တိုက်ရိုက်ထုတ်လွှင့်ကာ ရှေးဟောင်းသင်္ချိုင်းဂူတူးဖော်ခြင်း(1)
Vol. 6 Ch. 53
ကုကျစ်စုန့်မှ ‘ယင်သင်္ချိုင်းဂူအတွက် အသက်စတေးမှု’ အကြောင်း၏ အမှန်တရားကို ပြောပြလိုက်ပြီးသည့်နောက်တွင် ရွာခေါင်းဆောင်အမေကြီးက အရုပ်ကြိုးပြတ်ပုံကျသွားတော့သည်။
သူမ၏ ခြေထောက်များက တုန်ရီနေခဲ့ကာ မြေပေါ်သို့ လဲကျသွားခဲ့ရင်းမှ ခေါင်းကို တွင်တွင်ရမ်းခါနေရင်း တီးတိုးရေရွတ်နေခဲ့သည်။
“မဟုတ်ဘူး… အဲဒါက ခုလိုမျိုးဖြစ်နေရမှာမဟုတ်ဘူး…”
သူမ တစ်သက်လုံး ယုံကြည်သက်ဝင်ခဲ့ခြင်းမှာ တကယ်တမ်းတွင် ဟာသတစ်ခုသာဖြစ်နေခဲ့ပြီး ရွာသားတွေများ၏ မျိုးရိုးစဉ်ဆက်ကို သူမ၏လက်နှင့် သေတွင်းသို့ ပို့ခဲ့ရသည်ကို သူမ လက်မခံချင်သလို လက်လည်း မခံနိုင်ခဲ့ပေ။
သို့သော် သူမ၏ အသိစိတ်ထဲတွင် တမင်မေ့ပျောက်ထားခဲ့ပုံရသော အချက်အလက်များကို ပြန်လည်စဉ်းစားမိသွားခဲ့ရသည်။
ဥပမာဆိုရလျှင် ဤရွာတွင် မွေးကင်းစကလေးငယ်များ သိပ်ပြီးမများပြားချေ။ သူမသည်ကား ကလေး သုံးယောက်ခန့်ရှိမှသာ ဆုတောင်းပွဲကို ကျင်းပလေ့ရှိသည်။
ထို့ကြောင့် ရံဖန်ရံခါ ဆုတောင်းပွဲတစ်ခုတည်းတွင် ရက်သားကလေးများနှင့် တစ်နှစ်၊နှစ်နှစ်အရွယ်ကလေးများ ရောနှောနေတတ်သည်။
ဆုတောင်းပွဲမကျင်းပစဉ်က ထိုကလေးငယ်များသည် စားနိုင်၊သွားနိုင်၊ ဆော့ကစားနိုင်နေခဲ့ကြကာ မျက်နှာဖောင်းဖောင်းပြည့်ပြည့်လေးများဖြင့် ရောဂါကင်းစင်လျှက်ရှိနေခဲ့ကြသည်။
သို့သော် ဆုတောင်းပွဲအပြီး နောင်နှစ်များတွင်တော့ ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့တော့သည်။
သူမနှင့် ရွာသားများမှာ ဤဖြစ်ရပ်အား ဆုတောင်းပွဲကြောင့် ဖြစ်လာခဲ့သည်ဟု တစ်ခါမှပင် မတွေးမိခဲ့ဖူးပါချေ။ အဘယ်ကြောင့်ဆိုသော် ဆုတောင်းပွဲအစဉ်အလာသည်ကား မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော အလေ့အထဖြစ်ကာ သူတို့အားလုံး ထိုကဲ့သို့ဆုတောင်းပွဲတွင် ဆင်နွှဲခဲ့ကြဖူးသူများချည်းသာ ဖြစ်ချေ၏။
