← Chapters

ငြင်းဆန်ခြင်း

Vol. 168 Ch. 2397

ငြင်းဆန်ခြင်း

Vol. 168 Ch. 2397

ရီဖူရှင်း ပြန်ဖြေလိုက်သောစကားကြောင့် ထိုနေရာသည် ထပ်မံတိတ်ဆိတ်သွားပြန်လေသည်။ သူသည် မင်းသမီး၏ တောင်းဆိုချက်ကို တိုက်ရိုက်ငြင်းဆိုလိုက်ခြင်းဖြစ်ပြီး မင်းသမီးနောက်သို့လိုက်ကာ နန်းတော်သို့သွားရမည်ကို ငြင်းပယ်လိုက်ခြင်းပင်။

“ဒီကိစ္စက ပြီးသွားပြီ”

စီဝေ့နန်းတော်၏ ပတ်ဝန်းကျင်နေရာများတွင် ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ဆက်၍ဒွိဟဖြစ်နေရန်မရှိတော့ဟု တွေးနေကြသည်။ ရီဖူရှင်း၏ ငြင်းဆိုလိုက်မှုသည် သူ့ထံတွင် အမှန်ပင် ဖုံးကွယ်ထားသည်များ ရှိမည်ဖြစ်ကြောင်း ဖော်ပြလိုက်သကဲ့သို့ပင်။ ထို့ကြောင့် နန်းတော်သည်လည်း အခြားရွေးစရာမရှိတော့ဘဲ ရီဖူရှင်းကို အပြစ်ပေးရတော့မည်ဖြစ်သည်။

ထိုသို့သေချာနေသဖြင့် ကျင့်ကြံသူအများအပြားသည် မင်းသမီးဒွန်ဟောင်၏အနောက်မှ ရှေ့သို့ ထွက်လာကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုရှိ၏။ သူတို့ကို ကောင်းကင်အလင်းများက ဝန်းရံထားပြီး ထိုသူကား လှံအင်ပါယာတုယူဖြစ်လေသည်။ သူသည် အရှင်ဒွန်ဟောင်၏ တိုက်ရိုက်တပည့်များထဲမှ တစ်ယောက်ဖြစ်လေသည်။ ရီဖူရှင်းသည် ထိုသူတိုက်ခိုက်သည်ကို ယခင်ကမြင်ခဲ့ဖူး၏။ သူသည် အလွန်ပင် စွမ်းအားကြီးပေသည်။

ရှဲ...

သူ့လက်ထဲတွင် ရွှေရောင်လှံတစ်ချောင်းထွက်‌ပေါ်လာပြီး ကြောက်မက်ဖွယ်အလင်းများကိုထုတ်လွှတ်ကာ သူသည် ရီဖူရှင်းရှိနေသော ဘုရားကျောင်းဆီသို့ သွားလိုက်၏။

နန်းတော်မှ လူများ၏မျက်လုံးထဲတွင် ရီဖူရှင်း၏ငြင်းဆန်လိုက်မှုသည် မင်းသမီးကိုဆန့်ကျင်သော အပြစ်တစ်ခုဖြစ်သည်ဟုမြင်ကြောင်း ထင်ရှားလေသည်။

မင်းသမီးဒွန်ဟောင်သည် မည်သို့မှ မပြောချေ။ သူမသည် လှံအင်ပါယာ၏ အပြုအမူကို မသိမသာ လျစ်လျူရှုထားပေသည်။ သူမအနောက်မှ လူတစ်အုပ်သည် ရှေ့သို့ ပျံထွက်လာ၏။ သူတို့အားလုံးသည် စွမ်းအားကြီးသောအရှိန်အဝါများကို ထုတ်လွှတ်ကာ စီဝေ့နန်းတော်ကို ဖိနှိပ်ထားလေသည်။

