အမြဲတမ်း မင်းရဲ့ဘေးမှာရှိနေတယ်(1)
Vol. 6 Ch. 59
ကောင်းမှုကုသိုလ်စွမ်းအားဖြင့်စျေးနှုန်းသတ်မှတ်ခြင်း
“သင်္ချိုင်းကျောက်တိုင်က အက်ကွဲသွားတာလား”
ကုကျစ်စုန့် အနည်းငယ် အံ့သြသွားရသည်။
ယွီထုန်လျို့က ဆောလျင်စွာ မေးလာသည်။
“ စုန့်စုန့်၊ မင်းရဲ့ ထင်မြင်ချက်က ဘယ်လိုလဲ၊ ငါ့သူငယ်ချင်းရဲ့ အမေက စွဲလမ်းမှုကြောင့် ဖြစ်တာလား”
“ကျွန်မလည်း မသေချာဘူး၊ ကျောက်တိုင်က အက်ကွဲသွားတာဖြစ်ဖြစ်၊ ပန်းခွေတွေ ပျက်စီးသွားတာဖြစ်ဖြစ်၊ ကိစ္စတွေက ရှင်းရှင်းလင်းလင်း မရှိဘူး၊ တစ်ယောက်ယောက်က နောက်ပြောင်နေတာလားဆိုတာတော့ ကျွန်မ မဆုံးဖြတ်နိုင်ဘူး”
ကုကျစ်စုန့် ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် လူတွေလုပ်နေတာမဟုတ်ရင် နတ်ဆိုးဝိဥာဥ်တွေက လှည့်ကွက်ကစားနေတာပဲ”
“နတ်ဆိုးဝိဥာဥ်တွေလား?”
ယွီထုန်လျို့ တုန်လှုပ်သွားပြီး အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။
ကုကျစ်စုန့်: “အမှန်ပဲ၊ နတ်ဆိုးဝိဥာဥ်ဆိုတာကလည်း တစ္ဆေတစ်မျိုးပဲ၊ သူတို့တွေက သေပြီးသွားတဲ့ လူတွေစိတ်ဝိညာဉ်များနှင့် ဖွဲ့စည်းထားတဲ့ သရဲတစ္ဆေတွေပဲ၊
သူတို့က အစွမ်းတွေရှိပေမဲ့လည်း သရဲတစ္ဆေအားလုံးထဲမှာ အနိမ့်ဆုံးအဆင့်မှာပဲရှိတယ်၊ အများစုက မုန်းတီးမှုတွေနှင့် စွဲလမ်းမှုတွေပဲ ကျန်ရှိနေပြီး အသက်ရှိနေစဥ် ဘဝတုန်းက မှတ်ဥာဏ်တွေ မရှိကြတော့ဘူး၊ သူတို့မှာ အခြေခံအားဖြင့် ဘယ်သူကိုမှ မထိခိုက်စေရဘူးဆိုတဲ့ဝေဝေဝါးဝါး အတွေးတစ်ခုပဲကျန်ရှိတော့တယ်”
“ဥပမာအားဖြင့် လူတချို့က တစ်စုံတစ်ယောက်သေထားပြီးတဲ့ အိမ်တစ်လုံးကို ဝယ်လိုက်မိတယ်ဆိုပါတော့၊ အိမ်မှာရှိတဲ့ပစ္စည်းတွေက လူမလှုပ်ဘဲ ရွှေ့သွားတတ်တာမျိုး၊ စားပွဲပေါ်မှာရှိတဲ့ ပန်းအိုးက ရုတ်တရက် မြေပေါ်ကိုပြုတ်ကျတာမျိုး၊ ဒါမှမဟုတ် ညသန်းခေါင်ယံတွေမှာ လူမဖွင့်ပဲ တံခါးပွင့်သွားတာတွေကို တွေ့ရတတ်တယ်၊
