← Chapters

မဟာအင်ပါယာနှင့် စကားပြောခြင်း

Vol. 168 Ch. 2402

မဟာအင်ပါယာနှင့် စကားပြောခြင်း

Vol. 168 Ch. 2402

ကောင်းကင်ဒေသမှလွဲ၍ လောကအသီးသီးမှ ကျင့်ကြံသူများသည် ရီဖူရှင်းအတွက် အသနားခံပေးနေကြ၏။

ယခုဖြစ်ပျက်နေသောကိစ္စသည် အနည်းငယ်ထူးဆန်းပေသည်။ ကောင်းကင်ထက်ရှိ ရီဖူရှင်းကိုယ်တိုင်သည်ပင် နားမလည်နိုင်ဖြစ်နေသည်။ မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့သည် သူနှင့်ရန်ငြိုး၊ ရန်စများရှိခဲ့သော အင်အားစုများဖြစ်သည်။ ထို့ပြင်သူသည် လူသားဘုံနှင့် အဆက်အဆံများစွာမရှိခဲ့ပေ။ လူသားဘုံသည် ကောင်းကင်ဒေသမှ အင်ပါယာနန်းတော်နှင့် ပို၍ရင်းနှီးပေသည်။

သို့သော် ယခုတွင် လူသားဘုံသည် သူ့အတွက် ထောက်ခံပေးနေ၏။ မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့သည် သူတို့အကြံနှင့်သူတို့ရှိမည်ဖြစ်သော်လည်း လူသားဘုံမှာမူ အရှင်ဒွန်ဟောင်၏ ဂုဏ်သတင်းညှိုးနွမ်းသွားမည်ကို အမှန်ပင်စိုးရိမ်နေပုံရလေသည်။ အင်အားစုတစ်ခုချင်းစီ၏ပြုမူပုံနောက်မှ အကြံအစဉ်ကိုမူ သူတို့ကိုယ်တိုင်သာ သိနိုင်ပေလိမ့်မည်။

ယခုတွင် ထိုပြဿနာသည် မင်းသမီးဒွန်ဟောင်၏လက်ထဲတွင်သာ ရှိတော့သည်။ သူမသည် သူမရှေ့ရှိ ဖြစ်ပျက်နေသော အခြေအနေကို မြင်၏။ သူမသည် ရွှန်းစိုလှပနေသော မျက်လုံးများဖြင့် ကောင်းကင်ထက်ရှိ ရီဖူရှင်းကိုကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။

“ရီဖူရှင်းက အင်ပါယာနန်းတော်ရဲ့ စည်းမျဉ်းကိုချိုးဖောက်ခဲ့တာပဲ... ပြီးတော့ ဒီရိုင်းပျမှုက စစ်ပွဲကြေညာဖို့တောင် လုံလောက်တယ်။ ဒါက ဘယ်လိုမှ ခွင့်လွှတ်ပေးလို့မရတဲ့ ‌စော်ကားမှုပဲ”

“မင်းသမီးဒွန်ဟောင်က အတွေးလွန်နေတာပါ။ ဒီလိုအခြေအနေမျိုးမှာ တစ်ဖက်ကလည်း ပြန်ခုခံတာက ပုံမှန်ပဲမဟုတ်ဘူးလားခင်ဗျာ”

မှော်နက်နန်းတော်မှ ထိပ်သီးကျင့်ကြံသူများက ပုံမှန်အတိုင်းပြောလိုက်၏။ သူတို့သည် ရီဖူရှင်း၏ဘက်သို့ လိုက်မည့်ပုံပေါ်လေသည်။

သူတို့၏ ကိုယ်နေဟန်ထားများကိုကြည့်လျှင် သူတို့သည် လိုအပ်လာလျှင် ကောင်းကင်ဒေသမှလူများ မလှုပ်ရှားနိုင်အောင် တားဆီးရန် အင်အားသုံးတော့မည့်ပုံပေါ်လေသည်။

ဖုန်းရူသည် လေထဲသို့ ပျံတက်သွား၏။ မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့မှ ကျင့်ကြံသူများသည်လည်း ထိုနေရာတစ်ဝိုက်တွင်ရပ်ကာ အချိန်မရွေးတိုက်ပွဲစတင်နိုင်ရန် အသင့်ပြင်ထားကြသည်။

