← Chapters

နတ်ဆိုးဝိဥာဥ်(1)

Vol. 6 Ch. 56

နတ်ဆိုးဝိဥာဥ်(1)

Vol. 6 Ch. 56

တတိယပိုင်းအပြီးတွင် လက်ထောက် ရှောင်ကျိုးက ကုကျစ်စုန့်အတွက် မြို့ထဲသို့ ပြန်လာရန် လက်မှတ်ကြိုဖြတ်လာခဲ့သည်။ သို့နှင့် ကုကျစ်စုန့်လည်း ချက်ချင်းပင် ပြန်လာခဲ့ကာ သူမ လေယာဉ်ပေါ်မှ ဆင်းသည်နှင့် ယုံချန်ရဲစခန်းမှ ဆင့်ခေါ်ဖိတ်ကြားစာတစ်ခု ရောက်ရှိလာခဲ့ချေသည်။

မက်ဆေ့ချ်တွင် နာမည်ထိုးထားသည်မှာ ယုံချန်နယ်မြေ၏ လင်းချန်ရုံးဌာနခွဲပင်ဖြစ်သည်။

စနစ်က ခုန်ထွက်လာပြန်ကာ မေးလိုက်သည် :

“စုန့်စုန့် မင်း သွားမှာလား ?”

ကုကျစ်စုန့် ဖုန်းကို ပြန်လည်သိမ်းဆည်းခဲ့သည်။

“အင်း၊ သွားကြည့်ရတာပေါ့”

သူမ တောင်ပိုင်းနယ်မြေမှ မထွက်ခွာမှီ ကုရွှယ်ချွန်းမှ  သူ၏အလုပ်အကိုင်ဌာနဖြစ်သည့် ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ အရာရှိမှာ သူမအား စိတ်ဝင်စားနေကြောင်း၊ သူမကို မေးခွန်းအနည်းငယ် မေးနိုင်ချေရှိကြောင်းတို့ကို ဝေဝဝါးဝါးပြောခဲ့သည်။

ကုကျစ်စုန့်ကိုယ်၌ကလည်း ဤကမ္ဘာ၏ ဝိဉာဉ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းများအကြောင်းကို သိချင်နေခဲ့သည်။

ထိုအချိန်မှသာလျှင် သူမသည် တောက်ဓမ္မဂိုဏ်းများနှင့် ဝိဉာဉ်အဖွဲ့အစည်းများက မတူညီကွဲပြားသည့် အဖွဲ့အစည်းနှစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။

ပထမတစ်ခုသည် အစိုးရနှင့်မသက်ဆိုင်သည့်အဖွဲ့အစည်းတစ်ခုဖြစ်ကာ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက တည်ရှိခဲ့သော သဘာဝလွန်ဆိုင်ရာ မိသားစုများနှင့် ဂိုဏ်းများမှ ဦးဆောင်သည့် အဖွဲ့အစည်းဖြစ်ချေသည်။ ယခုလက်ရှိတွင်မူ ရှနိုင်ငံ၏ သဘာဝလွန်ပညာရပ် ၉၅ ရာခိုင်နှုန်းလောက်သည် တားမြစ်ခံထားရပြီး ထိုသဘာဝလွန်ပညာရှင်များမှစီမံခန့်ခွဲထားခဲ့သည်။

လွန်ခဲ့သည့်‌ နှစ်တစ်ရာခန့်က ရှ နိုင်ငံတော် စတင်တည်ထောင်ချိန်တွင် လုပ်စရာလုပ်ငန်းများ များပြားလွန်းလှသည်။ ထိုအချိန်တွင် တောင်ပေါ်မှ ပြဿနာရှာရန်ထွက်လာခဲ့သော မိစ္ဆာများနှင့် ဝိဉာဉ်များအားလည်း နှိမ်နင်းရသည်။

