နတ်ဆိုးဝိဥာဥ်(3)
Vol. 6 Ch. 58
စနစ်မှာ ကုကျစ်စုန့်၏စကားကြောင့် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကာ ကြောက်လန့်တကြားဆိုလာသည် :
“ဘော့စ်! ကျွန်တော်က စကားလည်း သေချာနားထောင်ပါတယ်၊ ပြီးတော့ မင်းကိုလည်း ဇာတ်လမ်းဇာတ်ကွက်အတိုင်း ဇွတ်အတင်းမသွားခိုင်းဘူးလေ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မဖျက်ဆီးလိုက်ပါနဲ့”
“ဒါဆို ငါမင်းကို တစ်ခုမေးမယ်”
ကုကျစ်စုန့်အသံတွင် ခြိမ်းခြောက်လိုမှုများသိသာစွာပါဝင်နေသည်။
“မင်းနဲ့ ကောင်းကင်ဘုံတရားစီရင်ခြင်းသခင်ရဲ့ ဆက်ဆံရေးက ဘာလဲ?”
ဤခန္ဓာကိုယ်မှာ သူမနှင့် ကိုက်ညီနေသည်မှာ အံ့ဩစရာပင်မရှိတော့ချေ။ မြေအောက်ကမ္ဘာမှ အရာရှိများသည်လည်း သူမ ယခင်က သိကျွမ်းခဲ့သူများနှင့် တစ်ထပ်တည်းတူနေသည်မှာလည်း ထိုနည်းလည်းကောင်းပင်။
ဤကမ္ဘာသည်ကား စာအုပ်ကမ္ဘာမဟုတ်၊ သူမရှိခဲ့သည့်ကမ္ဘာအတွင်းမှ သူမတည်ရှိခဲ့သည့် အချိန်၏ နောက်ပိုင်း နှစ်ရာပေါင်းများစွာပင် ဖြစ်သည်!
လွန်ခဲ့သည့် နှစ် ၈၀၀တွင် တောက်ကျန့် ကျွင့်ဟုန်သည် တောက်ဓမ္မဂိုဏ်းအား တည်ထောင်ခဲ့သည်ဟု ဆိုခဲ့သည်။ ထိုအချိန်၏ သမိုင်းကြောင်းသည် သူမ မှတ်မိသည့် အကြောင်းအရာနှင့် တစ်ထပ်တည်းပင်။
အဘယ်ကြောင့်ဆိုသော် ကျွင့်ဟုန်သည်ကား သူမ၏ ဆရာသခင်ဖြစ်နေသောကြောင့်ပင်!
သူမ ဆရာ ကွယ်လွန်သွားပြီးနောက် ကုကျစ်စုန့်မှ တောက်ဓမ္မဂိုဏ်းအား လက်လွှဲယူခဲ့သည်။ ဂိုဏ်းကွဲများအား ပေါင်းစည်းခဲ့ပြီးနောက် ဆရာသခင် ကျွင့်ဟုန်၏ တားမြစ်ချက် (၃)ရပ်တွင် (၁)ချက် ထပ်တိုးပေါင်းထည့်ခဲ့သည်။
တောက်ဓမ္မဂိုဏ်းများမှ ဂိုဏ်းဝင်များသည် အစီအရင်များအား အသုံးပြုကာ မကောင်းမှုမပြုရ ဟုပင်။
သို့သော် ဤကမ္ဘာ၏ မှတ်တမ်းများတွင်မူ တောက်ကျန့် ကျွင့်ဟုန်တွင် တပည့်လက်သားဟူ၍ရှိမနေခဲ့ချေ။ သူမ၏ အမည် ကုကျစ်စုန့်သည်လည်း လုံးဝဖျောက်ဖျက်ခံလိုက်ရသည်။
သူမ ယခင်က အလုပ်တွဲလုပ်ခဲ့ဖူးသည့် ယင်အရာရှိနှင့် ရှဲ့ပြန့်သည်လည်း သူမအား မမှတ်မိတော့ချေ။
တစ်ဖက်တွင် တောက်ဓမ္မဂိုဏ်းများသည်လည်း ရွံ့အိုင်အလား ညစ်ညမ်းနေခဲ့သည်။
