တိုက်ရိုက်ထုတ်လွှင့်ကာ ရှေးဟောင်းသင်္ချိုင်းဂူတူးဖော်ခြင်း (2)
Vol. 6 Ch. 54
နဂါးသွေးကြောထံမှ ကျေးဇူးတင်လက်ဆောင်
ထိုအချိန်တွင် သင်္ချိုင်းထဲမှ ယင်စွမ်းအင်များ စိမ့်ထွက်လာတော့မည်ဖြစ်ပြီး တောင်ပေါ်မှ သစ်ပင်ပန်းမန်များကို တိုက်စားကာ မြေပြင်သည်လည်း ပျက်စီးရလိမ့်မည်ဖြစ်ချေသည်။
အချိန်ကြာမြင့်စွာနေထိုင်ခဲ့သော တောင်ပေါ်ရွာသားများကိုလည်း ထိခိုက်လာစေလိမ့်မည်။ ထိုနေရာတွင့် မကောင်းဆိုးရွားဝိဉာဉ်များ ပေါ်ပေါက်မွေးဖွားရန် လွယ်ကူလာစေတော့မှာဖြစ်ကာ တိုင်းပြည်၏ ကံကြမ္မာအားလည်း ထိခိုက်စေနိုင်လိမ့်မည်။
ထိုအချက်များကို မြင်ထားခြင်းကြောင့်သာလျှင် ကုကျစ်စုန့်ကို သနားညှာတာစိတ် ဖြစ်ပေါ်လာစေခဲ့ကာ ဤတောင်အား ဝိဉာဉ်ချုပ်တည်းခြင်းအစီအရင်မှ လွတ်မြောက်စေရန် ကူညီပေးချင်စိတ်ဖြစ်လာစေခဲ့ခြင်းဖြစ်ချေသည်။
ကုရွယ်ချွန်း ထပ်မံသီးသွားရပြန်ကာ စာအုပ်ထဲတွင် အလျှင်အမြန်ကောက်ရေးလိုက်ပြန်သည်။
_ထူးခြားသည့် စရိုက်သဘာဝရှိသည်။
သူက ဝေ့ဝိုက်ကာ မဝံ့မရဲ ထပ်မေးလိုက်ပြန်သည်။
“မစ်စ်ကုက အသက်ငယ်ငယ်နဲ့ ဒီလောက်တောင် ပညာအရည်အချင်းတွေ ကြွယ်ဝနေတာ၊ ဘယ်မိသားစုကနေများ သင်ယူခဲ့တာလဲမသိဘူး”
ဤမတိုင်ခင် ဝိဉာဉ်ရေးရာအထူးပြုဌာနမှ တောက်ဓမ္မဂိုဏ်းများတွင် ကုကျစ်စုန့်ဆိုသည့် နာမည်ကို တစ်ခါမျှ မကြားဖူးခဲ့ချေ။
သူမက ကျောက်တုံးထဲကနေ ခုန်ထွက်လာလေသလားဟုပင် အောက်မေ့ရသည်။
ဂိုဏ်း၏အကြောင်းကို မေးမြန်းသည့်စကားသံအား ကြားချိန်တွင် ကုကျစ်စုန့် ခဏမျှငြိမ်သက်သွားကာ မျက်လွှာချလိုက်သည်။
“မိသားစုရော၊ ဂိုဏ်းရော မရှိဘူး”
ထိုစဉ် သူမ၏ စိတ်ထဲမှ စနစ်လေး တိတ်တိတ်လေး ပေါက်ပေါက်ဖောက်နေခဲ့သည်။
“စုန့်စုန့်၊ ကျွန်တော်ကတော့ ဒီလူမှာ မကောင်းတဲ့ အကြံအစည်တွေရှိနေတယ်လို့ ထင်နေတယ်နော်၊ သူက မင်းကို စစ်ဆေးမေးမြန်းပြီး စာအုပ်သေးလေးထဲမှာ ချရေးနေတာ!”
“အရေးမကြီးပါဘူး၊ သူတို့စုံစမ်းတော့ရော ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ?”
စနစ်: “!!!”
ဒါလည်း ဟုတ်သားပဲ!