ရီဖူရှင်း၏နောက်တွင်လည်း နတ်ဆိုးလောကမှ ကျင့်ကြံသူများ၏အထောက်အပံ့ရှိပေသည်။ အကယ်၍ ထိုကျင့်ကြံသူများသာ ဝင်ရောက်ပူးပေါင်းလာပါက တိုက်ပွဲတစ်ခုသည် မလွှဲမရှောင်သာ ဖြစ်လာတော့မည်ဖြစ်သည်။

ယူချင်းသည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ရာ နတ်ဆိုးလောကမှ ကျင့်ကြံသူများသည်လည်း အနောက်မှလိုက်ပါလာကြသည်။ သို့သော် နတ်ဆိုးအိုတွမ့်ထျန်း၏ မျက်လုံးများ စူးရှသွား၏။ နတ်ဆိုးလောကသည် ယခုကိစ္စကို ဝင်ရောက်စွက်ဖက်နိုင်ခွင့်မရှိပေ။ မူလဘုံအတွင်းတွင်း ကောင်းကင်ဒေသ၏ နန်းတော်ကို ထိပ်တိုက်တွေ့ချင်းသည် တစ်ပန်းရှုံးသလို၊ ရူးမိုက်သည့်လုပ်ရပ်တစ်ခုလည်း ဖြစ်လေသည်။

ထိုကိစ္စသည် ကောင်းကင်ဒေသ၏ အတွင်းရေးကိစ္စတစ်ခုသာဖြစ်သည်။

“သူ့ကို ဖမ်းချုပ်ခေါ်ဆောင်သွားကြ။ နန်းတော်ရဲ့ ကိစ္စမှာဝင်ရှုပ်တဲ့လူရှိရင် ချွင်းချက်မရှိ အသတ်ခံရမယ်”

နန်းတော်မှ ကျင့်ကြံသူတစ်ဦး၏ထံမှ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထိုလူ၏ အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းသည်ထက်ပင် ပိုလေသည်။ ရီဖူရှင်းသည် ထိုသူကို တစ်ခါမှ မမြင်ဖူးချေ။ သူသည် နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်ဖြစ်သည်။ ထိုတည်ရှိမှုသည် မဟာအင်ပါယာအဆင့်နှင့် အနီးကပ်ဆုံးသော တည်ရှိမှုတစ်ခုဖြစ်သည်။

ဝုန်း...

ယူချင်းထံမှ နတ်ဆိုးအရှိန်အဝါလှိုင်းတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင်မိစ္ဆာအငွေ့အသက်များသည် လူးလွန့်ကာ မြည်ကြွေးသွားကြသည်။ သူ၏ အနက်ရောင်မိစ္ဆာမျက်လုံးများမှ အကြည့်များသည် မင်းသမီးဒွန်ဟောင်၏အပေါ်သို့ ကျရောက်သွား၏။

“ဒီနေ့ သူ့ကိုထိဝံ့တဲ့သူမှန်သမျှ ကျုပ်နဲ့ရင်ဆိုင်ရလိမ့်မယ်။ ကျုပ်အသက်ရှိနေသ၍ သူ့ကိုထိတဲ့သူအကုန် သေရမယ်”

ယူချင်း ကြုံးဝါးလိုက်၏။ သူ၏ စကားကြောင့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် စိုးရိမ်သွားကြသည်။ သူတို့သည် မျက်မှောင်ကြုတ်သွားသော်လည်း သူတို့ပြုလုပ်နေသည့်အရာများကို မရပ်တန့်လိုက်ပေ။ ကောင်းကင်အလင်းတန်းများကျဆင်းလာပြီး အောက်ရှိဘုရားကျောင်းကို လွှမ်းခြုံသွားသည်။

ထိုမြင်ကွင်းသည် ရင်းနှီးသောမြင်ကွင်းတစ်ခုပင်။ ရီဖူရှင်းသည် ထိုမြင်ကွင်းကို ယခင်ကမြင်ခဲ့ဖူးသကဲ့သို့ ခံစားလိုက်ရ၏။

ဤအကြိမ်တွင်မူ သူ့ခံရမည့်အကြိမ်ရောက်ပေပြီ။ သူ၏ကံကြမ္မာသည် နှင်းလူဝံအင်ပါယာ သို့မဟုတ် သူ၏ဆရာ ဆရာဒူနှင့် တူညီလေသလော။

