အမြဲတမ်း မင်းရဲ့ဘေးမှာရှိနေတယ်(2)
Vol. 6 Ch. 60
မင်းရဲ့မိဘတွေကိုယ်စား ဆုံးမပေးမယ်?
ကုကျစ်စုန့် ခေါင်းငြိမ့်ပြလိုက်ကာ ဗီလာထဲသို့ ဦးဆောင်ဝင်သွားခဲ့သည်။
သူမက ဤဗီလာ၏ လမ်းကြောင်းများအား ရင်းနှီးနေသကဲ့သို့ တည်နေရာကိုပင် မမေးမြန်းဘဲ လျို့ကျင်း၏ အိမ်ထဲသို့ ချောချောမွေ့မွေ့ပင် ဝင်သွားခဲ့ချေသည်။
လျို့ကျင်း အနည်းငယ်အံ့အားသင့်သွားသော်လည်း ယွီထုန်လျို့မှ အိမ်အကြောင်းကို ပြောပြထားသည်ဟုသာ တွေးကာ ခေါင်းထဲသို့ သိပ်ပြီးမထားလိုက်ချေ။
ဗီလာတံခါးအား ဖွင့်လိုက်သည်နှင့် အခန်းထဲမှ ထွက်လာနေသော ယင်စွမ်းအင်တစ်ပိုင်းတစ်စကို ကုကျစ်စုန့် ခံစားလိုက်ရသည်။
လျို့ကျင်း အိမ်ထဲသို့ အရင်ဝင်လိုက်ပြီး ဧည့်ခန်းတွင် မြင်လိုက်ရသည့်အရာက သူ့အား အံ့ဩသွားစေကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ခင်ဗျား ဘာလုပ်နေတာလဲ!?”
ဧည့်ခန်းနောက်တွင်တော့ အကောင်းစား နံ့သာ,သားဖြင့် ပြုလုပ်ထားကာ မြင်လိုက်သည်နှင့် ဈေးကြီးမှန်းသိသာသော အခေါင်းတစ်ခု ရှိနေခဲ့သည်။
အခေါင်း၏ ပတ်လည်တွင်တော့ အဝါရောင်ကျမ်းစာရွက်များကို ကပ်ထားခဲ့ပြီး ဘေးနားတွင် မီးခိုးရောင်ဝတ်ရုံဝတ်ဆင်ထားသော တောက်ကျန့်က လက်ထဲတွင် အမွှေးတိုင်ခွက်အား ကိုင်ကာ ရပ်နေခဲ့သည်။
အမွှေးတိုင်မှာ ယခုမှ ထွန်းလိုက်ပုံပေါ်ကာ ထိုတောက်ကျန့်က အမွှေးတိုင်ပြာအား လှည့်၍ ခါလိုက်ရင်း အဝါရောင်ကျမ်းစာရွက်များကိုလည်း အနီးတွင် ဖြန့်ကျဲနေခဲ့သည်။
ဘေးနားတွင် တပည့် သို့ မြေးဖြစ်ပုံပေါ်သည့် ၁၂ နှစ်အရွယ် တောက်ဓမ္မဂိုဏ်းသားလေးတစ်ဦးလည်း အဖော်အဖြစ်ပါရှိနေခဲ့သည်။
ထို့အပြင် ဆံပင်ဖြူစပြုနေသည့် ခပ်ဝဝ၊ အရပ်ပုပြတ်ပြတ်နှင့် လူကြီးတစ်ယောက်ကလည်း အခေါင်းတလားနှင့် မီတာအနည်းငယ်အကွာတွင် ရပ်နေခဲ့သည်။
လျိုကျင်း၏ အသံကို ကြားတော့ ထိုအဖိုးကြီး၏ခန္ဓာကိုယ် ဆတ်ခနဲတုန်သွားပြီး ပြန်လှည့်လာခဲ့ကာ သူ၏ လေသံသည် အနည်းငယ် အပြစ်ရှိသည့် လူတစ်ယောက်ကဲ့သို့ဖြစ်နေခဲ့သည်။