သူမသည် ကပ်ဘေးအား ကျော်ဖြတ်ရန် ကြိုးစားနေစဉ် သူမ၏ ဝိဉာဉ်က ဤကမ္ဘာသို့ ရောက်လာခဲ့သည်။ ထို့ကြောင့် ဖြစ်နိုင်သည့် တစ်ခုတည်းသော ပြဿနာမှာ ကောင်းကင်ဘုံတရားစီရင်ခြင်းသခင်သာ ဖြစ်ချေသည်။
အချိန်အလွန်ကြာမြင့်စွာ ဖိနှိပ်ခံလိုက်ရပြီးနောက် စနစ်လေးမှာတော့ မတရားခံရကာ ငိုယိုနေတော့သည်။ သူက မေးခွန်းများ တစ်သီကြီး အမေးခံရပြီးနောက် ထိတ်လန့်နေရှာသည်။ ထိုမှသာလျှင် ကုကျစ်စုန့် လက်ခံလိုက်သည်က ဤစနစ်သည် အမှိုက်သာ ဖြစ်သည်ဟုပင်။
စနစ်က အသက်ရှူကျပ်စွာ လေသံတိုးတိုးလေးဖြင့် ပြောရှာသည် :
“ဘော့စ် ကျွန်တော့်ကို တစ်ခုခုပြောစေချင်ရင် ဘော့စ်က ကောင်းမှုစွမ်းအားကို စုပ်ယူလိုက်မှ ဖြစ်မှာ၊ ဒါမှ ကျွန်တော် စကားပြောလို့ရမှာ၊ များများစုပ်ယူနိုင်လေ ကောင်းလေပဲ … …”
ကောင်းမှုစွမ်းအား? အဲဒါက ကောင်းကင်ဘုံတရားစီရင်ခြင်းသခင်နဲ့များ သက်ဆိုင်နေတာလား?
ကုကျစ်စုန့် အတွေးနွံထဲတွင် နစ်နေစဉ် သူမ၏ အိတ်ကပ်ထဲမှ ဖုန်းက ရုတ်တရက် ထမြည်လာသည်။
ကုကျစ်စုန့်က သူမ၏ခေါင်းထဲတွင် တရှုံ့ရှုံ့နှင့် ငိုနေဆဲဖြစ်သည့် စနစ်အား ဆူငေါက်လိုက်သည် :
“ငိုမနေနဲ့၊ ဆူညံနေတာပဲ”
ထပ်ပြီး မတရားခံလိုက်ရသည့် စနစ်လေး : QAQ
မျက်ရည်ဝိုင်းနေသော မျက်လုံးများနှင့် သူ၏ ပါးစပ်ပေါက်တို့မှာ ချက်ချင်းပင် ပိတ်သွားခဲ့သည်။
ဖုန်းခေါ်ဆိုသူမှာ ယွီထုန်လျို့ဖြစ်ချေသည် :
“စုန့်စုန့် မင်းအခု ယုံချန်မှာ မဟုတ်လား? ငါ တစ်ခု ပြောစရာရှိလို့၊ မင်းရဲ့ မန်နေဂျာက ဒါရိုက်တာလျို့ကို ထပ်ရှာနေပြန်ပြီဆိုတာသိလား? မင်း သူ့ကို စိတ်ဆိုးအောင် ဘာတွေလုပ်မိသေးလဲ? သူက မင်းရဲ့ အလုပ်တွေကို ဖျက်ပစ်နေပြန်ပြီနော်”
အနုပညာအသိုင်းအဝိုင်းထဲမှ လူတိုင်း ကုကျစ်စုန့်နှင့် သူမ၏ မန်နေဂျာ ချန်ကျန်းတို့ မသင့်မြတ်ကြသည်ကို သိထားကြသည်။
သို့သော်လည်း ကိုယ့်လက်အောက်မှအနုပညာရှင်၏ အလုပ်ကို ဖျက်ဆီးပစ်ချင်နေသော လူကိုတော့ ယွီထုန်လျို့ ပထမဆုံးမြင်ဖူးခြင်းပင်။
ထိုစကားကို ကြားမှသာလျှင် ကုကျစ်စုန့်တစ်ယောက် သူမ၏အနီးတွင်ရှိနေသည့် မြေမြှုပ်မိုင်းအား သတိရသွားသည်။
ကလေးသရဲကပ်တွယ်နေသည့် ထိုမန်နေဂျာ ချန်ကျန်း ။
သူမ မျက်မှောင်ကြုတ်လိုက်သည်:
“သူက ဒီတစ်ခေါက်ရော ဘာလုပ်ပြန်ပြီလဲ?”
