ထွက်ပြေးခြင်း ... ။
Vol. 36 Ch. 421
ထောင်ယွင်ချီတစ်ယောက် မျက်နှာကို အပြင်းအထန်ရိုက်နှက်ခံလိုက်ရသကဲ့သို့ ပါးပြင် ပူလောင်လာသည်။
ဤမဟာရှတွင် အကြီးအကဲယွီမှ သဘောကျလေးစားသော လက်နက်သခင် မည်မျှရှိသနည်း။
“ ခဏနေပါဦး တာအိုစု။ ”
ထိုအချိန်တွင် စုရီထွက်ခွာသွားတော့မည်ကို မြင်ပြီးနောက် ယွီဝမ်ရှက လှမ်းတက်လာသည်။ သို့သော် စုရီအနားရှိ အကြီးအကဲယွီမှ မျက်မှောင်ကြုတ်ကာ၊
“ ယွီဝမ်ရှ၊ မင်းငါ့ကို မျက်နှာသာပေးပြီး ဒီမှာရပ်လို့ရမလား။ ”
-ဟု သတိပေးလိုက်သည်။
“ ဆရာယွီ ကျေးဇူးပြုပြီး နားလည်ပေးပါ။ ”
သို့သော် ရိုရှင်းသောအဝတ်အစားကို ၀တ်ဆင်ထားပြီး ပြတ်သားသောအမူအရာနှင့် ယွီဝမ်ရှမှ ငြင်းဆန်လိုက်သည်။
“ မင်းငါ့ကို စိန်ခေါ်ချင်တာလား။ ”
အကြီးအကဲယွီက မကျေမနပ်ဖြင့် တစ်ခုခုပြောရန်ပြင်နေစဉ် စုရီမှဝင်မေးသည်။
“ ဟုတ်တယ် ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး မင်းနဲ့ ငါ့ကောင်းကင်ဓားဂိုဏ်းကြားက ဒေါသကို ရှင်းပစ်မယ်လို့ ငါကတိပေးပါတယ်။ ”
ယွီဝမ်ရှစကားကြောင့် စုရီမှ ထောင်ယွင်ချီနှင့်အဖွဲ့ထံ လှည့်ကြည့်ကာ၊
“ မင်းသူတို့ကို ကူညီဖို့ ဒီမှာရှိနေတာလား။ ”
“ မဟုတ်ဘူး ... ငါက ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်ကြီးပဲ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ရှိနေတာပါ။ ”
“ မင်းရဲ့သတ္တိက ချီးကျူးစရာ၊ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် မင်းရဲ့လက်ရှိအဆင့်နဲ့ ငါ့ပြိုင်ဘက် မဖြစ်သေးဘူး။ ”
ထိုစကားကို ပြောပြီးနောက် စုရီက ချက်ချင်းလှည့်ထွက်၏။ ယွီဝမ်ရှတစ်ယောက် မျက်နှာမည်းမှောင်လျက်၊
“ မင်းကြောက်နေတာလား။ ”
-ဟု မေးမြန်းလိုက်သည်။
လူတိုင်းက စုရီအဖြေကို စိတ်ဝင်စားလာတော့သည်။ ယွီဝမ်ရှဟူသည် ကောင်းကင်ဓားဂိုဏ်း၏ မျိုးဆက်သစ် ဓားသမားဖြစ်ပြီး ကျော်ကြားသော ပါရမီရှင်တစ်ဦးဖြစ်၏။
တစ်ဖက်တွင် စုရီမှ စိတ်မရှည်ဖြစ်လာပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ယွီရှစ်ချန်ထံ အကြည့်ရောက်သွားသောအခါ၊
“ ကောင်းပြီ ဒီညတိမ်လွှာရေကန်မှာ တွေ့မယ်။ ”