သေသည်အထိတိုက်ခိုက်မည်လော... အကျဉ်းသားအဖြစ် ဖမ်းဆီးခံမည်လော။

“ယူချင်း... ဝင်မပါ ပါနဲ့”

ရီဖူရှင်းပြောလိုက်သောစကားကြောင့် ယူချင်းအံ့အားသင့်သွား၏။ သူသည် နောက်လှည့်၍ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ့ကိုယ်ပေါ်သို့ မိစ္ဆာအရှိန်အဝါများ ကျဆင်းသွား၏။

“ဝင်မပါ ပါနဲ့”

ရီဖူရှင်းသည် ထပ်မံ၍ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ အကယ်၍ တိုက်ပွဲတစ်ခုဖြစ်ပွားလာလျှင် သူတစ်ယောက်ပဲသာတိုက်လိုပေသည်။ ယူချင်းသည် ဝင်ပါရန် မလိုပေ။

“ဒီမှာ... အရှင်ဒွန်ဟောင်ကိုယ်တိုင် ရောက်မလာရင် ငါ့ကို လွယ်လွယ်နဲ့ ဖမ်းလို့ရမှာမဟုတ်ဘူး”

ရီဖူရှင်းသည် အမှန်တရားတစ်ခုကို ပြောလိုက်သည်။ ယူချင်းသည် သူ့ကိုကြည့်၍ တဒင်္ဂမျှ တုံဏိဘာဝေဖြစ်နေပြီးနောက် နောက်သို့ပြန်ဆုတ်သွားလေသည်။ နတ်ဆိုးလောကမှ ကျင့်ကြံသူများသည်လည်း ယူချင်းကို အနီးကပ်ကာကွယ်ပေးနေဆဲဖြစ်သည်။ နတ်ဆိုးလောကမှ ကျင့်ကြံသူများအတွက်မူ ရီဖူရှင်းသေခြင်း၊ ရှင်ခြင်းသည် သူတို့နှင့် မဆိုင်ပေ။

ထို့အပြင် သူတို့သည် ယူချင်း၏ ညီနောင် မည်မျှအစွမ်းရှိသည်ကို အမှန်ပင် စပ်စုလိုကြသည်။

ယူချင်းနှင့် အခြားသူများ နောက်ဆုတ်သွားသောအခါ ဘုရားကျောင်းအပေါ်ရှိ ကွန်ရက်မှအလင်းသည် ရုတ်တရက် လင်းလက်လာလေသည်။ ထို့နောက် ကောင်းကင်အလင်းများသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားကြပြီး အကန့်အသတ်မဲ့ကောင်းကင်အထက်ကိုပင် တက်သွားကြသည်။ မြင်ကွင်းသည် ရှေ့သို့ကျော်ခံနေရသကဲ့သို့ ပြောင်းလဲနေပုံပေါ်၏။ တိမ်များနှင့် လေများသည် ပေါင်းစည်း မြင့်တက်နေပြီး သဘာဝပြောင်းလဲမှုများကဲ့သို့ ပြုမူနေသည်။ နေမင်းနှင့် လမင်းသည်လည်း လျင်မြန်သောအရှိန်ဖြင့် ရွေ့လျားနေပြီး အတွေးတစ်ချက်မျှကြာချိန်အတွင်း ညအချိန်ကျရောက်လာလေသည်။

မိုးကောင်းကင်အထက်ရှိ ကြယ်တာရာများလင်းလက်နေသော အာကာပြင်သည် အသက်ဝင်လာသည်ဟုထင်ရပေသည်။ မရေမတွက်နိုင်အောင်များပြားသော ကြယ်တာရာများသည် မရေမတွက်နိုင်လောက်အောင်များပြားသော မျက်လုံးအစုံများကဲ့သို့ တလက်လက်တောက်ပနေသည်။ ကြယ်အလင်းများသည် အစစ်အမှန်လောကတစ်ခုအတွင်းမှာကဲ့သို့ ကျဆင်းနေလေသည်။ ထိုအရာကား စီဝေ့ကောင်းကင် အစစ်အမှန်ပင်။