“မင်း ပြန်လာပြီလား? အဲဒီဆရာသခင်တွေ ပြောတာက မင်းအမေက ရင်ထဲမှာ အစွဲအလမ်းတွေကြီးနေတာတဲ့၊ ဒါကြောင့် ငါလည်း သူ့ကို နောက်ဘဝမှာ မိသားစုကောင်းကောင်းဆီမှာ မနာမဖျားပဲ ကောင်းကောင်းပြန်ဝင်စားနိုင်အောင် အစွမ်းထက်တဲ့ ဆရာသခင်တစ်ပါးကို ပင့်လာခဲ့တာ”
ထိုစကားအရ ဤအဖိုးကြီးသည် လျိုကျင်း၏ ဖခင်ဖြစ်နိုင်ပြီး နှစ်ဦးကြား ဆက်ဆံရေးသည်လည်း အဆင်ပြေပုံမပေါ်ချေ။
လျိုကျင်း ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“အမေက ခင်များရဲ့ ဟန်ဆောင် ကြင်နာပြနေတာကို လိုချင်တယ်လို့များ ထင်နေတာလား? ဘာလဲ? မနေ့က သေတော့မလိုဖြစ်သွားလို့ ဒီနေ့ ကယ်ပေးမယ့်လူရှာလာတာလား?
ခင်များရှာနေတဲ့ လူရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာ ဘယ်သူ သိနိုင်မလဲ၊ နှလုံးသားထဲမှာ တစ္ဆေကပ်နေပြီး ညလယ်ခေါင်ဆို အိပ်မက်ဆိုးတွေ မက်နေလို့ အကူအညီရှာလာတာမဟုတ်လား? ကျုပ်အမေရဲ့ဘေးကနေ မြန်မြန်ထွက်သွားလိုက်!”
အသုဘအခမ်းအနား ပျက်သွားပြီးနောက်တွင် အခေါင်းတလားအား ထားရန် နေရာတစ်ခုလိုလာခဲ့သည်။
အသုဘပွဲစီစဉ်သူများတွင် အခေါင်းတလား ထားသိုရန် နေရာများ ရှိသော်လည်း လျို့ကျင်း ကြားဖူးသည်မှာ အခေါင်းများအား သေဆုံးသူ နေထိုင်ခဲ့သည့် အိမ်တွင် ထားလျှင် သေဆုံးသူက ပို၍ ငြိမ်းချမ်းစွာ အနားယူနိုင်သည်ဟုပင်။
ပြီးနောက် သူကိုယ်တိုင်ကလည်း မိခင်ဖြစ်သူအား မှောင်မိုက်သည့် သာမန် ဆိုင်တစ်ခုတွင် မအိပ်စက်စေချင်သောကြောင့် ဗီလာ၏ ဧည့်ခန်းတွင်သာ ထားခဲ့သည်။
မမျှော်လင့်ထားပဲ သူ့အဖေက ပြင်းပြင်းထန်ထန် ပြဿနာရှာကာ အသည်းအသန်ငြင်းဆိုသည်။ မနေ့ညကဆိုလျှင် အိမ်မှ ပစ္စည်းများအား အော်ဟစ်ရိုက်ခွဲပစ်ခဲ့သည်။
လျို့ကျင်းမှာ ဖခင်ဖြစ်သူအား ကလေးဘဝတည်းက မုန်းတီးခဲ့သည်။
သူ၏ မိခင်သည် လွန်ခဲ့သည့် ဆယ်စုနှစ်မှ နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်ခဲ့သည်။ သူမက သူမ၏အချိန်၏ ထိပ်တန်းဖြစ်ခဲ့ကာ ဇာတ်လမ်းတွဲများတွင် ဇာတ်လိုက်မင်းသမီးများ၏ ဘုရင်မတစ်ဆူဖြစ်ခဲ့သည်။
လျို့ကျင်း၏ ဖခင်သည်ကား ကျောက်မီးသွေးတူးဖော်ခြင်းနှင့် အိမ်ရာမြေအကျိုးတော်ဆောင်လုပ်ငန်း စတင်လုပ်ကိုင်နေသည့် စီးပွားရေးသမားတစ်ယောက်သာဖြစ်သည်။