-ဟု ပြောကြားလိုက်၏။
“ ကောင်းပြီ၊ မင်းကို ငါစောင့်နေမယ်။ ”
အဆုံးတွင် စုရီက ဆက်မပြောတော့ဘဲ ဦးစွာထွက်ခွာသွားတော့သည်။ ဒုက္ခကို မကြိုက် သော်လည်း ကြောက်သည်ဟု မဆိုချေ။
“ သွားကြစမ်း ... ဒီနေ့ကစပြီး မင်းတို့ရဲ့ ကောင်းကင်ဓားဂိုဏ်းက ဘယ်သူ့အတွက်ကိုမှ ငါ့လက်နက်တွေ မရောင်းတော့ဘူးလို့ ကတိပြုတယ်။ ”
အကြီအကဲယွီက စုရီပုံရိပ်ပျောက်ကွယ် သွားချိန်တွင် ဒေါသတကြီး ကြေငြာလိုက်တော့ သည်။ ယွီဝမ်ရှနှင့် ကောင်းကင်ဓားဂိုဏ်း၏ တပည့်များအားလုံး ထိတ်လန့်သွားကြ၏။
ကျန့်လီက သက်ပြင်းချလျက်၊
“ အစ်ကိုယွီဝမ်၊ ဂိုဏ်းရဲ့ မျက်နှာအတွက် စုရီလိုလူကိုစော်ကားဖို့ တကယ်လိုအပ်သလား စုရီသန့်စင်တဲ့ လက်နက်ကို ဆရာယွီက အရမ်း သဘောကျနေတယ်။ ”
-ဟု ဝင်ရောက်ပြောကြားလိုက်သည်။
“ ငါ့မှာ ကိုယ်ပိုင် စည်းမျဉ်းရှိတယ် ... တစ်နေ့မှာ မင်းအနိုင်ကျင့်ခံရရင် မင်းမှန်သည် ဖြစ်စေ မှားသည်ဖြစ်စေ မင်းကို အနိုင်ကျင့်ခံတဲ့ လူတွေအပေါ် ဒီအတိုင်းပဲ ငါပြန်ပြီး စိန်ခေါ်ရမယ် ညီမကျန့်။ ”
စကားဆုံးသည်နှင့် ယွီဝမ်ရှက လှည့်ထွက်သွားသည်။ ကျန့်လီက အံ့ဩသွားပြီး ခေါင်းရမ်းကာ သက်ပြင်းချလိုက်၏။
ထို့နောက် ကျိုးဖုန်းကျစ်ထံ ပြန်လှည့်ကြည့်လိုက်ရာ ကျိုးဖုန်းကျစ်မှလည်း ခေါင်းရမ်းကာ၊
“ ဒီကိစ္စမှာ မင်းမပါဝင်ပါနဲ့ ... စုရီက လက်နက်သန့်စင်မှုမှာ ဘယ်လောက်ပဲ ထူးချွန် နေပါစေ ... သူ လူသေဖြစ်သွားပြီ။ ”
-ဟု ပြောကြားကာ လှည့်ထွက်သွားသည်။
ကျန့်လီချင်တစ်ယောက် မျက်ခုံးကို ကုပ်ခြစ်လျက် စိတ်ရှုပ်ထွေးစွာ ကျန်ရစ်ခဲ့သည်။ ယွီဝမ်ရှသည် သူ့ရာထူးအရ ဂိုဏ်း၏ပုံရိပ်အပေါ် ထည့်သွင်းစဉ်းစားခြင်းမှာ မမှားချေ။
တဖန်ဦးလေးကျိုးသည် သူနှင့်စုရီကြား ရန်ငြိုးများရှိနေသောကြောင့် လက်စားချေရန် ကြိုးစားခြင်းသည် သာမန်ဖြစ်၏။ ရပ်တန့်ရန် အကြောင်းပြချက် ရှာမတွေ့ချေ။
“ မေ့လိုက်ပါ ငါဒီကိစ္စကို စိတ်မ၀င်စားတော့ဘူး။ ”
ဤအတွေးဖြင့် ချူဟမ်ခုန်ထံ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး၊
“ ဂျူနီယာချူ ... စုရီကို မင်းတစ်ခုခု ပြောခဲ့သလား။ ”
-ဟု မေးမြန်းလိုက်၏။
ချူဟမ်ခုန်က ထိတ်လန့်လျက် ခေါင်းငုံ့ကာ၊
