← Chapters

ကူပိုးကောင်များ (3)

Vol. 6 Ch. 51

ကူပိုးကောင်များ (3)

Vol. 6 Ch. 51

ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားခြင်း

စုန်းအိုကြီးက တောင်၏ အပြင်ဘက်ကို တစ်ခါမှ ခြေမချဖူးသောကြောင့် သူမသည် အမြင်ကျဉ်းမြောင်းကာ ကိုယ့်ကိုကိုယ် ယုံကြည်လွန်းနေခဲ့သည်။ သူမက ပရိုဂရမ်အဖွဲ့များ သယ်လာသည့် ကင်မရာကိုလည်း ယခင်ကကဲ့သို့ တောင်ပေါ်သို့ မှတ်တမ်းရိုက်ကူးရန် လာခဲ့သော လူများကဲ့သို့ ပြန်လည် editပြီးမှ တင်လို့ရလိမ့်မည်ဟု ထင်မှတ်နေခဲ့ချေသည်။ ‘တိုက်ရိုက်ထုတ်လွှင့်ခြင်း’ဆိုသည်ကို မြင်လည်းမမြင်ဖူးသလို၊ ကြားလည်းမကြားဖူးခဲ့ပါချေ။

ပရိုဂရမ်အဖွဲ့ ဖော့ရှီရွာသို့ လာရောက်လည်ပတ်ခြင်းအား ကြည့်ရှုသူ သန်းပေါင်းများစွာမှ မြင်တွေ့ပြီးဖြစ်ကာ အင်တာနက်ပေါ်မှ hot search တွင်လည်း နေရာယူထားဆဲပင်။

အကယ်၍ သူတို့ တောင်ပေါ်တွင်ရှိနေစဉ် ကူပိုးကောင်များကြောင့် အသတ်ခံခဲ့ရပါက ရဲများက ထိုရွာသို့ ချက်ချင်းရောက်လာလိမ့်မည်ဖြစ်သည်။

လီချန်ဟဲ : “သူမရဲ့ ဘယ်လိုလျှို့ဝှက်ချက်ကိုများ ရှာတွေ့လိုက်လို့လဲ??”

“ဒီဖော့ရှီရွာသားတွေက တောင်ရဲ့ ဘယ်လိုအစောင့်အရှောက်မှ မဟုတ်ဘူး၊ သူတို့က ရှေးခေတ်ကနေ အခုထိ မျိုးရိုးစဉ်ဆက်ဆင်းသက်လာတဲ့ သင်္ချိုင်းစောင့်တွေပဲ”

ကုကျစ်စုန့်က အရေးမပါသည့် အရာတစ်ခုကို ပြောနေသကဲ့သို့ လေသံကလည်း ခပ်အေးအေးပင်။

“အခု ကျွန်မတို့နင်းထားတဲ့နေရာက တော်ဝင်သင်္ချိုင်းကြီး တစ်ခုပဲဖြစ်ရမယ်”

လီချန်ဟဲ: “?!!”

“ရဲကို အရင်ဆုံးခေါ်လိုက်ရအောင်”

ကုကျစ်စုန့်က ရဲစခန်းနံပါတ်ကို နှိပ်လိုက်ကာ ဖုန်းခေါ်လိုက်ပြီး အခြားတစ်ဘက်မှ ချက်ချင်းပြန်ဖြေလာခဲ့သည်။

“ဟယ်လို၊ လူထုလုံခြုံရေးအဖွဲ့ကါပါ ၊ ဘာများ ကူညီပေးရမလဲ”

ကုကျစ်စုန့် :

“ကျွန်မ ကြီးမားပြီး အသေအချာထိန်းသိမ်းထားတဲ့ သင်္ချိုင်းဟောင်းကြီးတစ်ခုကို ဖော့ဖော့တောင်ပေါ်မှာ တွေ့ထားပါတယ်၊ ခန့်မှန်းရသလောက်ကတော့ လွန်ခဲ့တဲ့ နှစ်၆၀၀ လောက်က ဧကရာဇ်တစ်ဦးရဲ့ သင်္ချိုင်းဖြစ်နိုင်တယ်၊

ဒါကို သက်ဆိုင်ရာက သေသေချာချာ ကြီးကြပ်ပြီး လက်လွှဲယူဖို့ လိုအပ်ပါလိမ့်မယ်၊ ပြီးတော့ ဖော့ရှီရွာရဲ့ ရွာခေါင်းဆောင်ကလည်း ကူပိုးကောင်တွေကိုသုံးပြီး လာရောက်လည်ပတ်သူတွေကို နှုတ်ပိတ် သတ်ဖြတ်ဖို့ ကြံစည်နေတာကိုလည်း တိုင်ကြားချင်ပါတယ်၊ ရဲတွေကို  မြန်မြန်လေးလွှတ်ပေးပါ”

ဖုန်းအော်ပရေတာ : “???”