ကြယ်အလင်းများသည် ရီဖူရှင်းပေါ်သို့ ကျဆင်းနေရာ သူ၏ ငွေဖြူရောင်ဆံသားများသည် ပို၍ပင် တောက်ပနေလေသည်။ သူ့အား ကောင်းကင်အလင်းများက လွှမ်းခြုံထား၏။ သူသည် ကြယ်တာရာများအောက်တွင် တိတ်တဆိတ်ရပ်နေသည်။

“ကျွန်တော် ကောင်းကင်ဒေသအတွက် ဆိုးကျိုးဖြစ်စေမယ့်ကိစ္စမျိုးကို တစ်ခါမှ မလုပ်ဖူးပါဘူး။ ပြီးတော့ ကျွန်တော်က မူလဘုံကို အမြဲကာကွယ်ခဲ့ပါတယ်။ မူလဘုံအတွက်တိုက်ခိုက်ဖို့ဆို ကျွန်တော်တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် မင်းသမီးက ကျွန်တော့်ရဲ့ ဆန္ဒမပါဘဲ ကျွန်တော်ကို ဖမ်းချုပ်ချင်သေးတယ်ဆိုရင်တော့ ကျွန်တော့်မှာ ပြန်ခုခံဖို့ကလွဲပြီး ရွေးစရာမရှိတော့ပါဘူး” ရီဖူရှင်းပြောလိုက်၏။

ထိုမြင်ကွင်းကိုကြည့်၍ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ရီဖူရှင်းကို ရင်းနှီးသူများ၏ နှလုံးသားထဲတွင် ပြင်းစွာသောဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရလေသည်။ အရာအားလုံးသည် ထိုအခြေအနေသို့ ကျရောက်သွားတော့မည်လော။

ရီဖူရှင်းသည် အမိန့်ကိုအာခံ၍ နန်းတော်ကို စစ်ကြေညာလိုက်သောအခါ မည်သို့ဆက်ဖြစ်လာမည်ဖြစ်ကြောင်းကို သူတို့သိကြလေသည်။

ထိုအပြုအမူသည် အခြေအနေကို နောက်ပြန်လှည့်၍မရသော အခြေအနေအဖြစ်သို့ တွန်းပို့နိုင်ပေသည်။

ကောင်းကင်ဒေသမှ ထိုအကြီးအကဲများသည် ရီဖူရှင်းကို အငြိုးအတေးထား,ထားကြသည်။ သူတို့သည် တိတ်တဆိတ် ဟန်လုပ်ပြုံးလိုက်ကြသည်။ ရီဖူရှင်းသည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာဖြစ်သည်။ အကယ်၍ သူ့ထံတွင် ထိုအရှုပ်အထွေးအတွင်းမှ လွတ်မြောက်နိုင်မည့် အခွင့်အရေးတစ်ခု ရှိခဲ့လျှင်လည်း သူသည်ယခုတွင် ထိုအခွင့်အရေးကို ဖြုန်းတီးပစ်လိုက်ပေပြီ။ သူသည် သေလမ်းရှာနေခြင်းသာ။

မိုးကောင်းကင်အထက်တွင် လှံအင်ပါယာတုယူနှင့် နန်းတော်မှ အခြားကျင့်ကြံသူများသည် အောက်ရှိ ရီဖူရှင်းကို အာရုံစိုက်ထားကြသည်။ သူတို့ကိုယ်‌ပေါ်သို့ ကောင်းကင်အလင်းများ တောက်ပစွာ ဖြာကျနေပြီး သူတို့သည် ကြောက်မက်ဖွယ်စူးရှသော အရှိန်အဝါများကို ထုတ်လွှတ်နေပေသည်။ တုယူ၏လက်အတွင်းရှိ လှံထိပ်မှထွက်ပေါ်နေသော အရှိန်အဝါသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလေသည်။ တုယူသည် ရီဖူရှင်းကို သနားသည့်အရိပ်အယောင် အနည်းငယ်ရှိနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။

