← Chapters

အင်ပါယာအဆင့်ထက် တစ်ဆင့်သာနိမ့်သောသူ

Vol. 168 Ch. 2399

အင်ပါယာအဆင့်ထက် တစ်ဆင့်သာနိမ့်သောသူ

Vol. 168 Ch. 2399

ရီဖူရှင်း အောက်ကိုငုံ့ကြည့်လိုက်ရာ ဖုန်းရူသည် ကောင်းကင်ပေါ်သို့ ပျံတက်လာသည်ကိုတွေ့လိုက်ရသည်။ သူသည် ကောင်းကင်ထက်တွင် တိတ်တဆိတ်ရပ်နေ၏။ သူ့ကို ကောင်းကင်အလင်းများက ဝန်းရံထားလေသည်။ သူရပ်နေသောနေရာမှ တောက်ပသောပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် လောကကြီးတစ်ခုကို ချုံ့ထားသည့် ခံ့ညားတောက်ပသော မြင်ကွင်းတစ်ခုဖြစ်သည်။

“လောကမြင်ကွင်းကျယ် ”

လူအားလုံးသည် ခေါင်းမော့၍ ဖုန်းရူ၏ပတ်ပတ်လည်ကို ကြည့်လိုက်ကြသည်။ ထွက်ပေါ်လာသော မြင်ကွင်းကျယ်သည် ၎င်းဘာသာ ထင်ထင်ရှားရှား သီးခြားတည်ရှိနေသည်။ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးတို့၏စွမ်းအားများသည် ထိုမြင်ကွင်းကျယ်အတွင်းသို့ အရှိန်အဟုန်ပြင်းစွာ စီးဝင်နေလေသည်။ လောကမြင်ကွင်းကျယ်သည် ပြင်ပလောကမှ မဟာလမ်းစဉ်၏စွမ်းအားများကိုစုပ်ယူ၍ ထိုစွမ်းအားများကို ၎င်း၏လောကအသေးလေးထဲတွင် ပေါင်းစည်းကာ အသုံးပြုနိုင်စွမ်းရှိသော ပို၍အဆင့်မြင့်သည့်လောကတစ်ခုပင်။

ဖုန်းရူသည် ထိုနေရာတွင် မယုံနိုင်‌လောက်အောင် တည်ငြိမ်အေးဆေးစွာ တိတ်တဆိတ်ရပ်နေလေသည်။ သူသည် ထိုနေရာတွင် ပေါ့ပေါ့ပါးပါးရပ်နေသော်လည်း ဤစကြဝဠာ၏အရှင်သခင်တစ်ပါးသဖွယ်ရှိနေပြီး  ကောင်းကင်များ၏ စွမ်းအားများသည် သူ၏ထိန်းချုပ်မှုအောက်တွင်ရှိကြောင်း ထင်ရှားပေသည်။

“ကြည့်ရတာ ဖုန်းရူက အဲ့အဆင့်ကိုတောင် လေ့လာကျင့်ကြံနေပြီထင်တယ်။ သူ့ရဲ့ ခံ့ညားတောက်ပတဲ့ မြင်ကွင်းက အခုပိုတိုးတက်လာပြီး ကိုယ်ပိုင်လောကတစ်ခုကို ဖန်ဆင်းနိုင်လာပြီ။ အဲ့လောကထဲက လောကစည်းမျဉ်းတွေက ပြင်ပလောကက မဟာလမ်းစဉ်စည်းမျဉ်းတွေထက်တောင် ပိုပြီးသာလွန်နေပြီ”

ထိပ်သီးကျင့်ကြံသူအချို့သည် ထိုမြင်ကွင်းကိုကြည့်၍ တိတ်တဆိတ် အံ့ဩချီးမွမ်းနေကြသည်။

ဖုန်းရူသည် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာကပင် ကျော်ကြားခဲ့သူတစ်ဦးဖြစ်သည်။ သူသည် နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် မဟာလောကကို လေ့လာ၍ ကောင်းကင်လမ်းစဉ်အတားအဆီးများကို ကျော်လွှားကာ အဆင့်တက်နိုင်မည့် နည်းလမ်းကိုရှာဖွေနေခဲ့လေသည်။ သူသည် အရှင်ဒွန်ဟောင်၏နောက်လိုက်အဖြစ် လိုလိုလျားလျား ထမ်းဆောင်ရန် သဘောတူခဲ့ပြီး အပြန်အလှန်အနေဖြင့် အရှင်ဒွန်ဟောင်သည် သူ့ကို ကျင့်ကြံခြင်းနှင့်ပတ်သတ်၍ လမ်းညွှန်ချက်အချို့ပေးရန် သဘောတူခဲ့ပုံရလေသည်။