သူက လျို့ကျင်း၏ မိခင်အား နတ်ဘုရားမကဲ့သို့ သဘောထားခဲ့သည်။ နှစ်နှစ်ကြာအောင် မဆုတ်မနစ် ကြိုးစားပြီးနောက်တွင် သူမ၏ စိတ်အား ဖမ်းစားနိုင်ခဲ့ပြီး လက်ထပ်ယူနိုင်ခဲ့သည်။
မမျှော်လင့်ထားသည်က လက်ထပ်ပွဲပြီးနောက် သူ၏ ဇာတ်ရုပ်မှန် ပေါ်လာခဲ့ကာ ကြိုးစားလက်ထပ်ခဲ့ရသော ဇနီးမယားအား နည်းနည်းမျှပင် တန်ဖိုးမထားခဲ့ပေ။ သူ၏ မိခင်အား ဇာတ်လမ်းများတွင် ဆက်လက်ရိုက်ကူးခွင့်မပြုသလို ဇနီးဖြစ်သူ ကိုယ်ဝန်ရှိနေစဉ်မှာပင် ဖောက်ပြန်ခဲ့သေးသည်။
လျို့ကျင်းမှာ ငယ်စဉ်တည်းက ဖခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုများအောက်တွင် ကြီးပြင်းလာခဲ့ရသည်။ အရွယ်ရောက်လာပြီးနောက်တွင်လည်း နာမည်ကြီး ဒါရိုက်တာဖြစ်လာခဲ့သည်ကြောင့် သူ့ကိုယ်သူ အင်မတန် ချုပ်တည်းထားခဲ့ရသည်။
လျို့ကျင်းက မိခင်ဖြစ်သူအား ကွာရှင်းစေချင်ခဲ့ပြီး သူမအား ဖျောင်းဖြရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ သို့သော် မိခင်ဖြစ်သူကမူ သည်းခံလျှင် ကျော်ဖြတ်နိုင်မည်ဖြစ်ကာ ကွာရှင်းရန်မလိုဟုသာ တွင်တွင်ပြောခဲ့ချေသည်။
မိခင်ဖြစ်သူမှ သူ၏ အလုပ်အကိုင်အား စိတ်ပူ၍ ထိုသို့သည်းခံနေခြင်းဖြစ်ကြောင်းကိုလည်း သူသိပေသည်။
သူမသာ ကွာရှင်းလိုက်ပါက ဖခင်သူမှ အွန်လိုင်းပေါ်တွင် ငွေကြေးများသုံး၍ အင်မတန်တော်သည့် ဒါရိုက်တာလျို့သည် သားသမီးဝတ္တရားကျေပွန်သူ မဟုတ်ဟူသော သတင်းမှားများလွှင့်၍ သူ၏ ဂုဏ်သိက္ခာနှင့် ရုပ်ရှင်သတင်းများအား ထိခိုက်စေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထိုအချက်ကြောင့်ပင် မိခင်ဖြစ်သူက ထိုလူ၏အလိုကျ လိုက်လျောညီထွေဖြစ်အောင် နေခဲ့သည်။
ရလဒ်ကတော့ လွန်ခဲ့သည့် တစ်ပတ်က လျို့ကျင်း ရိုက်ကွင်းတွင် ရှိနေစဉ် မိခင်ဖြစ်သူမှာ ရုတ်တရက် နှလုံးဖောက်ကာ ဆုံးသွားပြီဟူသော အိမ်မှ ခေါ်ဆိုလာသည့် ဖုန်းကိုလက်ခံရရှိခဲ့ချေသည်။
ဝေဒနာ ခံစားနေရသည့် ဆယ်မိနစ်ကျော်အချိန်အတွင် အိပ်ခန်းထဲမှ ကြမ်းပြင်ပေါ်တွင် လဲကျနေခဲ့သော မိခင်ဖြစ်သူအတွက် ဆေးမှာ သူမ၏ ပိုက်ဆံအိတ်ထဲတွင်သာ ရှိခဲ့သော်ငြား လှမ်းယူရန်ပင် အင်အားမရှိခဲ့။
ထို့အတူ မည်သူတစ်ယောက်ကမျှ တစ်ချိန်လုံး သတိမထားမိခဲ့ကြချေ!!
