← Chapters

နတ်ဆိုးဝိဥာဥ်(2)

Vol. 6 Ch. 57

နတ်ဆိုးဝိဥာဥ်(2)

Vol. 6 Ch. 57

“မစ္စကုက အဲဒီတောက်ဓမ္မဂိုဏ်းက လူတွေ ဘယ်လောက်ထိ ကိုယ့်ကိုယ်ကိုအထင်ကြီးပြီးမောက်မာသလဲဆိုတာကို မသိလောက်သေးဘူးထင်တယ်၊ တကယ်လို့  မင်းသာ သူတို့ရဲ့အဖွဲ့ထဲကို မဝင်ဘူးဆိုရင် သာမန်ထူးခြားဆန်းကြယ်ပညာရှင်တွေက  တစ်ယောက်တည်းရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

စုန့်ချန်က ထပ်ပေါင်းပြောလိုက်သည်။

“သူတို့က အဆောင်ကျမ်းစာရွက်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့အမွှေ့နံ့သာဆိုင်ကြီးတွေနဲ့ ဆေးဖော်နိုင်တဲ့ နာမည်ကြီးဆိုင်တွေ တော်တော်များများကို လက်ဝါးကြီးအုပ်ထားတာ၊

အဲဒီဆိုင်တွေက ပစ္စည်းတွေကို တောက်ဓမ္မဂိုဏ်းက မဟုတ်တဲ့ လူတွေကို ရောင်းလို့မရဘူး၊ နောက်ပြီး တောက်ဓမ္မဂိုဏ်း အသိအမှတ်ပြုလက်မှတ်မရှိတဲ့ တောက်ကျန့်တွေက အလုပ်တစ်ခုခု လက်ခံလို့မရဘူး၊

အဲဒီဂိုဏ်းတွေကနေ မင်းကို တောက်ဓမ္မပညာရပ်ကို အသုံးပြုပြီး စည်းကမ်းဖောက်ဖျက်နေတဲ့ လူလိမ်တစ်ယောက်လို့ နာမည်ပျက်စာရင်းသွင်းလိုက်ကြမှာ... ”

“ဘာပဲဖြစ်ဖြစ် အဲလိုမျိုးဖြစ်လာနိုင်တဲ့ ကိစ္စလေးတွေ အများကြီးရှိတယ်၊ ကျွန်တော်က ဝိဉာဉ်ဆိုင်ရာအထူးဌာနက အဖွဲ့ဝင်ဖြစ်နေတော့ သူတို့နဲ့ ဘယ်လိုမှ အဆင်မပြေဘူး”

တစ်ချိန်လုံး တိတ်နေခဲ့သည် ဝမ်ရှောင်လဲ့ကလည်း မှန်ဘောင်ကို အောက်သို့ ပြန်ချကာ ပြောလိုက်သည်။

“အမှန်ပဲ၊ ကျွန်တော်တို့ မိသားစုက တောက်ဓမ္မဂိုဏ်း ဝမ်မိသားစုရဲ့ အခွဲဂိုဏ်းတစ်ခုဖြစ်ခဲ့ဖူးတယ်၊ ကျွန်တော့်အဖေက ဝမ်မိသားစုရဲ့ ဂိုဏ်းခေါင်းဆောင်အိမ်ကြီးသခင်က မကောင်းတာတွေ လုပ်နေတယ်လို့ ကြားလိုက်ရတော့ လုံးဝသည်းမခံနိုင်တာနဲ့ ဝမ်မိသားစုကနေ နှုတ်ထွက်ဖို့ တောင်းဆိုခဲ့တယ်၊

ဒါကို ဝမ်မိသားစုရဲ့ ဂိုဏ်းခေါင်းဆောင် အိမ်ကြီးသခင် ကြားသွားတော့ အဖေ့ကို ရိုက်နှက်တာ မသေရုံတမယ်ပဲ၊ တောက်ဓမ္မဂိုဏ်းရဲ့ အထက်လူကြီးတွေက သာမန် အိမ်တွင်းရေးပြဿနာဖြစ်ရုံလေးနဲ့ ကျွန်တော်တို့မိသားစုကို  တောက်ဓမ္မဂိုဏ်းရဲ့ အဖွဲ့ဝင်တွေ မဟုတ်တော့ဘူးဆိုပြီး ကြေငြာခဲ့တယ် ”