ထိုသို့မဟုတ်လျှင် ဖုန်းရူကဲ့သို့ အစွမ်းကြီးမားသူတစ်ဦးသည် အရှင်ဒွန်ဟောင်၏ သမီးတော်ကို ကာကွယ်ကာ ကိုယ့်ကိုယ်ကို နှိမ့်ချနေရန်မလိုပေ။ ဖုန်းရူကဲ့သို့သောလူမျိုးသည် မဟာအဆင့်ကိုရောက်ရန် အားထုတ်ခြင်းမှလွဲ၍ အခြားကိစ္စများအတွက် ‌တောင်းဆိုရန်မလိုပေ။ သူ့အနေဖြင့် တစ်စုံတစ်ဦး၏အမိန့်ကိုနာခံကာ ဂုဏ်သိက္ခာရှိကိုယ်ရံတော်တစ်ဦးအဖြစ် ထမ်းဆောင်ရန် ပို၍ပင်မလိုအပ်ပေ။

သူ၏လက်ရှိအဆင့်မှနေ၍ အဆင့်ထက်တက်ရန်မှလွဲလျှင် အခြားအရာများသည် သူ၏စိတ်ကိုပြောင်းလဲနိုင်မည်မဟုတ်ပေ။

“သူက သူ့ရဲ့ကိုယ်ပိုင် လောကစည်းမျဉ်းတွေကို ဖန်တီးချင်လို့လား... ကောင်းကင်လမ်းစဉ်အတားအဆီးတွေကို ကျော်လွှားဖို့က ဘယ်လောက်တောင်ခက်ခဲလိုက်သလဲ။ လူတစ်ယောက် အဲ့ဒဏ္ဍာရီလမ်းစဉ်ပေါ်မှ ခြေချနိုင်ဖို့တောင် ဘယ်လောက်ခက်ခဲသလဲ”

လူအများအပြားသည် ထိုမေးခွန်းကို မေးလိုနေကြ၏။ အထူးသဖြင့် မဟာလမ်းစဉ်၏ ကောင်းကင်အပြစ်ဒဏ်ကို ကျော်လွှားနိုင်ခဲ့ပြီးသော လူများသည် ပို၍ပင် မေးလိုနေကြသည်။ သူတို့၏ရင်ထဲတွင် စိတ်ဝင်စားမှုများ၊ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေလေသည်။ ထိုကဲ့သို့သောအဆင့်ရောက်နေသူများကို အမှန်ပင်တပ်မက်လာအောင်လုပ်နိုင်သော အရာများသည် များများစားစားမရှိပေ။

ဖုန်းရူသည် အတန်ငယ် တိုးတက်လာပြီဖြစ်ကြောင်း သူတို့ သိသိသာသာခံစားနေရလေသည်။ သူ ထိုနေရာတွင်ရပ်နေရုံဖြင့်ပင် သူ့ပတ်ပတ်လည်ရှိ လောကသည် သူ၏အမိန့်ကိုနာခံနေရပုံပေါ်နေလေသည်။

မိုးကောင်းကင်ထက်ရှိ ရီဖူရှင်းသည် ဖုန်းရူ၏ အားကောင်းသော အစွမ်းများကို ခံစားလိုက်ရသည်။ ထိုအစွမ်းများသည် အစွမ်းအစစ်အမှန်ကိုမသိရသေးသော ဆရာ၏အစွမ်းများမှလွဲ၍ သူတွေ့ကြုံခဲ့ဖူးသည့်အစွမ်းများထဲတွင် အားအကောင်းဆုံးဖြစ်သည်။ သို့သော် သူရှေ့တွင်ရပ်နေသော ဖုန်းရူသည် သူ့အား အခြားသူများနှင့်လုံးဝကွဲပြားသော ခံစားချက်တစ်ခုကိုပေးနေလေသည်။ ၎င်းသည် လွန်စွာ စွမ်းအားကြီးပေသည်။

သို့သော် ရီဖူရှင်းသည် ထိုအချိန်တွင် သာမန်လောက၏ စည်းမျဉ်းများနှင့် မသက်ဆိုင်တော့ပေ။ စီဝေ့ကောင်းကင်ထဲတွင် သူသည် အရာအားလုံးကို ထိန်းချုပ်နိုင်သော ဆရာသခင်ဖြစ်သည်။ သူသည် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်ပြီး ကောင်းကင်ရှိ ကြယ်တာရာအားလုံးသည် သူ၏အမိန့်ကိုနာခံရလေသည်။