ဆရာဝန်၏ပြောစကားအရ မိခင်ဖြစ်သူသည် စိတ်ခံစားမှု ပြင်းထန်နေခြင်းကြောင့် နှလုံးသွေးကြောပိတ်၍ ဆုံးပါးခဲ့ရခြင်းပင်ဖြစ်သည်။
ထိုအချိန် အိမ်ထဲ၌ ဖခင်နှင့် အိမ်အကူအနည်းငယ်သာ ရှိနေခဲ့သည်။ မည်သူက သူမအား စိတ်ထိခိုက်စေနိုင်မည်နည်း?
လျို့ကျင်း တစ်ခုခုတော့ လွဲမှားနေကြောင်း သံသယရှိသော်ငြား သူ့တွေင် သက်သေပြရန် လက်ဆုတ်လက်ကိုင် ရှိမနေခဲ့ပါချေ။
သူ၏ စွပ်စွဲမှုကို ကြားသည်တွင် ဖခင်ဖြစ်သူက ရုတ်တရက် ဒေါသအမျက်ကြီးစွာ ထွက်လာခဲ့သည်။
“ဒါ မင်းရဲ့အဖေကို ပြန်ပြောသင့်တဲ့ပုံစံလား ? မင်းဆိုတဲ့ ဆိုဆုံးမစကားကိုမနာခံတဲ့သားဆိုးကတော့! ဘယ်လို လူမျိုးက အိမ်ထဲမှာ အခေါင်းထားနေလို့လဲ?
လူက သေပြီးနေပြီ၊ မြန်မြန် မြေကြီးထဲ မြှုပ်ပစ်လိုက်ပါတော့လား? ဘာကိစ္စ ပြဿနာရှာနေရတာလဲ? မြေကြီးထဲနေတာ ပိုမလုံခြုံဘူးလား?”
“ဆရာကြီး၊ ဒီအသုံးမကျတဲ့ သားမိုက်ကို ဂရုမစိုက်ပါနဲ့၊ ကျုပ်က သူ့ရဲ့ တရားဝင်ယောင်္ကျားပါ၊ ရဲတွေရောက်လာတယ်ဆိုရင်တောင်မှ ကျုပ်မှာ ကျုပ်မိန်းမရဲ့ အသုဘကို စီစဉ်ပိုင်ခွင့်ရှိတယ်!”
လျို့ကျင်းမှာ ဒေါသတကြီးဖြစ်သွားရပြီး မျက်ခုံးမွှေးရှည်များရှိနေသည့် အဘိုးကြီးထံသို့ လျှောက်သွားခဲ့သည်။
“ဒီကနေ အခုချက်ချင်းထွက်သွား၊ ကျုပ်အမေရဲ့ အခေါင်းကို ထိဖို့ မစဉ်းစားနဲ့!”