နောက်ထပ် ဥပမာတစ်ခုသည်ကား သူမ ရွာခေါင်းဆောင်မဖြစ်ခင် သူမ၏ဆရာထံမှ စုန်းပညာသင်ယူနေဆဲ မိန်းမပျိုလေးအရွယ်တွင် ဖော့ရှီရွာသားများကို လက်ထပ်ခဲ့သော သတို့သမီးငယ်လေးများ ရှိခဲ့ဖူးသည်။
လက်ထပ်ထိမ်းမြားခြင်းအား ကောင်းချီးပေးကြိုဆိုရန်အတွက် သူမ၏ ဆရာက ဘိုးဘေးခန်းမကို ဖွင့်လှစ်ကာ ဤသတို့သမီးသည် ဖော့ရှီရွာသူဖြစ်လာကြောင်း အသိအမှတ်ပြုပြီး ဘိုးဘေးများနှင့် တောင်စောင့်နတ်များ၏ စောင့်ရှောက်ခြင်းခံရစေရန် ဆုတောင်းပေးတတ်လေ့ရှိသည်။
ရလဒ်ကတော့ ထိုမိန်းမငယ်လေးများမှာ ကျန်းမာသန်စွမ်းနေရာမှ အားနည်းကာ ဖျားနာရောဂါများ စွဲကပ်လာခဲ့ကြသည်။
ရွာခေါင်းဆောင်အမေကြီးက သူမကိုယ်တိုင်ကိုရော၊ အခြားသူများကိုပါ ဆက်၍ မလိမ်ညာနိုင်တော့ချေ။ သူမ၏ မျက်နှာမှာ အရာအားလုံးကို လက်လျှော့လိုက်ပုံပေါ်ကာ တစ်ခဏအတွင်း သူမမှာ ပို၍ အိုမင်းသွားပုံပေါ်သည်။
ထိုအခိုက်မှာပဲ သူမ ရုတ်တရက် တစ်စုံတစ်ခုကို သတိရမိလိုက်သည်။ သူမက သူမကို ထိန်းထားသော ရဲသားများ၏လက်ထဲမှ ရုန်းထွက်လိုက်ကာ ကုကျစ်စုန့်ထံသို့ ဒယီးဒယိုင်နှင့် လျှောက်သွားလရင်း ဒူးထောက်ကျလုနီးပါးပင် ဖြစ်နေခဲ့သည်။
“မိန်းကလေး၊ ဒီလူအိုမကြီးက အမှားလုပ်မိပါတယ်၊ ဒီအကြောင်းတွေကို ငါလုံးဝ မသိခဲ့ရိုးအမှန်ပါ၊ ငါ မင်းကို ကူနဲ့ အဆိပ်မခတ်ခဲ့သင့်ဘူး၊ ငါ ဒီလို တောင်းပန်ပါ့မယ်၊ ဒါတောင် မင်းရဲ့နှလုံးသားထဲက ဒေါသမပြေသေးဘူးဆိုရင် ငါ ကိုယ့်ကိုကိုယ် သတ်သေဖို့လည်း ဝန်မလေးပါဘူး!!”
ရဲသားနှစ်ယောက်က သူမကို ဆွဲထူလိုက်ကာ :
“အဘွား၊ ဒီလိုလုပ်ဖို့ မလိုပါဘူး”
“ငါ့ကို စိတ်မပူပါနဲ့၊ ငါက အမှားလုပ်ခဲ့တဲ့သူပဲ၊ ငါက ဒီရွာရဲ့ အပြစ်သားပါ! ငါက ဒီအပြစ်မရှိတဲ့ ကလေးတွေကို သတ်ခဲ့မိတာ၊ ငါက သေသင့်တဲ့လူပဲ!!”
ရွာခေါင်းဆောင်အမေကြီး ငိုကြီးချက်မနှင့် အနူးအညွှတ်တောင်းပန်နေခဲ့သည်။
“ဒါပေမယ့် ဒီရွာသားတွေက ဖြူစင်ပါတယ်၊ သူတို့တွေက ဘာကိုမှလည်း မသိနားမလည်ပါဘူး၊ သူတို့က ဒီလောက်ထိ ခံစားရဖို့ မလိုအပ်ပါဘူး၊ ငါတောင်းပန်ပါတယ် မိန်းကလေး၊ ကျေးဇူးပြုပြီး သူတို့ကို ကယ်တင်ပေးပါ!!”