ဒါတွေအားလုံးက အိမ်မှာရှိတဲ့ လူသေဝိဥာဥ်တွေက လုပ်တာပဲ၊ သူ့ရဲ့စိတ်ထဲမှာ အဲဒါက သူ့အိမ်လို့ ထင်နေတုန်းပဲ၊ သူ့အနေနဲ့ လက်ရှိ အိမ်ပိုင်ရှင်ကို မောင်းထုတ်ချင်ပေမယ့် လူကိုလည်း မသတ်နိုင်ဘူး၊ ဒါကြောင့် လက်ရှိအိမ်ပိုင်ရှင်ကို ကြောက်လန့်အောင်လုပ်ဖို့ ဒီနည်းလမ်းကို အသုံးပြုပြီး ဒီပိုင်ရှင်ကို သူ့ဘာသာသူ ပြောင်းရွှေ့သွားစေချင်ခဲ့တာ”
“ထုန်လျို့ကျဲ သူငယ်ချင်း အမေရဲ့ဈာပနပွဲမှာ သရဲတစ္ဆေရှိနေရင်၊ အဲဒါက ဒီလိုမျိုးအခြေအနေမျိုးတွေဖြစ်နိုင်တယ်”
အသုဘအခမ်းအနားများဟူသည်မှာ မူလတုန်းက အနီးပတ်ဝန်းကျင်တွင်ရှိသည့် ယင်စွမ်းအင်ကို စုဆောင်းပေးကာ သရဲတစ္ဆေများကို စေလွှတ်သည့်ရိုးရာဓလေ့တစ်ခုဖြစ်သည်။
ယွီထုန်လျို့၏သူငယ်ချင်းက အသုဘအခမ်းအနားတွင် တီးမှုတ်သီဆိုကခုန်ရန် ပြင်ဆင်ပေးခဲ့သည်။ သို့နှင့် လေလွင့်သရဲတစ္ဆေများသည်လည်း ပြဇာတ်ကို ကြည့်ရှုရန် ဆွဲဆောင်ခံခဲ့ရကြသည်။
ပို၍အစွမ်းထက်သည့် သရဲတစ္ဆေသာဖြစ်ခဲ့ပါက ပန်းခွေများဖျက်စီးခံရပြီး လူများ မြေပြင်ပေါ်သို့လဲကျရုံမျှလောက် မရိုးရှင်းလောက်ပေ။
ယွီထုန်လျို့ သဘောပေါက်သွားသည်။
“ဆိုလိုတာက နတ်ဆိုးဝိဥာဥ်က အသုဘကို ရှေ့မဆက်စေချင်ဘူး၊ ဒါကြောင့် ငါတို့ကို ကြောက်လန့်စေပြီး အမေအိုကို သင်္ဂြိုဟ်ဖို့လုပ်နေတာကနေ တားဆီးနေတာလား”
“ဒီလိုဖြစ်မယ်လို့ ထင်ရတယ်”
ကုကျစ်စုန့် ဆက်ပြောခဲ့သည်။
“စျာပနပွဲတွေက သရဲတစ္ဆေတွေကို ဆွဲဆောင်နိုင်ပေမယ့် တစ္ဆေတွေကြားထဲမှာရှိတဲ့ ပြောစရာမလိုတဲ့ စည်းမျဉ်းတွေအရတော့ ယေဘုယျအားဖြင့် အသုဘကိစ္စတွေမှာ ပြဿနာဖြစ်စေမှာ မဟုတ်ဘူး၊
ပြောရရင် ဒါတွေက သူတို့မိသားစုနဲ့ မသက်ဆိုင်ဘူးလေ၊ တစ်စုံတစ်ယောက်က သူ့ရဲ့မျိုးဆက်တွေအတွက် သီလတွေ စုဆောင်းထားရမဲ့အချိန်ပဲ”
“ဒါကြောင့် ဒီအဘွားကြီးသေဆုံးတာနဲ့ ပတ်သက်ပြီး ထူးဆန်းတာတစ်ခုခုရှိနေလိမ့်မယ်လို့ ခံစားမိတယ်”
ယွီထုန်လျို့ အသက်ပြင်းပြင်းရှူလိုက်တယ်။
“အဲလိုမျိုးလား၊ စုန့်စုန့် .. ငါပြောခဲ့တဲ့ ဒီသူငယ်ချင်းကို မင်းလည်းသိတယ်…”
ကုကျစ်စုန့်: “အဲဒီလူကို ကျွန်မလည်းသိနေတာလား?”