‘ဒီပိုးကောင်လေးက သစ်ပင်ကြီးကို တကယ်လှုပ်ခါပစ်နိုင်မယ်လို့ထင်နေတာလား’

‘ရီဖူရှင်းက တကယ်ပဲ နန်းတော်နဲ့ စစ်ခင်းချင်နေတာလား’

သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ သူ့လက်ထဲရှိ လှံရှည်ကို အောက်သို့ တည့်တည့်မတ်မတ်ထိုးချလိုက်သည်။ ရုတ်ခြည်းဆိုသလိုပင် လှံရှည်သည် ကောင်းကင်နှင့် မြေကြီးကို ထွင်းဖောက်သွားပြီး ဟင်းလင်းပြင်မှနေ၍ အောက်သို့ကျဆင်းလာကာ ရီဖူရှင်းထံသို့ တန်းတန်းမတ်မတ်ဝင်သွားလေသည်။ ထိုလှံချက်သည် ဟင်းလင်းပြင်ကိုဖြတ်ကျော်ကာ ရီဖူရှင်းကို သတ်ဖြတ်ပစ်တော့မည့်ပုံစံကဲ့သို့ပင်။

ရှဲ...

သို့သော် ထိုအခိုက်တွင် ဟင်းလင်းပြင်အထက်ရှိ အကန့်အသတ်မဲ့ ကြယ်တာရာအလင်းရောင်များသည် အောက်သို့ဖြန့်ကျက် ကျဆင်းလာ၏။ ထိုအလင်းများသည် ရီဖူရှင်း၏ရှေ့သို့ တိုက်ရိုက်ကျဆင်းသွားပြီး ကြယ်တာရာအလင်းမျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ လှံအင်ပါယာ၏ လှံရှည်သည် ထိုအလင်းမျက်နှာပြင်ပေါ်သို့ ကျဆင်းသွား၏။ အလင်းမျက်နှာပြင်သည် လှံချက်ကို ကာပေးလိုက်သည်။ အလင်းမျက်နှာပြင်သည် လွန်စွာပြောင်မြောက်ပေရာ ရမ်ဟွမ်ထိပ်တန်းအဆင့်ရှိသူတစ်ဦး၏ တိုက်ခိုက်မှုများအားလုံးကို ကာကွယ်နိုင်လိုက်လေသည်။

ရီဖူရှင်းသည် ကြွက်သားတစ်မျှင်ပင် မလှုပ်ဘဲ ထိုနေရာ၌သာဆက်၍ရပ်နေသည်။ သူသည် သူ့ကိုယ်သူ အပြည့်အဝယုံကြည်မှုရှိနေသကဲ့သို့ပင်။

ကောင်းကင်ပေါ်မှနေ၍ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကျဆင်းလာရာ လှံအင်ပါယာသည်ပင် အတန်ငယ် စိုးရိမ်မိသွားလေသည်။ ကြယ်တာရာအလင်းရောင်သည် စီဝေ့ကောင်းကင်တစ်ခွင်လုံးကို အလင်းပေးနေ၏။ သူသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်အရှိန်အဝါတစ်ခု ဆင်းသက်လာနေကြောင်း တွေ့လိုက်ရ၏။ မရေမတွက်နိုင်အောင် များပြားသောကြယ်တရာများသည် ကြီးမား၍ အကန့်အသတ်မဲ့သော မျက်နှာကြီးတစ်ခုအဖြစ် ပြောင်းလဲ့သွား၏။ ထိုမျက်နှာကား သူတော်စင်တစ်ပါး၏ မျက်နှာပင်။

ထိုသူတော်စင်သည် အရှင်စီဝေ့ဖြစ်လေသည်။

“ဒါက ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ပဲ”