ထို မကောင်းဆိုးရွားဝိဉာဉ်များအား ဖိနှိပ်ကာ နိုင်ငံတည်ငြိမ်စေရေးအတွက် နိုင်ငံ၏ ရာထူးကြီးများနှင့် တောက်ကျန့်များမှာ အင်မတန် ရင်းနှီးခဲ့ကြသည်။ 

သို့သော်လည်း ထိုဘုန်းတော်ကြီးများမှာ ကောင်းကင်၏ လျှို့ဝှက်ချက်များကို သူလျှိုလုပ်နိုင်ကာ မြေအောက်ကမ္ဘာနှင့် ဆက်သွယ်နိုင်ခြင်းကြောင့် မိမိကိုယ်ကို အများထက် သာလွန်သည်ဟု အမြဲထင်ကြသည်။

တိုင်းပြည်၏ လိုအပ်ချက်များကို မှီကိုးကာ ပိုပြီး ရမ်းကားလာကြသည်။ ထူးခြားပညာရှင်များက ဥပဒေချိုးဖောက်ခြင်း၊ လူသတ်ခြင်းနှင့် ကုန်ပစ္စည်းခိုးခြင်းများကို ကျူးလွန်ခြင်းကလည်း များပြားလာခဲ့သည်။

သို့သော် နောက်ဆုံးတွင် ကျူးလွန်သူကို မမိဘဲ အမှုကိုသာ အလျင်စလို ပိတ်လိုက်ရသည်။

ထိုအချိန်မှ စ၍ နိုင်ငံသည် ကိုယ်ပိုင်ဝိဉာဉ်ဆိုင်ရာ အဖွဲ့အစည်းကို ဖွဲ့စည်းကာ လေ့ကျင့်စေခဲ့သည်။ ထိုအဖွဲ့အစည်းမှာ လက်ရှိ ဝိဉာဉ်ဆိုင်ရာ အထူးဌာနပင် ဖြစ်ချေသည်။ 

ဝမ်းနည်းစရာ ကောင်းသည်က တောက်ဓမ္မဂိုဏ်းများ၏ အခြေအမြစ်သည် မသေးငယ်လှဘဲ လူချမ်းသာအသိုင်းအဝိုင်းများကလည်း ဤတရားဝင်အဖွဲ့အစည်းသာ အောင်မြင်လာခဲ့ပါက သူတို့၏ အဆင့်များကလည်း အားနည်းသွားမည်ကို သိထားခဲ့ကြသည်။

ထို့ကြောင့်ပင် ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့အစည်းဌာန၏ ဖွံ့ဖြိုးမှုအား နောက်ကွယ်မှ နှောင့်ယှက်နေခဲ့ကြသည်။

ယခုတွင်မူ ဝိဉာဉ်ဆိုင်ရာအဖွဲ့အစည်းတွင် ခန့်အပ်ထားသည့် ထူးခြားပညာရှင်များမှာ တောက်ဓမ္မဂိုဏ်းမှ ထွက်ခွာလာသည့် ပျင်းရိသူများ၊ သဘာဝလွန်ပညာနှင့် မသက်ဆိုင်သော စိတ်ပညာရှင်များ၊ ကိုယ်တိုင်သင်ကြားတက်မြောက်ထားသူများသာ ဖြစ်ကာ စွမ်းအားကြီးသည့် တောက်ဓမ္မဂိုဏ်းများအား စေခိုင်းညွှန်ကြားနိုင်သည့် စွမ်းရည်မရှိကြပေ။

အထက်လူကြီးများအတွက်တော့ ထိုအရာသည်က အဓိကပြဿနာတစ်ခုပင်ဖြစ်နေခဲ့သည်။

*

နေ့လည်ခင်းတွင် ..