“ဟုတ်တယ် ၊ အဲဒါ ဒါရိုက်တာ လျို့ကျင်းလေ”
ကုကျစ်စုန့် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ သူမအနေဖြင့် တစ်ဖက်လူက ထိုသူဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
ရှနိုင်ငံ၏ အကျော်ကြားဆုံး ဒါရိုက်တာဖြစ်သည့်လျို့ကျင်းမှာ ၎င်း၏ ပွဲဦးထွက် ဇာတ်ကားဖြင့် နိုင်ငံတကာတွင် နာမည်ကြီးလာခဲ့သူ ဖြစ်ချေသည်။
ဤနှစ်များအတွင်း သူ ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအားလုံးကလည်း ဆုပေါင်းများစွာကို စုဆောင်းရရှိထားသည့် ဇာတ်ကားများသာဖြစ်လေ၏။
“မျောလွင့်နေသော ပင်လယ်ပြင်၏ဒဏ္ဍာရီ” သည် သူရိုက်ကူးခဲ့သည့် ပထမဆုံး တီဗီစီးရီးဖြစ်သည်။ မူလပိုင်ရှင်မှာ သူမ၏မျက်နှာကြောင့် ထိုဇာတ်လမ်းတွဲအတွင်း အမျိုးသမီး နံပါတ်( 4 )ဇာတ်ကောင်ကို အောင်မြင်စွာ ရရှိခဲ့သော်လည်း လွန်ခဲ့သည့် တစ်လခွဲကျော်က သူမ၏ခေါင်းကို မီးဆိုင်းဖြင့် ရိုက်ချခံလိုက်ရပြီးသည့်နောက်တွင် သူမ၏ ခန္ဓာကိုယ်မှာ လက်ရှိကုကျစ်စုန့်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ယွီထုန်လျို့က ဆက်ပြောလာသည်။
“တကယ်တော့ အဲဒီဈာပနအပြီးမှာ ဒါရိုက်တာလျို့က လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာသခင်တွေကို သူတို့အိမ်ကို လာဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် တစ်ယောက်ကမှ အဖြေကောင်းကောင်း မရခဲ့ကြဘူး”
အသုဘအခမ်းအနားများမှာ အထီးကျန်သရဲတစ္ဆေများစွာကို ဆွဲဆောင်နိုင်သည်ဟုသာ လျှို့ဝှက်ဆန်းကြယ်သောဆရာသခင်အချို့က ပြောခဲ့ကြပြီး မည်သည့်အရာသည် ဒုက္ခဖြစ်စေကြောင်းပြောရန်ကိုတော့ ခက်ခဲနေခဲ့ကြကာ လျို့ကျင်းအား မိခင်ဖြစ်သူနှင့် သက်ဆိုင်သည့်အရာအားလုံးကို ဖျက်ဆီးရန် အကြံပြုခဲ့သည်။
သို့သော်လည်း လျို့ကျင်းမှာ သူ့အမေဖြစ်သူ မကောင်းဆိုးရွားသရဲတစ္ဆေဖြစ်သွားမည်ကို ကြောက်လန့်နေသည့်အတွက် ဤနည်းလမ်းကို မသုံးချင်ခဲ့ပေ။
အချို့သော လျှို့ဝှက်ဆန်းကြယ်ဆရာသခင်များကမူ အမေဖြစ်သူမှာ ရုတ်တရက် ဆုံးပါးသွားသည် ဖြစ်သောကြောင့် သူမ၏ သေဆုံးမှုကိုလက်ခံနိုင်ခြင်း မရှိခဲ့ဟု ဆိုလာကြသည်။ ထို့ကြောင့် သူမက အသုဘတွင် ပြသနာများရှာလာခဲ့ခြင်းဖြစ်သူ။ ထို့ကြောင့် သူမ၏ နာကြည်းမှုကို ကျော်လွှားနိုင်သရွေ့ သူမကို ပုံမှန်အတိုင်း သင်္ဂြိုဟ်နိုင်လိမ့်မည်။
သို့သော်လည်း ထိုဆရာသခင်များ ပြုလုပ်သည့် ယဇ်ပလ္လင်ကိုဖွင့်သည့်နည်းလမ်းမှာ မထိရောက်သေးချေ။