ယွီထုန်လျို့ပြန်ဖြေလာခဲ့သည်။
“အဲဒါကိုနောက်မှ ပြောပြမယ်၊ အခုဖုန်းခေါ်လိုက်တာက မင်းအားလား သိချင်လို့၊ ငါ့ရဲ့သူငယ်ချင်းတစ်ယောက်ရဲ့ အမေက ဆုံးသွားတာ မကြာသေးဘူး၊ ဒါပေမယ့် အသုဘမှာ တစ်ခုခုမှားနေသလိုပဲ၊
ငါ့သူငယ်ချင်း ထင်နေတာက သူ့အမေက လူ့ဘဝမှာ မပြီးပြတ်သေးတဲ့ ကိစ္စလေးတွေ ရှိသေးလားမသိဘူးတဲ့၊ အဲဒါ မင်းကြည့်ပေးလို့ ရမလားမသိဘူး?”
သူမကို မေးလာသည့်သူက ယွီထုန်လျို့ဖြစ်နေသည်ကြောင့် ကုကျစ်စုန့် မငြင်းဆန်ခဲ့ချေ။
“တိကျတဲ့အခြေအနေက ဘယ်လိုတွေဖြစ်နေလို့လဲ?”
“ဒီလိုမျိုး၊ ငါ့ သူငယ်ချင်းရဲ့အမေက အရင်တနင်္လာနေ့တုန်းက အိမ်မှာပဲ နှလုံးဖောက်ပြီး ဆုံးသွားတာ၊ ဖြစ်သွားတာက သူ့အမေရဲ့ အိပ်ခန်းထဲမှာပဲ၊
အခြေအနေက ရုတ်တရက်ဖြစ်သွားပြီး ဘေးနားမှာလည်း ဘယ်သူမှ မရှိတော့ ဆေးကုဖို့အချိန်ရော၊ ဆေးသောက်ဖို့ရော မမှီလိုက်တော့ဘူး၊ မိသားစုက ရှာတွေ့ပြီး ဆေးရုံကိုပို့ဖို့လုပ်တော့ အချိန်က နှောင်းသွားပြီ”
“ဆေးရုံမှာတော့ ဘာပြဿနာမှ မတွေ့ခဲ့လို့ ငါ့သူငယ်ချင်းက သူ့အမေ့အတွက် အသုဘအခမ်းအနားလုပ်ပေးချင်နေခဲ့တာ၊ ဒါပေမယ့် အသုဘအခမ်းအနားမှာ ပြဿနာတွေ တစ်ခုပြီး တစ်ခု စတော့တာပဲ…”
ယွီထုန်လျို့ တံထွေးမြိုချလိုက်သည်။ အနုပညာ အသိုင်းအဝိုင်းမှ သူငယ်ချင်းတစ်ယောက်အနေဖြင့် သူမသည် ထိုကိစ္စများအား သိသူအနည်းအကျဉ်းမှ တစ်ယောက်ဖြစ်ချေသည်။ သူမမှာ ထိုအမေအိုအတွက် ပန်းခွေပေးရန် သွားခဲ့ပြီး သူမ ထူးဆန်းသည့် အရာများကို သူမ၏ မျက်လုံးနှင့် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည်။
အိပ်ရာပေါ်တွင် သရဲမှ ဖိသတ်ရန် ကြံစည်မှုအား ကြုံရပြီးသည့်နောက် သူမ ထိုအရာများကို ကြောက်ရွံ့လာခဲ့သည်။ လက်ရှိ ပြန်စဉ်းစားကြည့်လျှင်ပင် အသံများက တုန်ရီလာခဲ့ရသည်။
“အမေအိုက သေတော့ အသက် (၇၀)တောင် မကျော်သေးဘူး၊ ပြီးတော့ သေချင်သေးပုံလည်း မပေါ်ဘူး၊ ဒါပေမယ့် သူမ မသေခင်ကတော့ တော်တော်လေး စိတ်ထား ပွင့်လင်းတဲ့ အမျိုးသမီးပါ၊
ငါ့သူငယ်ချင်းက သူ့အမေ မသွားချင်သေးတာသိတော့ အော်ပရာအဖွဲ့ကို အသုဘမှာ ခြင်္သေ့တွေ၊ ဗုံတွေနဲ့ ကပြဖျော်ဖြေပေးဖို့ ငှားလိုက်တယ်၊ ဘာလို့လဲဆိုတော့ သူ့အမေက အသက်ရှိစဉ်တုန်းက အော်ပရာ ပြဇာတ်တွေ ကြည့်ရတာ သဘောကျတယ်လေ”