တောက်ကျန့်အိုကြီးက သူ့ကိုကြည့်ကာ သနားဂရုဏာသက်ဟန်ဖြင့် ခေါင်းကို ခါရမ်းလာသည်။
“ဒီက သူငယ်လေး၊ မင်းက စိတ်ခံစားချက်တွေကြောင့် မမြင်နိုင်ဖြစ်နေတာပဲ၊ အခု ဘေးကို ဖယ်လိုက်တော့၊ တောက်ဓမ္မလမ်းစဉ်ကို မနှောင့်ယှက်ပါနဲ့”
ပြောပြီးသည်နှင့် သူ၏ လက်ထဲမှ သားမြီးယပ်အား ခါရမ်းလိုက်ပြီး လေပြင်းတစ်ပွေက ပြင်းထန်စွာ တိုက်ခတ်လာကာ လျို့ကျင်းအား နေရာမှ တွန်းထုတ်တော့မယောင်ဖြစ်လာသည်။
ထိုတိုက်ချက်မှာ အတွင်းအားများပါဝင်ပြီး စွမ်းအားများပြင်းထန်ကာ သာမန်လူတစ်ယောက်အား ထိမိပါက ထိခိုက်ဒဏ်ရာရမည်မှာ ကျိန်းသေပင်ဖြစ်သည်။
တစ်ချိန်လုံး တံခါးအဝင်ဝတွင် တိတ်ဆိတ်စွာရှိနေခဲ့သော ကုကျစ်စုန့်က လက်ကို ရုတ်တရက် မြှောက်လိုက်ကာ အင်ပါယာအကြွေစေ့တစ်စေ့အား လက်ထိပ်ဖြင့် တောက်လွှတ်လိုက်သည်။
လေဟုန်ခွင်းသည့် အသံဖြင့် ထိိုအကြွေစေ့မှာ တောက်ကျန့်အိုကြီး၏ သားမြီးယပ်သို့ တိုက်ရိုက်ထိမှန်ကာ ကြမ်းပြင်ပေါ်သို့ ဒေါင်ခနဲ အသံဖြင့်ပြုတ်ကျသွားတော့သည်။
တောက်ကျန့်အိုကြီးလည်း အံ့ဩကာ ခြေတလှမ်း နောက်သို့ဆုတ်သွားခဲ့သည်။ သူ၏ ထုံကျဉ်နေသည့် လက်များအား လျှောချလိုက်ပြီးနောက် ကုကျစ်စုန့်ဘက်သို့ အေးတိအေးစက် လှမ်းကြည့်လိုက်သည်။
“ဒီတောက်ကျန့်ကို မရင်းနှီးသလိုပါပဲ၊ ဘယ်ဆရာရဲ့ တပည့်လဲဆိုတာကို မသိပေမယ့် မင်းက အသက်ငယ်ငယ်နဲ့ အရှိန်အဝါတော်တော်ကြီးတာပဲ!”
ထိုမှသာ သတိပြန်ဝင်လာသည့် လျို့ကျင်းသည်လည်း အံ့အားတကြီးဖြစ်နေရာမှ စိတ်လှုပ်ရှားမှုအား ထိန်းလိုက်ရင်း :
“သူမက ကျုပ်ရဲ့အမေ့ကို ကူညီပေးဖို့ ခေါ်လာတဲ့ တောက်ကျန့် ကုကျစ်စုန့်ပဲ၊ နောက်တစ်ခေါက်ထပ်ပြောမယ်၊ ခင်ဗျားတို့ရဲ့ ဟန်ဆောင်ကြင်နာမှုတွေ မလိုချင်ဘူး အခု ထွက်သွားလိုက်တော့!”
“ကုကျစ်စုန့်?!?”
တောက်ကျန့်အိုကြီး၏ မျက်လုံးများ ပြုးကျယ်သွားကာ သုန်မှုန်နေသော မျက်နှာဖြင့် ပြောသည်။
“မင်းက တောက်ကျန့် ကုကျစ်စုန့်ဆိုတာကိုး၊ မင်းက ငယ်ပြီး ပညာကတော့တော်သားပဲ၊ ဒါပေမယ့် ငါထင်တာတော့ မင်း သင်ခန်းစာတွေတော့ နည်းနည်းလောက် လေ့လာသင့်တယ်၊ မင်းက ကိုယ့်ထက် အကြီးတွေကို ရက်စက်ပြီး လေးစားမှုလည်းမရှိဘူး! အရည်အချင်းလေးနည်းနည်းလောက်ရှိနေရုံပဲ!”
