← Chapters

အင်အားစုအမျိုးမျိုးမှ လျှောက်လဲချက်များ

Vol. 168 Ch. 2401

အင်အားစုအမျိုးမျိုးမှ လျှောက်လဲချက်များ

Vol. 168 Ch. 2401

ရီဖူရှင်း အောက်သို့ငုံ့ကြည့်လိုက်သည်။ အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားသည် ကောင်းကင်ကြယ်တာရာများအကြားတွင် ပုန်းခိုနေရာ ဖုန်းရူပြောသောစကားမှာမှန်ကြောင်း သူသိလေသည်။ သူသည် ထိုစွမ်းအားကို တိုက်ခိုက်ရာတွင် ငှားယူအသုံးပြုနိုင်သော်လည်း သူ၏အဆင့်သည် အတန်ငယ်နိမ့်နေသေးပေသည်။ သူ၏အဆင့်သည် ရန်ဟောင်အဆင့်ခုနစ်သာ ရှိသေးရာ ကောင်းကင်ကြယ်တာရာများ၏ စွမ်အားများကို ငှားယူအသုံးပြုခဲ့သော်လည်း အစစ်အမှန် မဟာအင်ပါယာ၏ စွမ်းအားနှင့် မယှဉ်နိုင်သေးပေ။

အမှန်တွင် သူသည် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအား၏ သုံးဆယ်ရာခိုင်နှုန်းကိုပင် ထုတ်မသုံးနိုင်ခဲ့ချေ။ ထိုသို့သာမဟုတ်လျှင် ဖုန်းရူသည် မဟာအင်ပါယာထက် တစ်ဆင့်သာနိမ့်သောသူဖြစ်သော်လည်း ရှုံးနိမ့်သွားမည်သာဖြစ်သည်။

ဖုန်းရူသည် မဟာအင်ပါယာနီးပါး စွမ်းအားကြီးလျှင်လည်း အရေးမကြီးပေ။ မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားများသည် ကောင်းကင်ကြယ်တာရာများထဲတွင် ကိန်းအောင်းနေပြီဖြစ်သည်။ ၎င်းတို့၏ ပေါက်ကွဲမှုပြင်းအားသည် မဟာအင်ပါယာ၏စွမ်းအား၏ တစ်စိတ်တစ်ပိုင်းနှင့် ညီမျှလေသည်။ ရီဖူရှင်းသည် ထိုအစွမ်းကို အပြည့်အဝ မထုတ်လွှတ်နိုင်လိုက်ခြင်းသာဖြစ်သည်။

ထိုသို့ဆိုသော်လည်း ဖုန်းရူ မည်မျှစွမ်းအားကြီးကြောင်းကိုမူ လူတိုင်းသိသွားကြပေပြီ။ ထိုကဲ့သို့ အားကောင်းသော တိုက်ခိုက်မှုသည်ပင် သူ၏လက်ချောင်းတစ်ချောင်းကိုသာ သွေးထွက်သွားစေလေသည်။ ထိုတိုက်ခိုက်မှုသည် သူ့ကိုတုန်လှုပ်မသွားစေသလို၊ သူ၏လမ်းစဉ်ခန္ဓာကိုယ်ကိုလည်း မထိခိုက်သွားစေပေ။

ထိုအခိုက်တွင် ဖုန်းရူ၏အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းနေဆဲပင်ဖြစ်ပြီး လောကအသေးလေးသည်လည်း သူ့ကို လှည့်ပတ်နေဆဲဖြစ်သည်။ ကောင်းကင်များ၏ မဟာလမ်းစဉ်အလင်းများသည် လောကအသေးလေးအတွင်းသို့ စီးဝင်ကာ ထိုလောကအသေးလေးနှင့် ရောယှက်နေပေသည်။ ထိုလောကအသေးလေးသည်း ကောင်းကင်ကြယ်တာရာများ၏ ကောင်းကင်စွမ်းအားနှင့် ဖက်ပြိုင်နေလေသည်။