နောက်တစ်နေ့ နေ့လယ်ခင်းတွင် ကုကျစ်စုန့်က ဖော့ရှီရွာ၏ ဘိုးဘေးခန်းမနှင့် မြေအောက်မှ သင်္ချိုင်းတို့ကြားမှ ဆက်သွယ်နေမှုကို စွမ်းအားပြင်းပြင်းနှင့် ဖျက်ဆီးကာ ဝိဉာဉ်ချုပ်ထိန်းခြင်း အစီအရင်အား ဖြိုခွဲရန်အတွက် ယစ်ပလ္လင်တစ်ခု ပြုလုပ်ခဲ့သည်။
ထိုအချိန်မှစ၍ ရွာသားများပေါ်တွင်ရှိနေသည့် ချုပ်နှောင်ကြိုးများ ပြတ်ထွက်သွားပြီး တောင်များနှင့် သင်္ချိုင်းဂူများမှာ သူတို့အား ချုပ်နှောင်ထားသည့် သံခြေကျင်းများ မဟုတ်တော့ချေ။
ရွာသားများ၏ ဆုံးရှုံးခဲ့ရသော အသက်စွမ်းအင်များသည်လည်း တဖြည်းဖြည်းချင်း ပြန်ရောက်လာလိမ့်မည်ဖြစ်သည်။
မျိုးဆက်နှစ်ဆက်ခန့်ကြာပြီးပါက သူတို့မှာ သာမန်လူများအတိုင်း ပြန်လည်သက်သာလာပြီး ဖြစ်လိမ့်မည်။
ဝိဉာဉ်ချုပ်ထိန်းခြင်းအစီအရင်ကို ဖြိုခွဲပြီး ဖြစ်သော်လည်း ကုကျစ်စုန့်က ကုရွယ်ချွန်းအား ရွာခေါင်းဆောင်အမေအိုအား ပြောမပြရန် အသေအချာ မှာကြားခဲ့သည်။
ကူပိုးကောင်များအကြောင်းအား ဖော်ထုတ်ပြီးနောက်တွင် ကုကျစ်စုန့်၏ လမ်းညွှန်မှုနှင့် ရဲများသည် ကူပိုးကောင်များကြောင့် သေဆုံးခဲ့ရသည့် တခြားလူများကိုလည်း ရှာတွေ့ခဲ့ရသည်။
ထိုလူများ သေဆုံးခဲ့ရသည့် အကြောင်းအရင်းမှာ တကယ်တမ်းတွင် အသေးအဖွဲ ကိစ္စတစ်ခုကြောင့်သာလျှင် ဖြစ်ခဲ့ကြပေသည်။
ရွာခေါင်းဆောင်အမေကြီးက ထိုလူများမှာ သူမအား မလေးစားဘဲ ဖော့ရှီရွာသားများကို စော်ကားသည်ဟု ခံစားရပါက ထိုသူတို့ကို သတ်ဖြတ်ပစ်လေ့ရှိသည်။
တစ်ချို့ကတော့ မိသားစုဝင်များက မြှုပ်နှံပေးခဲ့ရသည်။
တချို့ကတော့ တောင်ပေါ်တွင် သေဆုံးခဲ့ရသောကြောင့် ခန္ဓာကိုယ်အား တိရိစ္ဆာန်များက စားသုံးပြီးဖြစ်ချေသည်။ ရဲသားများက နီးစပ်ရာပတ်ဝန်းကျင်တွင် ကျိုးကြေနေသော အရိုးအချို့ကိုသာ ရှာတွေ့နိုင်ခဲ့တော့သည်။
အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရပါက ထိုအဘွားအိုမှာ သေဒဏ်ကျခံရနိုင်ချေရှိသည်။
သူမကဲ့သို့ လူတစ်ယောက်သည် တစ်သက်လုံးနောင်တရကာ ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း ဘဝကို ကုန်ဆုံးသွားသင့်ပေသည်။
သင်္ချိုင်းဂူအား လာရောက်ကြည့်ရှုမည့် ရှေးဟောင်းသုတေသန ပညာရှင်များသည်လည်း ညတွင်းချင်း တောင်ပေါ်သို့ ရောက်လာခဲ့ကြသည်။
ယခုအချိန်တွင် ရွာ၏ဘေးပတ်လည်တွင် ယာယီတဲများထိုးကာ နေရာယူထားခဲ့ကြသည်။ ဝိဉာဉ်ရေးရာ အထူးပြုဌာန၏ ဖုန်းရွှေပညာရှင်ကလည်း ဘေးနားတွင် အမြဲတမ်း အတူ ပါရှိနေခဲ့သည်။
