ကူပိုးကောင်များ(4)
Vol. 6 Ch. 52
ကုကျစ်စုန့် ခေတ္တမျှ စဉ်းစားနေပြီးနောက် ကျောပိုးအိတ်ထဲမှ အဝါရောင်စာရွက် အထပ်လိုက်ကို ထုတ်လိုက်သည်။
အပြင်ဘက်မှ ရွာသားများက ဒေါသတကြီးနှင့် နီးကပ်လာပြီဖြစ်သော်ငြား အတွင်းပိုင်းမှ ကုကျစ်စုန့်ကတော့ အလွန်အေးဆေးတည်ငြိမ်နေဆဲဖြစ်ကာ အဝါရောင်စာရွက်အထပ်လိုက်ကို ကပ်ကြေးနှင့် ညှပ်နေဆဲပင်ဖြစ်ချေသည်။
သူမက စာရွက်များကို လူပုံသဏ္ဍာန်ညှပ်လိုက်ပြီး မျက်လုံးကို မှိတ်ကာ စာရွက်များကို လက်ဖဝါးကြားတွင် ညှပ်၍ ပွတ်တိုက်ခဲ့သည်။
“ကောင်းကင်ဘုံမှ မြင့်မြတ်သော စွမ်းအားကို ပေးသနားပြီး ပဲစေ့များကို စစ်သည်အဖြစ် ပြောင်းလဲစေကာ ကြီးကျယ်မြင့်မြတ်သော အရှင်သည် တရားဥပဒေအလား အမြန်ဆုံးရောက်ရှိစေလိုပါ၏”
သူမပြောပြီးသည့်နောက်တွင် ရုတ်တရက်ထွက်ပေါ်လာသော ဝိဉာဉ်စွမ်းအားသည် သူမ ခန္ဓာကိုယ်မှ လက်ဖဝါးဆီသို့ ကူးပြောင်းသွားခဲ့သည်။ သူမက လက်ကို မြှောက်လိုက်သည့်နောက် လက်ထဲမှ လူပုံစံစက္ကူဝါများသည် အရေအတွက်ပို၍များလာခဲ့သည်။
ထိုအရာသည် Qimen Dunjia မှ ဂါထာအမျိုးအစားတစ်ခုဖြစ်ချေသည်။
ဒဏ္ဍာရီများအရ ရှေးခေတ်အချိန်တွင် စစ်တပ်တစ်ခုတွင် မာရင်ဟုခေါ်သော လူထူးဆန်းတစ်ယောက်ရှိခဲ့ဖူးလေ၏။ သူက လက်တစ်ဆုပ်ခန့် ပဲစေ့များအား မြေပေါ်သို့ ဖြန့်ကြဲလိုက်လျှင် ပဲစေ့များသည် သန်းပေါင်းများစွာသော ယင်စစ်သည်များ အဖြစ်ပြောင်းလဲသွားကာ ရန်သူကို အနိုင်ယူနိုင်ခဲ့သည်ဟုဆိုကြသည်။
ထိုကဲ့သို့ နည်းလမ်းမှာ အပြင်လောကတွင် အမှန်တကယ်လည်း တည်ရှိပေသည်။ သို့သော်လည်း စွမ်းအားကတော့ အင်မတန်ချဲ့ကားပြောထားခြင်းသာလျှင်ဖြစ်သည်။
ထိုနည်းလမ်းအားဖြင့် ပဲစေ့များသာလျှင် စစ်သားများ ဖြစ်နိုင်သည်မဟုတ်။ ခန္ဓာအဖြစ်အသုံးပြုမည့် ပစ္စည်းရှိနေပါက အသုံးပြုသူ၏ ချီဖြင့်ဖြည့်သွင်းကာ အချိန်တို အသက်ဝင်လာအောင် ပြုလုပ်နိုင်သည်။