ကြယ်တာရာကောင်းကင်ထဲတွင် သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ထိုအခိုက်တွင် ဖုန်းရူက လှုပ်ရှားမှုတစ်ခုလုပ်လိုက်သည်ကို သူမြင်လိုက်ရ၏။ ဖုန်းရူသည် ကြယ်တာရာကောင်းကင်ဆီသို့ ပျံသန်းလာနေသည်။ ထိုကျယ်ပြောသောလောကကြီးသည် ဖုန်းရူကြောင့် ရုတ်တရက်တုန်ခါသွား၏။

ရီဖူရှင်းသည် အောက်သို့ငုံ့ကြည့်လိုက်ပြီး အတွေးများ ပြောင်းလဲသွား၏။ ကောင်းကင်ပေါ်မှ ကြယ်တာရာများ ဝန်းရံထားသော ဖိအားတစ်ခု ရုတ်တရက်ထွက်ပေါ်လာ၏။ ထိုဖိအားသည် တစ်ချိန်တည်းမှာပင် ဖုန်းရူထံသို့ ကျဆင်းသွားသည်။ မရေမတွက်နိုင်လောက်အောင်များပြားသော ကြယ်တာရာအလင်းတန်းများ ကျဆင်းလာသောမြင်ကွင်းသည် အံ့အားသင့်ဖွယ်ကောင်းပေသည်။ ကြယ်တာရာအလင်းတန်းတိုင်းတွင် လမ်းစဉ်အရှိန်အဝါများ ပါလာလေသည်။

ရှဲ...

ကြယ်တာရာအလင်းများသည် ဖုန်းရူရှိနေသောနေရာသို့ ကျဆင်းသွားသော်လည်း သူ၏ လောကမြင်ကွင်းကျယ်အတွင်း ဖောက်မဝင်နိုင်ခဲ့ပေ။ ဖုန်းရူ၏ပတ်ပတ်လည်ရှိ လောကမြင်ကွင်းကျယ်သည် ချုံ့ထားသော လောကအစစ်အမှန်တစ်ခုကဲ့သို့ပင်။ ထို့ကြောင့် ကြယ်တာရာအလင်းများသည် ထိုလောက၏ အကာအကွယ်များကို မဖောက်ထွင်းနိုင်ဘဲ အတွင်းသို့မဝင်ရောက်နိုင်ခဲ့ချေ။

ပို၍ထိတ်လိန့်စရာကောင်းသည်မှာ ကောင်းကင်၏ စွမ်းအားများသည် ဖုန်းရူ၏ပတ်ပတ်လည်တွင် ကာရံနေပြီး သူဖန်တီးထားသော လောကမြင်ကွင်းကျယ်နှင့် ရောယှက်နေခြင်းပင်။

သူ၏အရှိန်သည်လွန်စွာလျင်မြန်ရာ လောကအတွင်းတွင်ရှိနိုင်သော အမြန်ဆုံးအလျင်၏ အဆုံးအစွန်အမြန်နှုန်းနီးပါးအထိ မြန်လေသည်။ သူကောင်းကင်ထက်သို့ တိုက်ရိုက်ပျံတက်သွားခြင်းကို သာမန်မျက်စိနှင့် မြင်နိုင်ရန် ခက်ခဲပေသည်။

အောက်ရှိ ကျင့်ကြံသူများသည် ဖုန်းရူ၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ချေ။ ကောင်းကင်ထက်တွင် တောက်ပနေသောကြယ်တာရာကောင်းကင်အတွင်းသို့ ဝင်သွားပြီဖြစ်သည့် ကြယ်တာရာများပြည့်နှက်နေသော အာကာပြင်ဆီသို့ ဦးတည်ပျံသန်းနေသည့် အလင်းတန်းတစ်ခုကိုသာ မြင်ရတော့သည်။

ရီဖူရှင်းသည် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကို ထုတ်သုံးထားသဖြင့် ကြယ်တာရာများပြည့်နှက်နေသော အာကာပြင်နှင့် ပေါင်းစည်းနိုင်စွမ်းရှိလေသည်။ ယခုတွင် ဖုန်းရူသည် ထိုကြယ်တာရာကောင်းကင်အတွင်းသို့ သွားရောက်ကာ ရီဖူရှင်းကို တိုက်ခိုက်ဖမ်းဆီးရန် ကြိုးစားလိုက်သည်။

မိုးကောင်းကင်ပေါ်တွင် အလင်းများပို၍ တောက်ပလာသည်ကို လူအားလုံးမြင်လိုက်ရ၏။ ထိပ်သီးကျင့်ကြံသူများသာ ကြယ်တာရာကောင်းကင်အတွင်း ဖြစ်ပျက်နေသည့် အခြေအနေကို မြင်နိုင်လေသည်။