ထိုသူမှာ ကုကျစ်စုန့်မှ ဝိဉာဉ်ချုပ်ထိန်းခြင်း အစီအရင်အား ဖျက်ဆီးလိုက်ချိန်တွင် သူ့၏လက်ထဲကိုင်ထားသော သံလိုက်အိမ်မြှောင်လက်တံက အလိုလို ရွေ့သွားသည်ကို မြင်တွေ့ခဲ့ရသောကြောင့် အလွန်အမင်း အံ့ဩနေခဲ့ချေသည်။
သူ့၏ပတ်ဝန်းကျင်မှ လေနှင့် လေထုသည် ပြောင်းလဲစပြုလာကာ သူတို့၏ခြေထောက်အောက်တွင်လည်း အသက်စွမ်းအင်တို့က ခပ်ရေးရေး စီးဆင်းလာခဲ့ပြီ။
ဖုန်းရွှေပညာရှင်က အံ့ဩဝမ်းသာဖြစ်လာခဲ့ရကာ ကုကျစ်စုန့်အား အရောင်တောက်နေသည့် မျက်လုံးများဖြင့် ကြည့်လာချေသည်။
“ကုရွယ်ချွန်း၊ မင်း ဒီဆရာသခင်လေးကို ဘယ်ကများ ရှာတွေ့လာတာလဲ? ဒီနားတစ်ဝိုက်က ဖုန်းရွှေက လုံးဝကို ပြောင်းလဲသွားတာပဲ!!”
ကုရွယ်ချွန်း ရှက်ရွံ့စွာပြုံးရင်း စိတ်ထဲတွင် ကြိတ်ပြောလိုက်မိသည်။
‘ဒီလိုလူမျိုးကိုသာ အမှန်တကယ် သူရှာတွေ့နိုင်ခဲ့တာဆိုရင်တော့ ကောင်းလွန်းနေမှာပေါ့!”
ကုကျစ်စုန့်၏ အခြေခံဇစ်မြစ်အား မသိရသော်လည်း သူမမှာ ပညာရပ်များကို အထူးကျွမ်းကျင်သည်။ ဤကဲ့သို့ထူးခြားသည့် ပညာရှင်တစ်ယောက်ကိုသာ အမှားတစ်ခုခုပြုမိပါက ကပ်ဆိုးကျရောက်လိမ့်မည်။
လက်ရှိတွင် အဖွဲ့အစည်း၏ အထက်လူကြီးများက သူမအား စတင်စုံစမ်းနေကြလေပြီ။
ဖုန်းရွှေပညာရှင်ကတော့ ကုကျစ်စုန့်၏နောက်ကို လိုက်ကာ မေးခွန်းများ မေးနေခဲ့သည်။
“ဆရာသခင်လေး၊ ဒီသင်္ချိုင်းဂူကို တူးဖော်မယ့်ကိစ္စကို ဘယ်လိုထင်လဲ?”
ကုကျစ်စုန့်:
“မစခင်မှာ ဒီရွာရဲ့ ဘိုးဘေးခန်းမကို နေရာအရင်ရွေ့ဖို့လုပ်ရမယ်၊ သင်္ချိုင်းဂူနဲ့ ဝေးလေကောင်းလေပဲ၊
သင်္ချိုင်းရဲ့ ပထမအဆင့်ကို ဘိုးဘေးခန်းမအောက်ကနေ တစ်ခါတည်း ဖွင့်ရလိမ့်မယ်၊ ဝိဉာဉ်ချုပ်ထိန်းခြင်း အစီအရင်က နှစ်ရာပေါင်းများစွာ ရှိခဲ့တာဆိုတော့ အခုဆိုရင် သင်္ချိုင်းထဲက ယင်စွမ်းအင်ကလည်း စုစည်းမိနေပြီး တော်တော်လေး စွမ်းအားပြည့်နေလောက်ပြီ၊
သင်္ချိုင်းဂူကို ဖွင့်ပြီးတာနဲ့ အန္တရာယ်ရှိတဲ့ အကောင်တွေ ထွက်လာမှာကို သတိပြုပြီးမှ ဝင်ရမယ်၊ သင်္ချိုင်းဂူရဲ့ ဝင်ပေါက်ကို တူးဆွပြီးရင် အထဲမှာရှိတဲ့ အသုဘဆိုင်ရာ ပစ္စည်းတွေကို တစ်ခုမှ မကိုင်မိပါစေနဲ့၊ မြေတူးဖော်ခြင်းမစခင်မှာ (၇)ရက်စောင့်ဆိုင်းပြီးမှ စလို့ရပါမယ်…”
ထို့နောက် ကုကျစ်စုန့်က တစ်ချက်တောင်းဆိုသည်။