သူကြားလိုက်ရသော စကားများကြောင့် သူ၏နားကိုပင် မယုံနိုင်ဖြစ်သွားရသည်။

တော်ဝင်သင်္ချိုင်း? ကူပိုးကောင်?

ဒီအမျိုးသမီးက ယုံတမ်းပုံပြင်တွေ၊ အချက်အလက်အတုတွေနဲ့ ရဲတွေရဲ့အင်အားကို ဖြုန်းတီးအောင်လုပ်နေတာပဲ ဖြစ်ရမယ်။

သို့သော် ဖုန်း၏ အခြားတစ်ဖက်မှ အမျိုးသမီးဆက်ပြောသည်ကို ကြားလိုက်သည်။

“ကျွန်မ ဟာသလုပ်နေတာမဟုတ်ဘူး၊ ရှင့်ရဲ့ အထက်လူကြီးကို တင်ပြလိုက်သင့်တယ်နော်၊ ဒီလို အချက်အလက်တွေက အရင်တုန်းကလည်း ရှိခဲ့ဖူးတယ်”

တာဝန်ကျ ဖုန်းဖြေဆိုသူက တွေဝေသွားခဲ့သည်။ ဤနေရာမှာ တောင်ပိုင်းနယ်မြေ၏ အစွန်အဖျားနေရာပင်ဖြစ်သောကြောင့် ပါးစပ်ရာဇဝင်များ များပြားစွာရှိကာ ဖော့ဖော့တောင်၏ သင်္ချိုင်းအကြောင်းကိုလည်း သတင်းများစွာ ကြားဖူးထားခဲ့သည်။

ခဏစဉ်းစားပြီးနောက် သူ မယုံကြည်နိုင်သေးသော်လည်း အထက်လူကြီးထံသို့ ဖုန်းခေါ်လိုက်၏။

မကြာခင် ဖုန်းခေါ်ဆိုမှုများ တစ်ခုပြီး တစ်ခုက အထက်သို့ အဆင့်ဆင့်တင်ပြခံရပြီးနောက် အော်ပရေတာမှ အရေးကြီးမေးခွန်းတစ်ခု လက်ခံခဲ့ရတော့သည်။



အံ့ဩစရာ လျှို့ဝှက်ချက်တစ်ခုအား ကြားလိုက်ရသည့် လီချန်ဟဲတစ်ယောက် မယုံကြည်နိုင်ဖြစ်နေသေးသော်ငြား မေးခွန်းထုတ်နေရန် အချိန်မရှိသည်ကို သူသိသည်။

လက်ရှိတွင် ကုကျစ်စုန့်က  ‘ချေမှုန်းခြင်းကျိန်စာ’ကို အသုံးပြုပြီး သတိလစ်မေ့မြောနေသူများထံမှ ကူပိုးကောင်ကို တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ်ဖယ်ရှားပေးနေခဲ့ပြီ။

ထိုအချိန်တွင် သူတို့နေထိုင်သော အိမ်ငယ်လေးမှ တံခါး ခေါက်သံကြားလိုက်ရကာ စိတ်ပူပန်နေသည့် ပိုင်စစ်က အလျှင်အမြန် ဝင်လာခဲ့သည်။ မတ်မတ်ရပ်နေသော ကုကျစ်စုန့်နှင့် ပျို့အန်နေကြသော အခြားဝန်ထမ်းများကို မြင်မှ သူက စိတ်သက်သာရာရသွားကာ ပြောလာခဲ့ချေသည်။

“ခင်ဗျားလည်း သတိထားမိလိုက်တာလား? ကျွန်တော်တို့ဘက်ခြမ်းက လူတွေကတော့ ကြီးကြီးမားမားပြဿနာ မရှိလိုက်ဘူး”

ကူပိုးကောင်တွေက သူနှင့်တခြားသူများ၏ အနီးသို့ပင် မရောက်လိုက်ဘဲ  ဖြူကောင်များ စားသုံးခြင်းခံလိုက်ရကာ ပျောက်ကွယ်သွားခဲ့သည်။