ယုံချန်ရဲစခန်း တတိယထပ်၏ အတွင်းဆုံးထောင့်တွင် အထူးဌာနတစ်ခုရှိသည်။

ထိုအခန်းနံရံတွင် အဖွဲ့နာမည်ရော၊ အခန်းနံပါတ်ပါ တပ်ဆင်ထားခြင်းမရှိချေ။ သို့သော် ထိုအရာက မည်သည်ဖြစ်ကြောင်းကိာ ရဲအရာရှိများအားလုံး၏ ရင်ထဲတွင် သိနှင့်နေပြီးဖြစ်သည်။ ထိုအခန်းမှာ သဘာဝလွန်ဖြစ်ရပ်များအား ကိုင်တွယ်သော အထူးဌာနပင်ဖြစ်ချေသည်။

ထိုအချိန်တွင် ရိုးရိုးဝတ်စုံဝတ်ဆင်ထားပြီး အလွန်အမင်းပျင်းရိပုံပေါ်သော၊ တည်ကြည်လေးနက်သည့် ရဲအရာရှိပုံမရှိသော လူငယ်လေးနှစ်ယောက် စားပွဲတွင် ထိုင်ကာ ဖဲရိုက်နေကြသည်။

သူတို့၏လက်ထဲမှ ကတ်များသည် ပိုကာတော့ မဟုတ်၊ တစ်ခုချင်းစီသည် ထူးဆန်းကာ လိမ်ကောက်နေသော အရိုးထွင်းစာများ ဖြစ်နေခဲ့ကြသည်။

“ဒီတစ်ခေါက်ရှုံးရင်တော့ မကစားတော့ဘူး၊ စက္ကူထီက ငါကျွမ်းကျင်တဲ့ အရာမဟုတ်ဘူး”

ခေါင်းပြားပြားနှင့် လူက လက်ထဲမှ ကတ်များကို ရှေ့သို့တွန်းလိုက်ရင်း ဒေါသတကြီးဆိုသည်။

“၃ နာရီတောင်ထိုးတော့မယ်၊ ကုကျစ်စုန့် လာမယ်လို့ထင်လား?? သူက အမျိုးသမီးကြယ်ပွင့်ဆိုတော့ ငါတို့ ပို့တဲ့စာ ဖတ်မှာတောင် မဟုတ်လောက်ပါဘူး”

“လာရင်တောင်မှ ငါတို့ဌာနက ငွေမတတ်နိုင်ဘူး၊ သူတို့လိုအနုပညာရှင်တွေက တစ်ရက်ကို ငွေဆယ်သန်းလောက် ဝင်တယ်ဆိုပဲ”

အခြားတစ်ဖက်မှ မျက်မှန်နှင့်လူက စက္ကူကတ်များကို ဖြည်းညင်းစွာသိမ်းနေခဲ့သည်။ 

ရုတ်တရက် ပင်မ စားပွဲတွင် ထိုင်ကာ အလုပ်လုပ်နေသည့်  သက်လတ်ပိုင်းအမျိုးသမီးက ခေါင်းမော့ကာ ပြောလိုက်သည်။

“တိတ်တိတ်နေ၊ တစ်ယောက်ယောက်လာနေပြီ”

သူမပြောပြီးသည်နှင့် တံခါးခေါက်သံကို ကြားလိုက်ရကာ အမျိုးသမီး ရဲအရာရှိတစ်ဦးက တံခါးဖွင့်ကာ ဝင်လာသည် :

“အဖွဲ့ခေါင်းဆောင်ကျန်း၊ မစ္စကု တွေ့ဖို့ ရောက်လာပါတယ်”

သူမ၏ နောက်မှ ကုကျစ်စုန့်ထွက်လာခဲ့သည်။ 

ထိုအမျိုးသမီးက ထိုင်ရာမှ ထကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ဟဲလို၊ ငါက ကျန်းရူယွီပါ၊ ယုံချန်ပြည်နယ်ရဲ့ လင်းချန်အဖွဲ့ခွဲခေါင်းဆောင်ပဲ၊ ဒီနှစ်ယောက်ကတော့ ငါ့လက်အောက်ဝန်ထမ်းတွေပါ၊ အရပ်ရှည်တဲ့ တစ်ယောက် စုန့်ချန်၊ မျက်မှန်နဲ့ တစ်ယောက်က ဝမ်ရှောင်လဲ့ လို့ခေါ်တယ် ”

