သွေးဝိညာဉ်နှင့် ဝင်္ကပါစွမ်းအား ... ။
Vol. 36 Ch. 424
“ ဝူး ... ။ ”
ဆေးအိုးကိုးပါး ဖိနှိမ်ခြင်းဝင်္ကပါသည် ကျယ်လောင်စွာ မြည်သံပြုလျက် မီးခိုးရောင် မြူများစွာ ထွက်ပေါ်လာစေသည်။
တခဏချင်းမှာပင် မြို့တော်အနှံ့ ဖြန့်ကျဲထာသော ဆေးအိုးကြီးကိုးလုံးမှ ရူရ်များ တောက်ပလာ၏။
ကြည်လင်နေသော ကောင်းကင်သည် ရုတ်တရက် ထာဝရအမှောင်ညထဲကျရောက်နေ သကဲ့သို့ နေမင်းကြီးပျောက်ကွယ်သွားသည်။
ကြောက်မက်ဖွယ် ကောင်းသော တားမြစ်ရူရ်များက မြို့အထက်လေထုအတွင်း စုစည်းလျက် အနက်ရောင် မိုးကြိုးပင်လယ်ကြီး တစ်စင်းအဖြစ်သို့ ပြောင်းလဲလာ၏။
“ ဂျိန်း ... ။ ”
ကောင်းကင်နှင့် မြေကြီးတုန်ခါလာပြီး လူတိုင်းမော့ကြည့်လိုက်ကြသည်။ ဤတားမြစ် အစီရင်၏ သမိုင်းကြောင်းကို မည်သူမဆို ကြားသိထား၏။
ထို့ကြောင့် ယနေ့တွင် မျက်မြင် တွေ့ရှိရတော့မည်ဖြစ်ရာ စိတ်လှုပ်ရှားသည်မှာ သဘာဝပေပင်။
“ ဧကရာဇ်ရှက အရမ်းရဲရင့်တယ်။ ”
ကျန်းဖူတစ်ယောက် တုန်လှုပ်သွားပြီး အေးစက်သောလေကို ရှုရှိုက်လိုက်ရလေသည်။ နတ်ဆိုးဟွမ်မိသားစုကို ယခုကဲ့သို့ တိုက်ရိုက် သတ်ရန် ကြိုးစားလာလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ကူချန်နင်သည်လည်း ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျယ်သွား လေသည်။
စေ့စပ်ညှိနှိုင်းခြင်း သို့မဟုတ် နှုတ်ခွန်း ဆက်သခြင်းမရှိဘဲ ဝင်္ကပါကိုသုံးကာ တိုက်ရိုက် သတ်ခြင်းပေပင်။ ရဲဝင့်လွန်းချေ၏။
တော်ဝင်မိသားစုသည် အရပ်ရပ်မှ ပေါ်ထွက်လာနေသော အင်အားစုများကြားတွင် သူတို့ဂုဏ်သတင်းကို မြှင့်တင်လိုပုံရသည်။
အနက်ရောင် မိုးကြိုးပင်လယ်ကြီး ဖြစ်တည်လာသည်နှင့် လှိုင်းများတဟုန်းဟုန်း ထလာ၏။
ဖျက်ဆီးခြင်းရောင်ဝါသည် ရတနာသင်္ဘောပေါ်ရှိ အမျိုးသမီး၏မျက်နှာကို ပြောင်းသွားစေကာ၊
“ သခင်ငယ် မြန်မြန် ပြန်ဆုတ်ပါ။ ”
-ဟု ထိတ်တကြား အော်ဟစ်စေခဲ့၏။
ခရမ်းရောင်ဆံပင်နှင့် ရွှေရောင်သရဖူ ဆောင်ထားသော လူငယ်မှာမူ မျက်ဝန်းများ၌ ရူးသွပ်သည့်အကြည့်များ ပေါ်လာသည်။
“ ဆုတ်ခွာရမှာလား မဖြစ်နိုင်ဘူး ... သူ့ရဲ့ဝင်္ကပါနဲ့ ငါတို့ကို ဖျက်ဆီးနိုင်မလားဆိုတာ ငါကြည့်ချင်တယ်။ ”
ထိုသို့သော ဆုံးဖြတ်ချက်သည် အရူးတစ်ယောက်နှင့်တူပြီး လုံးဝကြောက်ရွံ့ခြင်း မရှိသော သဘောထားကို ပြသနေ၏။
ဤသည်မှာ နတ်ဆိုးဟွမ်မျိုးနွယ်၏ ပုံစံဖြစ်သည်။ သူတို့ခန္ဓာကိုယ်ထဲတွင် နတ်မိစ္ဆာ သွေးများ စီးဆင်းနေ၏။ သွေးမမြင်ဘဲ နောက်မဆုတ်လိုချေ။