ကောင်းကင်ပေါ်ရှိ ကြီးမားသော ဧရာမကြယ်တာရာများသည် ကြယ်တာရာအစစ်များကဲ့သို့ ရွေ့လျားနေကြသည်။ ထိုဧရာမကြယ်တာရာများသည် ဥက္ကာခဲကြီးများအဖြစ် ပြောင်းလဲသွားပြီး ဖုန်းရူကို ဖိချလိုက်လေသည်။ ဥက္ကာခဲကြီးများအဖြစ်ပြောင်းလဲသွားသော ကြယ်တာရာများမှ ထုတ်လွှတ်နေသော စွမ်းအားများသည် လွန်စွာကြောက်မက်ဖွယ်ကောင်းနေ၏။ တစ်ချိန်တည်းမှာပင် ဥက္ကာခဲအများအပြားသည် ဖုန်းရူနှင့် သူ၏လောကအသေးလေးပေါ်သို့ ကျဆင်းသွားကြလေသည်။

ဝုန်း...

ကောင်းကင်သည် ပြင်းထန်စွာ လှုပ်ခါနေ၏။ ဖုန်းရူသည် အပေါ်သို့ ခေါင်းမော့၍ ကြည့်လိုက်သည်။ ရုတ်ခြည်းပင် ကောင်းကင်၏ စွမ်းအားများသည် တုန်ခါလာပြီး သူနှင့်ရောယှက်သွားလေသည်။ သူသည် လက်ဖဝါးမြှောက်လိုက်ရာ ကောင်းကင်သည် တုန်ခါသွားသည်။ သူတစ်ချက်လှုပ်ရှားလိုက်တိုင်း မဟာလမ်းစဉ်၏ အနတ္တစွမ်းအားများ စုဝေးလာသည်။

သူ၏လက်ဟန်များသည် လောကြီးတစ်ခုလုံးအပေါ် သက်ရောက်မှုရှိနေသကဲ့သို့ပင်။ မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသော လူပေနည်း။ ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသူများနှင့် မဟာလမ်းစဉ်၏ ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်ခဲ့သူများပင် ထိုပြင်းထန်သောတုန်ခါမှုကို ခံစားလိုက်ကြရသည်။

လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက ကျော်ကြားခဲ့သူတစ်ဦး၏အစွမ်းသည် မည်မျှကြီးပေသနည်း။

လက်ညှိုးတစ်ချောင်းထောင်၍ ဟင်းလင်းပြင်သို့ ညွှန်ပြလိုက်သည့် ရိုးရှင်းသောလက်ဟန်လေးတစ်ခုသည်ပင် ကောင်းကင်တစ်ခုလုံးကို ရုတ်ခြည်းတုန်ခါသွားစေနိုင်လေသည်။ ကျဆင်းလာသော ဥက္ကာခဲများသည်လည်း တစ်ချိန်တည်းမှာပင် တိုက်ခိုက်ခံလိုက်ရသည်။ ကြယ်တာရာများအထက်တွင် အလင်းတန်းများ ပျံထွက်သွားကြသည်။

ဝုန်း...

ကောင်းကင်သည် ပြိုကျတော့မလိုပင် ထင်ရလေသည်။ အောက်ရှိလူများသည် ကြယ်တာရာများ ကြယ်တာရာများ ပေါက်ကွဲပျက်ဆီးသွားသည်ကိုကြည့်ကာ တုန်လှုပ်နေကြသည်။ ၎င်းတို့သည် စိတ်ကူးကြည့်၍ပင်မရနိုင်သော အားတစ်ခု၏ တိုက်ခိုက်မှုကို ခံလိုက်ရသကဲ့သို့ပင်။ ၎င်းတို့အားလုံးသည် တစ်ပြိုင်တည်း ပျက်ဆီးသွားလေသည်။ ဖုန်းရူထံသို့ ကျဆင်းလာသော ကြယ်တာရာမှန်သမျှသည် ပေါက်ကွဲပျက်ဆီးကာ အစိတ်စိတ်အမွှာမွှာဖြစ်သွားလေသည်။

“မယုံနိုင်စရာပဲ” လူအများအပြား၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။ သေမျိုးများသည် ထိုကဲ့သို့သောအစွမ်းကိုသုံးရန် ဖြစ်နိုင်‌လေသလော။