“ အကြီးအကဲကျိုးဖုန်းကျစ်ရဲ့ ရည်ရွယ်ချက်အမှန်ကို ငါပြောပြမိခဲ့ပါတယ် စီနီယာအစ်မကျန့်။ ”
-ဟု ပြန်ဖြေလာသည်။ ကျန့်လီက ခဏမျှ နှုတ်ဆိတ်သွားပြီး အဆုံးတွင် မည်သည့်စကားမျှ ဆက်ပြောတော့ဘဲ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့သည်။
ညဉ့်နက်ချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မီးအလင်းများမှိန်ဖျော့လျက် အအေးဓာတ် လွှမ်းခြုံလာသည်။
“ ဘုန်း ... ဘုန်း ... ။ ”
ရေကန်ဘေးရှိ သစ်ပင်အကိုင်းအခက်နှင့် မဏ္ဍပ်ခေါင်မိုးရိုက်ခတ်ကာ ကျယ်လောင်သော မြ်ညသံများ ထွက်ပေါ်နေ၏။
ယွီဝမ်ရှနှင့် အကြီးအကဲကျိုးတို့သည် ထိုနေရာတွင် အကြာကြီးစောင့်ဆိုင်းနေခဲ့ရ၏။ ညသည် မှောင်ပြီး မိုးများရွာသွန်းကာ လေပြင်း တိုက်ခတ်နေသည်။ ရေကန်ပတ်ပတ်လည်တွင် မြူမှုန်များ ဖုံးလွှမ်းကာ ဝေဝါးနေ၏။
“ တာအိုစု၊ ဒီတိုက်ပွဲရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် မင်းဒီညချိန်းထားတဲ့နေရာကို လာရဲတဲ့ သတ္တိရှိလို့ ... ငါယွီဝမ်ရှ မင်းကို ဘယ်တော့မှ အရှက်ရစေမှာ မဟုတ်ဘူး။ ”
အဝေးမှ လျှောက်လှမ်းလာသော စုရီနှင့် ယွီရှစ်ချိန်ကို ကြည့်ကာ ယွီဝမ်ရှက ပြောကြား လိုက်သည်။ စကားဆုံးသည်နှင့် မိုးရေထဲ လျှောက်လှမ်းသွား၏။
“ ကောင်းပြီ ... ဒီညရန်ငြိုးကို အရင်ဖြေရှင်းမယ် ... ပြီးမှ မင်းရဲ့ဓားကိုဆွဲဖို့ သတ္တိရှိသေးရင် ငါမင်းနဲ့တိုက်မယ်။ ”
စုရီက ဆီစိမ်စက္ကူထီးကို ဆောင်းလျက် တုန့်ပြန်ပြောကြားလိုက်သည်။ ယွီဝမ်ရှခမျာ မျက်မှောင်ကြုတ်သွား၏။ ထိုအချိန်တွင် စုရီသည် ကျိုးဖုန်းကျစ်နှင့် ကျိုးကျစ်ချင်ထံ ကြည့်လိုက်ပြီး၊
“ မင်းတို့နှစ်ယောက် ဘာကို ရပ်စောင့်နေတာလဲ ငါ့စုရီကိုသတ်ချင်ရင် အခု အခွင့်အရေးပေးမယ် လာပြီးတိုက်ပါ။ ”
-ဟု ဖိတ်ခေါ်လိုက်သည်။
“ ဝေါ ... ။ ”
ထိုအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းလာပြီး အအေးဓာတ်က စိမ့်တက်လာ တော့သည်။
ကျန့်လီက မျက်ခုံးပင့်လိုက်၏။ စုရီ၏ လုပ်ရပ်သည် အနည်းငယ်မျှ တိုက်ရိုက်ဆန်ကာ ရဲရင့်လွန်းချေပြီ။ ကျိုးဖုန်းကျစ်သည်ပင် အံ့အားသင့်သွားတော့၏။