ကုကျစ်စုန့်က ခါးကိုကိုင်းညွှတ်ကာ သူမ၏ အေးစက်သည့် မျက်လုံးများက မျက်ရည်များပြည့်နေသည့် ရွာခေါင်းဆောင်အမေ၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်သည်။
“အခုကျတော့ ဆွေမျိုးသားချင်းတွေကို အားနာပြီး နာကျင်ခံစားနေရတာလား? ရှင့်ရဲ့ မျက်စိထဲမှာ သူတို့ကတော့ အပြစ်ကင်းတယ်ထင်တာပေါ့၊ ဒါပေမယ့် လူပေါင်း ၃၀ ကျော်ရှိတဲ့ ကျွန်မတို့ရဲ့ အဖွဲ့ထဲကို ရှင် ကူပိုးကောင်တွေ လွှတ်ပေးလိုက်တုန်းကရော၊ ကျွန်မတို့ဆီမှာ ဘာတွေဖြစ်သွားမလဲဆိုတာကို ရှင်ကောင်းကောင်းကြီး သိထားလောက်မှာပါ”
သူမသာ စောစီးစွာ သတိမထားမိခဲ့ပါလျှင်၊ သူမသာ ထိုစက်ဆုပ်ဖွယ်ကောင်းသည့် ကျိန်စာအားမိသွားခဲ့ပါလျှင် ၊ လီချန်ဟဲအပါအဝင် ကျန်ရှိနေသည့် သာမန်လူ ရိုက်ကူးရေးအဖွဲ့သားများအားလုံး ယခုအချိန်တွင် အသက်ရှိမည်မဟုတ်တော့ချေ။
“ကျွန်မတို့ မတိုင်ခင်ကလည်း ရွာသားတွေထဲက တစ်ယောက်ယောက်ကများ ရှင့်ကို စော်ကားတယ်လို့ ခံစားမိလိုက်တာနှင့် ရှင်က အဲဒီရွာသားတွေကို သတ်ပစ်ခဲ့တာပဲမလား၊ အဲဒီအချိန်တုန်းကရော သူတို့တွေက ဖြူစင်အပြစ်ကင်းတယ်လို့ မတွေးခဲ့မိဘူးလား??”
အဘွားအိုကြီးက ငယ်ထိပ်ကို မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားခဲ့သည်။
“ငါ…”
ဒီအနာဂတ်ဟောပြောတဲ့ အမျိုးသမီးရဲ့ သရုပ်မှန်က ဘာလဲ? သူမက ဘယ်သူမို့လို့ စုန်းအတတ်တွေနဲ့ ဖုံးကွယ်တဲ့ သူမရဲ့ အတိတ်ကိုတောင် မြင်နိုင်ရတာလဲ!??
သူမ အမှန်တကယ်လည်း အခြားသူများကို သတ်ခဲ့ဖူးသည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် မိဘများ၏ သင်ကြားမှုညံ့ဖျင်းသောကြောင့် ခပ်ဆိုးဆိုးနှင့် စိတ်ရှုပ်စရာကောင်းသည့် ကလေးများရှိခဲ့သည်။ သူတို့က ရွာထဲမှ အသီးအနှံများကိုတူးရန်နှင့် ရစ်ငှက်လေးများဖမ်းဆီးရန် ထွက်လာသော တခြားကလေးများကို နွားချေးများနှင့် ပစ်ပေါက်ကာ အနိုင်ကျင့်တတ်ကြသည်။
ထို့ကြောင့် သူမက ထိုကောင်လေးများပေါ်တွင် အစီအရင်တစ်ခု ပြုလုပ်ခဲ့သည်။
ထိုကောင်လေးများ သေဆုံးချိန်၌ ဝမ်းဗိုက်ထဲတွင် လောက်ကောင်များ အပြည့်ပင်။