ကျင့်ကြံခြင်းအထွတ်အထိပ်သို့ ရောက်လာလျှင် ထိုကဲ့သို့ အားကောင်းသည့်ကြောက်မက်ဖွယ်စွမ်းအားမျိုးကို သုံးနိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားပေ။ ထိုသို့ဆိုလျှင် မဟာအင်ပါယာသည် မည်ကဲ့သို့သော မယုံနိုင်ဖွယ်စွမ်းအားမျိုးကို ပိုင်ဆိုင်ပေသနည်း။

ရီဖူရှင်းသည်ပင် ဖုန်းရူ၏အစွမ်းကြောင့် အံ့အားသင့်သွား၏။ သူသည် ကြယ်တာရားအများအပြား ပေါက်ကွဲပျက်ဆီးသွားသည်ကို မြင်လိုက်ရသောအခါ ကြယ်တာရာအားလုံးသည် အဆင်မပြတ်တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း သူရှင်းရှင်းလင်းလင်းသိသွားလေသည်။ ဖုန်းရူ၏ လက်ချောင်းအောက်တွင် ကောင်းကင်အားလုံးအတွင်းရှိ မဟာလမ်းစဉ်၏ စွမ်းအားများ ရောယှက်ပါဝင်နေပေသည်။ ထိုစွမ်းအားများသည် အဝေးရှိ ကြယ်တာရာများအားလုံးကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်လေသည်။

သူသည် ဤလောကအတွင်းရှိ မဟာလမ်းစဉ်စွမ်းအားများကို ထိန်းချုပ်နိုင်ပုံရလေသည်။

ရီဖူရှင်းသည် ထိုကဲ့သို့သော အံ့အားသင့်ဖွယ်စွမ်းအားမျိုးကို တစ်ခါမှ ကိုယ်တိုင်ရင်မဆိုင်ဖူးခဲ့ပေ။ သူသည် မဟာလမ်းစဉ်၏ ကောင်းကင်ပြစ်ဒဏ်ဒုတိယအဆင့်ကို ကျော်လွှားနိုင်ခဲ့သူများကိုပင် သတ်ဖြတ်ခဲ့သော်လည်း သူ၏အစွမ်းသက်သက်ကိုသာမှီခို၍ သတ်ဖြတ်ခဲ့ခြင်းမဟုတ်ပေ။ အရှင်စီဝေ့၏စွမ်းအားများကို အသုံးပြုခြင်းသည် သူ၏ကိုယ်ပိုင်စွမ်းအားများကို အသုံးပြုခြင်းနှင့် မတူညီပေ။ သူသည် ထိုအဆင့်ကိုမရောက်သေးသဖြင့် ထိုအဆင့်သို့ရောက်လျှင် မည်သို့ခံစားရမည်ကို အမှန်တကယ်နားမလည်ပေ။

ရီဖူရှင်းသည် ဖုန်းရူ၏ ကြီးမားသောစွမ်းအားကို မြင်လိုက်ရသဖြင့် သူသာ အရှင်စီဝေ့၏စွမ်းအားကို အသုံးမပြုလျှင် ဖုန်းရူကိုတားဆီးနိုင်မည်မဟုတ်ကြောင်း သဘောပေါက်သွားလေသည်။ ဖုန်းရူသည် အင်ပါယာအဆင့်သို့ ရောက်ခါနီးနေသူတစ်ဦးဖြစ်ပြီး မဟာအင်ပါယာထက် တစ်ဆင့်သာနိမ့်သောသူတစ်ဦးဖြစ်ပေသည်။

ရီဖူရှင်းသည် ထိုအကြောင်းကိုတွေးမိသောအခါ သူ၏ခံစားချက်များကို မထိန်းချုပ်နိုင်ဖြစ်သွားသည်။ ထိုအခိုက်တွင် ကောင်းကင်ရှိ ကြယ်တာရာများသည်  တစ်ပြိုင်တည်းလင်းလက်လာကြပြီး ကောင်းကင်စွမ်းအားဆင်းသက်လာလေတော့သည်။ အရှင်စီဝေ့၏ဝိညာဉ်ပုံရိပ်သည် ပို၍ထင်ရှားလာ၏။ မဟာအင်ပါယာသည် စတင်နိုးထလာပုံပေါ်လေသည်။ ၎င်းနှင့် ဆင်းသက်လာသော ကောင်းကင်စွမ်းအားတို့ တွဲဖက်လိုက်ရာ ဖုန်းရူသည်ပင် ဖိအားကို ခံစားလိုက်ရသည်။ သူသည် မဟာအင်ပါယာ၏ ဧရာမဝိညာဉ်ပုံရိပ်ကြီးကို ရင်ဆိုင်ရန် ခေါင်းမော့လိုက်လေတော့သည်။

All Chapters