“ ဟမ့် ... ငါမင်းကိုသတ်ချင်နေတာ သိတာတောင် မင်းလာဖို့ သတ္တိရှိနေတုန်းပဲ ဒါဆို မင်းမှာဝှက်ဖဲတွေ လုံလုံလောက်လောက် ပြင်ဆင်ပြီးပြီလား။ ”
“ ဟား ဟား ဟား ... မင်းလိုလူကိုသတ်ဖို့ ဝှက်ဖဲတွေမလိုပါဘူး။ ”
စုရီလေသံက ပေါ့ပေါ့ပါးပါးဖြစ်ပြီး ဖုံးကွယ်မထားသော အထင်အမြင်သေးမှုများ ပေါ်လွင်နေခဲ့သည်။
“ မောက်မာလိုက်တာ မဟာကျိုးမှာ ဘယ်သူမှ မင်းကိုမကိုင်တွယ်နိုင်တာ မှန်ပေမယ့် ဒီနေရာကမဟာရှပဲ ... ဒီည မင်းအသက် မရှင်နိုင်တော့မှာ စိုးရိမ်မိတယ်။ ”
“ စကားမများနဲ့ မင်းကိုဓားသုံးချက်နဲ့ ငါသတ်မယ်။ ”
လူတိုင်းက ဆီစိမ်စက္ကူထီးနှင့် စုရီထံလှမ်းကြည့်တော့သည်။ ဓားသုံးချက်ဖြင့် ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူကို သတ်မည်လော။ ဟာသပေပင်။
“ ပထမဓား ... ။ ”
မုန်တိုင်းကို ဖြတ်သန်းလာသော ပျံလွှားငှက်တစ်ကောင်ကဲ့သို့ ဓားအလင်းများ တဖျပ်ဖျပ်ခတ်သွားသည်။
ကျိုးဖုန်းကျစ်က ဓားကိုမြင်ချိန်၌ လေးနက်သွား၏။ ဤဓားသည် မိုးသည်းထန်စွာ ရွာသွန်းနေသောညတွင် ဆောင်းဦးလေကဲ့သို့ အေးစိမ့်စိမ့် ခံစားရစေသည်။
သူသည် ကမ္ဘာကြီးကို မမြင်ဖူးသော လူငယ်တစ်ယောက် မဟုတ်ချေ။ ကောင်းကင် ဓားဂိုဏ်း၏ အတွင်းအကြီးအကဲတစ်ဦးအဖြစ် ဤနှစ်များတစ်လျှောက် မရေမတွက်နိုင်သော ပါရမီရှင်များကို မြင်ထားဖူးသည်။
“ ဟိတ် ... ။ ”
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ခရမ်းရောင်ဓားတစ်လက် နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ပေါ် ပျံတက်သွားသည်။
“ ခရမ်းရောင်မိုးကြိုးဝိညာဉ်ဓား။ ”
ဤသည်မှာ လွန်ခဲ့သော ဆယ်နှစ်က ဝိညာဉ်တာအိုနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့စဉ် ကောင်းကင်ဓားဂိုဏ်းချုပ်မှ ချီးမြှင့်ခဲ့သော လက်ဆောင်ဖြစ်သည်။
ခရမ်းရောင်မိုးကြိုးသံဖြင့် ပြုလုပ်ထားပြီး ဝိညာဉ်ရေးပစ္စည်း အမျိုးပေါင်းတစ်ရာကျော်ကို ပေါင်းစပ်ထား၏။
“ ခရမ်းရောင် လျှပ်စီးနဂါး ... ။ ”
သည်ဆယ်နှစ်အတွင်း သူ့နှလုံးသားနှင့် လိုက်လျောညီထွေဖြစ်အောင် သန့်စင်ခဲ့ကာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို အသုံးပြုလာနိုင်ပြီဖြစ်သည်။