“ ဘုန်း ... ။ ”
ရုတ်တရက် မိုးကြိုးပင်လယ်ထံမှ လှိုင်းလုံးကြီးတက်လာပြီး နတ်ဆိုးတစ်ထောင် ရတနာသင်္ဘောကို ရိုက်ခတ်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားသည် သင်္ဘောအပေါ် စိမ့်ဝင် လာတော့၏။
ထို့ကြောင့် နတ်ဆိုးတစ်ထောင် ရတနာသင်္ဘောတစ်ဝိုက် ခံစစ်အလွှာပေါင်း (၁၈)လွှာတိတိ ချက်ချင်းပေါ်လာသည်။
“ ဘောင်း ဘောင်း ဘောင် ... ။ ”
သို့သော် ထိုအလွှာများအားလုံး ပေါက်ကွဲသွားကာ မိုးရေစက်များကဲ့သို့ တဖွဲဖွဲ ပျံ့နှံ့သွားခဲ့၏။
ပေတစ်ရာရှည်သော သင်္ဘောသည် ကြာပွတ်ဖြင့် အရိုက်ခံရသည့်အလား ပြင်းစွာ တုန်ခါနေတော့သည်။
“ ခရစ် ... ။ ”
ဝိညာဉ်တာအိုအထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားအပြည့်ကို ခုခံနိုင်သော သင်္ဘောကိုယ်ထည်သည် အက်ကွဲကြောင်းတစ်ခု ပေါ်လာ၏။
ရွှေသရဖူဆောင်းထားသော ခရမ်းရောင်ဆံပင် လူငယ်နှင့် အမျိုးသမီးသည် ပြုတ်ကျလုနီးပါး ယိမ်းထိုးလာသည်။
“ သခင်ငယ် ... မင်းဆက်သွားရင် နတ်ဆိုးတစ်ထောင် ရတနာသင်္ဘောကြီး ပျက်စီးသွားရလိမ့်မယ်။ ”
အမျိုးသမီးက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူဆောင်းထားသည့် လူငယ်က မျက်လုံးများ နီရဲလျက်၊
“ ဒေါ်လေးဝမ်၊ မင်းအော်နေမဲ့အစား အမှောင်နတ်ဆို နေပြာထီးထုတ်ပြီး တားဆီးပါ ဝင်္ကပါရဲ့စွမ်းအားအပေါ် မတားနိုင်ဘူးလို့ ငါမယုံဘူး။ ”
-ဟု အမိန့်ပေးလိုက်၏။
“ လူမိုက်ကောင် ... မြို့တော်ကို အခုပဲရောက်တယ် အမှောင်မိစ္ဆာနေပြာထီးကို အခုသုံးရတော့မယ် ... မင်းဘိုးဘေးတွေကို အရှက်ခွဲဖို့ ကြိုးစားနေတာလား ဟမ့် ... ။”
အမျိုးသမီးက အံကြိတ်လျက် အမိန့်ကို လိုက်နာရန်ပြင်နေစဉ် ဒေါသဖြင့်ကြိမ်းမောင်းသံ ထွက်ပေါ်လာသည်။
ဤသည်မှာ ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူဆောင်းလူငယ်၏ သွေးကျောက်စိမ်း ဆွဲသီးထံမှ ဖြစ်၏။
“ သတိထား မင်းရဲ့တန်ဖိုးမရှိတဲ့ အသက်ကို။ ”
အနက်ရောင် မိုးကြိုးပင်လယ်ကြီးမှ လှိုင်းလုံးထပ်မံရောက်ရှိလာသဖြင့် အသံရှင်က အလျင်လိုလာခဲ့သည်။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
ရတနာသင်္ဘောပေါ်မှ သွေးမီးတောက် လက်ဖဝါးကြီးပေါ်လာကာ ထိုမိုးကြိုးလှိုင်းကို ပုတ်ထုတ်လိုက်တော့၏။
ပြင်းထန်သော မိုးကြိုးလှိုင်းသည် သွေးလက်ဖဝါးကြီးအောက်တွင် ချက်ချင်းပင် ပျက်ပြယ်သွားလေသည်။