“ရှင်တို့က ကောင်းကင်ဒေသရဲ့ကိစ္စတွေမှာ ဆက်ပြီးဝင်ရှုပ်နေမယ်ဆိုရင်တော့ ကျွန်မရဲ့ခမည်းတော်ကိုပဲ စီရင်ချက်ချဖို့ တောင်းဆိုရတော့မှာပဲ”

မင်းသမီးဒွန်ဟောင်သည် အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ သူမ၏စကားကို ကြားလိုက်သူတိုင်းသည် အတန်ငယ်မျက်မှောင်ကြုတ်သွားကြသည်။

‘စီရင်ချက်ချပေးဖို့ အရှင်ဒွန်ဟောင်ကို တောင်းဆိုမယ်ဟုတ်လား’

မင်းသမီးဒွန်ဟောင်အထက်တွင် ကောင်းကင်အလင်းများ တလက်လက်တောက်ပလာပြီး သူမထံမှ ကြောက်မက်ဖွယ် ကောင်းကင်စွမ်းအားတစ်ခု ထွက်လာလေသည်။ ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်ပေါ်မှ ဖိတ်စင်ကျလာသည်ဟုထင်ရသည့် ကောင်းကင်အလင်းသည် အခြားလောကမှအလင်းတန်းတစ်ခုအလား ကြယ်တာရာကောင်းကင်ကို ထွင်းဖောက်သွားလေသည်။ ထိုကောင်းကင်အလင်းက ထိုအကန့်အသတ်မဲ့သောနယ်မြေကို လွှမ်းခြုံသွားသောအခါ မင်းသမီးဒွန်ဟောင်ထံမှနေ၍ အလွန်အမင်းစွမ်းအားကြီးသော အင်ပါယာ၏စွမ်းအား ထွက်ပေါ်လာ၏။

ထိုနေရာတွင် ဝေဝေဝါးဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် အရှင်ဒွန်ဟောင်ကိုယ်တိုင်မဟုတ်ဘဲ ပုံရိပ်မျှသာဖြစ်လေသည်။

ထိုအခိုက်တွင် ဘက်အားလုံးမှ ကျင့်ကြံသူများသည် မည်သူမဆို ဦးညွှတ်၍ ပြောလိုက်ကြသည်။

“အရှင်ဒွန်ဟောင်ကို နှုတ်ခွန်းဆက်သပါတယ်”

“မဟာအင်ပါယာကို နှုတ်ခွန်းဆက်သပါတယ်” အခြားသူများက ထိုသို့ပြောကြ၏။

မှော်နက်လောက၊ နတ္တိအင်ပါယာဘုံနှင့် နတ်ဆိုးလောကမှ ကျင့်ကြံသူအများစုသည်ပင် သူတို့၏လေးစားမှုကိုပြသရန် မဟာအင်ပါယာကို အရိုအသေပေးလိုက်ကြ၏။ သူတို့သည် ဆန့်ကျင်သောဘက်မှဖြစ်သော်လည်း မဟာအင်ပါယာသည် လွန်စွာစွမ်းအားကြီးသောသူတစ်ဦးဖြစ်ပြီး သူတို့သည် အရှင်ဒွန်ဟောင်ကို မည်သည့်နည်းနှင့်မှ မယှဉ်နိုင်ချေ။ သူတို့သည် ရန်လိုနေလျှင်ပင် ထိုကဲ့သို့သော စွမ်းအားကြီးသောသူတစ်ဦး၏ရှေ့တွင် လေးစားမှုအချို့ကိုတော့ ပြသရမည်ဖြစ်သည်။

အရှင်ဒွန်ဟောင်၏ပုံရိပ်သည် မည်သည့်စကားမှမဆိုဘဲ ကြယ်တာရာကောင်းကင်ထက်ရှိ ရီဖူရှင်းကို ကြည့်လိုက်သည်။

ရီဖူရှင်းသည် ထိုပုံရိပ်ကို မြင်လိုက်သောအခါ ရင်တုန်သွား၏။ သူသည် တစ်ခါက အရှင်ဒွန်ဟောင်၏ ပုံရိပ်ကို ကောင်းကင်တောင်ကုန်းပေါ်တွင် မြင်ခဲ့ဖူးလေသည်။ ဤအကြိမ်တွင် သူသည် အရှင်ဒွန်ဟောင်၏ပုံရိပ်ကို ပို၍နီးနီးကပ်ကပ်မြင်ရပြီဖြစ်သည်။ မဟာအင်ပါယာသည် သူ့အတွက်နှင့် မူလဘုံသို့ ကိုယ်တွင်ကြွရောက်လာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