ယမန်နေ့က လျို့ကျင်းသည်ကား သူဝယ်ယူထားသည့် သုသာန်မြေနေရာတွင် ခေါင်းတလားကို မြှုပ်နှံဖို့ ကြိုးစားခဲ့သည်။ ထိုနေ့တွင် မိုးရွာသွန်းခြင်းမရှိခဲ့သောကြောင့် သုသာန်မြေသည် မြေပြင်ညီဖြစ်ကာ သန့်ရှင်းနေသော်လည်း အခေါင်းထမ်းသူနှစ်ဦးမှာ ရုတ်တရတ် ခြေချော်သွားကာ ခေါင်းတလားကို ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
ယခုတွင်တော့ လျို့ကျင်းမှာ နောက်ထပ်အလျင်စလိုမလုပ်ရဲတော့ဘဲ နတ်ဆိုးကို ခေတ္တဆိုင်းငံ့ရန်သာ ရွေးချယ်နိုင်တော့သည်။
မတော်တဆမှုဖြစ်နေစဉ်အတွင်း လျို့ရှင်းက ရိုက်ကူးရေးလုပ်ငန်းများအားလုံးကို ရပ်တန့်ထားခဲ့ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်လျှက် စိတ် ပြိုလဲနေခဲ့ရသည်။
သူ့အနေဖြင့် သူ့အမေ၏ ကျန်းမာရေးကို လျစ်လျူရှုခဲ့မိသည်ဟု ခံစားခဲ့ရသည်။ ထိုနေ့တွင် သူ အိမ်သို့ အချိန်မီ မပြန်နိုင်သောကြောင့် သူ့အမေ နေမကောင်းဖြစ်နေသည်ကို မတွေ့မြင်ခဲ့မိဘဲ သူမမှာ အေးစက်လှသော ကြမ်းပြင်ပေါ်တွင် ဆယ်မိနစ်ကျော်အောင် လှဲလျောင်းနေခဲ့ရပြီး ရင်ဘတ်အောင့်ခြင်းဝေဒနာကို ခံစားခဲ့ရရှာသည်။
ဤသို့ နာကျင်စွာ သေဆုံးရခြင်းကို မည်သူကများ နာကြည်းမှုကို မခံစားရဘဲ နေမည်နည်း။
ယွီထုန်လျို့ ဖုန်းတစ်ဖက်မှပြောခဲ့သည်။
“တကယ်တော့ လျို့ကျင်းက ငါ့ရဲ့ စီနီယာအစ်ကိုဖြစ်လို့ ငါ အများကြီးသိတယ်၊ သူ့အမေက သရုပ်ဆောင်နည်းပြတစ်ယောက်ပဲ၊ သူမက လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက အငြိမ်းစားယူပြီး သူ့မိသားစုကိုပဲ အာရုံစိုက်နေခဲ့တာလေ၊ ငါ့မှာ တစ်ကိုယ်ကောင်းဆန်တဲ့စိတ် နည်းနည်းရှိတယ်၊ ငါ့ရဲ့စီနီယာအစ်ကို အရမ်းနာကျင်နေတာကို မမြင်ချင်ဘူး၊ ငါ့ရဲ့ဆရာကိုလည်း သေဆုံးပြီးသွားချိန်မှာ အေးချမ်းတဲ့ဘဝကို ရစေချင်တယ်၊ ဒါကြောင့် ငါ မင်းဆှကိုဖုန်းခေါ်လိုက်တာပါ၊
စုန့်စုန့် .. ဘာတွဖြစ်နေတာလဲဆိုတာ မင်းကူညီပြီး ရှာဖွေပေးနိုင်မလား”
ကုကျစ်စုန့် ခဏလောက်စဉ်းစားပြီး သူမ၏ နှလုံးသားထဲတွင် တုံ့ဆိုင်းနေခဲ့သည်။
မကြာခင်တုန်းက စနစ်ပြောခဲ့သည်ကို ပြန်လည် စဉ်းစားရင်းနှင့် ကုကျစ်စုန့် ဖုန်းတစ်ဖက်မှ ယွီထုန်လျို့အား တုံ့ပြန်ခဲ့သည်။
“ဒီကိစ္စကို ကျွန်မဖြေရှင်းနိုင်ပေမယ့် ဆုလာဘ်တစ်ခုတော့လိုချင်တယ်”
ယွီထုန်လျို့က အလျင်စလိုပြောလာသည်။
“ဆုကြေးက ဘယ်လောက်ပဲရှိရှိ ပြဿနာမရှိပါဘူး”
“ကျွန်မ ပိုက်ဆံမလိုချင်ဘူး”