ကုကျစ်စုန့်က သူ့ကို အဓိပ္ပါယ်ရှိသည့် အကြည့်နှင့် ကြည့်နေပြီးနောက် မျက်လုံးလွှဲကာ ပြောလိုက်သည်။

“တောင်ဘက်ဆုံးမှာ နေတဲ့ အဖွဲ့တစ်ဖွဲ့ကျန်သေးတယ်၊ ငါအဲဒီကို သွားလိုက်ဦးမယ်”

ပိုင်စစ်: “ကျွန်တော်လည်း လိုက်ခဲ့မယ်”

နှစ်ယောက်သား တောင်ဘက်ဆုံးမှ အိမ်ကို လျှောက်သွားပြီး ထိုနေရာက တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။ ကုကျစ်စုန့်က တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်ကာ ဝင်သွားလိုက်ပြီး ချည်ထည်ဝတ်ထားသည့် ကောင်လေးတစ်ယောက် အိပ်ရာပေါ်တွင် အိပ်ပျော်နေသည်မြင်တော့ သူမ မျက်မှောင်ကြုတ်သည်။

ဟဲမီထူက အသံကြောင့် နိုးလာဟန်ဖြင့် မျက်လုံးများကို ပွတ်ကာ အံ့ဩတကြီးမေးလေသည်။

“ဘယ်လိုလုပ် ဒီရောက်နေကြတာလဲ??”

ကုကျစ်စုန့် : “… …”

“သူတို့တွေက ကူပိုးကောင်တွေလွှတ်ပြီး စုန်းအတတ်နှင့်ပြုစားနေတာလေ၊ မင်း မသိလိုက်ဘူးလား?”

ဟဲမီတူ အံ့အားသင့်သွားသည် :

“ဘယ်လိုဖြစ်တာလဲ? ကျွန်တော်လုံးဝ သတိမထားလိုက်မိဘူး၊ အဲဒီကူပိုးကောင်တွေက ကျွန်တော့်ရဲ့ ခံတွင်းနံ့ကြောင့် ရှောင်ကွင်းသွားတာ ဖြစ်မယ်ထင်တယ်”

ရှင်းပြချက်ကြီးက အဓိပ္ပါယ်မရှိလှပါချေ။ ကူနဲ့ အသုံးပြုဖို့ လေ့လာခဲ့သည့် စုန်းတစ်ယောက်အနေဖြင့် ကူပိုးကောင်များ အိမ်ထဲဝင်လာသည်ကို မသိလိုက်ဟုပြောလာချေသည်?

ကုကျစ်စုန့်ကတော့ လုံးဝမယုံကြည်ခဲ့ချေ။

သို့သော် သူမ နားမလည်သည်က ဤလူသည် ပိုးကောင်များကို သတိထားမိလိုက်သော်လည်း ကူညီဖို့ကို မဆိုထားနှင့် တားတောင် မတားမြစ်ခဲ့ခြင်းကိုပင်။

ကူပိုးကောင်များ၏ တိုက်ခိုက်မှုကြောင့် အိပ်ရာပေါ်တွင် ဖရိုဖရဲ ဖြစ်နေသော လူများကို မြင်လိုက်ရသည်။

ရှင်းယိချင်းလို သာမန်အဆင့် လူတစ်ယောက်ကတော့ ထိုကဲ့သို့ နိမ့်ကျသော လှည့်ကွက်များကို ကာကွယ်ရန် မပြင်ဆင်ထားမိသည့်အပြင် ထောင်ချောက်ထဲသို့ပင် ကျဆင်းလိုက်ရသေးသည်။

သူမက ရှင်းယိချင်း၏ သွေးကြောအမှတ်တစ်ခုကိုသာ ဖွင့်ပေးခဲ့ပြီး သူကိုယ်တိုင် ပိုးကောင်ကို ဖယ်ထုတ်ခဲ့ရသည်။ ကူပိုးကောင် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးမှသာလျင် သူသတိထားလိုက်သောကြောင့် ပိုးကောင်ဝင်ပေါက်ကို ထပ်ပြီး မတိုးနိုင်ရန်သာ ပိတ်ဆို့ ထိန်းချုပ်ထားနိုင်ခဲ့သည်။

သူ့အသက်ကို ကုကျစ်စုန့်က ကယ်ခဲ့သည်ကို သတိထားမိပြီးနောက် သူ့၏အမူအရာက တောင့်တင်းနေခဲ့သည်။

“ကျေးဇူး…..”

