ဖုန်းရူ
Vol. 168 Ch. 2398
ကြည့်နေသောလူအားလုံးသည် ဖြစ်ပျက်သွားသောအရာများကြောင့် အံ့အားသင့်သွားသည်။ ရီဖူရှင်းသည် တိုက်ခိုက်ရန် ကြယ်တာရာကောင်းကင်ကို ထုတ်သုံးခဲ့သည်။ ကောင်းကင်ပေါ်ရှိ ကြယ်တာရာများအားလုံးသည် သူ၏တိုက်ရိုက်အမိန့်အောက်တွင်ရှိပုံပေါ်လေသည်။ မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားသည် သူ၏ဝိညာဉ်စွမ်းအားဖြစ်နေပေပြီ။
ရီဖူရှန်းသည် ယခင်က ကြယ်တာရာကျင့်ကြံခြင်းနန်းတော်မှ အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကို ဆက်ခံခဲ့ပြီး ထိုဝိညာဉ်စွမ်းအားကို မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားနှင့် အလုံးစုံပေါင်းစည်းခဲ့သည်။
လှံအင်ပါယာတုယူနှင့် ကောင်းကင်ဒေသအင်ပါယာနန်းတော်မှ ကောင်းကင်စစ်သူကြီးတစ်ဦးတို့သည် တစ်ချက်ပင်မလှုပ်ရှားခဲ့သော ရီဖူရှင်းဆင့်ခေါ်လိုက်သည့် ကြယ်အလင်းကြောင့် မြေကြီးထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။ ထိုကောင်းကင်အောက်တွင် သူသည် ဤစကြဝဠာ၏အရှင်သခင်ကဲ့သို့ထင်ရပြီး သူ၏အာဏာကိုမည်သူမှ မလုယူနိုင်ပေ။
‘ဒါက မဖြစ်နိုင်တာပဲ’
လူအများအပြားသည် ထိုကဲ့သို့တွေးတောလိုက်ကြ၏။ အဝေးရှိ ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများသည် အံ့အားသင့်စွာ ကြည့်ရှုနေကြသည်။ တစ်ဖက်တွင် တုန်းဟွာကုန်းမြေအိမ်တော်မှ ကျင့်ကြံသူများသည် စုရုံးနေပေပြီ။ နင်ယွမ်၏ မျက်လုံးများသည် ထိုနေရာတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ရီဖူရှန်းကို အာရုံစိုက်ကြည့်လိုက်သည်။ ရီဖူရှင်းသည် အင်ပါယာနန်းတော်ကို စစ်ကြေညာခဲ့သဖြင့် ဖောင်ဖျက်လိုက်ပြီဖြစ်ပြီး၊ ကိုယ့်သေတွင်းကိုယ်တူးမိသွားပြီဖြစ်သည်။
သူသည် ကောင်းကင်ကို ထိန်းချုပ်နိုင်သည်ဆိုလျှင်လည်း အရေးမပါတော့ပေ။ သူ့ရှေ့ရှိ လူများသည် ကောင်းကင်ဒေသမှ ထိပ်သီးများသာမဟုတ်တော့ဘဲ ကောင်းကင်ဒေသတစ်ခုလုံးကို အုပ်စိုးသော အင်အားစုများလည်း ပါဝင်လာခဲ့ပြီဖြစ်သည်။
အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားသည် အစွမ်းကြီးနိုင်သော်လည်း သူသည် နန်းကျခဲ့သော မဟာအင်ပါယာတစ်ပါးသာဖြစ်လေသည်။ ယခုတွင် အရှင်ဒွန်ဟောင်သည်သာ ကောင်းကင်ဒေသတစ်ခုလုံးကို အုပ်စိုးသူဖြစ်လေသည်။
ဟင်းလင်းပြင်အတွင်းရှိ ကောင်းကင်စစ်သူကြီးများသည် သူတို့ကိုယ်ပေါ်တွင်တောက်ပနေသော ကောင်းကင်အလင်းများကြောင့် လွန်စွာတောက်ကြွားနေကြပြီး ကြောက်မက်ဖွယ်အရှိန်အဝါများကိုလည်း ထုတ်လွှတ်နေကြသည်။ သူတို့၏ စူးရှသောအကြည့်များသည် ရီဖူရှင်းပေါ်သို့ ကျရောက်နေသော်လည်း သူတို့သည် သူ့ကိုမတိုက်ခိုက်သေးပေ။ တုယူသည် တစ်ချက်တည်းဖြင့် ရှုံးသွားသည်ဖြစ်ရာ သူတို့သည်လည်း တုယူထက်ပို၍သာလိမ့်မည်ဟု မထင်ကြပေ။ သူတို့၏ကံကြမ္မာသည်လည်း တုယူကဲ့သို့ပင် ဖြစ်သွားနိုင်လေသည်။