“ ငါ့ဦးလေး၊ မင်းဟာ အချိန်မရွေး သေသွားနိုင်တဲ့ အကြွင်းအကျန် ဝိညာဉ်လို့ပဲ ငါထင်ထားခဲ့တာ ... အခုတော့ မင်းအရမ်း သန်မာတာငါသိပြီ။ ”
ရတနာသင်္ဘောကြီးပေါ်ရှိ ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူဆောင်း လူငယ်က အံ့အားသင့်စွာပြောသည်။
သွေးမီးတောက် လက်ဖဝါးသည် တစ်ချက်တည်းဖြင့် တားမြစ်စွမ်းအားများကို ဖျက်ဆီးနိုင်နေသည်မှာ လေးစားစရာပေပင်။
သူ့ဘေးရှိ အမျိုးသမီး၏ လှပသော မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အမြွက်များ ပေါ်လာသည်။
ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူ ဆောင်းထားသော လူငယ်၏ ဦးလေးဆိုသူသည် သူ့ထက်ပို၍ မိုက်မဲပြီး ရူးသွပ်ချေပြီ။
“ လူမိုက်ကောင် ... မင်းဘယ်လိုမြှောက်ပင့်ရမယ်ဆိုတာ မသိရင် ပါးစပ်ပိတ်ထားတာ အကောင်းဆုံးပဲ။ ”
အသံရှင်က ဒေါသတကြီး အော်ငေါက်လိုက်သည်။ ထိုစဉ် အနက်ရောင် မိုးကြိုးပင်လယ်သည် ပွက်ပွက်ဆူလာပြီး အရပ်ရပ်သို့ လှိုင်းများ ပျံ့ကျဲလာတော့၏။
“ ဟမ့် ... ကောင်းကင်တောင်ကို အရင်သွားရအောင် သူတို့ရဲ့ခွေးတွေကို ဒီလို ရဲရဲရင့်ရင့် ကိုက်ခွင့်ပေးထားတဲ့ ရှမိသားစုရဲ့ ဘိုးဘေးနဲ့ ငါတွေ့မယ်။ ”
သွေးကျောက်စိမ်းဆွဲသီးထံမှ အသံသည် ပြတ်သားပြီး လွှမ်းမိုးကြီးစိုးသော ရောင်ဝါများ ပါရှိနေ၏။ တားမြစ်ဝင်္ကပါနှင့် အချိန်ဖြုန်းရန် စိတ်ဝင်စားပုံမရချေ။
နတ်ဆိုးတစ်ထောင် ရတနာသင်္ဘောသည် ချက်ချင်းအရှည်ကိုးပေအထိ ကျုံ့ဝင်သွားသည်။ ထို့နောက် သွေးအရိပ်ပေါ်လာပြီး လှေငယ်ကို ပခုံးပေါ်ထမ်းလိုက်ကာ ပြေးလွှားတော့၏။
“ ဝှစ် ... ။ ”
မြေပြင်မှ မော့ကြည့်လိုက်သော် ရတနာသင်္ဘောငယ်ကို ထမ်းကာပြေးနေသော သွေးနတ်ဘုရားတစ်ပါးကို မြင်ရပေမည်။
ကြောက်မက်ဖွယ် နတ်ဆိုးမီးလျှံများ ထိုသွေးအရိပ်တဝိုက်တွင် လောင်ကျွမ်းလာ၏။
“ ဟမ့် ... ။ ”
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
သွေးအရိပ်က ပြေားလွှားနေလျက်ဖြင့် သူ့လမ်းကို လက်သီးနှင့်ထိုးဖွင့်ကာ အလျင်လို နေခဲ့သည်။
တားမြစ်ဝင်္ကပါသည် သူ့အပေါ် မည်သို့မျှ ဟန့်တားနိုင်စွမ်း မရှိတော့သည်ကို မည်သူမဆို မြင်နိုင်ချေပြီ။
“ ဘယ်လောက် ကြောက်စရာ ကောင်းလိုက်လဲ ဒါနတ်ဆိုးဟွမ်မျိုးရိုးရဲ့ဘိုးဘေး ဖြစ်မယ်ထင်တယ်။ ”
“ ဟွမ်မျိုးနွယ်က မျှော်လင့်ထားသလိုပါပဲ ရှေးခေတ်တည်းက ပထမတန်းစား အင်အားစု တစ်ခုဆိုတော့ လေးစားစရာပဲ ... ။ ”