အသုံးပြုသူ၏ စွမ်းရည်မြင့်လေလေ ပဲစေ့စစ်သားများ၏ အရေအတွက်နှင့် စွမ်းအားများလာလေလေပင် ဖြစ်ချေသည်။
အိမ်အပြင်ဘက်တွင်တော့ ရွာသားများက ဒေသံသိယစကားများကုပြောဆိုကာ ဖျက်ဝင်ရန်တိုင်ပင်နေကြချေပြီ။ သူတို့ တိုင်ပင်နေဆဲမှာပင် အိမ်ငယ်လေး၏ ပြတင်းပေါက်များနှင့် တံခါးက ဝုန်းခနဲအသံဖြင့် အတွင်းမှ ပွင့်ထွက်လာခဲ့လေသည်။
ထို့နောက်တွင်တော့ သူတို့ တစ်သက်လုံးမမေ့နိုင်တော့မည့် မြင်ကွင်းကို မြင်တွေ့လိုက်ရတော့သည်။
ရှည်လျားပြီး ပြားချပ်နေကာ တောင့်တင်းနေသော ခြေလက်များရှိပြီးမျက်နှာသွင်ပြင်ကိုလည်း မြူဆိုင်းနေသကဲ့သို့ ဝိုးတဝါးသာ မြင်ရသည့် ‘လူ’များသည် ပြတင်းပေါက်နှင့် တံခါးများမှ ဆက်တိုက် အလျိုလျိုထွက်လာကြသည်။ သူတို့မှာ ည၏ လရောင်အောက်တွင် ကြောက်လန့်ခြောက်ခြားဖွယ်ရာ ကောင်းလွန်းနေခဲ့ပေသည်။
ကြောက်လန့်တတ်သည့် ရွာသားများကတော့ သူတို့ဘက်ကို စိုက်ကြည့်လာသည့် ထိုမျက်လုံးများကို စေ့စေ့ပင် မကြည့်ရဲကြဘဲ နောက်ကို ပြန်ဆုတ်သွားခဲ့ကြသည်။
“သရဲ၊ သရဲတွေ ရှိတယ်!!”
စက္ကူစစ်သားများက များပြားလွန်းကာ ကြောက်စရာကောင်းလွန်းသောကြောင့် အော်ဟစ်သံများဖြင့် ချက်ချင်း ဆူညံသွားခဲ့ပြှ ရိုက်ကူးရေးအဖွဲ့ကို အနိုင်ကျင့်ရန်လာခဲ့ကြသည့် ရွာသားများမှာ တစ်ယောက်ပြီး တစ်ယောက် ပြန်လှည့်ပြေးကြတော့သည်။
ခဏအကြာတွင်တော့ လေတစ်ချက် ဝေ့တိုက်လာခဲ့ကာ အိမ်ငယ်လေး၏ ရှေ့တွင် သရဲများ မရှိတော့ချေ။ လက်ဖဝါးအရွယ် လူရုပ်စက္ကူလေးများကသာ လေနှင့် အတူ ဝဲကာ ဝင့်ကာ ပါသွားတော့သည်။
ညလယ်ခေါင်အချိန်တွင် ဓာတ်မီးများ တဝင်းဝင်းနှင့် ရဲအရာရှိများကနောက်ဆုံးတွင်တော့ ဖော့ရှီရွာအား ရှာတွေ့ခဲ့ကြတော့သည်။
သူတို့က အိမ်တွင်ရှိနေကြသည့် ရွာသားများအား လိုက်လံနှိုးခဲ့ကြပြီးရွာသားများမှာ မည်သည့်အရာများဖြစ်ထားခဲ့သည်ကိုမသိသော်လည်း သူတို့အား ထိန်းသိမ်းသည့်အချိန်တွင် ထိုရွာသားများ၏ မျက်နှာမှာ သွေးပျက်နေခဲ့ကြကာ ရွာထဲတွင် မကောင်းဆိုးရွား ဝိဉာဉ်များ ရှိသည်ဟုသာ တွင်တွင်ပြောနေခဲ့ကြသည်။