ကုကျစ်စုန့် ပျင်းရိစွာ မျက်ခုံးပင့်လိုက်ပြီး ခပ်လွင်လွင်ရယ်မောလာသည် :
“အမှန်အတိုင်းပြောရရင် ဒီလောက်အရေထူတဲ့ တောက်ကျန့်မျိုးကို အခုမှ မြင်ဖူးတာပဲ၊ ရှင့်လို ကောက်ကျစ်တဲ့အစီအရင်ကို မြွေလို၊ ကင်းမြီးကောက်လို သုံးတဲ့ လူတစ်ယောက်က ငရဲကိုသွားသင့်တယ်၊ ရှင့်လိုလူတစ်ယောက်က ကျွန်မဆီက ရိုသေသမှု ရထိုက်တယ်လို့များ ထင်နေတာလား?”
“ရိုင်းဆိုင်းလိုက်တာ၊ ဒီလို ဆံပင်အဝါနဲ့ မိန်းကလေးက သေခြင်းကို ဖိတ်ခေါ်နေတာပဲ!”
တောက်ကျန့်အိုကြီး၏ မျက်နှာသည် မည်းပုတ်နေခဲ့ကာ မှော်လက်နက်အား လက်ထဲသို့ ကောက်ယူပြီး စွမ်းအားအပြည့်နှင့် တိုက်ခိုက်လာတော့သည်။ သူ့၏ ဟန်ပန်မှာ ကုကျစ်စုန့်ကို အသေသတ်ချင်နေသည်မှာ သိသာလွန်းလှသည်။
“ငါ ဒီနေ့ မင်းရဲ့မိဘတွေကိုယ်စား မင်းကို ဆုံးမပေးမယ်!!”
ယွီထုန်လျို့ ကြောက်လန့်စွာဖြင့် ဘေးက စားပွဲအား ဆွဲကိုင်လိုက်မိသည်။
“စုန့်စုန့်၊ သတိထားနော်!!”
ကုကျစ်စုန့်ကတော့ တည်ငြိမ်နေဆဲပင်။ သို့သော်လည်း တောက်ကျန့်အိုကြီး လက်လှမ်းမှီလုဖြစ်လာသောအခါ သူမက အဝါရောင်အဆောင်ကျမ်းစာရွက်တစ်ခုကို ထုတ်ယူလိုက်ပြီး လက်ချောင်းများကြားတွင် ညှပ်ကိုင်ထားလိုက်ချေသည်။
သူမက ဂါတာရွတ်ဖတ်ခြင်းများကိုပင် မလုပ်တော့ဘဲ ချီစွမ်းအင်သက်သက်ဖြင့်သာ ကျမ်းစာရွက်ကို အသက်သွင်းလိုက်သည်။
အဝါရောင်ကျမ်းစာရွက်လေးက လေမတိုက်ပါဘဲ ပျံဝဲသွားပြီးနောက် လူတစ်ယောက်၏ ပေါင်ခန့်ရှိသည့် မီးနဂါးတစ်ကောင်က မာန်အပြည့်နှင့် ထွက်ပေါ်လာခဲ့သည်။
မီးနဂါးကြီးက ချက်ချင်းပင် တောက်ကျန့်အိုကြီး၏ မျက်ခုံးမွှေးနှင့် ဆံပင်များအား ချက်ချင်း မီးရှို့ပစ်လိုက်သည်။
ထိုအဘိုးကြီး အံ့အားတကြီးဖြင့် မီးကို ငြိမ်းရန် ကြိုးစားနေစဉ်မှာပဲ ကျောက်စိမ်းအလား ဖြူစင်သွယ်လျသည့် လက်ချောင်းများက မီးလျှံများအား လျစ်လျှူရှုပြီး မီးနဂါးကို ဖောက်ထွင်းကာ သားမြီးယပ်ကို လုယူလိုက်သည်။