ဤလောကတွင် ထိပ်သီးကျင့်ကြံသူများသာ ရီဖူရှင်းကို အနိုင်ယူနိုင်မည့်အစွမ်းရှိပေလိမ့်မည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများသည် သူတို့ရှေ့ရှိမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်းသာမသွားဘဲ အသည်းလှိုက်အူလှိုက်ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရလေသည်။ ဂူတုံးလျှိုသည် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်အတွင်းတွင် သူ၏ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ရန် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း အားစိုက်ကျင့်ကြံနေခဲ့လေသည်။ သို့သော် သူသည် ယနေ့အခြေအနေနှင့် ရင်ဆိုင်ရသောအခါတွင် အစွမ်းမဲ့နေဆဲသာဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာကလည်း သူတို့၏ဆရာဒူသည် ဤကဲ့သို့ပင် ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ယခုတွင် သူ၏ညီလေးသည် ကောင်းကင်ဒေသမှ ထိုအင်အားစုများနှင့် ရင်ဆိုင်ရသောအခါ ပြန်လည်တိုက်ခိုက်ရန် အစွမ်းရှိနေပြီဖြစ်သည်။ ထို့ပြင် သူသည် ပြန်လည်ခုခံနိုင်အောင်အထိ ရဲရင့်ခဲ့သည်။ ထိုသို့ခုခံတိုက်ခိုက်ခြင်းသည် နတ်ဘုရားများ၏ တန်ခိုးအာဏာကို ထိပ်တိုက်စိန်ခေါ်သကဲ့သို့ပင်ဖြစ်သည်။
သူတို့၏ညီလေးသည် ဤအဆင့်အထိ ရောက်ရှိခဲ့ပြီဖြစ်ကြောင်းကိုသာ သူတို့၏ဆရာသိခဲ့ပါက လွန်စွာကျေနပ်အားရသွားမည်ဖြစ်သည်။ တစ်ဖက်က အင်ပါယာနန်းတော်သည်လည်း ဤကိစ္စကို အဆုံးသတ်ပေလိမ့်မည်။ သူသည် ထိုအကြောင်းကိုတွေးမိသောအခါ မည်သို့မှမဖြေဆည်နိုင်တော့ဘဲ အူလှိုက်သည်းလှိုက်ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရခြင်းပင်။
သူတို့သည် မည်သည့်ရန်သူမျိုးနှင့် ရင်ဆိုင်ရစေကာမူ အချိန်အလုံအလောက်သာရခဲ့လျှင် သူတို့၏ရန်သူအားလုံးကို အနိုင်ယူနိုင်လိမ့်မည်ဟု တစ်ချိန်က သူတွေးခဲ့မိသည်။ သို့သော် အရှင်ဒွန်ဟောင်ကဲ့သို့သော ရန်သူမျိုးဆိုလျှင် မည်သို့လုပ်ရမည်နည်း။
ယခုတွင် အရဲစွန့်ရုံသာရှိတော့လေသည်။ သူတို့ကို အချိန်မည်မျှပင်ပေးစေကာမူ လောကကြီး၏ အကျော်ဇေယျတစ်ဦးကို သူတို့ယှဉ်နိုင်မည်မဟုတ်ပေ။
“အရှင့်သမီး... ကျွန်တော် မတိုက်ခိုက်ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ရွေးစရာမရှိတော့တဲ့ပုံပဲ”
ရီဖူရှင်း ဘုရားကျောင်းအထက်သို့ ပျံတက်သွားပြီး မင်းသမီးဒွန်ဟောင်ကို ပြောလိုက်သည်။