ရင်းနှီးနေသည့် ရဲဝတ်စုံနှင့် တံဆိပ်များကို မြင်ပြီးနောက် တစ်နေ့တာလုံး ကြောက်ရွံ့ခြောက်ခြားနေခဲ့ရသည့် ပရိုဂရမ်အဖွဲ့နှင့် ဝန်ထမ်းများသည်လည်း စိတ်ချလက်ချ ဖြစ်သွားကာ ပျော်လွန်း၍ ငိုချတော့မည့် အရိပ်အယောင်များပေါ်လာခဲ့ကြသည်။
ရဲအရာရှိများကြားတွင် သတ်လတ်ပိုင်းအရွယ် လေကာအင်္ကျီဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်ရှိနေခဲ့ပြီး ထိုသူက စီးကရက်ကို ဖွာရှိုက်ရင်းဖြင့် ကုကျစ်စုန့်အနားသို့ ရောက်လာခဲ့သည်။
ထို့နောက် သူ၏ လက်ကို ဆန့်လိုက်ကာ နှုတ်ဆက်လာခဲ့သည်။
“မင်္ဂလာပါ၊ ငါက ဝိဉာဉ်ပိုင်းဆိုင်ရာ အထူးအဖွဲ့ရဲ့ အဖွဲ့ဝင် ကုရွှယ်ချွန်းဖြစ်ပြီး တောင်ပိုင်းပြည်နယ်ရုံးခွဲရဲ့ ခေါင်းဆောင်ပါ၊ မင်းပြောတာက ဖော့ဖော့တောင်ပေါ်က သင်္ချိုင်းကြီးကို ရှာတွေ့တယ်လို့ ဆိုလိုတာလား?”
ကုကျစ်စုန့်: “ဟုတ်တယ်၊ ဒီရွာရဲ့အောက်ခြေမှာပဲ”
“သေချာရဲ့လား?”
ကုရွှယ်ချွန်းက မျက်မှောင်ကြုတ်မိသည်။ သူတို့ ဖော့ဖော့တောင်ပေါ်မှ ဖြစ်နိုင်ချေအရှိဆုံးနေရာများအား ရှာဖွေခဲ့သော်လည်း မည်သည်ကိုမှ မတွေ့ရှိခဲ့ရချေ။ သူတို့ ဤရွာဘေးမှလည်း မကြာခဏ ဖြတ်သွားခဲ့ဖူးသော်ငြား မည်သူကမှ သင်္ချိုင်းမှာ ဤရွာ၏ အောက်တွင် ရှိနေမည်ဟု သံသယမရှိခဲ့ကြ။ အဓိကမှာ ရွာအောက်မှ မြေသည် အလွန်ဆိုးရွားခြင်းကြောင့်ပင်ဖြစ်ပေသည်။
ဧကရာဇ်တစ်ယောက်ရဲ့ သင်္ချိုင်းက ဒီလို ဖုန်းရွှေညံ့တဲ့နေရာမှာ တည်ထားနိုင်ပါ့မလား?
ထိုအချိန်တွင် အားနည်းနေသော ရွာခေါင်းဆောင်အမေကြီးအား ရဲသားတစ်ယောက်က ထိန်းသိမ်းခေါ်ဆောင်လာခဲ့သည်။ သူမက ကုကျစ်စုန့်ကို မြင်သည်နှင့် အလွန်မုန်းတီးနေသည့်မျက်နှာထားဖြင့် ဒေါသတကြီး အော်ဟစ်တော့သည်။
“နင် ! ကောင်မလေး၊ နင်က ငါတို့ တစ်ရွာလုံးကို သတ်ချင်နေတာလား!? နင်အပြစ်ခံရလိမ့်မယ်!!”