“ ရွှပ် ... ရွှပ် ... ။ ”
အတွေးတစ်ချက်တည်းဖြင့် ဓားချက်ပေါင်းတစ်ရာကျော် ထုတ်လွှတ်လိုက် တော့၏။
ထိုအချိန်တွင် အဝေးမှ ရပ်ကြည့်နေသော လူအုပ်ကြီးသည် ဓားစွမ်းအားကြောင့် ခန္ဓာကိုယ် တောင့်တင်းလျက် အသက်ရှူကျပ်သွား၏။
“ ဝုန်း ... ။ ”
သို့သော် စုရီ၏ ဓားအလင်းအောက်တွင် ထိုခရမ်းရောင်နဂါးသည် မီးရှူးမီးပန်းကြီးကဲ့သို့ ချက်ချင်း ပေါက်ကွဲသွားသည်။
“ ဟမ့် ... ။ ”
ဓားအလင်းသည် ခရမ်းလျှပ်စီးနဂါးကို ပိုင်းဖြတ်ပြီး ဆက်၍တိုးဝင်နေသဖြင့် မျက်နှာ သိသိသာသာ ပြောင်းလဲလျက် ကျိုးဖုန်းကျစ်မှ တံဆိပ်များ ချက်ချင်း ဖန်တီးတော့၏။
မိုးခြိမ်းကြိုးစွမ်းအင်များ ပါရှိသည့် တောင်ကြီးတစ်လုံး မြေပြင်မှထိုးတက်လာပြီး ဓားအလင်းအပေါ် ပိတ်ဆို့ပေးလာ၏။
“ ဘောင်း ... ဘောင်း ... ။ ”
သို့သော် တခဏလေးအတွင်းမှာပင် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ နတ်တောင်ကြီး ထက်ခြမ်းကွဲသွားသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ပြင်းထန်သော အရှိန်ကြောင့် ကျိုးဖုန်းကျစ်ခမျာ လေထဲဆယ်ပေခန့်ဆုတ်ပြီး တည်ငြိမ်အောင် ပြင်ယူလိုက်ရ၏။
အကျိုးဆက်အနေဖြင့် ဆံပင်များ ပွထကုန်ကာ နှုတ်ခမ်းထောင့်၌ သွေးစီးကြောင်း တစ်ခုထွက်ပေါ်လာသည်။
ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်အနှံ့ တိတ်ကျသွားတော့၏။ ဓားအလင်းတစ်ချက်ဖြင့် ဝိညာဉ်ထင်ရှားခြင်းအဆင့်မှ တစ်စုံတစ်ဦးကို ဒဏ်ရာရရှိသွားစေခဲ့ချေပြီ။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”
ကျန့်လီတစ်ယောက် မျက်ဝန်းများ မှေးစင်းသွား၏။ ယွီရှစ်ချန်သာလျှင် ငြိမ်သက် နေခဲ့သည်။
ဤရေကန်ပေါ်တွင် ယမန်နေ့ညက တိမ်လွှာကောင်းကင်နန်းတော်၏ အကြီးအကဲ ဟွာတျန်ကို သတ်သူသည် စုရီဖြစ်ကြောင်း သူမ တစ်ဦးတည်းသော သိထားသူဖြစ်၏။ ထို့ကြောင့် ရလာဒ်အပေါ် မျှော်လင့်ထားပြီးဖြစ်သည်။
“ ဒုတိယဓား ... ။ ”
ထိုစဉ် စုရီက လက်တစ်ဖက်တွင် ထီးကိုင်ထားဆဲဖြင့် ကျန်လက်တစ်ဖက်ကို ဓားအသွင် လေထဲသို့ လှမ်းထိုးလာ၏။