“ဒီနေ့ဘာပဲဖြစ်လာဖြစ်လာ... ဘယ်လိုရလာဒ်ပဲထွက်ထွက်.. ကျွန်တော့်ရဲ့ အပြုအမူတွေအတွက် ကျွန်တော့်မှာပဲ တာဝန်ရှိပါတယ်။ ကျွန်တော့်ရဲ့ အပြုအမူကြောင့် တခြားဘယ်သူ့ကိုမှ မထိခိုက်စေလောက်ဘူးလို့ မျှော်လင့်ပါတယ်”
“ကောင်းပြီ” မင်းသမီးဒွန်ဟောင်သည် ရီဖူရှင်းကိုကြည့်၍ သူ၏တောင်းဆိုမှုကို သဘောတူလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ” ရီဖူရှင်း အတန်ငယ်ခေါင်းညိတ်ပြလိုက်သည်။
ရီဖူရှင်းပြောသည်ကို ကြားလိုက်သောအခါ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသည် သက်ပြင်းချလိုက်ကြသည်။ အကယ်၍ ရီဖူရှင်းသာ တစ်စုံတစ်ခုဖြစ်ခဲ့ပါက စီဝေ့အင်ပါယာနန်းတော်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်သည် ဤဒုက္ခသုက္ခများသောလောကကြီးထဲတွင် ရပ်တည်နိုင်လိမ့်မည်လော။
ယနေ့ကမ္ဘာကြီးသည် လုံးဝပရမ်းပတာဖြစ်နေလေသည်။ ထိုကဲ့သို့သော လောကကြီးများထဲတွင် စီဝေ့အင်ပါယာနန်းတော်ရှိ ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ကို မျက်စိကျနေသူ မည်မျှရှိမည်ကို မသိနိုင်ချေ။
ရီဖူရှင်းသာ မရှိတော့ပါက ကောင်းကင်အာဏာစက်ကျောင်းတော်၊ စီဝေ့ကောင်းကင်နှင့် စွန့်ပစ်ခံကလန်တို့ကြားမှ မဟာမိတ်ပြုခြင်းသည်လည်း ပျက်ဆီးသွားမည်ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့လျှင် သူတို့အတွက် ဘေးဒုက္ခများသာ ကျန်ခဲ့ပေလိမ့်မည်။
ထိုမဟာအင်အားစုကြီးများ ပေါင်းစည်းနိုင်ကာ ဤကဲ့သို့ပရမ်းပတာခေတ်တွင် တည်တည်ငြိမ်ငြိမ် ရပ်တည်နိုင်ခဲ့ခြင်းမှာ ရီဖူရှင်းသည် အရေးပါသောအခန်းကဏ္ဍတွင် ဝင်ရောက်ထမ်းရွက်ခဲ့၍ဖြစ်ပေသည်။
“သူ့ကိုခေါ်သွားတော့” မင်းသမီးဒွန်ဟောင်သည် အေးစက်စက် အမိန့်ပေးလိုက်၏။ ရုတ်ခြည်းပင် သူမအနောက်မှ လွန်စွာစွမ်းအားကြီးသောသူများသည် ရှေ့သို့ထွက်လိုက်ကြသည်။ သူတို့ကိုယ်ပေါ်ရှိ အရှိန်အဝါများသည် လွန်စွာ အံ့အားသင့်ဖွယ်ကောင်းလေသည်။ ထိုနေရာတွင် လောကအားလုံးမှ လူများရှိနေသဖြင့် ဤအကြိမ်တွင် ကောင်းကင်ဒေသထုတ်ဖော်ပြသသော အင်အားများသည် ပို၍များပြားပေသည်။ မူလဘုံသည် ကောင်းကင်ဒေသ၏တစ်စိတ်တစ်ပိုင်းပင် မဟုတ်ပါလော။
ရီဖူရှင်းသည် ထိုကြောက်မက်ဖွယ်အရှိန်အဝါများကို ခံစားမိလိုက်သောအခါ တွေးတောလိုက်သည်။
‘ကောင်းကင်ဒေသရဲ့ အင်ပါယာနန်းတော်မှာ စွမ်းအားကြီးတဲ့လူတွေ ဘယ်နှစ်ယောက်တောင်ရှိတာလဲ’
ရီဖူရှင်းထံမှ အလင်းတန်းတစ်ခု တောက်ပသွား၏။ ထို့နောက် သူ၏ပုံရိပ်သည် သူရပ်နေသောနေရာမှ ပျောက်ကွယ်သွားလေသည်။ လူအများအပြားသည် ကောင်းကင်သို့မော့ကြည့်လိုက်ကြရာ မိုးကောင်းကင်ထက်တွင် ရီဖူရှင်း၏ပုံရိပ် ပေါ်လာသည်ကို တွေ့လိုက်ကြရသည်။ သူသည် ကြယ်တာရာကောင်းကင်လောကနှင့် ပေါင်းစည်းသွားသည်ဟုထင်ရပြီး သူ့အနောက်တွင် ပြိုင်ဘက်ကင်းတစ်ဦး၏ ပုံရိပ်ပေါ်လာလေသည်။ ထိုပုံရိပ်ကား အရှင်စီဝေ့၏ ဝိညာဉ်ပင်။