ကုကျစ်စုန့်၏ နှုတ်ခမ်းထောင့်လေးများက လှုပ်သွားခဲ့သည်။
“ကျွန်မ အပြစ်ပေးခံရ၊ မခံရတော့ မသိပေမယ့် ရှင်ကတော့ တန်ပြန်တိုက်ခိုက်ခြင်းကို ခံရပြီးပြီမလား၊
အမှန်တိုင်းပြောရရင် အဘွားကြီး၊ ကျွန်မထင်တာတော့ ရှင်က အတော်လေး သနားစရာကောင်းတာပဲ၊ ဒီရွာက လူတွေ ဘာလို့ အသက်မရှည်တာလဲ? ဘာလို့ ခန္ဓာကိုယ် အားနည်းတာလဲ? ဘာလို့ တောင်ပေါ်ကနေ ထွက်သွားလို့ မရတာလဲဆိုတာတွေကို ရှင် တကယ်ပဲ မသိဘူးလား?
ဒါတွေအားလုံးက ရှင် ရတနာကြီးလို ကာကွယ်နေတဲ့ သင်္ချိုင်းဂူကြောင့်ဆိုတာကိုရော မသိတာလား??”
ကုရွှယ်ချွန်း၏ ခေါင်းထဲတွင် တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။
“သင်္ချိုင်းစောင့်??”
“မှန်တယ်၊ သူတို့က လက်မှုပညာရှင်တွေရဲ့ မျိုးဆက် သင်္ချိုင်းစောင့်တွေပဲဖြစ်လိမ့်မယ်”
ရှေးခေတ်များတွင် အင်ပါယာများ သင်္ချိုင်းဂူတည်လျှင် တည်ဆောက်ရန် အချိန်အလွန်ကြာမြင့်တတ်သည်။
ထို့ကြောင့် သူတို့က ပညာကျွမ်းကျင်သည့် လက်မှုပညာရှင်များအား အထဲသို့ ဝင်ရောက်ကာ ဂူသင်္ချိုင်းတည်ဆောက်စေလေ့ရှိသည်။
ပညာရှင်များ ခိုးမထွက်သွားစေရန်အတွက် မိသားစုနှင့် ဆွေမျိူးသားချင်းများအားလည်း လူလွှတ်ကာ ခေါ်ဆောင်စေခဲ့သည်။
သင်္ချိုင်းဂူတစ်ခုတည်ဆောက်လျှင် အချိန် ဆယ်စုနှစ်ကျော်ကြာမြင့်တတ်သည်။ သင်္ချိုင်းဂူတည်ပြီးနောက် နေရာနှင့် အသုံးပြုထားသော နည်းလမ်းများ မပျံ့နှံ့စေရန်အတွက် လက်မှုပညာရှင်များသည် သင်္ချိုင်းရှေ့တွင်ပင် ကွပ်မျက်ခံရကာ သင်္ချိုင်းပိုင်ရှင်နှင့်အတူ မြှုပ်နှံခံကြရသည်။
တစ်ချို့ သွေးအေးသော ဧကရာဇ်များသည်ကား လက်မှုပညာရှင်များအား ကွပ်မျက်ရုံမျှနှင့် စိတ်မအေးသေးချေ။ ပညာရှင်များ၏ ဆွေမျိုးမိသားစုများအား သင်္ချိုင်းအနီးတွင် နေထိုင်စေကာ ထိုသူတို့အား တော်ဝင်သင်္ချိုင်းကို မျိုးရိုးစဉ်ဆက်စောင့်ရှောက်ရသည့် သင်္ချိုင်းစောင့်များ ဖြစ်လာစေတတ်သည်။