ထက်ရှသော ဓားစွမ်းအင်သည် ကောင်းကင်ပေါ်တက်သွားပြီး ပထမဓားထက် သာလွန်သော တောက်ပမှုမျိုးပေးစွမ်းလာ၏။
နဂါးငွေ့တန်းကြီး ကောင်းကင်ကိုခွဲကာ ကျဆင်းနေသကဲ့သို့ တောက်ပပြီး ကျက်သရေရှိ ချေပြီ။
ကျိုးဖုန်းကျစ်က ထိုမြင်ကွင်းထံ မော့ကြည့်ကာ မဆိုင်းမတွဘဲ ဝှက်ဖဲအသုံးပြု လိုက်ရသည်။
“ ခရမ်းရောင် မိုးကြိုးနဂါး ... ။ ”
“ ဝှစ် ... ။ ”
မျက်စိတမှိတ်အတွင်း ခရမ်းရောင် မိုးကြိုးဓားရိပ်များ ထောင်ဂဏန်းခန်း ထွက်ပေါ် လာတော့၏။
ရေကန်ကြီးအထက် လေဟာနယ်ထဲတွင် တောက်ပသော ခရမ်းရောင်မိုးကြိုးတိမ်များနှင့် ပြည့်နှက်လာခဲ့သည်။
ထိုမြင်ကွင်းကြောင့် ကျန့်လီနှင့် အခြားသူများမှာ ဦးရေပြားများ ထုံကျင်လာပြီး ဆံပင်များ ထောင်မတ်သွားကုန်၏။
“ ဒါ ... ။ ”
သို့သော် ခရမ်းရောင်မိုးကြိုးတိမ်များသည် နဂါးငွေ့တန်းကြီး ချဉ်းကပ်လာချိန်၌ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ဤဖြစ်စဉ်သည် စာရွက်ပေါ်မှ ဖုန်များကို သုတ်ယူသွားသည့်အလား လွယ်ကူလွန်းချေ၏။ ကျိုးဖုန်းကျစ်မျက်နှာ ဖြူဖျော့သွားကာ ကြောက်လန့်တကြား ဖြစ်လာသည်။
“ ဘယ်လို ဓားရေးမျိုးလဲ။ ”
ဤဓားသည် အလွန်ကြီးစိုးလှကာ ဖျက်ဆီး၍မရသော စွမ်းအားပါရှိ၏။ ချက်ချင်း ရှောင်တိမ်းလိုက်သည်။ ရင်ဆိုင်ဝံ့ခြင်း မရှိချေ။
“ ဘောင်း ဘောင်း ... ။ ”
သို့တိုင်ဘက်ပေါင်းစုံမှ ကြယ်တာရာများ လင်းလာပြီး ကြယ်မြစ်ကြီးအတွင်းသို့ နစ်မြုပ် သွားတော့သည်။
ခဏချင်းမှာပင် အသေးစားပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်အနှံ ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားကာ အသားစများ ပဲ့ကြွေကုန်၏။
“ ဝှစ် ... ။ ”
“ စုရီ ... ငါတို့ မပြီးသေးဘူး။ ”
သွေးများရေတံခွန်ကဲ့သို့ ပန်းထွက်လာစဉ် ခန္ဓာကိုယ်ကိုစွန့်ကာ ကျိုးဖုန်းကျစ်တစ်ယောက် ဝိညာဉ်အဖြစ် ချက်ချင်းထွက်ပြေးလေသည်။
“ ကောင်းကင်ဓားဂိုဏ်းရဲ့ အတွင်းအကြီးအကဲက ငါ့ဓားချက် နှစ်ချက်ကို မခံနိုင်ဘူးလား ငါပိုတွက်လိုက်မိပုံရတယ်။ ”
စုရီက လှောင်ပြုံးဖြင့် မှတ်ချက်ပေး လိုက်တော့သည်။ လူတိုင်း ခြောက်ခြားလျက် အသံ မထွက်ဝံ့တော့ချေ။ ကျိုးဖုန်းကျစ်က အံကြိတ်လျက် ဆက်၍ပြေးတော့၏။
***