ကောင်းကင်စွမ်းအား ဆင်းသက်လာပြီး စီဝေ့ကောင်းကင်တစ်ခွင်လုံးမှ ဖိအားများလွှမ်းခြုံနေရာ လေထုအတွင်းရှိ ကြောက်မက်ဖွယ်အရှိန်အဝါများသည် အထွတ်အထိပ်သို့ရောက်လာလေသည်။
ထိုအခိုက်တွင် စီဝေ့ကောင်းကင်နှင့် ကြယ်တာရာလောကများထဲတွင် မရေမတွက်နိုင်အောင်များပြားသော သတ္တဝါများသည် ခေါင်းမော့၍ မိုးကောင်းကင်သို့ကြည့်လိုက်ကြ၏။ သူတို့သည် ကောင်းကင်စွမ်းအားကိုခံစားမိလိုက်သဖြင့် လွန်စွာတုန်လှုပ်သွားလေသည်။ သူတို့သည် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း တွေးတောနေကြ၏။
“အရှင့်သမီး... ကျွန်တော် အင်ပါယာနန်းတော်နဲ့ မတိုက်ခိုက်ချင်ဘူးဆိုတာ ထပ်ပြောပါရစေ။ ဒါပေမဲ့ မင်းသမီးက ဒီကိစ္စကို လက်လျှော့ဖို့ငြင်းဆန်တယ်ဆိုရင်တော့ ကျွန်တော် ကြယ်တာရာကောင်းကင်ကိုသုံးပြီး တိုက်ရပါလိမ့်မယ်။ စီဝေ့အင်ပါယာနန်းတော်ရဲ့ အရင်အရှင်က ကြယ်တာရာကောင်းကင်အောက်မှ ကျဆုံးသွားတာဆိုတာ အရှင့်သမီးလည်းသိလောက်မှာပါ”
မိုးကောင်းကင်အထက်တွင် မဟာနတ်ဘုရားတစ်ပါးကဲ့သို့ အာဏာစက်ပြင်းသည့် အသံတစ်ခုထွက်ပေါ်လာသည်။
စီဝေ့အင်ပါယာနန်းတော်၏ ယခင်ကနန်းတော်အရှင်သည် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားကို သိမ်းယူရန် ကြံစည်ခဲ့သဖြင့် ရီဖူရှင်းသည် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားကိုသုံး၍ သူ့ကို ထိုနေရာတွင်ပင် သတ်ပစ်ခဲ့သည်။ ထို့နောက် ရီဖူရှင်းသည် စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်အရှင်ရာထူးကို ရရှိခဲ့လေသည်။ ထိုအဖြစ်အပျက်ကို ကောင်းကင်ဒေသမှ ကျင့်ကြံသူအများအပြား မြင်ခဲ့ပေသည်။ အင်ပါယာနန်းတော်သည်လည်း ထိုအဖြစ်အပျက်ကို ကြားဖူးထားလောက်ပေမည်။
အကယ်၍ ရီဖူရှင်းသာ အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကို သုံးခဲ့ပါက သူ၏စွမ်းအားသည် ထိုစဉ်ကစွမ်းအားနှင့် တူပေလိမ့်မည်။ မဟာအင်ပါယာတစ်ပါး၏ စွမ်းအားဖြင့်ဆိုလျှင် သူ့ကို မည်သူမှ ယှဉ်ပြိုင်နိုင်မည်မဟုတ်ချေ။
ရီဖူရှင်းသည် ယုံကြည်မှုအပြည့်ဖြင့် ယူချင်းနှင့် အခြားသူများကို နောက်ဆုတ်ရန်ပြောခဲ့ခြင်းသည် အံ့ဩစရာမဟုတ်တော့ပေ။
ကြယ်တာရာကောင်းကင်အောက်ရှိ ရီဖူရှင်းသည် အရှင်ဒွန်ဟောင်မှလွဲ၍ အခြားမည်သူ့ကိုမှ မကြောက်ပေ။
ကြယ်တာရာကောင်းကင်အောက်တွင် အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် အတန်ငယ် ချီတုံချတုံဖြစ်နေကြသည်။ သူတို့သည် မူလဘုံအတွင်းတွင် ရန်ဟောင်အဆင့်ခုနှစ်ရှိသောသူတစ်ဦး၏ ဟန့်တားမှုကို ခံရလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