နောက်ဆုံးတွင်တော့ အဖေဝမ်က ဒဏ်ရာများကနေ ပြန်သက်သာလာခဲ့သော်လည်း တောက်ဓမ္မဂိုဏ်း၏ အဖွဲ့အစည်းဝင်မဟုတ်တော့သည့်အတွက် အလုပ်များကို လက်ခံ၍ မရတော့သောကြောင့် သူ့၏အမုန်းများက အထွဍ်အထိပ်သို့ရောက်သွားသည်။ အဆုံးတွင်တော့ သူတို့ တစ်မိသားစုလုံး ဒေါသစိတ်ကြောင့် ဝိဉာဉ်ဆိုင်ရာ အထူးအဖွဲ့အစည်းထဲသို့ ဝင်လိုက်ကြတော့သည်။

တရားဝင်အဖွဲ့အစည်း၏ အကာအကွယ်ကြောင့် ထိုလူ့အမှိုက်များက အနည်းလောက်တော့ ငြိမ်သက်သွားခဲ့ကြသည်။

သို့သော်လည်း ယခုအချိန်ထိ သူသာ တောက်ဓမ္မဂိုဏ်းမှ တစ်စုံတစ်ယောက်နှင့် ဆုံမိသည့်အချိန်တိုင်း သူ့ကို ထူးဆန်းစွာ ကြည့်ကာ ‘သစ္စာဖောက်’ ဟု အမြဲတမ်းခေါ်ဆိုတတ်ကြသည်။

စုန့်ချန် : “သူတို့တွေ မင်းကို လာရှာကြလိမ့်မယ်၊ တကယ်လို့ မစ္စကုကသာ ငြင်းဆန်မယ်ဆိုရင် သူတို့က မင်းကို တစ်ခုခုလုပ်လာလိမ့်မယ်”

ထိုအခိုက်တွင် ကျန်းရူယွီကလည်း ဖိုင်တွဲအထူကြီးတစ်ခုကို ထုတ်ယူလာကာ ကုကျစ်စုန့်ထံသို့ လှမ်းပေးလိုက်ချေသည်။

ထိုမှတ်တမ်းများမှာ တရားခံမပေါ်သည့် မဖြေရှင်းနိုင်သော လူသတ်မှုများသာဖြစ်သည်။ ထိုအမှုအများစုတွင် ရုပ်လွန်ပညာရပ်၏ လက်စလက်နများကို ရှာတွေ့ရသည်။

လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်အတွင်း ထိုအမှုတွဲဖိုင်များ၏ အရေအတွက်မှာ အများဆုံးနေရာတွင်ဖြစ်နေခဲ့သည်။

ယခုနှစ်များတွင်မူ နိုင်ငံ၏ သဘောထားမှာ ပိုမိုတည်တန့်လာခဲ့ကာ ပြတ်သားလာခြင်းကြောင့် တောက်ဓမ္မဂိုဏ်းသားများက အနည်းငယ်လောက်ပို၍ထိန်းထိန်းသိမ်းသိမ်း ဖြစ်လာကြကာ မဖြေရှင်းနိုင်သော အမှုများသည်လည်း သိသိသာသာ လျော့ကျလာခဲ့သည်။

ကျန်းရူယွီ : “ငါတို့အဖွဲ့အစည်းက ဒီဖိုင်တွေကို တောက်ဓမ္မဂိုဏ်းက လူအိုကြီးတွေဆီကို ပို့လိုက်တော့ သူတို့က ပြဿနာရှာကြတယ်လေ၊ ပြီးတော့ အချင်းချင်း ငြင်းကြခုန်ကြ ဖြစ်ကုန်တယ်၊

အခုချိန်မှာ တောက်ဓမ္မဂိုဏ်းက ဝင်လို့ ကောင်းတဲ့နေရာတော့ မဟုတ်ဘူး၊ ဒီတော့ မစ္စကုမှာသာ သူတို့နဲ့ လက်တွဲဖို့ စိတ်ကူး လုံးဝမရှိဘူးဆိုရင် ကျွန်မတို့ရဲ့ ဝိဉာဉ်ဆိုင်ရာအဖွဲ့အစည်းထဲကို ဝင်တာ အကောင်းဆုံးပါပဲ”

“စွမ်းအားတွေကို မကောင်းတဲ့နေရာတွေမှာ အသုံးချတယ်၊ အဖွဲ့တွေကို ကွဲခြားလိုက်တယ်၊ ပြိုင်ဖက်တွေကို ဖျက်ဆီးတယ်…”

ကုကျစ်စုန့်၏ စိတ်ထဲတွင် ဒေါသတထောင်းထောင်းထွက်လာကာ ရှုံ့ချလိုက်သည်။

“ဒီကမ္ဘာရဲ့ တောက်ဓမ္မလမ်းစဉ်က ဒီလိုတဲ့လား??”