တခြားတစ်ဖက်တွင် ပိုင်စစ်က လူနှစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ ကူပိုးကောင်များကို ဖယ်ထုတ်ကာ သူ့ခြေထောက်နားတွင် ရှိနေသည့် ဖြူကောင်ကြီးဆီကို ကျွေးလိုက်သည်။

နောက်ဆုံးလူ၏အလှည့်ကို ရောက်တော့ ထိုလူမှာ အချိန်ကြာရှည်နေခဲ့သောကြောင့် အခြေအနေမဟန်တော့ချေ။

ကုပိုးကောင်များသည် အစပိုင်းတွင် ဆံခြည်မျှင်ခန့်သာ ရှိသော်လည်း လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီးသည်နှင့် ထိုလူ၏ အသက်၊ အသွေးနှင့် အသားတို့ကို စားသုံးကာ ကြီးထွားလာသည်။

စုန်းမအိုကြီး သုံးထားသည့် ကူပိုးကောင်များသည် အင်မတန် ရက်စက်ကာ လောဘကြီးသည့် အမျိုးအစားဖြစ်ပြီး အချိန် ၂နာရီ ၃နာရီအတွင်း သက်ရှိလူတစ်ယောက်၏  အသက်ဓာတ်အားလုံးကို ဝါးမြိုနိုင်ကြသည်။

အသိစိတ်ဝင်လာသည့် အခြားပြိုင်ပွဲဝင်များကလည်း အခြေအနေပြင်းထန်မှုကို သတိထားမိလိုက်ကြသည်။ ဒေစီ၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး မေးလာသည်။

“ငါတို့ ဘယ်လိုလုပ်ကြမလဲ??”

ကုကျစ်စုန့်လည်း မျက်မှောင်ကြုတ်လိုက်မိသည် :

“ပိုးကောင်က နှလုံးထဲထိရောက်နေပြီ၊ ဆွဲထုတ်လို့ မလွယ်တော့ဘူး၊ သူ့နှလုံးနဲ့ အဆုတ်ကို ထိခိုက်လိမ့်မယ်”

ရှင်းယိချင်း ဒေါသတကြီး ထရပ်လိုက်သည်။

“အဲဒီအဘွားကြီးကို ငါသွားဖမ်းမယ်”

ထိုအချိန်တွင် အမြဲတမ်း နူးညံ့ကာ တိတ်ဆိတ်နေခဲ့သော ဘုန်းကြီးအိုကြီးက လက်အုပ်ချီကာ ပြောလိုက်သည်။

“ဒီကိုယ်တော် ကြိုးစားကြည့်ပါရစေ”

သူက အရှေ့သို့တိုးလာပြီး လက်မှ သင်္ကန်းဝတ်ရုံစကို ဆွဲတင်လိုက်သည်၊ ထိုအချိန်မှသာ ကုကျစ်စုန့်သည် ကိုယ်တော်၏ လက်မှ အရေပြားတွင် အဖုအထစ်အပြည့်ဖြစ်နေသည်ကို မြင်လိုက်ရသည်။

ဘုန်းကြီးအိုက သူ့လက်ကို သွေးထွက်အောင် လှီးလိုက်ကာ သတိမေ့နေသူ၏ ရင်ဘတ်ပေါ်သို့တင်လိုက်သည်။ သူ့၏လက်ချောင်းများမှ သွေးများ ဒလဟော စီးဆင်းလာပြီးနောက် လေထဲတွင်လည်း ညှီစို့စို့နှင့် ချိုမြိန်သလို ရနံ့တစ်ခု သင်းလာခဲ့သည်။

“ဒါက??”

အခြားလူများသည် ထိုနည်းလမ်းကို တစ်ခါမှ မမြင်ဘူးသလို ကုကျစ်စုန့်တောင် အနည်းငယ် အံ့ဩသွားခဲ့ရသည်။

ဒဏ္ဍာရီများအရ တတ္ထဂတ္တအရှင်သည် သူကိုယ်တိုင်၏ အသားကို ဖြတ်တောက်ကာ လင်းယုန်ငှက်ကို ကျွေးခဲ့ပြီး ကိုယ်ခန္ဓာကိုတော့ ကျားစာကျွေးခဲ့သည်။ သူသည် ကြင်နာသက်ညှာမှုလမ်းစဉ်အား အပြင်းအထန်လေ့ကျင့်ကာ နောက်ဆုံးတွင် ဗုဒ္ဓဖြစ်လာခဲ့သည်။