ဖုန်းရူသည် ဘေးသို့ရှဲလိုက်ပြီး ဦးညွှတ်လိုက်ကာ ထိုကိစ္စကို အရှင်ဒွန်ဟောင်ဆုံးဖြတ်ရန် ချန်ထားလိုက်လေတော့သည်။

အရှင်ဒွန်ဟောင်သည် ရီဖူရှင်းကို စိုက်ကြည့်နေရာ ရီဖူရှင်းသည် ရှင်းပြ၍မရနိုင်သော တင်းကြပ်မှုတစ်ခုကို ခံစားလိုက်ရလေသည်။ အရှင်ဒွန်ဟောင်၏ မျက်လုံးများသည် လွန်စွာနက်ရှိုင်းလေရာ သူသည် ၎င်းတို့ထဲတွင် မည်သည့်ခံစားချက်ကိုမှ မတွေ့မြင်နိုင်ပေ။

“မင်းက ဒီနေ့အထိ အရှင်စီဝေ့ရဲ့ဝိညာဉ်စွမ်းအားကို ဆက်ခံထားနိုင်ခဲ့တာ တော်တော်လေးအထင်ကြီးစရာကောင်းပါတယ်”

အရှင်ဒွန်ဟောင်ပြောလိုက်၏။

“သူရဲ့ ဆက်ခံသူဖြစ်နေတဲ့ကိစ္စက အောင်ပွဲခံဖို့ထိုက်တန်တဲ့ ကိစ္စတစ်ခုပဲ”

အရှင်ဒွန်ဟောင်၏စကားကိုကြားလိုက်သူတိုင်းသည် အံ့အားသင့်သွားလေသည်။ မဟာအင်ပါယာသည် ရီဖူရှင်း မည်သူမည်ဝါဖြစ်ကြောင်းကို ပြောလိုက်ပေပြီ။ သူသည် အမှန်ပင် အင်ပါယာရီချင်၏ ဆက်ခံသူဖြစ်လေသည်။

အံ့ဩဖွယ်မရှိတော့ချေ...

ရီဖူရှင်းသည် အရာအားလုံးကို သိပ်၍နားမလည်ပေ။ သူသည် အင်ပါယာရီချင်၏ အမွေခံတစ်ပိုင်းဟု ဆိုနိုင်သော်လည်း ဆက်ခံသူဖြစ်ရန် အဝေးကြီးလိုပေသေးသည်။ သူတို့သည် တစ်ကြိမ်မျှသာ တွေ့ခဲ့ဖူးလေသည်။ သို့သော် အင်ပါယာရီချင်သည် သူ၏ ဘဝအမှန်ကိုသိလေသည်။ သို့သော် အရှင်ဒွန်ဟောင်သည် သူ၏ဘဝအမှန်ကို အမှန်ပင်မသိလေသလော။ အရှင်ဒွန်ဟောင်သည် သူ့ကို အင်ပါယာယူချင်၏ဆက်ခံသူဟုပင် အထင်မှားနေပေသေးသည်။

“မဟာအင်ပါယာခင်ဗျား... အတိတ်ကအဖြစ်အပျက်တွေပြီးသွားခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ မဟာအင်ပါယာက အဲ့ကိစ္စတွေကို အတိတ်မှာချန်ခဲ့ပြီလို့ ထင်ပါတယ်”

လူသားဘုံမှ ထိပ်သီးကျင့်ကြံသူသည် ဦးညွှတ်၍ လျှောက်တင်လိုက်သည်။ အရှင်ဒွန်ဟောင်သည် လျှောက်တင်လိုက်သူကို ကြည့်လိုက်သော်လည်း မည်သည့်စကားမှမဆိုလိုက်ချေ။ သူသည် ရီဖူရှင်းကို ဆက်၍ငေးကြည့်နေသည်။

ထိုအခိုက်တွင် ကောင်းကင်ထက်မှနေ၍ နောက်ထပ် အံ့အားသင့်ဖွယ်အရှိန်အဝါတစ်ခု ဆင်းသက်လာရာ ထိုနေရာရှိလူများအားလုံးသည် ထိတ်လန့်သွားလေသည်။

‘စွမ်းအားကြီးတဲ့အရှိန်အဝါ နောက်တစ်ခုပါလား... ဘယ်သူများလဲ’

“ဒွန်ဟောင်”