ကုကျစ်စုန့်၏ လေသံက တည်ငြိမ်နေခဲ့သည်။
“ကျွန်မ တစ်ဖက်လူဆီက ကောင်းမှုကုသိုလ်စွမ်းအားတွေကိုပဲ လိုချင်တာ၊ ကောင်းမှုကုသိုလ်စွမ်းအားက ဘာလဲဆိုတာ သိတယ်မလား၊ ဒါရိုက်တာ လျို့ကို စဉ်းစားခိုင်းလိုက်ပါ၊ သူသဘောတူရင် မနက်ဖြန် ချိန်းဆိုလိုက်လေ၊ ကျွန်မ သွားပြီး ဖြေရှင်းပေးမယ်”
သူမက စားပွဲရှေ့တွင် ထိုင်နေခဲ့ပြီး စားပွဲပေါ်တွင်တော့ ဧကရာဇ်ဒင်္ဂါးပြားသုံးပြားရှိနေသည်။ ယွီထုန်လျို့မှင့် ဖုန်းပြောနေစဉ်တွင် သူမက ‘ကောင်းကင်ဘုံကံကြမ္မာဟောစာတမ်း’နည်းအရ တခြားသော ကံကြမ္မာဟောခြင်းတစ်ခုကို ပြုလုပ်နေခဲ့သည်။
ကံကြမ္မာဟောပြောခြင်းမှ ကောင်းကင်၏လမ်းကို ကောက်ချက်ချပြီးနောက် တစ်ဖက်လူဆီတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကိုတွေ့မြင်နိုင်သည်။ ရလဒ် မထွက်သေးသော်လည်း အနည်းဆုံး ဧကရာဇ်ဒင်္ဂါးသုံးခုလုံးက ယင်သုံးမျိုးကို ဖော်ပြနေခြင်းမရှိတော့ချေ။
ဧကရာဇ်ဒင်္ဂါးသုံးပြားပေါ်တွင် ယင်နှစ်ခုနှင့် ယန်တစ်ခုကို သူမ တွေ့လိုက်ရသောကြောင့် သူမမေးမြန်းလိုသောကိစ္စသည် အနည်းငယ် ပြန်လှည့်နိုင်သေးကြောင်းကို ဖော်ပြနေသည်။
အကယ်၍ ကုသိုလ်ကောင်းမှု စွမ်းအားအချို့ကို ထပ်မံ စုဆောင်းပြီးသည့်နောက်တွင် သူမ၏ ကံဆိုးသောအခိုးအငွေ့ကို ဖယ်ရှားနိုင်သည်လည်း ဖြစ်နိုင်ပေသည်။
ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင် တစ်ဖက်က ကုသိုလ်ကောင်းမှုကို ပေးပြီး ငွေကြေး(ကုသိုလ်)နဲ့ ပစ္စည်း(ဖြေရှင်းပေးခြင်း)ကိုလည်း မျှတစွာ လှဲလှယ်နိုင်လိမ့်မည်။
ဆယ်မိနစ်လောက်ကြာသည့်နောက်တွင် ဖုန်းထဲသို့ မက်ဆေ့ခ်ျအသစ်တစ်ခု ရောက်ရှိလာခဲ့သည်။
ယွီထုန်လျို့: “စုန့်စုန့်၊ ဒါရိုက်တာလျို့က သဘောတူတယ်”
*
နောက်တစ်နေ့တွင်၊ ကုကျစ်စုန့်မှာ ယွီထုန်လျို့၏ လမ်းညွှန်မှုအတိုင်း ဥရောပပုံစံ ဗီလာကြီးတစ်ခုသို့ ရောက်လာခဲ့သည်။ အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေသည့် ယွီထုန်လျို့က တစ်ယောက်ယောက်လာနေသည်ကိုတွေ့သည်နှင့် သူမဆီသို့ လက်ပြနှုတ်ဆက်လာခဲ့သည်။
“စုန့်စုန့်! ဒီမှာ!”
သူမ၏နောက်တွင်ရှိနေသည့် မှိုင်းညို့နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ ကုကျစ်စုန့်ကို မြင်သည်နှင့် မျက်မှောင်ကြုတ်လိုက်မိပြီး သူ့၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပေါ်လာခဲ့သည်။
“ရှစ်မေ့၊ မင်းပြောနေတဲ့ ဆရာသခင်ဆိုတာက ကုကျစ်စုန့်လား?”