တောက်ကျန့်အိုကြီး၏ ခန္ဓာမှ ဤပိန်ပါးသွယ်လျလှသော မိန်းကလေး၏ အားကို မခံနိုင်တာကြောင့် အရှေ့ကိုပင် ယိမ်းသွားခဲ့သည်။
မျက်စိတမှိတ်အတွင်းမှာပဲ ထိုလက်ဖဝါးက ၄၊၅ကြိမ်ခန့် ရွေ့ရှားသွားကာ ရင်ဘတ်နှင့် ဝမ်းဗိုက်အား ရိုက်နှက်လိုက်သည်။ အရှိန်က မြန်ဆန်လွန်းသည်ကြောင့် တုံ့ပြန်ချိန်ပင် မရလိုက်ချေ။
သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နာကျင်မှုများ ဖုံးလွှမ်းနေသောကြောင့် တောက်ကျန့်အိုကြီးမှာ ပါးစပ်ထဲမှ သွေးများကို အန်ထုတ်ရင်း လဲကျသွားတော့သည်။ အမွှေးတိုင်ခွက် ကိုင်ထားသည့် ကောင်လေးက စိတ်ပူပန်စွာဖြင့် အမြန်ပြေးလာခဲ့သည်။
“ရှစ်ဖူ!”
တောက်ကျန့်အိုကြီးက သူ့၏ရင်ဘတ်ကို ဖိထားရင်းဖြင့် မျက်လုံးများမှ သွေးများစီးကျလာခဲ့သည်။
“မင်း.. မင်း နတ်ဆိုး ကျင့်ကြံသူ၊ ယုတ်မာရက်စက်လွန်းတယ်!!”
ကုကျစ်စုန့် : “???”
“တောက်ဓမ္မဂိုဏ်းသားတွေက ကိုယ့်ကိုယ်ကိုယ် အရူးဇာတ်သွင်းရတာ သဘောကျကြတာလား? အဖိုးကြီးချန်က စွန်းမိသားစုရဲ့ ကံကို ပြောင်းလဲပြီး ယင်လက်ထပ်ထိမ်းမြားခြင်း လုပ်ခဲ့တာကို ရှင်လည်း သိတယ်မလား၊
ကြည့်ရတာ ရှင်တို့ ဂိုဏ်းက မြွေပွေးနဲ့ ကြွက်သိုက်သာသာဖြစ်နေတဲ့ပုံပဲ၊ သူ ကျွန်မနဲ့ ပြိုင်ပြီး ရှုံးသွားတော့ ကျွန်မ သူ့ရဲ့ပညာရပ်တွေကို ဖျက်ဆီးလိုက်တာလေ၊ အခု ရှင်လိုပဲပေါ့”
တောက်ကျန့်အိုကြီး သွေးအန်နေတာကို မကြည့်ရက်ဖြစ်နေသည့် ယွီထုန်လျို့တစ်ယောက် ထိုအဖိုးကြီးမှာ အဖိုးကြီးချန်နှင့် တစ်ဂိုဏ်းတည်းသားဆိုသည်ကို ကြားလိုက်ရချိန်တွင် သူမ၏ ဂရုဏာစိတ်များ ချက်ချင်းအငွေ့ပျံသွားသည်။
တောက်ဂိုဏ်းသားကောင်ငယ်လေးက မျက်ရည်များ သုတ်ကာ ကုကျစ်စုန့်ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
“နတ်ဆိုးလို မိန်းမကြီး၊ ဂိုဏ်းခေါင်းဆောင်နဲ့ လူကြီးတွေက မင်းကို လာပြီး ဆုံးမကြလိမ့်မယ်!”
“မင်း စကားတွေ အတည်ဖြစ်ပါစေလို့ ငါမျှော်လင့်ပေမယ့်၊ ကောင်စုတ်လေး.. သူတို့ မလာနိုင်မှာကိုပဲ ငါစိုးရိမ်မိတယ်”