ဟိုးအစတည်းက ‘စုန်းပညာရှင်’ ၏ တည်ရှိမှုသည် လက်မှုပညာရှင်များ၏ သားသမီးမြေးမြစ်များအား လိမ်ညာစေရန်သာဖြစ်ပြီး ထွက်ပြေးရန် အတွေး မတွေးမိစေရန် ဦ်းနှောက်ဆေးခိုင်းထားခြင်းပင် ဖြစ်သည်။
ထိုနည်းလမ်းအားဖြင့် လူစုအနည်းငယ်မှသည် တစ်ဖြည်းဖြည်းချင်း ကြီးထွားလာကာ ရွာငယ်လေးတစ်ခုက သင်္ချိုင်းဘေးတွင် ပေါ်လာခဲ့တော့သည်။
‘စုန်းပညာရှင်’ မျိုးဆက်တိုင်းသည် သူတို့၏ အသိပညာအား မျှဝေရန် တပည့်တစ်ယောက်ကို လက်သပ်မွေးထားပြီးလျှင် ‘စုန်းပညာရှင်’ များသာ သိရသည့် အမှန်တရားဖြစ်သော တော်ဝင်သင်္ချိုင်းအကြောင်းကို ပြောပြကြလေ့ရှိသည်။
ကုကျစ်စုန့်က ရွာခေါင်းဆောင်အမေကြီးကို ကြည့်ကာ :
“ဒါက သင်္ချိုင်းကို စောင့်ရုံလောက်ပဲဆိုရင်က ဘာပြဿနာမှ မရှိဘူး၊ ကံမကောင်းစွာနဲ့ပဲ ရှင်တို့ ဘိုးဘေးတွေ တွေ့ခဲ့ရတဲ့ ဧကရာဇ်က လူကောင်းမဟုတ်ဘူး၊ သူက ဒီတောင်ပေါ်က နဂါးသွေးကြောတွေက အင်မတန် ကောင်းမွန်ပြီး ကြီးပွားတိုးတက်စေမယ့်နေရာဆိုတာကို သိထားတယ်၊
ဒီနေရာက တောင်တန်းတွေနဲ့ မြစ်တွေကလည်း ရတနာ့ဂူလို ဝန်းရံထားတယ်၊ သူကိုယ်တိုင်ရော သင်္ချိုင်းဖောက်သူတွေပါ တစ်ချက်လောက်ကြည့်ရုံနဲ့ ဒီနေရာမှာ ဧကရာဇ်တစ်ယောက်မြှုပ်နှံထားတယ်ဆိုတာကို တန်းပြောနိုင်တယ်၊
ဒီတော့ သေပြီးသွားရင် ပြန်ပြီး တူးဖော်တာကို မခံရစေဖို့ သူက ဖုန်းရွှေကို ဖုံးကွယ်တဲ့ နည်းလမ်းရှာတွေ့သွားခဲ့တယ်၊ ဂူတစ်ဂူတည်းမှာ သင်္ချိုင်းနှစ်ခုထားရှိပြီး သက်ရှိတွေရဲ့ အသက်သွေးကြောကို သေပြီးသူရဲ့ အုတ်မြစ်အတွက် ထောက်ပံ့ပေးဖို့ လုပ်ခဲ့တာပဲ”
ထိုစကားကို ကြားတော့ ကုရွှယ်ချွန်း၏ မျက်လုံးများပြုးကျယ်သွားခဲ့ကာ ပါးစပ်ထဲမှ စီးကရက်ပင် မြေပေါ် ပြုတ်ကျမတတ်ဖြစ်သွားခဲ့သည်။
“တကယ်ကြီး အဲလို ဖြစ်နေခဲ့တာလား! အဲလိုဖြစ်နေခဲ့တာကိုး !!”