ကောင်းကင်ဒေသမှ ကျင့်ကြံသူအားလုံးသည် ယခုတွင် လောကကြီးသည် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်၏လောကနှင့် တစ်ထပ်တည်းကျသွားသကဲ့သို့ ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်ကြသည်။

သူတို့သည် အတော်လေးအံ့အားသင့်နေကြ၏။

‘အခု စီဝေ့ကောင်းကင်တစ်ခုလုံးက မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအားတွေရဲ့ လွှမ်းခြုံတာကို ခံထားရတာလား’

ထိုကြယ်တာရာများလင်းလက်နေသော ကောင်းကင်လောကသည် စီဝေ့ကောင်းကင်ဖြစ်လေသည်။

ရီဖူရှင်းသည် စီဝေ့အရှင်၏ဝိညာဉ်စွမ်းအားများကိုလည်း အမွေဆက်ခံခဲ့ရပြီး ကြယ်တာရာကောင်းကင်ကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ရရှိခဲ့လေသည်။ သူသည် စီဝေ့အရှင်၏ဝိညာဉ်စွမ်းအားများကို နိုးနိုင်စွမ်းရှိပြီး ကြယ်တာရာများကို ရွှေ့ပြောင်း၍ ကောင်းကင်နှင့် မြေကြီးတွင် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်လေသည်။

စီဝေ့ကောင်းကင်ထဲတွင် ရီဖူရှင်းသည် ၎င်း၏ စစ်မှန်သောဆရာသခင်ဖြစ်ပေသည်။

ရှဲ...

ထိုအခိုက်တွင် ကောင်းကင်ပေါ်ရှိ ကြယ်တစ်ပွင့်သည် ကြောက်မက်ဖွယ်ကြယ်အလင်း တောက်ပလာလေသည်။ ၎င်းသည် လှံအင်ပါယာတုယူကို တိုက်ရိုက်ချိန်ရွယ်ထားသည်။ တုယူသည် ‌တောက်ပနေသော ကြယ်တစ်ပွင့်သည် ကြောက်မက်ဖွယ်ကြယ်အလင်းကို ထုတ်လွှတ်ကာ သူ့ထံသို့ ဦးတည်ပစ်လွှတ်လိုက်သည်ကို မြင်လိုက်ရသောအခါ မျက်နှာထား အနည်းငယ်ပြောင်းလဲသွားလေသည်။ ၎င်းသည် အင်ပါယာကြယ်ပင်။

သူသည် သူ၏လက်ထဲရှိ လှံရှည်ကို မြှောက်လိုက်ပြီး ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်သွား၏။ လှံရှည်သည် ရှေ့သို့ထိုးဖောက်သွားသောအခါ ကြယ်တာရာကောင်းကင်မှ ကျဆင်းလာသော အလင်းကို ခုခံရန် ကောင်းကင်အလင်းများကို အဆုံးမရှိ ထုတ်လွှတ်လိုက်သည်။

အလင်းတန်းနှစ်ခု တိုက်မိသွားသောအခါ လှံရှည်၏ဝိညာဉ်စွမ်းအားသည် လွင့်ပါးပျောက်ကွယ်သွားသည်။ ကြောက်မက်ဖွယ်အရှိန်အဝါသည် ၎င်း၏လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးကာ အောက်သို့ဆက်လက်ကျဆင်းလာ၏။ လှံအင်ပါယာသည် ၎င်းကြောင့် လွင့်ထက်သွားလေသည်။ သူ၏ခန္ဓာကိုယ်သည် လေထဲသို့ ဝဲပျံထွက်သွား၏။

ဝုန်း...

သူ၏ခန္ဓာကိုယ်သည် မြေပေါ်သို့ ပြင်းပြင်ထန်ထန် ကျသွား၏။ တုယူ၏ခန္ဓာကိုယ်သည် မြေကြီးအတွင်းသို့ နက်နက်ရှိုင်းရှိုင်းနစ်ဝင်သွားပြီဖြစ်သဖြင့် ၎င်းကို မြေပေါ်ရှိ မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။

All Chapters