ရွာခေါင်းဆောင်အမေကြီးကတော့ သူမ၏လုပ်ရပ်ကို မှားသည်ဟု မထင်ခဲ့ချေ။
သူမတို့ကဲ့သို့ အရည်အချင်းရှိသူများသည် မွေးကတည်းက တခြားလူများထက် အဆင့်ပိုမြင့်နေပြီးသားဟု ယူဆနိုင်သည်။ သာမန်လူတစ်ယောက်၏ အသက်ကို လက်တစ်ချက်လှုပ်ရုံနှင့် ဇီဝိန်ချုပ်ပေးနိုင်သည်မဟုတ်ပါလား။
သို့သော်လည်း ထိုအဖြစ်များအား ကုကျစ်စုန့်၏ အေးစက်သည့် မျက်လုံးများက ထိုးဖောက်မြင်ပြီးဖြစ်ကာ သူမအနေဖြင့် ဘာကိုမှ မငြင်းဆန်နိုင်တော့ပေ။
ကုကျစ်စုန့်က အဘွားအို၏ အင်္ကျီစကို ဆွဲကာ မျက်ရည်များကို သုတ်ပေးလိုက်ပြီး မထူးခြားသည့် လေသံနှင့် ပြောလိုက်သည်။
“ရှင်လုပ်ခဲ့တဲ့ အပြစ်တွေအရ ရှင်က သေသင့်တယ့်လူတစ်ယောက်ပဲ၊ ရှင်အခု ငိုကြွေးနေတာက ရှင့်ရဲ့ရင်ထဲက အားနာစိတ်ကို သက်သာရာရစေရုံသက်သက်အတွက်ပဲလေ၊
ဒါပေမယ့် ကျွန်မက တရားသူကြီးမဟုတ်ဘူး၊ ပြီးတော့ ရှင့်ရဲ့အသက်ကိုလည်း မလိုချင်ဘူး၊ ဒီတော့ ဒီမျက်ရည်တွေကို တရားရုံးမှာ ဝန်ခံတဲ့ အချိန်မှာသုံးဖို့အတွက် သိမ်းထားလိုက်တော့”
ပြောပြီးသည်နှင့် ကုကျစ်စုန့်က အေးစက်စက်မျက်နှာ အမူအရာနှင့် လှည့်ထွက်သွားခဲ့ချေသည်။
ရွာခေါင်းဆောင်အမေကြီးသည်တော့ အနောက်ဘက်တွင် မြေပြင်ပေါ်ထိုင်ချကာ အော်ဟစ်နေခဲ့လေ၏။
“ငါတို့ကို ဒီအတိုင်းသေခိုင်းလိုက်တော့မလို့လား!? နင်!...”
တဖြည်းဖြည်း တိုးလျိုးပျောက်ကွယ်သွားသည့် အသံတွင် စိတ်ပျက်ခြင်း၊ ဆောက်တည်ရာမရခြင်းတို့ဖြင့် အော်ဟစ်ဆဲဆိုသံများ ဖြစ်နေသော်လည်း ကုကျစ်စုန့်ကတော့ စိတ်မဝင်စားချေ။ သူမက သူမ၏ဘေးကို စောင်းကြည့်လိုက်ကာ မေးခဲ့ချေသည်။
“အရာရှိကု၊ ရှင် ဘာလို့ ရှေးဟောင်းသင်္ချိုင်းကိုလိုက်ကြည့်တာတွေ၊ လူဖမ်းတာတွေ လုပ်မနေဘဲ ကျွန်မဘေးမှာ လာရပ်နေတာလဲ?”
ကုရွှယ်ချွန်းက ချောင်းဟန့်လိုက်ပြီး ဆေးလိပ်တိုကို ပစ်ထုတ်လိုက်သည်။
“ငါ သင်္ချိုင်းဂူတွေအကြောင်းကို ကျွမ်းကျင်သူတွေဆီကို အကြောင်းကြားပြီးပြီ၊ ငါက အထူး ရဲအရာရှိတစ်ယောက်လေ၊ ငါက သိချင်ရုံသက်သက်ပါပဲ၊ ဒီသင်္ချိုင်းဂူတွေက ဖော့ရှီရွာအောက်မှာ ဖွက်ထားတယ်ဆိုတာကို မင်း ဘယ်လိုလုပ်ပြီးသိတာလဲ?”
