ဗိုလ်ကျကြီးစိုးလိုသော အရှိန်အဝါ ရှိလေသည်။ သူကား ယူချင်းပင်။

ယူချင်းသည် သူ့ကိုယ်သူ အခြားသူများ၏အာရုံကို ဆွဲငင်ယူလိုက်သောအခါ သူ့အနောက်မှ ကျင့်ကြံသူများသည် သူ့ကိုကာကွယ်ပေးလိုက်ကြသည်။ ဤအကြိမ်တွင် သူတို့ရင်ဆိုင်နေသူများမှာ သာမန်လူများမဟုတ်သဖြင့် နတ်ဆိုးလောကသည် ယူချင်းကို ထိုကိစ္စထဲ ဝင်မပါစေလိုပေ။ သို့သော် အကယ်၍ ယူချင်းသာ ဝင်ပါရန်အလိုရှိခဲ့ပါက သူတို့မည်သို့မှ တတ်နိုင်မည်မဟုတ်ချေ။

သို့သော် ယူချင်းသည် ထွက်ဆိုချက်တစ်ခုကို ပြုလုပ်မည့်ပုံစံဖြင့် ထိုနေရာတွင် ရပ်နေလေသည်။ အကယ်၍ မင်းသမီးဒွန်‌ဟောင်သာ ရီဖူရှင်းကို အပြစ်ပေးရန် ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါက ယူချင်းသည် ကောင်းကင်ဒေသက မြင်ခဲ့ဖူးသည့်ရန်သူများအထဲမှ အဆိုးဝါးဆုံးရန်သူဖြစ်လာမည်ဖြစ်သည်။ သူမည်မျှပင် ပေးဆပ်ရစေကာမူ မှုမည်မဟုတ်ချေ။

မင်းသမီးဒွန်ဟောင်သည် ယူချင်းကိုကြည့်လိုက်ပြီးနောက် ရီဖူရှင်းကို ပြန်ကြည့်ကာ မေးလိုက်သည်။

“ရှင်က အင်ပါယာရီချင်ရဲ့ဝိညာဉ်စွမ်းအားကို ဆက်ခံရရှိထားတယ်လို့ ရှင်ပြောတယ်နော်... အဲ့ဒါဆို သူက ဘယ်သူလဲ”

ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ထိုကိစ္စကို တွေးတောထားပြီးဖြစ်သည်။ အကယ်၍ ရီဖူရှင်းသာ သူ၏ဇစ်မြစ်ကို ရှင်းပြခဲ့ပါက ယူချင်း၏အကြောင်းကား မည်သို့နည်း။

ထိုအရာသည် မျက်စိလျှမ်းသွားခြင်းဖြစ်ကြောင်း ထင်ရှားလေသည်။ သူသည် သူမည်သူဖြစ်သည် သို့မဟုတ် သူမည်ကလာသည်ကို ရှင်းရှင်းလင်းလင်း ရှင်းမပြနိုင်သေးပေ။

“ကျွန်တော်လည်း အဲ့ဒါကို သိချင်နေတာပါ။ ဒါပေမဲ့ နတ်ဆိုးလောကက နတ်ဆိုးအင်ပါယာပဲ အဲ့အဖြေကို သိမယ်ထင်တယ်”

ရီဖူရှင်း ပြန်ဖြေလိုက်သည်။ သူ၏အဖြေသည် ကောင်းကင်ဒေသမှလူများကို သ‌ရော်လိုက်ခြင်းပင်။ ထိုအဖြေသည် ယုံကြည်လောက်သောအဖြေမဟုတ်ကြောင်း ထင်ရှားပေသည်။

ရီဖူရှင်းသည် ထိုအကြောင်းကို မသိလေသလော။

“မင်းသမီး... သူကလိမ်နေတာပါ”

မင်းသမီးဒွန်ဟောင်ဘေးမှလူသည် အသံပို့လွှတ်၍မေးလိုက်၏။

“မင်းသမီး သူ့ရဲ့တည်ရှိမှုကို သိခဲ့ပါသလား”

မင်းသမီးဒွန်ဟောင် ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။

“ကြည့်ရတာ ရီဖူရှင်းက အင်ပါယာရီချင်ကိုယ်တိုင်ရွေးချယ်ထားတဲ့ ဆက်ခံသူဖြစ်မယ်ထင်တယ်။ မတော်တဆဆိုတာလိုမျိုး ရိုးရှင်းမှာမဟုတ်‌လောက်ဘူး”

ထိုလူသည် အသံပို့လွှတ်၍ ဆက်ပြောလိုက်သည်။ ယခုတွင် ထိုနေရာ၌ ဖိအားအရှိန်အဝါတစ်ခု လွှမ်းခြုံနေပေပြီ။

မင်းသမီးဒွန်ဟောင်သည် ရီဖူရှင်းကိုကြည့်၍ ‌ပြောလိုက်၏။

“လိုက်မယ်၊ မလိုက်ဘူးဆိုတာပဲ ဖြေပါ... ကျွန်မနဲ့အတူ နန်းတော်ကိုပြန်လိုက်ခဲ့ပါ... အဲ့ကျမှ ကိစ္စအားလုံးကို သေချာသုံးသပ်တာပေါ့...”

“ရီဖူရှင်း... ရှင် ကျွန်မတို့နဲ့ ခရီးတိုလေးတစ်ခုထွက်ဖို့ လိုက်မလား”

ရီဖူရှင်း၏ မျက်ဝန်းများထဲတွင် ပြောင်းလဲမှုအနည်းငယ် ပေါ်လာ၏။ အတိတ်တွင် မည်သည့်ကိစ္စများဖြစ်ပျက်ခဲ့ကြောင်းကို သူမသိသော်လည်း အကယ်၍ သူသာ အင်ပါယာရီချင်နှင့် အမှန်ပင် ဆက်နွယ်မှုအချို့ရှိခဲ့လျှင် အရှင်ဒွန်ဟောင်သည် မည်ကဲ့သို့လူစားပင်ဖြစ်စေကာမူ သူသည် သူ့ကို မည်သည့်အခါမှ အလွတ်ပေးမည်မဟုတ်ချေ။

သူတို့သည် သူဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်ကို သိရှိသွားသည်နှင့် သူအားဆက်၍ အသက်ရှင်ခွင့်ပြုမည်မဟုတ်ပေ။

“မင်းသမီးက ကျွန်တော့်ကိုမယုံဘူးဆိုရင် ဘာလို့ ကျွန်တော့်ကို မင်းသမီးနဲ့အတူခေါ်သွားပြီး အချိန်ဖြုန်းနေဦးမှာလဲ ”

ရီဖူရှင်းသည် မားမားမတ်မတ်ဖြင့် ပြန်ဖြေလိုက်သည်။ သို့သော် သူ၏နှလုံးသားသည်တော့ အေးစက်လာလေတော့သည်။

All Chapters