ယွီထုန်လျို့က လေးလေးနက်နက်ပြောခဲ့သည်:
“စုန့်စုန့်က အရမ်း အစွမ်းထက်တယ်၊ အရင်တုန်းက ကျွန်မရဲ့ပြဿနာတွေကို သူမ ဖြေရှင်းပေးခဲ့တယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ အင်တာနက်ပေါ်က ညစ်ပတ်တဲ့ ကောလာဟလတွေကို လိုက်ဖတ်ပြီး မယုံပါနဲ့၊ သူမက အရမ်း သဘောကောင်းတာ”
လျို့ကျင်းက သူမ၏ စကားကိုမယုံနိုင်သေးချေ။ လက်ရှိတွင် သူ့၏ ကြီးမားသည့် မျှော်လင့်ချက်အတွက် သုံးမှတ်မျှသာကျန်ရှိတော့သည် ။
ကုကျစ်စုန့်လား။ သူ့၏စိတ်အာရုံများကက အလွန်ရှုပ်ထွေးသွားရပြီ။
လျို့ကျင်းသည်ကား လွန်ကဲသော စရိုက်တို့ရှိသည်။ သူက ဤအနုပညာအသိုင်းအဝိုင်းထဲတွင် နာမည်ကြီး ဒရာမာ ရူးသွပ်သူတစ်ဦးလည်းဖြစ်ချေသည်။ လူပြိန်းစကားအရပြောရသော် သူသည်ကား အလွန်အစွန်းရောက်သည့်သူဖြစ်ပေ၏။
ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွင် ရှိနေသည့်ကာလပတ်လုံး သူက အလွန်အမင်း စေတနာထားပြီး ရိုက်ကူးရေးအပေါ်ချစ်မြတ်နိုးလိမ့်မည်ဆိုသော်လည်း လက်တွေ့ဘဝတွင်တော့ အရူးတစ်ယောက်သာဖြစ်ပြီး အချစ်ရေးမရှိသလို အိမ်ထောင်လည်းမပြုသေးပါချေ။
အထူးသဖြင့် ဤသည်က သူ့အတွက် ပထမဆုံးသော တီဗီစီးရီးတစ်ခုကိုတာဝန်ယူရိုက်ကူးရခြင်းဖြစ်နေသောကြောင့် ဇာတ်ကွက်၊ ရိုက်ကူးရေးနေရာရွေးချယ်ခြင်း သို့မဟုတ် သရုပ်ဆောင်များကိုဖြစ်စေ ထိုသူက အလွန်အမင်းဇီဇာကြောင်နေလိမ့်မည်။
‘ကုကျစ်စုန့်’ ကဲ့သို့သော သရုပ်ဆောင်စွမ်းရည်ညံ့ဖျင်းသည့် အနုပညာရှင်တစ်ဦးကို သည်းခံကာ ထည့်သွင်းနိုင်ရခြင်းအကြောင်းရင်းမှာ ထိုဇာတ်ကောင်၏ ထူးခြားမှုအခြေအနေနှင့် အနုပညာရှင်ကိုယ်တိုင်၏ ထူးခြားမှုအခြေအနေကြောင့်သာ ဖြစ်သည်။
“မျောလွင့်နေသောပင်လယ်ပြင်၏ဒဏ္ဍာရီ” မှ စစ်ယွီကျင်းဟူသောအမျိုးသမီးမှာ အခန်းကဏ္ဍများစွာမပါဝင်ရသော်လည်း စာအုပ်ထဲတွင် နံပါတ်တစ်အလှလေးအဖြစ် သတ်မှတ်ခံရကာ စင်မြင့်ပေါ်သို့ရောက်လာသည့်အချိန်တိုင်း သူမ၏အသွင်အပြင်ကြောင့် ငေးမောသွားရစေလိမ့်မည်။
လျို့ကျင်းတစ်ယောက် သရုပ်ဆောင်မှု၌ သင့်လျော်ကောင်းမွန်သော အမျိုးသမီး အနုပညာရှင်များကို ရှာဖွေခဲ့သော်လည်း ၎င်းတို့မှာ ပြီးပြည့်စုံခြင်း မရှိဟု အမြဲတမ်း ခံစားနေခဲ့ရသည်။