လူတိုင်းက ဖော့ဖော့တောင်တွင် သင်္ချိုင်းဂူကြီး တစ်ခုရှိသည်ကို သိရှိထားကြသည်။ ထိုအရာက သဘာဝလွန်ပညာရပ်အသိုင်းအဝိုင်းတွင်လည်း ဒဏ္ဍာရီ တစ်ခုပင်ဖြစ်ချေသည်။
သမိုင်းမှတ်တမ်းများအရ လွန်ခဲ့သော နှစ်၆၀၀ ခန့်က ဖုန်းရွှေပညာရှင်တစ်ဦးသည် ထိုအချိန်က နာမည်ကြီး အင်ပါယာအတွက် တောင်ဘက်၊မြောက်ဘက် အနှံ့ရှာဖွေခဲ့ကာ တောင်ပိုင်းနယ်မြေ၏ နယ်စပ်တွင် ထူးခြားနေရာတစ်ခုကို ရှာတွေ့ခဲ့သည်။
သူကိုယ်တိုင် သင်္ချိုင်းဂူတည်ဆောက်ရာတွင် ပါဝင်ခဲ့ကာ ဝိဥာဏ်စွမ်းအင် ရတနာပေါင်းများစွာတည်ရှိအောင် ဆောင်ရွက်ခဲ့ပြီး သူ ဖန်တီးခဲ့သည့် ဖုန်းရွှေနည်းစနစ်သည်လည်း သမိုင်းအရရော၊ သဘာဝလွန်ပညာလက်ဆင့်ကမ်းခြင်းအရပါ တန်ဖိုးဖြတ်မရသည့် အရာတစ်ခုဖြစ်ခဲ့သည်။
ထို့အတွက် တောက်ဓမ္မဂိုဏ်းမှ လူများက နှစ်ပေါင်းရာကျော်ကြာသည်အထိ ထိုနေရာကို ရှာဖွေခဲ့ကြသည်။ သို့သော် သူတို့မည်မျှ ကြိုးစားရှာဖွေခဲ့သော်ငြား ရလဒ်သည်ကာ ဗလာနတ္ထိပင်။
နောက်ဆုံးတော့ ရှာဖွေတွေ့ရှိသူသည် လူသူမသိသည့် အမျိုးသမီး အနုပညာရှင်တစ်ယောက်ဖြစ်နေခဲ့သည်။
ဤသည်ကိုမှ ကုရွှယ်ချွန်းက စိတ်မဝင်စားလျှင် အခြားမည်သည်ကို စိတ်ဝင်စားရမည်နည်း??
ကုကျစ်စုန့် : “???”
“မျက်လုံးနဲ့ မြင်ရတယ်လေ”
သူမ လေသံက တည့်တိုးဖြစ်ကာ ဟန်ဆောင်ခြင်းများ မရှိနေခဲ့ချေ။
“အရင်တုန်းက ရောက်လာတဲ့ ဖုန်းရွှေပညာရှင်တွေ မမြင်ခဲ့တာက သူတို့တွေက ဖုန်းရွှေပညာရပ်ရဲ့ အနှစ်သာရကို မသိလို့နေမှာပေါ့”
ကုရွှယ်ချွန်းတစ်ယောက် တံထွေးပင် သီးမတတ်ဖြစ်သွားသည်။ သူ အရင်တုန်းက တွေ့ဖူးခဲ့သည့် နာမည်ကျော်ကြားသော စီနီယာတောက်ကျန့်များကိုပင် သတိရသွားပုံရချေ၏။
သူက သူ့၏မှတ်စုစာအုပ်လေးထဲတွင် အဆောတလျင် ချရေးလိုက်သည်။
ဖုန်းရွှေ ကျွမ်းကျင်သည်၊ ယုံကြည်မှုအပြည့်ရှိပြီး အမျှော်အမြင်ကြီးသည်။
ကုရွယ်ချွန်း:
“ ဒါဆို မစ္စကု၊ မင်းက ဖော့ရှီရွာရဲ့ ဝိဉာဉ်ချုပ်တည်းခြင်း အစီအရင်ကို မြင်နေရတယ်ဆိုတော့ အကယ်၍များ တစ်ယောက်ယောက်က ရွာအောက်က ရှေးဟောင်းသင်္ချိုင်းဂူကို ဖော်ထုတ်လိုက်မယ်ဆိုရင်ဖြင့် ရွာသားတွေကိုရော ထိခိုက်နိုင်မလား?”