မင်းသမီးဒွန်ဟောင်သည် ကောင်းကင်ထက်ရှိ ရီဖူရှင်းကိုကြည့်၍ ပြောလိုက်၏။

“ကျွန်မ ရှင့်ကို ခုနက အခွင့်အရေးပေးခဲ့သားပဲ... အခု ကျွန်မ ရှင့်ကို အခွင့်အရေးတစ်ခု ထပ်ပေးမယ်။ ကျွန်မနဲ့အတူ အင်ပါယာနန်းတော်ကို လိုက်ခဲ့... ရှင်က သူနဲ့တိုက်ရိုက်မဆက်နွယ်နေဘူးဆိုရင် ကျွန်မတို့ မျက်စိတစ်ဖက်မှိတ်ထားပြီး ရှင့်ကို အလွတ်ပေးလိုက်မယ်။ ဒါပေမဲ့ ရှင်သာ ဆက်ပြီးခေါင်းမာနေမယ်ဆိုရင်တော့...”

သူမသည် စကားစ ရပ်လိုက်၏။ သူမ၏မျက်လုံးများသည် အေးစက်သွားပြီး သူမ၏အရှိန်အဝါသည် ကြောက်မက်ဖွယ်စူးရှလာသည်။ ထို့နောက် သူမဆက်ပြောလိုက်သည်။

“ရှင် ဒီမှာပဲသေရမယ်”

သူမစကားပြောပြီးသွားသောအခါ သူမနောက်မှ လူအမြောက်အမြားထွက်လာ၏။ သူတို့၏ အားကောင်းသောအရှိန်အဝါများသည် အာကာကောင်းကင်များကိုပင် ချိုးနှိမ်နိုင်လေသည်။ သူတို့တစ်ဦးချင်းစီတိုင်းသည် ထိပ်သီးကျင့်ကြံသူများဖြစ်ပြီး သူတို့၏ကြောက်မက်ဖွယ်အရှိန်အဝါကို မိုင်ပေါင်းများစွာအဝေးကပင် အာရုံခံနိုင်ပေသည်။

ဖုန်းရူ ထပ်မံပျံတက်သွား၏။ သူ့ပတ်ပတ်လည်တွင် ကောင်းကင်အလင်းများ ဝန်းရံနေပြီး သူ၏စွမ်းအားအရှိန်အဝါသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။

ကောင်းကင်ဒေသမှကျင့်ကြံသူများ၏နှလုံးသားများ တုန်လှုပ်သွား၏။ မင်းသမီးဒွန်‌ဟောင်သည် ကောင်းကင်ဒေသ၏ မင်သမီးတစ်ပါးဖြစ်ပြီး အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသောသမီးဖြစ်သည်။ ရီဖူရှင်းသည် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်လျှင်လည်း မင်းသမီးနှင့်ယှဉ်နိုင်မည်မဟုတ်ပေ။ မင်းသမီးသည် သူ့ကို အင်ပါယာနန်းတော်သို့ လိုက်ခဲ့ရန်ခေါ်ကာ ထိုကိစ္စကိုရှင်းလင်းနိုင်မည့် အခွင့်အရေးပေးရန် စိတ်လိုလက်ရရှိသည်ကပင် သူကံကောင်းနေပြီဟု ဆိုနိုင်ပေသည်။ အကယ်၍ ရီဖူရှင်းသာ ထိုအခွင့်အရေးကို လက်မခံခဲ့ပါက သူသည် မင်းသမီးကို လိမ်ထားသည်ဆိုသော သဘောပင်။

ထိုသို့သာဆိုလျှင် သူမသည် သူ့ကို သတ်ပစ်မည်ဖြစ်သည်။ သူ့ကို အရှင်ထားရန်အကြောင်းမရှိပေ။ သူသည် အနာဂတ်တွင် သူမတို့ကိုသစ္စာဖောက်ကာ အခြားလောကများနှင့် ပူးပေါင်းသွားနိုင်ချေလည်းရှိပေသည်။