ထိုအချိန်တွင် အင်တာနက်ပေါ်၌ ‘ကုကျစ်စုန့်’ ၏ဓာတ်ပုံကိုမြင်တွေ့ခဲ့ရပြီး ထိုမျက်နှာသာလျှင် ဇာတ်ရုပ်နဲ့ ကိုက်ညီကြောင်း ချက်ချင်းဆုံးဖြတ်လိုက်သည်။ ဤကဲ့သို့မျက်နှာမျိုးမှာ မည်သည့်နေရာတွင်မဆို အာရုံဖမ်းစားနိုင်သည့် မျက်နှာမျိုးဖြစ်ပြီး စစ်ယွီကျင်းအဖြစ် သရုပ်ဆောင်ဖို့ အကောင်းဆုံး မျက်နှာဖြစ်ချေသည်။
လျို့ကျင်း၏ထင်မြင်ချက်အရ နိုင်ငံတကာတွင် မရေမတွက်နိုင်သော ဇာတ်ကားများကို ရိုက်ကူးခဲ့ဖူးကာ ရုပ်ရှင်သရုပ်ဆောင်များနှင့် မင်းသမီးများစွာကို သင်ပြညွှန်ကြားနိုင်ခဲ့သည့် သူ့ကဲ့သို့ ဒါရိုက်တာတစ်ယောက်က ကြယ်ပွင့်တစ်ဦးကို အဘယ်ကြောင့် မလေ့ကျင့်နိုင် ဖြစ်နိုင်ပါအံ့နည်း။
သို့ရာတွင် ‘ကုကျစ်စုန့်’က သူ့ဘဝတွင်လည်း ကျရှုံးနိုင်သည့်အချိန်ရှိကြောင်း သက်သေပြသွားခဲ့သည်။
သူ့အနေဖြင့် ဤအနုပညာရှင်ကို အစားထိုးလိုသည့်အတွေးမျိုး မကြာခဏမြင်တွေ့လာခဲ့ရသော်လည်း ထိုမျက်နှာကိုမြင်သည့်အချိန်တိုင်း အံကိုတင်းတင်းကြိတ်ကာ မြိုချထားခဲ့ရသည်။
ကုကျစ်စုန့်က မကြာသေးမီက ပြန်လည်စတင်နေခဲ့သော ‘ဝိဥာဥ်ရေးရာ’အစီအစဥ်တွင် ပါဝင်နေခဲ့သည်ကို လျို့ကျင်းသိသော်လည်း အနုပညာအသိုင်းအဝိုင်းထဲတွင်တော့ ကုကျစ်စုန့်၏ ကုမ္ပဏီမှ ဇာတ်ညွှန်းကောင်းရေးသားထားခဲ့သည်ဟုသာ ပြောဆိုနေခဲ့ကြသည်ပင်။
အဆုံးတွင်တော့ သူမသည်ကား ဤအသိုင်းအဝိုင်းထဲတွင် ကံမကောင်းလှကြောင်း ကျော်ကြားသူဖြစ်ချေသည် မဟုတ်ပါလား။
အကယ်၍ သူမသာ ရုပ်လွန်ပညာရပ်များအကြောင်းကို ကျွမ်းကျင်မှုတချို့ရှိနေပါက ဟိုးလွန်ခဲ့သည့် အချိန်များစွာကတည်းက သူမ၏ကံကို ပြောင်းလဲခဲ့ပေလိမ့်မည်။
လျို့ကျင်းမှာ သူ့၏ရှစ်မေ့ ယွီထုန်လျို့တစ်ယောက် တခြားလူဆီမှာ အရူးလုပ်ခြင်းခံနေရကြောင်း ခံစားမိခဲ့ရသော်လည်း ကုကျစ်စုန့်ထံသို့ခေါင်းညိတ်ပြလာခဲ့သေးသည်။
“မင်းကို ဒုက္ခပေးလို့ စိတ်မကောင်းပါဘူး”
ကုကျစ်စုန့် ထပ်မံအတည်ပြုခဲ့သည်။
“ ကောင်းမှုကုသိုလ်ကို ဖလှယ်ချင်တာ သေချာရဲ့လား၊ စာချုပ် ချုပ်ပြီးသွားရင် နောက်ပြန်ဆုတ်လို့ မရဘူးနော်”
လျို့ကျင်း ခဏမျှ အံ့အားသင့်သွားသော်လည်း လုပ်ငန်းစဉ်မှာ ဤမျှ ကောင်းမွန်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
“သေချာတယ်၊ ငါ့အမေကိုသာ စိတ်အေးသက်သာရာရသွားအောင်လုပ်ပြီး မြှုပ်နှံထားနိုင်သရွေ့ ငါ့ရဲ့ သက်တမ်းကိုတောင် လဲလှယ်နိုင်တယ်”