ဝမ်ရှောင်လဲ့သည်လည်း သက်ပြင်းချလိုက်သည်။

“တောက်ဓမ္မဂိုဏ်းက အရင်တုန်းကတော့ ဒီလိုမျိုးမဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်က ဘိုးဘေးဖြစ်တဲ့ ကျွင့်ဟုန်က ကမ္ဘာကို ပေါင်းစည်းဖို့ ရည်ရွယ်ချက်နဲ့ ဂိုဏ်းတစ်ခုထောင်ခဲ့တယ်၊

ဂန္တဝင်ထဲမှာ ဘိုးဘေးချမှတ်ခဲ့တဲ့ တားမြစ်ချက်(၃)ရပ်ကို ခုထိ အမှတ်ရသေးတယ်၊ ကပ်ဘေးမဆိုက်စေနဲ့၊ မကောင်းတဲ့အရာတွေမှာ မပါဝင်နဲ့၊ နောက်ပြီး သာယာမှုများကိုလည်း မပျော်မွေ့နဲ့တဲ့၊

အဲဒီအချိန်တုန်းကတော့ ဂိုဏ်းရဲ့ခေါင်းဆောင်က အကျင့်စာရိတ္တကောင်းမွန်တယ်၊ ဒါကြောင့် ဘယ်သူကမှ ကမ္ဘာကြီးကို ဒုက္ခပေးဖို့ မှော်အစီအရင် မသုံးရဲကြဘူး၊

ဝမ်းနည်းစရာကောင်းတာက အဲဒီဘိုးဘေးက နှစ်၁၀၀ကျော်လောက်ပဲ တောက်ဓမ္မဂိုဏ်းကို အုပ်ချုပ်လိုက်ရပြီး ကွယ်လွန်သွားရှာတယ်၊ အဲဒီကတည်းက သူ့လို ကြင်နာပြီး ပညာပြည့်ဝတဲ့ ခေါင်းဆောင်မျိုး ထပ်ပြီးမပေါ်လာတော့တာပဲ..”

“ခဏလေး”

ကုကျစ်စုန့်အမူအရာက အတော်လေး ထူးဆန်းသွားရသည်:

“တောက်ဓမ္မဂိုဏ်းကို တည်ထောင်သူနာမည်က ကျွင့်ဟုန် ဟုတ်လား?”

“ဟုတ်တယ်လေ”

သုံးယောက်လုံး၏ မျက်နှာက ‘မင်းက ထူးခြားဆန်းကြယ်ပညာရှင်တစ်ယောက်ဖြစ်နေပြီး ဒါလေးကိုတောင် မသိဘူးလား’ဆိုသည့် ရုပ်မျိုးဖြစ်သွားခဲ့သည်။

တစ်ချိန်လုံး တစ်ခုခုလွဲမှားနေပြီဟု ခံစားနေရသော ကုကျစ်စုန့်တစ်ယောက် ဤအချိန်တွင်တော့ တစ်ခုခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ဖြစ်သွားရကာ သူမ၏ ဖီးနစ်ငှက်ကဲ့သို့မျက်လုံးများကို မှေးစင်း၍ ဝမ်ရှောင်လဲ့ဆီကို ကြည့်လိုက်သည်။

“မင်းက တောက်ဓမ္မဂိုဏ်းသားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်မလား၊ ငါ့ကို မင်းသိတဲ့ တောက်ဓမ္မပညာရပ်ရဲ့ သမိုင်းကြောင်းကို ပြောပြပေးလို့ရမလား?”