၎င်းမှာ ရှေးဟောင်းသုတေသနပညာရှင်များ အလုပ်လုပ်နေချိန်တွင် ရှေးဟောင်းသုတေသနဆိုင်ရာ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို ထုတ်လွှင့်ကာ မသင့်တော်သော မြှုပ်နှံမှုများနှင့် ပတ်ပတ်လည်မှ မြေအိုးများအကြောင်းအား အများပြည်သူသိစေရန် ရှင်းပြ၊ ပြောပြပေးရန်ပင်ဖြစ်ချေသည်။
မြှုပ်နှံထားပြီးသား သင်္ချိုင်းအား ပြန်လည် တူးဖော်ခံရခြင်းနှင့် ရှာဖွေခံရခြင်းတို့က ရှက်စရာကောင်းသော်ငြား ဤသည်မှာ လွန်ခဲ့သော နှစ် ၆၀၀ မှ ပဒေသရာဇ်နိုင်ငံတစ်ခု၏ အသုဘတစ်ခုအကြောင်းသာ ဖြစ်ချေသည်။
ဧကရာဇ်နှင့် သူ၏ မှူးကြီးမတ်ရာများသည်လည်း သေဆုံးခဲ့သည်မှာလည်းကြာခဲ့ပြီ။
သို့သော်လည်း သင်္ချိုင်းဂူကိုတည်ဆောက်ပေးခဲ့သော လက်မှုပညာရှင်များအား ထွက်ပြေးမည်ကို စိုးရိမ်သည်ဟူသော အကြောင်းပြချက်တစ်ခုတည်းအတွက်ကြောင့် ကွပ်မျက်ခံခဲ့ရကာ သားမြေးမြစ်များကိုပင် သင်္ချိုင်းစောင့်များ ဖြစ်စေခဲ့ပြီး ဝိညာဉ်များကို စုပ်ယူချင်နေခဲ့သည်။
ဤကား အင်မတန် ရက်စက်ယုတ်မာသော နည်းလမ်းတစ်ခုဖြစ်ပြီး ထိုသူမှာ မည်သည့်အချိန်တွင်မှ ပြောင်းလဲသွားမည်မဟုတ်ချေ။
သင်္ချိုင်းကို တူးဖော်ခြင်းအား တိုက်ရိုက်ထုတ်လွှင့်လိုက်လျှင် လူပေါင်းများစွာက ထိုအကြောင်းကို မြင်တွေ့ကြရလိမ့်မည်။ လူများစွာမြင်တွေ့လေ၊ သင်္ချိုင်းပိုင်ရှင်၏ အားကြိုးမာန်တက် စုဆောင်းလာသောအရှိန်သည်လည်း ပြယ်လွင့်သွားလေ ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင်တော့ ရှေးဟောင်းပညာရှင်များက ဤကိစ္စအား အထက်လူကြီးနှင့် ဆွေးနွေးခဲ့ပြီးနောက် သဘောတူလာခဲ့ကြသည်။
မူလကတည်းက သူတို့က ရှေးဟောင်းပညာရပ်အကြောင်းကို မှတ်တမ်းပြုချင်ခဲ့သည်။ ဤသင်္ချိုင်းဂူ၏ ပိုင်ရှင်မှာ သမိုင်းတွင် ထင်ပေါ်ကျော်ကြားခဲ့သော ဧကရာဇ်တစ်ပါးဖြစ်ချေသည်မဟုတ်ပါလား။ ထိုအကြောင်းကိုသာ တိုက်ရိုက်ထုတ်လွှင့်နိုင်ပါက ရှေးဟောင်းသိပ္ပံပညာရပ်ကို စိတ်ဝင်လားလာမည့် လူဦးရေများ ပို၍ပင် တိုးလာစေနိုင်လိမ့်မည်။
*
ဖော့ဖော့တောင်ပေါ်မှ ကိစ္စများအား လက်စသတ်ပြီးနောက် ကုကျစ်စုန့်နှင့် ကုရွှယ်ချွန်းတို့လည်း ထွက်ခွာရန် ပြင်ဆင်ခဲ့ကြသည်။
သူတို့ ထွက်မသွားခင်တွင် လာရောက်ကြည့်ရှုသည့် ရွာသားများကြားတွင် ကောင်လေး ဝ,ကို သူမ မြင်တွေ့လိုက်ရသည်။
သူမ ရှောင်ဝ,ဆီကို လက်ရမ်းကာ နှုတ်ဆက်လိုက်လိုက်ရာ ထိုပိန်သွယ်မည်းညစ်သည့် ကောင်လေးက ခဏမျှတွေဝေနေပြီးနောက် သူမတို့ထံသို့ လျှောက်လာခဲ့သည်။
“မင်းတို့ ထွက်သွားကြတော့မှာလား?”