ကောင်းကင်ထက်မှ အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသဖြင့် အောက်ရှိလူအုပ်သည် အသံလာရာဘက်ကို ကြည့်လိုက်ကြသည်။ မိုးကောင်းကင်ထက်တွင် နေရာ-အချိန် လမ်းကြောင်းတစ်ခု ပွင့်လာပုံပင်။ ထိုလမ်းကြောင်း၏အဆုံးတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။  ထိုပုံရိပ်သည် ရိုးရှင်းသော ခြံဝန်းလေးတစ်ခုဖြစ်ပြီး ထိုခြံဝန်းအလယ်တွင် လူတစ်ယောက် တိတ်တဆိတ်ထိုင်နေပေသည်။ ထိုလူသည် သူတို့ရှိရာဘက်သို့ ကြည့်နေ၏။ သူတို့အကြားတွင် အဆုံးမဲ့သောအကွာအဝေး ခြားနားထားလေသည်။

“ဒါက...”

လူအများအပြားသည် စကားမပြောနိုင်လောက်သည်အထိ တုန်လှုပ်သွားကြသည်။ ထိုလူသည် သူတို့နှင့် မည်မျှဝေးကွာသနည်း။

“ဆရာ... မတွေ့တာ တော်တော်ကြာခဲ့ပြီပဲ”

အရှင်ဒွန်ဟောင်သည် ခြံဝန်းအတွင်းရှိ ထိုလူကိုမော့ကြည့်၍ စကားလှမ်းပြောလိုက်သည်။

အံ့အားသင့်ဖွယ်ပင်။ ထိုလူသည် လေးမျက်နှာကျေးရွာဆရာသခင်ဖြစ်နေလေသည်။

“ဟုတ်တယ် နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ”

ဆရာသခင်က ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက မင်း ရွာကိုပထမဆုံးရောက်လာတဲ့အချိန်ကို ငါမှတ်မိသေးတယ်။ နှစ်ပေါင်းများစွာကြာတော့ ရီဖူရှင်းလည်းရောက်လာခဲ့တယ်... မင်းတို့နှစ်ယောက်ကြားမှာ တူညီမှုတချို့ရှိတယ်လို့ ငါခံစားခဲ့ရတယ်။ တိတိကျကျပြောရမယ်ဆိုရင် မင်းက နှစ်ယောက်မရှိနိုင်တဲ့သူပါ”

“ဆရာက သူ့ကို အဲ့လောက်အထင်ကြီးလိမ့်မယ်လို့ ကျွန်တော်မသိခဲ့ဘူး”

အရှင်ဒွန်ဟောင် ပြောလိုက်သည်။

“သူ အရွေးခံလိုက်ရတာ အံ့ဩစရာမရှိတော့ပါဘူး”

“ဒီလူငယ်လေးက တကယ်မဆိုးဘူး။ အနာဂတ်မှာ သူက မင်းရဲ့ခြေရာအတိုင်း လိုက်နိုင်လိုက်တယ်”

ဆရာသခင် ဆက်ပြောလိုက်သည်။

သို့သော် အရှင်ဒွန်ဟောင်သည် ထိုစကားကိုကြားသောအခါ ပြုံ၍ပြန်ပြောလိုက်သည်။

“ဆရာက ဒီလိုမြင်တယ်ဆိုတော့လည်း အခု ကျွန်တော်လည်း ဒီလူငယ်လေး အနာဂတ်မှာ ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာကို မြင်ချင်သွားပါပြီ”

“ကောင်းပြီ... အဲ့လိုဆိုရင် ငါဆက်ပြောမနေတော့ပါဘူး။ မင်းအားတဲ့အခါ ရွာကို လာလည်ပါ”

“ဟုတ်ကဲ့ပါ”

အရှင်ဒွန်ဟောင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကောင်းကင်အလင်းများ ပြန်ဆုတ်ခွာသွားပြီး ဆရာသခင်သည် လမ်းကြောင်းကြီးနှင့်အတူ ပျောက်ကွယ်သွား၏။ ခြံဝန်းပုံရိပ်သည်လည်း ပျောက်ကွယ်သွားပေပြီ။ အရာအားလုံးသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီဖြစ်သည်။ အရာအားလုံးသည် အမှန်တကယ်ဖြစ်ပျက်မသွားသည့် ပုံရိပ်ယောင်တစ်ခုဟုပင် ထင်ရပေသည်။