ဤတောင်းဆိုချက်က အတော်လေးထူးခြားသော်ငြား ဝမ်ရှောင်လဲ့ ခေါင်းငြိမ့်၍သဘောတူခဲ့သည်။ 

အချိန်ခဏမျှ စကားပြောပြီးနောက်တွင် ကုကျစ်စုန့်က တိတ်ဆိတ်သွားခဲ့ကာ သူမ၏ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ်လှုပ်ခတ်နေခဲ့သည်။ ထို့နောက် စိတ်ကိုငြိမ်သက်သွားအောင်  ထိန်းချုပ်၍ ပြန်ပြောခဲ့သည်။

“ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

စုန့်ချန်မှ မျှော်လင့်တကြီးဖြင့် မေးလာသည်။

“ဒီတော့ မစ္စကု ကျွန်တော်တို့ရဲ့ ဝိဉာဉ်ဆိုင်ရာအဖွဲ့အစည်းထဲကို ဝင်မှာလား?”

ကုကျစ်စုန့်က ခေါင်းခါပြီးနောက် စိတ်ပျက်လက်ပျက်မျက်နှာဖြင့် ဆိုသည်:

“မင်းတို့ရဲ့အဖွဲ့အစည်းထဲကို မဝင်ပေမယ့် အကယ်လို့ မင်းတို့ဆီမှာ ဖြေရှင်းရခက်ခဲတဲ့ ကိစ္စမျိုးရှိလာခဲ့မယ်ဆိုရင် ငါကူညီပေးပါ့မယ်”

“အထူးသဖြင့် တောက်ဓမ္မဂိုဏ်းက လူတွေ ပြဿနာလာရှာလို့ ဖြစ်တဲ့ ကိစ္စတွေဆိုရင် ငါ့ဆီကိုလာခဲ့လို့ရတယ်”

သူမ ထွက်သွားပြီးနောက်တွင် ရုံးခန်းထဲမှ ဆရာသခင်သုံးယေောက်မှာ အံ့ဩလွန်းနေခဲ့ကြပြီး ပါးစပ်ကိုပင်မစေ့နိုင်ကြတော့ချေ။

စုန့်ချန် ခေါင်းကုတ်လိုက်ပြီး နားမလည်နိုင်သလိုပြောလာခဲ့သည်။

“သူမ နောက်ဆုံးပြောခဲ့တဲ့စကားက ဘာကို ပြောချင်တာလဲ? သူမက တောက်ဓမ္မဂိုဏ်းက လူတွေနဲ့ပါ ယှဥ်ပြီး တိုက်ခိုက်ချင်နေတယ်လို့ ဆိုလိုတာလား ?? သောက်ရမ်းမိုက်တာပဲ!!”

ဝမ်ရှောင်လဲ့သည်လည်း နက်နက်နဲနဲ သဘောတူခဲ့သော်လည်း  စိတ်ထဲတွင် ထူးဆန်းနေခဲ့သည်။

“သူမက တောက်ဓမ္မဂိုဏ်းကလည်း မဟုတ်ပါဘဲနှင့် ဘာလို့ တောက်ဓမ္မဂိုဏ်ရဲ့ဆိုးရွားတဲ့အကြောင်းတွေကိုကြားလိုက်ရတာနှင့် ဂိုဏ်းကို မြေလှန်ချင်နေတဲ့လူလိုမျိုး ဖြစ်နေတာလဲ??

နောက်ပြီး သူမက တောက်ဓမ္မဂိုဏ်းတွေရဲ့အကြောင်းကိုလည်း မသိဘဲနှင့် တောက်ဓမ္မဂိုဏ်းရဲ့ ဂန္တဝင်သမိုင်းတွေမှာပါတဲ့ အကြောင်းတွေကိုလည်း တစ်ကြောင်း၊နှစ်ကြောင်းလောက်ကို ဝင်ပြီး ထောက်ပြနိုင်သေးတယ်၊

ဘော့စ်၊ သူမက တောက်ဓမ္မဂိုဏ်းနဲ့ အဆက်အသွယ်မရှိဘူးဆိုတာ သေရော သေချာရဲ့လား၊ သူမက ရန်ညှိုးရန်စတွေ ရှိနေတာမဟုတ်ဘူးလား??”