ထိုအချိန်တွင် မင်းသမီးဒွန်ဟောင်၏နောက်တွင် တိတ်တဆိတ်ရပ်နေသူတစ်ဦးသည် ရှေ့သို့ထွက်လာလေသည်။ သူသည် ခေါင်းဆောင်းပါသည့် ဝတ်ရုံကိုဝတ်ဆင်ထား၏။ သူသည် ခေါင်းဆောင်းကို ချွတ်၍ ခေါင်းအတန်ငယ်မော့ကာ အထက်ရှိ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
သူသည် အသက်လေးဆယ်မကျော်လောက်သေးသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ရည်မွန်၍ ပညာရှင်ဆန်သော စရိုက်အမူအယာရှိ၏။ သူထံမှ မည်သည့်ခက်ထန်မှုမှ ထွက်ပေါ်မနေပေ။ ထိုအစား သူသည် ဖော်ရွေ၍ ဘက်မလိုက်ပုံ ပေါ်နေလေသည်။ အစောပိုင်းက သူသည် ကောင်းကင်ဒေသမှအခြားသူများကဲ့သို့ မင်းသမီး၏နောက်တွင် တိတ်တဆိတ်ရပ်နေခဲ့သည်။ သူ၏ မထင်မရှားပုံစံကြောင့် သူ့ကိုမည်သူမှ အာရုံမစိုက်ကြပေ။
သို့သော် သူရှေ့သို့ထွက်လာပြီး ကြယ်တာရာကောင်းကင်အောက်တွင် ရပ်လိုက်သောအခါ လူအားလုံးသည် သူ၏ထူးခြားသောစရိုက်အမူအကျင့်များကို ခံစားမိသွားကြသည်။ သူသည် လောကကြီး၏ဆရာသခင်တစ်ပါးကဲ့သို့ ရပ်နေလေသည်။
“သူကဘယ်သူလဲ”
ကောင်းကင်ဒေသမှ ရန်ဟောင်အဆင့်ကျင့်ကြံသူအများအပြားသည် ထိုလူကို မသိကြပေ။ သို့သော် အခြားလောကများမှ ထိပ်သီးအချို့သည် ထိုရည်မွန်၍ ပညာရှိပုံပေါ်သောအမျိုးသားက မည်သူဖြစ်ကြောင်း ခန့်မှန်းမိလိုက်ကြသည်။ သူသည် မင်းသမီးဒွန်ဟောင်ကို ကာကွယ်နေသူတစ်ဦးဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့အံ့အားသင့်သွားကြသည်။
ယူချင်း၏ဘေးရှိ နတ်ဆိုးအိုတွမ့်ထျန်းသည် ထိုအသက်လတ်ပိုင်းအမျိုးသားကို မြင်လိုက်သောအခါ တီးတိုးရေရွတ်လိုက်သည်။
“ဖုန်းရူ”
ထိုသူသည် အရှင်ဒွန်ဟောင်ပင် မထင်ရှားသေးသော ခေတ်ကတည်းက တည်ရှိခဲ့သော ပညာရှင်တစ်ဦးဖြစ်လေသည်။
“သူကဘယ်သူလဲ” ယူချင်းသည် နတ်ဆိုးအိုတွမ့်ထျန်းကို မေးလိုက်သည်။ သူသည် နတ်ဆိုးအိုတွမ့်ထျန်း၏ မျက်လုံးများအတွင်းမှ အရိပ်အယောင်ကိုကြည့်၍ ထိုအမျိုးသား၏ အရေးပါပုံကို သိသိသာသာခံစားနေရပေသည်။
“သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို မဟာအင်ပါယာထက် တစ်ဆင့်ပဲနိမ့်တဲ့ အထွတ်အထိပ်အဆင့်အထိ ရောက်အောင်ကျင့်ကြံဖို့ နှစ်ထောင်ပေါင်းများစွာ ကြာခဲ့မှာပဲ။ သူက အင်ပါယာအဆင့်ကို ရောက်နိုင်ချေအရှိဆုံးလူတစ်ယောက်ပဲ။ အခု နှစ်ပေါင်းများစွာကြာခဲ့ပြီဆိုတော့ ကောင်းကင်လမ်းစဉ်အတားအဆီးကြောင့်သာမဟုတ်ရင် သူက အင်ပါယာအဆင့်ကိုရောက်ဖို့ တော်တော်လေးနီးစပ်နေလောက်ပြီ...” နတ်ဆိုးအိုတွမ့်ထျန်းရှင်းပြလိုက်လေသည်။