“အင်း၊ အဲဒီအချိန်တုန်းက ငါတို့ကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ကောင်လေးက ရှက်ရွံ့စွာနှင့် သူ၏ ခေါင်းကို ကုတ်ခြစ်နေခဲ့သည်။
“တောင်တန်းတွေရဲ့ အပြင်က ကမ္ဘာကြီးက တကယ်ပဲ အဲလောက်တောင်ကောင်းတာလား?”
ကုကျစ်စုန့် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လက်ကိုဆန့်ကာ ကောင်လေး၏ ရှုပ်ပွနေသည့် ဆံပင်ကို သပ်ပေးလိုက်သည်။
“ငါက ကောင်းတယ်လို့ ပြောပြော၊ မကောင်းဘူးလို့ ပြောပြော အရေးမပါဘူး၊ တခြားသူတွေ ရဲ့ပါးစပ်ကထွက်လာတဲ့ ကောင်းတယ်ဆိုးတယ်လို့ ပြောစကားတွေက အရေးမကြီးဘူး၊ မင်းသဘောကျတယ် မင်းအတွက်သက်တောင့်သက်သာရှိတယ်ဆိုရင် လုံလောက်တာပဲလေ၊
မင်းမှာ ရွေးချယ်နိုင်စွမ်းရှိရမယ်၊ ကိုယ့်ရဲ့ ဘဝကို ကိုယ့်စိတ်ကြိုက်နေနိုင်ရမယ်၊ မင်းအနေနဲ့ တောင်တန်းတွေရဲ့ အပြင်က ဘဝကို မြင်ဖူးမှ မင်းကြိုက်၊မကြိုက်ကို ခွဲခြားသိနိုင်ပြီး မင်း ဘယ်နေရာမှာ နေချင်သလဲဆိုတာကို ဆုံးဖြတ်လို့ရမှာလေ?”
ကောင်လေး ဝ,က နှုတ်ခမ်းများကို စေ့ကာ မျက်လုံးများကလည်း ခိုင်မာသည့် ဆုံးဖြတ်ချက်ချလိုက်ပုံရသည်။
“ကျွန်တော် မှတ်ထားပါမယ်! တစ်နေ့နေ့မှာ အပြင်လောကကြီးကို မြင်အောင် သေချာပေါက်သွားမယ်!”