မင်းသမီးဒွန်ဟောင်၏စကားများသည် ရီဖူရှင်းကို ရန်ငြိုးထားနေသော ကောင်းကင်ဒေသမှ အင်အားစုများကို စိတ်ထဲတွင်ကြိတ်၍ပြုံးသွားစေလေသည်။ ရီဖူရှင်းသည် ယုံကြည်မှုလွန်ကဲလွန်းပေသည်။ သူသည် အင်ပါယာနန်းတော်နှင့်ပင် စစ်ပွဲစတင်ရဲ၏။ ထိုအရာသာ သေလမ်းရှာခြင်းမဟုတ်လျှင် မည်သည့်အရာသည် သေလမ်းရှာခြင်းပေနည်း။

ယခုတွင် ကောင်းကင်ဒေသရှိ မည်သည့်နေရာကမှ သူ့ကိုလက်ခံတော့မည်မဟုတ်ပေ။ ဤအကြိမ်တွင် သူသည် ကောင်းကင်ဒေသလက်မှ ပုန်းအောင်းရန် အာကာသအက်ကြောင်းများအတွင်းသို့ ထွက်ပြေးလျှင်လည်း အသုံးဝင်မည်မဟုတ်တော့ချေ။ ဤနေရာရှိ ကျင့်ကြံသူများသည် လောကများကို ဖြတ်သန်း၍ သူ့နောက်သို့လိုက်နိုင်ပေသည်။ ထို့ကြောင့် ရီဖူရှင်းတွင် လွတ်လမ်းမရှိတော့ပေ။ သူသာ ကောင်းကင်ဒေသမှ ထွက်ခွာသွားပါက ပို၍ပင် မြန်မြန်သေသွားမည်ဖြစ်သည်။ သူသာ အာကာကောင်းကင်များမှ စွမ်းအားများကို ငှားယူမသုံးထားလျှင် ဖုန်းရူနှင့်အဆင့်တူသည့် ကျင့်ကြံသူများသည် သူ့ကိုအလွယ်တကူ သတ်ပစ်နိုင်ပေသည်။ ဖုန်းရူသည် ရီဖူရှင်း၏အသက်ကို လက်ဖြောက်တစ်ချက်ဖြင့်ပင် နှုတ်ယူနိုင်စွမ်းရှိလေသည်။ သူတို့၏အဆင့်သည် များစွာကွာခြားလွန်းပေသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် စီဝေ့ကောင်းကင်မှ ကျင့်ကြံသူများ၏ မျက်နှာထားများ ပြောင်းလဲသွား၏။ သူတို့သည် မင်းသမီးဒွန်ဟောင်၏ သတ်ရန်အမိန့်ကိုကြားလိုက်သောအခါ မျှော်လင့်ချက်များ ပျက်သုဉ်းသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ရီဖူရှင်းအတွက် မျှော်လင့်ချက်မရှိတော့ပြီလော။

အခြေအနေများသည် အဘယ်ကြောင့် ဤသို့ဆိုးဝါးလာရသနည်း။

ယခုတွင် လမ်းကြောင်းတိုင်းသည် မျှော်လင့်ချက်မဲ့သောအခြေအနေကိုသာ ဦးတည်နေလေသည်။

အခြားလောကများမှ ကျင့်ကြံသူများသည် စိတ်ထဲမှကျိတ်၍ လှောင်ပြုံးပြုံးလိုက်ကြသည်။ ရီဖူရှင်းသည် ရုတ်တရက်ပေါ်လာပြီး သူ၏ပြိုင်ဘက်ကင်းပါရမီဖြင့် သူ့ကိုယ်သူနာမည်တစ်လုံးတွင်အောင် လုပ်ခဲ့လေသည်။ ထူးကဲသောပါရမီရှင်သည် ကောင်းကင်ဒေသမှ ထွက်‌ပေါ်လာပေတော့မည်ဟူ၍ပင် သူတို့ထင်ခဲ့မိလေသည်။ ထို့အရာသည် သူတို့အတွက် အန္တရာယ်တစ်ခုဖြစ်သည်။ အထူးသဖြင့် ယခင်က ရီဖူရှင်းနှင့် အကြိမ်များစွာ တိုက်ခိုက်ခဲ့ဖူးသော မှော်နက်လောကအတွက် ပို၍အန္တရာယ်များပေသည်။