လူငယ်လေးနှစ်ယောက်က သူမကို ခပ်တောင့်တောင့် ပြုံးပြလာကြသည်။ 

သူတို့ ဝင်ထိုင်လိုက်ပြီးနောက် ကျန်းရူယွီက စူးရှသည့် မျက်လုံးများနှင့် ကြည့်လာခဲ့သည်။

“မစ္စကု၊ ကျွန်မတို့ ရှင့်ကို ဒီကို ဖိတ်ခေါ်လိုက်ရတဲ့ အကြောင်းရင်းက ရှင်က တောက်ဓမ္မဂိုဏ်းတစ်ခုခုရဲ့ စာရင်းဝင် ထူးခြားပညာရှင်မဟုတ်ဘူးလို့ သိရလို့ပါ၊ ဒါကြောင့် ကျွန်မတို့ရဲ့ ဝိဉာဉ်ဆိုင်ရာအဖွဲ့အစည်းထဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်မယ်ဆိုရင် စိတ်ဝင်စားမလား?”

သူတို့၏ တောက်ဓမ္မအဖွဲ့အစည်းတွင် အတွင်းပိုင်းထောက်ပံ့မှုရှိပြီးကုကျစ်စုန့်မှာ မည်သည့် တောက်ဓမ္မမိသားစု၏ တပည့်မဟုတ်သည့် သတင်းကလည်း ဟိုးလေးတကျော်ကျော်ပျံ့နှံ့နေခဲ့သည်။။

သူမက ဧကရာဇ်၏ ဂူသင်္ချိုင်းကို ရုတ်တရက်ရှာတွေ့ခဲ့ကာ အရာရှိများအား ဆက်သွယ်ခဲ့ခြင်းသည် တောက်ဓမ္မဂိုဏ်းများအား အံ့အားသင့်စေခဲ့သည်။ အချို့ကတော့ ဒေါသထွက်ကာ အပြစ်တင်ပြောဆိုနေခဲ့ကြသည်။ 

ယခုအချိန်တွင် တောက်ဓမ္မဂိုဏ်းများကပါ သူမ၏ အချက်အလက်များအား စုံစမ်းနေပြီဖြစ်သည်။ 

သူမနှင့် ကိုယ်တိုင်ဆက်သွယ်ခဲ့သော ကုရွှယ်ချွန်းက အထက်လူကြီးများအား ထိုအမျိုးသမီးကြယ်ပွင့်၏ ပြောင်မြောက်လှသော အရည်အချင်းများအကြောင်းကို ပြောပြခဲ့သည်။ ထို့ကြောင့် ရုံးချုပ်မှ ကျန်းရူယွီအား ကုကျစ်စုန့်ကို တောက်ဓမ္မဂိုဏ်းများမဦးခင် ဆက်သွယ်ရန် တိုက်တွန်းလာကြသည်။

သူတို့အဖွဲ့ထဲသို့ လူများထပ်တိုးနိုင်လျှင် အကောင်းဆုံးပင်။ 

စုန့်ချန်က ဝင်ရောက်ပြောလာခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဝိဉာဉ်ဆိုင်ရာအဖွဲ့က တရားဝင်အလုပ်ဌာနဖွစ်ပြီး ဝန်ထမ်းတွေနှင့် အလုပ်ခွင့်ပြုချက်တွေလည်း ရှိတယ်၊ အခြေခံလစာက ယွမ် ၂၀,၀၀၀ ဖြစ်ပြီး ပေးအပ်တဲ့တာဝန်တွေ ပြီးမြောက်ရင်လည်း ကော်မရှင်သေးတယ်၊လစာတိုးနှုန်းလည်း ရှိသေးတယ်!! ”