ကျန်းရူယွီ မျက်မှောင်ကြုတ်လိုက်သည်။

“ဒါက တကယ်ထူးဆန်းတာပဲ၊ ငါ သူမရဲ့နောက်ကြောင်းကို အကြိမ်ကြိမ်စုံစမ်းခဲ့ပေမယ့် သူမနဲ့ တောက်ဓမ္မဂိုက်းတွေကြားထဲမှာ ဆက်စပ်မှုလုံးဝမရှိဘူး၊  သူမရဲ့အနာဂတ်ဟောပြောမှုတွေနဲ့ ဖုန်းရွှေပညာရပ်က ရုတ်တရက်တတ်မြောက်လာသလိုမျိုး ပေါ်ထွက်လာခဲ့တယ်၊

ဒါ့အပြင် သူမက တောက်ဓမ္မဂိုဏ်းက အဖိုးကြီးတောင် နှစ်ပေါင်းများစွာ ရှာမတွေ့နိုင်တဲ့ ရှေဟောင်းသင်္ချိုင်းဂူကြီးကို ရှာတွေ့ခဲ့နိုင်ခဲ့သေးတယ်”

“ထားလိုက်ပါတော့၊ အဲဒီပညာအရည်အချင်းတွေက ဟိုဘက်က တောက်ဓမ္မဂိုဏ်းဆီကို ရောက်မသွားသရွေ့ ကိစ္စမရှိပါဘူး”

*

အိမ်အပြန်လမ်းတွင်တော့ စနစ်သည် ကြက်တစ်ကောင်ကဲ့သို့ တိတ်ဆိတ်နေခဲ့ကာ အသက်ပင် ရဲရဲ မရှူရဲခဲ့ချေ။

ကုကျစ်စုန့်၏ စိတ်မှာ မတည်မငြိမ်ဖြစ်နေခဲ့ပြီး၊ ချက်ချင်းဆိုသလို မီးတောက်ချော်ရည်များ ပေါင်းစပ်ကာ ပေါက်ကွဲတော့မည့် မီးတောင်ကဲ့သို့ ဖြစ်နေသည်ကို သူ တွေ့မြင်နိုင်ခဲ့သည်။

အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ကုကျစ်စုန့်က ကြိမ်ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် သက်ပြင်းဖွဖွချကာ သူမ၏ မျက်ခုံးများကြားထောင့်နေရာကို လက်ဖြင့် အသာနှိပ်၍ အေးတိအေးစက်ရှိလှသည့် အသံဖြင့် ပြောလိုက်သည်။

“စနစ်၊ ငါ့ရဲ့ စွမ်းရည်က လက်ရှိမှာ ၇၀ ရာခိုင်နှုန်းလောက်အထိ ပြန်ရောက်နေပြီဆိုတာကို မင်းသိထားပြီးပြီမလား?”

“ဟုတ်ကဲ့၊ ခံစားလို့ ရနေပါတယ်…”

စနစ်က တုန်ချိချိနှင့် ပြန်ဖြေလာခဲ့သည်။

နဂါးသွေးကြောများမှ ပေးသော ကောင်းမှုစွမ်းအင်များကြောင့် ကုကျစ်စုန့်၏ ခန္ဓာကိုယ်တွင် သိသိသာသာပြောင်းလဲမှုများဖြစ်လာခြင်းအား စနစ်သည်လည်း မြင်တွေ့နေရသည်။

စနစ်၏ အမြင်မှဆိုရလျှင် ကုကျစ်စုန့်သည် စွမ်းအားကြီးဝိဉာဉ်တစ်ခုသာ ဖြစ်ချေသည်။ သို့သော် ယခုအချိန်တွင် ခန္ဓာကိုယ်ရော၊ ဝိဉာဉ်ပါ တစ်ဝက်ကျော်လောက်အထိ ကိုက်ညီနေသော ကုကျစ်စုန့်၏အခြေအနေကြောင့် စနစ်မှာ သူ့အား ဖိနှိပ်ခံထားရသကဲ့ခံစားနေရသည်။

ကုကျစ်စုန့် : “ဒါဆိုရင် ငါသာ ဒီခန္ဓာကိုယ်ကို အကောင်းဆုံးကြိုးစားပြီး ဖျက်ဆီးလိုက်မယ်ဆိုရင်  ငါ့ရဲ့ အသိစိတ်ပင်လယ်ကနေ မင်းကိုလည်း ဖျက်စီးပစ်လိုက်လို့ ရတယ်ဆိုတာကိုလည်း သိနေလောက်တယ်မလား”

စနစ် : “?!!”



All Chapters