“အစပိုင်းမှာတော့ အဆင်ပြေသေးတယ်၊ ဒါပေမယ့် အော်ပရာပြဇာတ်အဖွဲ့က ဆိုနေရင်း ကနေရင်းကနေ ရုတ်တရက်ထငိုကြရော၊ နောက်ဆုံးတော့ ရူးကြောင်ကြောင်တွေ ဖြစ်လာပြီး ဘယ်သူကမှ အော်ပရာကို ဆက်မဆိုနိုင်ကြတော့ဘူး၊
သူတို့တွေ စင်အောက်ကို ဆင်းလာတော့ စင်ပေါ်မှာ တစ်ခုခုထူးဆန်းနေတယ်တဲ့၊ လေအေးတွေ တိုက်ခတ်နေပြီး လည်ချောင်းတွေထဲမှာလည်း ရေအေးတွေနှင့် လောင်းချခံရသလို တင်းကြပ်နေခဲ့တယ်လို့ ပြောတယ်၊ တချို့က လည်ချောင်းထဲမှာ ဓားနဲ့ ဖြတ်နေသလိုမျိုး နာကျင်နေခဲ့တာဆိုပဲ”
“ခြင်္သေ့အက,ကရတဲ့ ပညာရှင်တွေလည်း ရှိသေးတယ်၊ သူတို့တွေ ကနေတာ ၁၀နှစ်သက်တမ်း ရှိပြီ၊ အစပိုင်းက သူတို့ပြောတဲ့အတိုင်းဆိုရင် ခုံဖိနပ်နဲ့ ကရတာက ပိုပြီး အဆင်ပြေတယ်တဲ့၊
ရလဒ်ကတော့ ဆရာတွေထဲက တစ်ယောက်ပြုတ်ကျပြီး ညို့သကျည်း ကွဲပြဲသွားတယ်၊ အသားစတွေပါ ပဲ့ထွက်သွားပြီး မြေပေါ်မှာ သွေးတွေကို ဒလဟောပဲ…”
ချက်ချင်းဆိုသလို ဆရာသခင်တွေ အကုန်လုံးက မျက်စိမျက်နှာများ ပျက်ကုန်ကြသည်။ အသုဘအခမ်းအနား သွေးမြင်ရခြင်းသည် အသုဘအခမ်းအနားစီစဉ်သူများအတွက်တော့ မကောင်းသော နိမိတ်ပင်ဖြစ်သည်လေ!
ချော်လဲသွားသည့် မာစတာက ပိုက်ဆံတောင် မလိုချင်တော့ချေ။ သူက ထွက်မသွားခင် ဆူညံစွာအော်ဟစ်ခဲ့ကာ ဤအဖြစ်က ထူးဆန်းသည်ဟု ဆိုခဲ့သည်။
သူ ကနေစဉ်တွင် လက်တစ်ဖက်က ဆောင့်ဆွဲသလို ခံစားခဲ့ရသည်ဟုလည်း ပြောသည်။
ထိုအရာသည် မသေချင်သေးသည့် အမယ်အို၏ ဝိဉာဉ်သာ ဖြစ်ရမည်!
အသုဘအခမ်းအနားအား လာရောက်သူများလည်း လန့်ဖြန့်ကုန်ကြသည်။
အခြေအနေက မဟန်တော့သည်တွင် ပွဲထဲတွင်ရှိနေသည့် လူကြီးသူမများက တစ်ယောက်နှင့် တစ်ယောက် တီးတိုးဆိုလာကြတော့သည်။ ဤအမယ်အိုကြီး သေဆုံးသည်တွင် တစ်စုံတစ်ခုမှားယွင်းခဲ့နေ၍သာ ယခုကဲ့သိုမြေမြှုပ်မခံချင်တာ ဖြစ်လိမ့်မည်!
ယွီထုန်လျို့ ဆက်ပြောခဲ့သည်:
“ငါ့သူငယ်ချင်းက အစကတော့ မယုံခဲ့ဘူး၊ ဒါမျိုးဖြစ်တယ်ဆိုတာက တိုက်ဆိုင်တာလည်း ဖြစ်နိုင်တယ်လို့တွေးနေခဲ့တာ၊ ဒါပေမယ့် နောက်နေ့မနက် လွမ်းသူ့ပန်းခွေတွေ နေရာချဖို့ သွားတော့ တော်တော်များများက ဖျက်ဆီးခံထားရတယ်တဲ့!”
“အဲဒီနေ့ နေ့လည်ခင်းမှာပဲ သူ အသုဘကျောက်တိုင် မှာထားတဲ့ ဆိုင်ရှင်က ဖုန်းဆက်လာတယ်၊ အမေအိုအတွက် သီးသန့်လုပ်ထားတဲ့ ကျောက်တိုင်က အလိုလိုနေရင်း အက်ကွဲသွားတယ်တဲ့လေ!!”
**