ကျန်းရူယွီက သူ့ကို ကြည့်ကာ ခေါင်းငြိမ့်လိုက်ရင်း : “မစ္စကုက အင်တာနက်ပေါ်မှာ သတင်းတုတွေ၊ အများပြည်သူရဲ့အထင်အမြင်တွေနဲ့ တိုက်ခိုက်ခံထားရတာကိုလည်း သိထားပါတယ်၊ မင်းသာအဖွဲ့ထဲကို ဝင်မယ်ဆိုရင် မင်းက ပြည်သူ့အရာရှိတစ်ယောက် ချက်ချင်းဖြစ်လာမှာ၊

လိုအပ်ရင် အင်တာနက်ပေါ်က သတင်းမှားတွေကိုလည်း ဖယ်ပေးလို့ရပါတယ်”

ထိုစကားလုံးများကြောင့် ကုကျစ်စုန့် ချက်ချင်းသိရှိသဘောပေါက်လိုက်ရသည်။ မနေ့က  တိုက်ရိုက်ထုတ်လွှင့်ချိန်ပြီးနောက် တရားဝင်ဌာနများမှ သူမအား ကျော်ကြားအောင် လုပ်ပေးခဲ့သည်မှာ အကြောင်းရင်းရှိနေခဲ့သည်ပင်။

ကုကျစ်စုန့်မှာ ဤနေရာသို့ သူမ မလာခင်ကတည်းက တစ်စုံတစ်ခုရှိနေခဲ့မည်ကို ခန့်မှန်းခဲ့ပြီး ဖြစ်သောကြောင့်အလွန်အမင်း မအံ့ဩမိချေ။ သို့သော်လည်း သူမခေါင်းခါရင်း ပြောလိုက်သည်။ 

“စိတ်မကောင်းပါဘူး၊ ကျွန်မအနေနဲ့ ဘယ်အဖွဲ့အစည်းကိုမှ ဝင်ဖို့ စိတ်ကူးမရှိဘူး၊ တောက်ဓမ္မဂိုဏ်းတွေကိုလည်း စိတ်မဝင်စားပါဘူး၊ ကျွန်မကို စည်းမျဉ်းတွေနဲ့ ချုပ်နှောင်ထားတာကို မကြိုက်ဘူး၊

ကျွန်မဘက်က တစ်ခု ကတိပေးနိုင်တာကတော့ ကျွန်မက လောကရဲ့စည်းမျဉ်းတွေကိုချိုးဖောက်ဖို့အတွက် သဘာဝလွန်ပညာတွေကို ဘယ်တော့မှအသုံးပြုမှာ မဟုတ်ဘူး”

သူမ၏ အရင်ဘဝတွင် တောင်တန်းတွေပေါ်၌ နှစ်ပေါင်းတစ်ရာကျော်နေထိုင်ခဲ့သည်။ ထို့ကြောင့် သူမမှာ အခြားလူများနှင့် လိုက်လျောညီထွေမနေတတ်သလို သူများခိုင်းစေသည်များကိုလည်း လုပ်မပေးနိုင်ချေ။

ကျန်းရူယွီက သူမ၏စကားကြောင့် မျက်နှာတစ်ချက်မပျက်ယွင်းသွားခဲ့ချေ။ သူမက ခဏမျှစဥ်းစားကာ ဆက်ပြောလာခဲ့သည်:

“မစ်စ်ကုအတွေးကို နားလည်ပါတယ်၊ ဒါပေမယ့်...  မင်းတစ်ယောက်တည်း ဆိုရင်တော့ တောက်ဓမ္မဂိုဏ်းသားတွေရဲ့ ထိန်းချုပ်တာကို ခံရဦးမှာပဲ”

ကုကျစ်စုန့် မျက်မှောင်ကြုတ်လိုက်သည်:

“ဘာကို ဆိုလိုတာလဲ?”

*

All Chapters