ရီဖူရှင်း၏အထက်ရှိ ကောင်းကင်တွင် အားကောင်းသော အရှိန်အဝါတစ်ခု စတင်စုစည်းလာ၏။ အနက်ရောင်ကောင်းကင်အလင်းများသည်လည်း ထိုနေရာသို့ ဦးတည်ပျံ့နှံ့သွား၏။ ကောင်းကင်ဒေသအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် မျက်မှောင်ကြုတ်သွားကြသည်။ ထို့နောက်သူတို့သည် မှော်နက်လောကမှ ကျင့်ကြံသူများ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။ သူတို့သည် မှော်နက်နန်းတော်မှ ဖြစ်လေသည်။ ဦးဆောင်လာသော ကျင့်ကြံသူ၏ အရှိန်အဝါသည် အထူးကြောက်မက်ဖွယ်ကောင်းပေသည်။ ထိုသူသည်လည်း ထိပ်သီးကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူသည် တစ်ကိုယ်လုံး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ်အရှိန်အဝါများသည် သူ့ကိုဝန်းရံထားသည်။

မင်းသမီးဒွန်ဟောင်သည် ထိုသူများကို ကြည့်လိုက်သည်။

‘မှော်နက်လောက,ကလူတွေက ဒီမှာဘာလုပ်နေတာလဲ’

“အရှင်ဒွန်ဟောင်က ခေတ်တစ်ခေတ်ရဲ့ ပါရမီရှင်ပါ... သူ့ခေတ်မှာ သူနဲ့ယှဉ်နိုင်တဲ့ ပြိုင်ဘက်မရှိခဲ့ပါဘူး။ သူက ကောင်းကင်ဒေသကို စည်ပင်ဝပြောအောင် လုပ်ပေးခဲ့တာပါ... အဲ့လို အံ့အားသင့်ဖွယ်ကောင်းတဲ့ အင်ပါယာတစ်ပါးက မျိုးဆက်သစ်လေးတွေကို အနိုင်ကျင့်ချင်လိမ့်မယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ရီဖူရှင်းက အင်ပါယာရီချင်နဲ့ အမှန်တကယ်ဆက်နွယ်နေတယ်ဆိုရင်တောင် အင်ပါယာရီချင်က သေဆုံးသွားပါပြီ။ အရှင်ဒွန်ဟောင်က သူတို့ကြားက ခင်မင်ခဲ့မှုကို ထောက်ထားပြီး သူ့ရဲ့အာဃာတတွေကို လူငယ်လေးတစ်ဦးအပေါ်မှာ ပုံချမှာမဟုတ်ဘူးဆိုတာ ကျွန်တော်အတတ်ပြောနိုင်ပါတယ်”

မှော်နက်နန်းတော်မှ ကျင့်ကြံသူက ပြောလိုက်၏။

ထို့ကြောင့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများ၏ မျက်နှာထားများသည် ထူးဆန်းသွားလေသည်။

မှော်နက်နန်းတော်သည် ရီဖူရှင်းကို ကာကွယ်လိုနေလေသလော။

သူတို့သည် မည်သည့်ကိစ္စဖြစ်ပျက်နေကြောင်းကို လျင်မြန်စွာ သဘောပေါက်သွား၏။ မှော်နက်နန်းတော်သည် ရီဖူရှင်းနှင့် ပဋိပက္ခအချို့ရှိလေသည်။ ဤကိစ္စသာ ယခင်ကဖြစ်ပျက်ခဲ့ပါက သူတို့သည် ရီဖူရှင်းကို သူတို့၏ရန်သူဖြစ်လာခံမည့်အစား သူ့ကိုသေသွားစေလိုမည်ဖြစ်သည်။ သို့သော် ယခုတွင် ရီဖူရှင်းသည် အင်ပါယာရီချင်နှင့် ဆက်နွယ်နေနိုင်ကြောင်းကို သိရှိသွားပြီး ‌ကောင်းကင်ဒေသသည် သူ့ကိုသေစေလိုနေကြောင်း သိသွားသောအခါ မှော်နက်နန်းတော်သည် သူ့ကို ဆက်၍အသက်ရှင်နေစေလိုလာပေသည်။