ဤဘုန်းကြီး လေ့ကျင့်သည့် ပုံစံသည်လည်း ကြင်နာသက်ညှာမှုလမ်းစဉ်တစ်ခုဖြစ်ကာ သာသနာပိုင်ဘုန်းတော်များ ကျင့်သုံးတတ်ကြသည့် ပုံစံတစ်မျိုးဖြစ်သည်။

ထိုလေ့ကျင့်ခြင်းသည် ခန္ဓာရော၊ စိတ်ကိုပါ လေ့ကျင့်ရသည်။ အင်မတန် ခက်ခဲကာ ပြင်းထန်လွန်းသော ဗုဒ္ဓဘာသာ လေ့ကျင့်ခြင်း တစ်မျိုးလည်း ဖြစ်ချေသည်။

သူမ အရင်ဘဝတုန်းကတောင် ထိုလေ့ကျင့်ခြင်းကို တစ်ကြိမ်သာ မြင်ဖူးခဲ့သည်။ ထိုကဲ့သို ဗုဒ္ဓဘာသာပညာရှင်တစ်ပါးကို ‘ဝိဉာဉ်ရေးရာ’ ပရိုဂရမ်တွင် တွေ့ရလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။

ဘုန်းကြီးအို၏ သွေးစက်များ ထိုလူ၏ ရင်ဘတ်ပေါ်သို့ စီးကျသွားသည်နှင့် ထိုနေရာတွင် အဖုသေးလေး တစ်ခု ချက်ချင်းပေါ်လာခဲ့ပြီး လက်မလောက်ကြီးမားသည့် ပိုးကောင်ကြီးက ထိုအဖုထဲမှ ထိုးထွက်လာကာ ဘုန်းကြီး၏ သွေးအား အငမ်းမရစားသောက်တော့သည်။

ကုကျစ်စုန့် ထိုအကောင်ကို ချက်ချင်းကောက်လိုက်ကာ ဖန်ပုလင်းထဲတွင် ထည့်ပိတ်လိုက်သည်။

လက်ရှိတွင် အားလုံး၏ ကိုယ်ထဲမှ ကူပိုးကောင်များကို စုဆောင်းပြီးဖြစ်လေ၏။

သူမ အင်္ကျီလက်ထဲမှ အဆောင်ကျမ်းစာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ကာ လက်ချောင်းများကြားတွင် ညှပ်ကိုင်ထားသည်။

ထို့နောက် သူမ၏ လက်ကို မြှောက်လိုက်ချိန်တွင် ကျမ်းစာရွက်သည် လက်ဖျားတွင် မီးစပျိုးလာခဲ့သည်။

ကုကျစ်စုန့် ထိုအဆောင်ကျမ်းစာရွက်ကို ပုလင်းထဲသို့ထည့်ပြီးနောက် ကုပိုးကောင်များကို လောင်ကျွမ်းစေတော့သည်။ ထိုခဏတွင် ကူပိုးကောင်များက ဆက်တိုက်တွန့်လိမ်ရုန်းကန်နေကာ မီးမြိုက်သံကလည်း တဖြောက်ဖြောက် ပေါ်ထွက်လာသည်။

*

ဖော့ရှီရွာ၏ ဘိုးဘေးအရိုအသေပြုရာခန်းမနှင့် အနီးရှိ ပင်မအိမ်တွင် နာကျင်စွာ စူးစူးရှရှအော်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကို ကြားလိုက်ရသည့် ရွာသားများလည်း အဝတ်များ ဝတ်ဆင်ကာ အပြေးအလွှားရောက်လာကြသည်။

အခန်းထဲတွင် ရွာခေါင်းဆောင်အမေကြီးက ခန္ဓာကိုယ်တစ်ဝက်မှာ ခုတင်အောက်သို့ရောက်နေကာ သွေးများအန်ထုတ်နေသည်ကို အားလုံးမြင်တွေ့လိုက်ရသည်။

“အမေကြီး အဆင်ပြေရဲ့လား?!”

ရွာခေါင်းဆောင်အမေကြီးက အလွန် ဒေါသကြီးနေပုံပေါ်သည်။

တစ်ဖက်မှ သူမ၏ ကူများကို  ယခုလိုမျိုးမြန်မြန်ဆန်ဆန်ဖမ်းမိပြီး သူမကို ချက်ချင်းတန်ပြန်လာလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။

“ဟိုလူတွေ.. သူတို့လုပ်တာပဲ၊ သူတို့ကို ထွက်မပြေးစေနဲ့!!”