ရွာခေါင်းဆောင်အမေကြီးက အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူမက ကုကျစ်စုန့် ပြောသမျှကို နားမလည်နိုင်သော်လည်း ထိုမိန်းကလေး ပြောလာသည့် စကားများမှာ သူမ သည်းမခံနိုင်သည့် အရာတစ်ခုဖြစ်မည်ဟု စိတ်တွင် ခံစားနေရသည်။
သူမ၏ ဆရာက သူမ ငယ်စဉ်ကလေးဘဝမှစ၍ သူတို့သည် သင်္ချိုင်းနှင့် တောင်တန်းကို စောင့်ရှောက်သူများဖြစ်ကြောင်း ပြောပြခဲ့သည်။ ထိုအရာက သူမတို့ အဖွဲ့၏ တာဝန်ဖြစ်ကာ ဖောက်ဖျက်လို့မရချေ။
ဖောက်ဖျက်လျှင် အပြစ်ပေးခံရမည်။
သူမ ထိုအရာကိုတော့ အသေအချာပြောနိုင်သည်။
တကယ်လည်း တောင်ပေါ်ကို ကျောခိုင်းကာ ထွက်သွားသည့် ကလေးများသည် တစ်သက်လုံးပြန်မလာနိုင်ကြတော့။
ကုကျစ်စုန့်က ဆက်ပြီး ပြောခဲ့သည်။
“ပုံမှန်ဆိုရင် ရတနာ့ဂူရဲ့အောက်မှာ ယင်အုတ်ဂူတွေ ရှိတယ်၊ တကယ်လို့ ရတနာ့ဂူကို ရှာမတွေ့နိုင်အောင် ဖုံးကွယ်ဖို့အတွက်ဆိုရင် ဂူအဝင်ဝရဲ့ အပေါ်တည့်တည့်မှာ ယင်အုတ်ဂူတွေကို ထပ်ပြီး ထားရလိမ့်မယ်၊
ကျွန်မ ခန့်မှန်းတာ မလွဲရင် ရှင်တို့ရဲ့ ဘိုးဘေးဂါရဝပြုတဲ့ ခန်းမက ဖော့ရှီရွာရဲ့အရှေ့မြောက်ဘက်ခြမ်းမှာ ရှိတယ်၊ ဒီအတိုင်းဆိုရင် ယင်နဲ့ ယန်သင်္ချိုင်းတွေက ဖုန်းရွှေသွေးကြောမှတ်နေရာမှာ တည်ဆောက်ထားတာပဲ၊ အဲဒါက ဂူပေါက်ဝမှာရှိတဲ့ အရှိန်အဝါကို ပြောင်းလဲသွားစေတယ်၊
အပေါ်ယံမျက်နှာပြင်မှာတော့ ဖုန်းရွှေရော ဘူမိသဘောပါ ဆိုးဝါးလွန်းတယ်၊ တကယ်တော့ အဲဒါက အတုအယောင်ပဲ၊ အစစ်အမှန်က နဂါးသွေးကြောတည်ရှိနေတာဖြစ်ပြီး ဖုံးကွယ်ထားတဲ့ ဂူပါးစပ်ကနေ မြေအောက်မှာရှိတဲ့ သင်္ချိုင်းကို စီးဝင်နေတုန်းပဲ!!”
“ဘယ်သူကမှ ယင်အုတ်ဂူတွေကို ဂါရဝမပြုကြဘူးဆိုရင် သူ့ရဲ့ ထိရောက်မှုက လျော့ကျသွားမှာပဲ၊ ဒီတော့ ဒါကိုလည်း ဖုံးထားနိုင်အောင် ဒီနေရာမှာ အမြဲတမ်း အသက်စွမ်းအင်ကို စတေးပေးနေရမယ့် သက်ရှိတွေက ရှိကိုရှိနေရမယ်”
“တော်တော့၊ မပြောနဲ့တော့၊ နင့်ရဲ့ အဓိပ္ပါယ်မရှိတဲ့ ပေါက်တတ်ကရစကားတွေ မကြားချင်တော့ဘူး!!”