သို့သော် ထိုသို့ဆိုလျှင် ရီဖူရှင်းနှင့် ကောင်းကင်ဒေသအကြားရှိ ပဋိပက္ခသည် ပို၍ကြီးထွားမသွားပေနိုင်သ‌လော။

ပုံမှန်ဆိုလျှင် ဤအခြေအနေသည် သူတို့ဖြစ်စေချင်သော အခြေအနေဖြစ်သည်။

“ကျွန်တော်လည်း အဲ့လိုပဲထင်ပါတယ်... အရှင်ဒွန်ဟောင်က အတိတ်ကကိစ္စတွေကို လူငယ်လေးတစ်ဦးအပေါ်မှာ မပုံချလောက်ပါဘူး”

နတ္တိအင်ပါယာဘုံမှ ကျင့်ကြံသူတစ်ဦးကလည်း ရှေ့သို့ထွက်၍ ပြောလိုက်သည်။ အာကာကောင်းကင်အောက်တွင် ဖြစ်ပျက်နေသောအရာများမှာ အတန်ငယ်ထူးဆန်းလေသည်။

ယခင်က ရီဖူရှင်းသည် ကောင်းကင်ဒေသဘက်မှနေ၍ မှော်နက်လောက၊ နတ္တိအင်ပါယာဘုံတို့နှင့် စစ်ခင်းခဲ့သည်။ ထို့ပြင် ရီဖူရှင်းတို့ဘက်မှ စစ်နိုင်ခဲ့သည်။

သို့သော် ယခုဖြစ်ပျက်နေသာအရာများသည် အဘယ်သို့နည်း။

ကောင်းကင်ဒေသအင်ပါယာနန်းတော်သည် ရီဖူရှင်းကို သတ်လိုနေပြီး မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့သည် သူ့ကိုကာကွယ်လိုနေကြသည်။

ထိုအရာသည် အမှန်ပင် စိတ်ဝင်စားစရာပင်။ ထိုလောကနှစ်ခုမှ ကျင့်ကြံသူများသည် ယခုမှ ထွက်ရပ်ရန် ဆုံးဖြတ်လိုက်ခြင်းမဟုတ်ပေ။ သူတို့သည် ရီဖူရှင်းနှင့် ကောင်းကင်ဒေသအကြားရှိ ဆက်နွယ်မှု လုံးဝပျက်ဆီးသွားမည့်အချိန်ကို စောင့်နေခြင်းပင်။ မင်းသမီးဒွန်ဟောင်က ရီဖူရှင်းကိုသတ်ရန် အမိန့်ပေးလိုက်သောအခါမှ သူတို့သည် ရှေ့သို့ထွက်ရပ်လိုက်ကြခြင်းဖြစ်လေသည်။

“ရှင်တို့က ကောင်းကင်ဒေသရဲ့ ကိစ္စတွေကို ဝင်နှောင့်ယှက်ခွင့်မရှိဘူး”