သူတို့မျိုးရိုး၏ တာဝန်သည် ဘိုးဘွားပိုင်မြေကို တစ်သက်လုံးကာကွယ်ရန်ဖြစ်ကာ အပြင်လူများကြောင့် အပျက်စီးမခံနိုင်ပေ!

ရွာသားများက အံကြိတ်ရင်း ဆိုလာသည်။

“အဲဒီအပြင်ကကောင်တွေက အမေကြီးကို ထိခိုက်အောင်လုပ်တာလား?? သူတို့ကို ဝင်ခွင့်မပြုသင့်ဘူးလို့ ငါပြောခဲ့သားပဲ ! အခုပဲ အခြားရွာသားတွေခေါ်ပြီး သူတို့ကို သွားဖမ်းလိုက်မယ်!”

သိပ်မကြာလိုက်ချေ၊ ရွာထဲမှ အိမ်တိုင်းက မီးများထွန်းညှိလာကြသည်။ ရွာခေါင်းဆောင်အမေကြီးကို အပြင်လူများက ထိခိုက်စေခဲ့သည်ကို ကြားလိုက်ရတာကြောင့် ရွာထဲမှ မိသားစုများက တူတွေ၊ရဲတင်းတွေကိုင်ဆိုင်ကာ အိမ်ငယ်လေးထံသို့ အငြိုးကြီးစွာဖြင့် ပြေးလာကြတော့သည်။

ပရိုဂရမ်အဖွဲ့၌ ရိုက်ကူးရေး ဝန်ထမ်းများ အပါအဝင် လူ၃၀ ကျော်သာ ရှိသည်။ ဤဒေါသထွက်နေသည့် လက်နက်ကိုင် လူအုပ်ကြီးနှင့် သူတို့ မယှဉ်သာပေ။

သူတို့၏  အိမ်အနားကို အော်ဟစ်ဆဲဆိုကာ နီးကပ်လာသံများကို ကြားရသောအခါ လီချန်ဟဲနှင့် အခြားလူများ ပြာယာခတ်လာသည်။

“ဘယ်လိုလုပ်ကြမလဲ?? ဒီလူတွေက စဉ်းစားတွေးခေါ်တတ်တာမဟုတ်ဘူး၊ အကျိုးအကြောင်းကိုလည်း ပြောလို့ရမှာ မဟုတ်ဘူး!!!”

ဒေစီက ဒေါသထောင်းခနဲ ထွက်သွားကာ ရင်ဘတ်ထဲမှ ဓားတစ်ချောင်းကို ထုတ်လိုက်သည်။

“ဒီလူတွေကို ကြောက်မနေနဲ့၊ သူတို့ပဲ စုန်းအတတ်ကို တတ်ကျွမ်းတယ်လို့ ထင်နေကြတာလား? သူတို့ လာရဲရင် လာကြပါစေ၊ အစားထိုးကူရဲ့ အရသာကို ခံစားခိုင်းလိုက်မယ်!”

အစားထိုးကူသည်ကား နော်ဝေးနိုင်ငံ စုန်းအတတ်ပညာအဖွဲ့၏ ပညာရပ်တစ်ခုဖြစ်သည်။ စုန်းမသည် ကိုယ့်ခန္ဓာကိုယ်ကို ကြားခံအဖြစ်သုံးပြီး သူမ၏ကိုယ်ကို ထိခိုက်ဒဏ်ရာဖြစ်စေကာ ထိုဒဏ်ရာများအား ခြားလူ၏ခန္ဓာကိုယ်ဆီသို့ ကူးပြောင်းသွားစေသည့် ပညာရပ်မျိုးဖြစ်ချေသည်။

ဆိုလိုသည်မှာ ဒေစီက သူမ၏  ခန္ဓာကိုယ်ကို ဓားနှင့်ထိုးလိုက်ပါက ဓားဒဏ်ရာသည် အခြားတစ်ဖက်မှ ရွာသား၏ကိုယ်ပေါ်တွင် ပေါ်လာလိမ့်မည်။

သူမက ဇက်ကို ချိုးလိုက်ပါလျှင် အခြားတစ်ဖက်မှ လူသည် ချက်ချင်းသေဆုံးလိမ့်မည်။

ကုကျစ်စုန့် မျက်မှောင်ကြုတ်ကာ လက်ကာ၍ တားလိုက်သည်။

“အစားထိုးစုန်းအတတ်က ပြန်လည်သက်ရောက်ခြင်းရှိတယ်၊ အဲလောက်ထိ မလိုအပ်ပါဘူး”

**

All Chapters