ကောင်လေးအား နှုတ်ဆက်ပြီးနောက် ကုကျစ်စုန့် လှည့်ထွက်လာသည်။
တောင်အောက်သို့ ဆင်းနေချိန်တွင် သူမ တောင်တစ်ခုလုံး၏ လေလှည့်ပတ်မှုကို ခံစားခဲ့မိသည်။ ဝိဉာဉ်စွမ်းအင် ပြန်လည်အားကောင်းလာမှုကြောင့် လေထုသည်လည်း ပို၍ သန့်ရှင်းလာခဲ့ချေပြီ။
အဝေးမှ တောင်စွန်းထံမှ မြူခိုးများ မြင့်တက်လာကာ အောက်တွင် ဖုံးကွယ်နေသော နဂါးသွေးကြောများသည်လည်း ပြန်လည် ထွက်ပေါ်လာခဲ့ပြီ။
ရုတ်တရက် တောင်တန်းများမှ လေပြည်လေးတစ်ခုက သူမထံသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရကာ သူမ၏ အသိစိတ်ပင်လယ်အထိ ပျံ့နှံ့သွားခဲ့သည်။
ချက်ချင်းပင် သူမ ခန္ဓာကိုယ်မှ စွမ်းအားသည် ပိုပြီး ကျစ်လျစ်လာကာ မောပန်းနွမ်းနယ်မှုများလည်း ချက်ချင်းပြေပျောက်သွားခဲ့ရသည်။
ကုကျစ်စုန့် အံ့ဩသွားရပြီး တောင်စွန်းဘက်အရပ်မျက်နှာသို့ လှည့်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
ထိုအရာက သူမအား နဂါးသွေးကြောများမှ ချီးမြှင့်သည့် သန့်စင်သော စွမ်းအားတစ်စုပင် ဖြစ်ပေသည်။
ထိုကဲ့သို့ နဂါးသွေးကြောများမှာ ဝိဉာဉ်စွမ်းအင်အသိပညာများ ပြည့်ဝနေလျှက်ရှိပြီး နတ်ဘုရားဖြစ်ရန် ခြေတစ်လှမ်းသာလိုအပ်သည့် ဆန်းကြယ်အရာဟုလည်း သိနိုင်သည်။
ထိုအရာမှ ပို့လွှတ်လိုက်သည်မှ ကံကောင်းခြင်းတစ်စုလေးပင် ဖြစ်စေကာမူ သာမန်ဝိဉာဉ်တစ်ကောင်၏ ကောင်းချီးနှင့် နှိုင်းယှဉ်လို့ပင် မရနိုင်သောကြောင့် ကုကျစ်စုန့်အတွက်တော့ ကျင့်ကြံရာတွင် အင်မတန် အထောက်အကူဖြစ်စေနိုင်လိမ့်မည်။
ဝိဉာဉ်ရေးရာ အစီအစဉ်၏ တတိယပိုင်းမပြီးဆုံးခင်တွင် အကြောင်းအရာများက ထပ်မံကျော်ကြားလာပြီး ထိုအပိုင်းနှင့် သက်ဆိုင်သော အကြောင်းအရာများမှာ တစ်နေ့တာလုံး ရှာဖွေမှု၏ထိပ်ဆုံးတွင် နေရာယူထားသည်။
#ကုကျစ်စုန့်၊ အနာဂတ်ဟောပြောခြင်း#
#ဖော့ရှီရွာ၏ကျိန်စာ#
#ဖြူကောင်တွေ ဘာလို့ဒီလောက် ချစ်စရာကောင်းရတာလဲ?#
တစ်ရက်ကြာပြီးနောက်တွင် လူများ၏ စိတ်ဝင်စားမှုက လျော့ကျသွားကာ ထိပ်တန်းရှာဖွေမှုနေရာ၌ ဆွေးနွေးမှု နှစ်ခုသာ ကျန်ရစ်တော့ပြီး အခြားအနုပညာသတင်းများက ပြန်လည် ဖုံးလွှမ်းသွားခဲ့တော့သည်။
သို့သော်လည်း ထိုနေ့ နေ့လယ်ခင်းတွင်တော့ တည်ငြိမ်နေသည့် ရှာဖွေမှုစာရင်းတွင် ပို့စ်အသစ်တစ်ခု ပေါ်ထွက်လာခဲ့ခဲ့ပြန်ကာ ရှာဖွေမှုမှ ခေါင်းစဥ်မှာတော့ လူအများ၏ အာရုံကို ဆွဲဆောင်နေသည့် စကားလုံးများဖြင့် ပြည့်နေခဲ့ပြန်သည်။
#စိတ်အားထက်သန်သည့် ပြည်သူ မစ္စကုကျစ်စုန့်အား သင်္ချိုင်းဂူ၏ သဲလွန်စအတွက် ကျေးဇူးတင်ပါသည်#
ကုကျစ်စုန့်၏ နာမည်ကို မြင်လိုက်ရသော လူများက ပို့စ်အား အပြေးအလွှားဝင်ဖတ်ကြည့်ပြီးနောက် မျက်စိလည်သွားခဲ့ကြရသည်။
“တောင်ပိုင်းနယ်မြေ ရဲစခန်း : ဇွန်လ ၂၃ရက်နေ့တွင် ကြီးမားသည့် ဧကရာဇ်သင်္ချိုင်းတစ်ခုအား တောင်ပိုင်းနယ်မြေ၏ နယ်စပ်မှ တောင်ပေါ်တွင် ရှာဖွေတွေ့ရှိခဲ့ရသည်” ?