ရွာခေါင်းဆောင်အမေက အော်ဟစ်လိုက်သည်။
စီးကရက်ကို ကိုက်ထားဆဲဖြစ်သည့် ကုရွှယ်ချွန်းက မျက်မှောင်ကြုတ်ကာ သက်ပြင်းချမိသည်။ ဤရွာမှ လူများမှာ အလွန် သနားစရာကောင်းလွန်းလှသည်ဟု သူခံစားမိရသည်။
ကုကျစ်စုန့်ကတော့ တည်ငြိမ်အေးဆေးသည့်လေသံနှင့်ပင် ဆက်ပြောလာသည်။
“ရွာထဲက မွေးကင်းစကလေးတွေအားလုံးကို ဆုတောင်းပေးဖို့အတွက် ပွဲလုပ်လေ့ရှိကြတယ်မလား? ဒါပေမယ့် ရှင်ရေးဆွဲနေတဲ့ စာလုံးတွေက ဆုတောင်းစကားလုံးမဟုတ်ဘူးဆိုတာကို ရှင်သိရဲ့လား? အဲဒါက ဝိဉာဉ်ချုပ်နှောင်တဲ့ ဂါထာဖြစ်ပြီး လူတွေရဲ့အသက်ကို သင်္ချိုင်းနဲ့ ချိတ်ဆက်ပေးလိုက်တာပဲ၊
ရှင်က ကောင်းချီးတွေအတွက် ဆုတောင်းနေခဲ့တယ်လို့ ထင်တဲ့အချိန်တွေအကုန်လုံးက အမှန်တော့ ဒီကလေးတွေရဲ့ အသက်စွမ်းအားနဲ့ ကံကြမ္မာကို ဧကရာဇ် သင်္ချိုင်းအတွက် စတေးခံအနေနဲ့ ယဇ်ပူဇော်နေခဲ့တာပဲ၊
ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ဖို့အတွက် ဒီအသက်တွေက စတေးခံဖြစ်သွားရတာပေါ့၊ အားပြည့်ခြင်းက ………”
“နင့်ရဲ့ပါးစပ်ကိုပိတ်ထားစမ်း!!”
ကုကျစ်စုန့် တွေးတောလိုက်သည်။ ရွာခေါင်းဆောင်အမေကြီးမှာ ဤကိစ္စနှင့်ပတ်သတ်ပြီး ခရေစေ့တွင်းကျ သိထားပုံမရပေ။ သူမက ‘စုန်းပညာရှင်’ ဖြစ်သော်ငြား သူမသည်လည်း သင်္ချိုင်းစောင့်များ၏ မြေးမြစ်များထဲမှ တစ်ယောက်ပင်ဖြစ်နေခဲ့သည်မဟုတ်ပါလား။
စုန်းပညာရှင်များမှာ ကောင်းချီးအတွက် ဆုတောင်းပွဲကျင်းပတိုင်း ကလေးငယ်များ၏ အသက်အား ဧကရာဇ်သင်္ချိုင်းအတွက် စတေးနေခြင်းဖြစ်ကြောင်းနှင့် ကလေးများသည်လည်း သင်္ချိုင်းစောင့်များဖြစ်လာရကြောင်းကို သူမ မသိထားလောက်ပေ။
ထိုမျိုးရိုးစဉ်ဆက်ဆင်းသက်လာသော စုန်းပညာရှင်များမှာ သူတို့၏ မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများ၏ အသက်ရှည်မှုနဲ့ စွမ်းအင်များကို သင်္ချိုင်းကြီးမှ စုပ်ယူနိုင်ရန် ကူညီပေးခဲ့သလိုဖြစ်နေခဲ့သည်။
‘စတေးခံ’ များသည် သင်္ချိုင်း၏ စက်ကွင်းမှ ဝေးရာသို့ ရောက်သွားလျှင် စတေးထားခြင်းကို ဖျောက်ဖျက်သကဲ့သို့ ဖြစ်သွားခဲ့ကာ တန်ပြန်တိုက်ခိုက်ခြင်းကိုခံရပြီး တစ်နည်းမဟုတ် တစ်နည်းဖြင့် သေဆုံးကြရရှာသည်။
ကုကျစ်စုန့်: “ရွာသားတွေကို ပြန်လမ်းမရှိတဲ့ နေရာကို ပို့ပေးလိုက်တာ ရှင်ကိုယ်တိုင်ပဲ”
*