မင်းသမီးဒွန်ဟောင်သည် ထိုကျင့်ကြံသူအုပ်စုနှစ်စုကိုကြည့်၍ အေးစက်စက်ပြောလိုက်သည်။

“ဒီနေ့ခေတ်မှာ မူလဘုံက အဖွဲ့အစည်းတစ်ခုတည်းကပိုင်တဲ့ ဘုံတစ်ခုမဟုတ်တော့ဘူး။ ကျွန်‌တော်တို့ ဒီအကြောင်းကို အရင်ကလည်း ပြောဖူးပါတယ်။ ကြည့်ရတာ အခုက မူလဘုံကို နယ်မြေပြန်ခွဲရမယ့် အချိန်ကျပြီထင်တယ်။ ရီဖူရှင်းက မူလဘုံက ကျင့်ကြံသူတစ်ယောက်ပါ... သူက ကောင်းကင်ဒေသနဲ့ မသက်ဆိုင်သလို မင်းသမီးရဲ့ လက်အောက်ခံတစ်ယောက်လည်းမဟုတ်ပါဘူး။ ဒီတော့ ဘာကများ မင်းသမီးကို သူ့ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့်ပေးထားပါသလဲ”

မှော်နက်နန်းတော်မှ ကျင့်ကြံသူက ဆက်ပြောလိုက်သည်။

ထိုအခိုက်တွင် ယူချင်းသည်လည်း သူ၏အုပ်စုကို ဦးဆောင်ကာ ရှေ့သို့ထွက်လာလေသည်။ နတ်ဆိုးလောကသည်လည်း ရီဖူရှင်းကို ကာကွယ်နေပုံရလေသည်။

ယခုတွင် ထိုကိစ္စတွင် လောကသုံးခု ဝင်ရှုပ်နေပြီဖြစ်သဖြင့် ဖုန်းရူမျက်မှောင်ကြုတ်သွားသည်။

သူတို့အားလုံးသည် ကောင်းကင်ဒေသက ရီဖူရှန်းကို သတ်မည်ကို တာဆီးလိုနေကြသည်။

ထိုအခိုက်မှာပင် ကောင်းကင်ပေါ်မှနေ၍ နောက်ထပ်ကျင့်ကြံသူအုပ်စုတစ်စု ရောက်ရှိလာ၏။ သို့သော် သူတို့သည် မင်းသမီးဒွန်ဟောင်ထံသို့ လျှောက်သွားကြသည်။

ထိုကျင့်ကြံသူများ၏ အရှိန်အဝါသည် တရားမျှတကာ ဖြောင့်မတ်သောအငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ထို့ပြင် ထိုကျင့်ကြံသူတစ်ဦးချင်းစီတိုင်းသည် ထင်ရှားသည့်ကိုယ်နေဟန်ထားရှိလေသည်။ သူတို့သည် လူသားဘုံမှ ကျင့်ကြံသူများပင်။

ထိုကျင့်ကြံသူများထဲမှ တစ်ဦးသည် မင်းသမီးရှေ့သို့သွား၍ နူးညံ့စွာပြောလိုက်သည်။

“မင်းသမီး... အတိတ်က ကိစ္စတွေက ပြီးသွားပါပြီ။ အတတ်ကကိစ္စတွေက အတိတ်သပ်သပ်ပါပဲ... အရှင်ဒွန်ဟောင်လို ပြိုင်ဘက်ကင်းအင်ပါယာတစ်ပါးက အတိတ်ကကိစ္စတွေအတွက် ကပ်တွက်နေလောက်မှာမဟုတ်တာ သေချာပါတယ်။ အဲ့ဒါကို ဘာလို့များ မင်းသမီးက ရန်လောင်အဆင့်ကျင့်ကြံသူလေးတစ်ယောက်ကို အရေးစိုက်နေမှာလဲ။ အဲ့ဒါက မဟာအင်ပါယာရဲ့ ဂုဏ်သတင်းကို ညစ်နွမ်းသွားစေမှာ ကျွန်တော်စိုးရွံ့မိပါတယ်။ ကျွန်တော်တို့ သူ့ကို အလွတ်ပေးလိုက်မယ်ဆိုရင် ဘယ်လိုသဘောရပါသလဲ”

လူသားဘုံသည်လည်း မမျှော်လင့်ဘဲ ရီဖူရှင်းအတွက် ရပ်တည်ပေးနေ၏။ သို့သော် သူတို့ရပ်တည်ပေးခြင်းသည် အခြားရည်ရွယ်ချက်တစ်ခုအတွက် ဖြစ်ပုံရလေသည်။

All Chapters