သို့သော် အရာအားလုံးသည် အမှန်တကယ်ဖြစ်ပျက်သွားခြင်းပင်။

မဟာအင်ပါယာနှစ်ဦးကြားမှ စကားများသည် အမှန်ပေလော။

အစမှအဆုံးအထိ ဆရာသခင်သည် အရှင်ဒွန်ဟောင်ကို ရီဖူရှင်းကို ချမ်းသာပေးရန် မတောင်းဆိုခဲ့ပေ။ သူတို့ပြောခဲ့သောစကားများသည် မိတ်ဆွေဟောင်းနှစ်ဦး ပုံမှန်စကားစမြည်ပြောနေသည်နှင့် ပို၍ဆင်တူပေသည်။ သို့သော် ထိုအာလာပသလ္လာပစကားများသည် ရီဖူရှင်း၏ကံကြမ္မာကို အဆုံးအဖြတ်ပေးခဲ့ပုံရလေသည်။

အရှင်ဒွန်ဟောင်သည် ရီဖူရှင်းကို အလွတ်ပေးရန် သဘောတူခဲ့ကြောင်း သူတို့မြင်ခဲ့သည်။

ဆရာသခင်သည် ရီဖူရှင်းက အရှင်ဒွန်ဟောင်၏ ခြေရာအတိုင်းလျှောက်နိုင်လိမ့်မည်ဟု ပြောခဲ့၏။

ထို့နောက် အရှင်ဒွန်ဟောင်သည် ထိုအရာသည် သူမြင်လိုသောအရာဖြစ်သည်ဟု ပြန်ပြောခဲ့သည်။

အရှင်ဒွန်ဟောင်သည် ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်ကြောင်း လောကအားလုံးက သိပေသည်။ အင်ပါယာရီချင်သည် သေဆုံးသွားပြီဖြစ်သည်။ အရှင်ဒွန်ဟောင်သည် လူငယ်လေးတစ်ခုကို အရေးစိုက်လိမ့်မည်လော။

ခေတ်တစ်ခေတ်လုံးကို အုပ်စိုးနိုင်ခဲ့သော မဟာအင်ပါယာသည် တန်ခိုးအာဏာကြီးမားသော သူတစ်ယောက်ပင်။ သူသည် သူ့အားခြိမ်းခြောက်နိုင်ချေရှိသည့် လူငယ်လေးတစ်ဦးကို ကြောက်လိမ့်မည်လော။

မကြောက်ပေ။ သူသည် အရှင်ဒွန်ဟောင်ဖြစ်ပေသည်။

“ဒီကကိစ္စတွေကို မင်းဘာသာမင်း ကိုင်တွယ်နိုင်ပါတယ်”

အရှင်ဒွန်ဟောင်သည် ရီဖူရှင်းကို နောက်ဆုံးတစ်ခေါက်ကြည့်၍ နောက်ဆုံးအမိန့်တစ်ခု ပေးလိုက်လေသည်။ ထို့နောက် သူ၏ပုံရိပ်သည် တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။ သူသည် ထိုနေရာတွင် တစ်ခါမှ ပေါ်မလာသကဲ့သို့ပင်။

နောက်ဆုံးအမိန့်သည် မင်းသမီးဒွန်ဟောင်ကို ‌လက်ရှိကိစ္စများကို အဆုံးသတ်ရန် ပြောလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

သူသည် ရီဖူရှင်းကို ကိုယ်တိုင်မစီရင်လိုကြောင်း ထင်ရှားပေသည်။

“ဟူး...”

ထိုအခိုက်တွင် ကောင်းကင်အာဏာစက်ကျောင်းနှင့် အခြားကျင့်ကြံသူများသည် သက်ပြင်းမှုတ်ထုတ်လိုက်ကြသည်။ ယခုတွင် ထိုကိစ္စများ ပြီးဆုံးခဲ့ပြီလော။

သူတို့သည် လောကအားလုံးမှကျင့်ကြံသူများက ရီဖူရှင်းကို ကာကွယ်ရန် ရှေ့ထွက်၍ရပ်လိမ့်မည်ဟု တစ်ခါမှမမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် လေးမျက်နှာရွာဆရာသခင်သည် နေရာ-အချိန်လမ်းကြောင်းကိုဖွင့်၍ ကိုယ်တိုင်ရောက်လာကာ ရီဖူရှင်း အသက်ချမ်းသာရစေရန် အရှင်ဒွန်ဟောင်နှင့် စကားလာပြောလိမ့်မည်ဟုလည်း သူတို့မမျှော်လင့်ထားခဲ့ကြပေ။

All Chapters