“သေချာတာပေါ့၊ ဒီတော်ဝင်သင်္ချိုင်းက စတေးမှုရဲ့သခင်ဖြစ်တဲ့ ဧကရာဇ်ပိုင်တာဖြစ်ပြီး ရွာသားတွေက စတေးခံသက်သက်ပဲ၊ သင်္ချိုင်း ဖျက်ဆီးလိုက်ခံရတာနဲ့ ဒီသင်္ချိုင်းစောင့်တွေက အရင်ဆုံးတန်ပြန်တိုက်ခိုက်မှုကို ခံရမှာပဲ၊
ဒါကြောင့် ကျွန်မ ဒီအစီအရင်ဆက်စပ်မှုကို ဖျက်ဆီးပြီးမှ ရှင်တို့ သင်္ချိုင်းဂူကို တူးဖော်လို့ရလိမ့်မယ်”
ကုရွယ်ချွန်း နည်းနည်းတော့ အံ့ဩသွားခဲ့သည်။
“မစ္စကုက ရွာသားတွေကို မကူညီလောက်ဘူးလို့ ထင်နေတာ”
“အရမ်းကြီး တွေးမနေပါနဲ့၊ ကျွန်မက သူတို့ကို ကူညီနေတာ မဟုတ်ဘူး၊ ဖော့ရှီရွာနားမှာရှိတဲ့ မြေဆီလွှာနဲ့ သစ်ပင်ပန်းမန်တွေက ပျက်စီးလုနီးနီးဖြစ်နေတာကို ရှင် မတွေ့ဘူးလား?
ကြာလာရင် ဒီမှာရှိနေတဲ့ ပုပ်သိုးနေတဲ့ လေက အရပ်လေးမျက်နှာကို ပျံ့သွားပြီး နဂါးသွေးကြောကို သွားထိခိုက်လိမ့်မယ်”
တောင်တစ်လုံးတွင် နဂါးသွေးကြောပေါ်ထွက်လာပြီး ကြီးထွားလာဖို့သည်ကား လွယ်ကူသည့် ကိစ္စရပ်မဟုတ်ပါချေ။
ဧကရာဇ် သင်္ချိုင်းရှိနေသော ရတနာ့ဂူမှာ နဂါးသွေးကြော၏ အချက်အချာ အလယ်နေရာဖြစ်ကာ တောင်ပေါ်မှ အစီအရင်သည်လည်း နဂါးပေါ်တွင် ကပ်ငြိနေသော အကြိတ်ပုတ်တစ်လုံးကဲ့သို့ ဖြစ်နေခဲ့သည်။
အစပိုင်းတွင်တော့ သိသာမည်မဟုတ်ပေ။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုအကြိတ်က ကြီးမားနက်ရှိုင်းလာလိမ့်မည်။ တောင်၏ အပေါ်ယံမျက်နှာပြင်တွင် ပေါ်ထွက်လာသည်မှာ ခြောက်သွေ့နေသော သစ်ပင်ပန်းမန်များနှင့် ဖုန်းဆိုးမြေကွက်ကြီးသာ ဖြစ်လာခဲ့ပြီး ထိုမြေအား ဆေးဖြင့်ရော၊ အာဟာရနှင့်ပါ ပြုပြင်၍ မရနိုင်ဖြစ်လာလိမ့်မယ်။
ထိုအကြိတ်ကျယ်ပြန့်လာသည်နှင့် နဂါးသွေးကြောတစ်ခုလုံး၏ ချီစွမ်းအင် စီးဆင်းမှုကိုလည်း ထိခိုက်စေမှာဖြစ်ကာ နှစ်ပေါင်းများစွာ စုစည်းလာခဲ့သော တောင်၏ အရှိန်အဝါသည်လည်း ပျက်စီးသွားမည်ဖြစ်မည်။
နဂါးသွေးကြောတွင် ပြဿနာရှိလျှင် တောင်တစ်ခုလုံးမှ သက်ရှိ၊သက်မဲ့များ အကုန်ဒုက္ခရောက်သွားရလိမ့်မည်။
*