သွေးအရိပ်ကိုကြည့်ကာ လူတိုင်း တုန်လှုပ်နေ၏။ မိုးပြာခြံဝင်းတွင် လူလတ်ပိုင်း အရွယ် အမျိုးသားခမျာ လေးနက်နေသည်။
သူ့ဘေးရှိ ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော စုရီက မျက်မှောင်ကြုတ်လိုက်ပြီး၊
“ ဝင်္ကပါစွမ်းအားက ပျက်စီးနေတာ ကြာပါပြီ၊ ဒါပေမယ့် ဒီဝင်္ကပါမှာပါတဲ့ လျှို့ဝှက် ဆန်းကြယ်မှုကတော့ တုနှိုင်းမရတဲ့ အရာပါ ... ဝမ်လျူက စကားအရမ်းများပြီး လက်တွေ့ မကျဘူး ပျင်းစရာပဲ။
-ဟု မှတ်ချက်ပေး၏။
လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်ခုံးပင့်ကာ၊
“ တာအိုစု ဒီဝင်္ကပါကို အဖိုးကြီးဝမ် သုံးနေတာ တစ်ခုခုမှားနေတယ်လို့ ပြောချင် နေတာလား။ ”
-ဟု စူးစမ်းလိုက်သည်။
“ ဒါက တစ်ခုမကဘူး။ ”
စုရီက ရှင်းပြရန် ပျင်းရိသွားသည်။ ကလေးငယ်တစ်ယောက်မှ ဓားကို မနိုင်မနင်း ကိုင်ဆောင်ကာ လှည့်ပတ်ခုတ် ထွင်နေသည်နှင့်တူ၏။
လူလတ်ပိုင်းအရွယ် အမျိုးသားက အကြောအခြင်များ အနည်းငယ် တောင့်တင်း လာပြီး အပြစ်ရှိသလို ခံစားလိုက်ရသည်။
“ မှန်ပါတယ် ... ဒီဝင်္ကပါကို ငါသာအသုံးပြုမယ်ဆိုရင် အဖိုးကြီးဝမ်ထက် (၄၀%)နီးပါး ပိုမိုပြင်းထန်တဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်ပါလိမ့်မယ် ...
... ဝိညာဉ်တတာအိုနယ်ပယ်အဆင့် ဝိညာဉ်ကို မသတ်နိုင်ရင်တောင်မှ သူတို့ကို မောင်းထုတ်ဖို့ လုံလောက်တယ်။ ”
“ ၄၀% ပဲလား။ ”
စုရီက လူလတ်ပိုင်းအရွယ် အမျိုးသားစကားကြောင့် အံ့အားသင့်သွားကာ အဆုံးတွင် သက်ပြင်းချလျက်၊
“ ဝင်္ကပါတစ်ခုလုံးက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာတောင်မှ လေးဆယ်ရာခိုင်နှုန်းတဲ့လား။ ”
-ဟု ညည်းတွားလိုက်၏။
ထိုစကားကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားက နှာသီးဖျားကို ကုပ်ခြစ်လိုက်ကာ ကူကယ်ရာမဲ့သွားတော့သည်။
“ ဒါဆို တာအိုစုဆိုရင်ရော။ ”
“ မင်းသိချင်လား ... ။ ”
“ သဘာဝပါပဲ။ ”
“ ဒါဆို ကြည့်ထား ... ။ ”
စုရီက ကြိမ်ကုလားထိုင်ပေါ်ကနေ မတ်တပ်ထရပ်ပြီး အပျင်းကြောဆန့်ထုတ်ကာ ရိပ်ခနဲ ပျောက်ကွယ်သွားတော့၏။
လက်ရှိအချိန်၌ ဝင်္ကပါကြောင့် ဖြစ်ပေါ်နေသော အနက်ရောင်မိုးကြိုးပင်လယ်၌ လှိုင်းများ လွင့်ပါးကုန်သည်။
သွေးအရိပ်က နတ်ဆိုးတစ်ထောင် ရတနာသင်္ဘောကို သယ်ဆောင်လျက် တော်ဝင် မိသားစုများနေထိုင်ရာ ကောင်းကင်တောင်ဆီ နီးကပ်သွားပြီဖြစ်၏။
ဆိုလိုသည်မှာ မဟာရှ၏ တော်ဝင်မိသားစုသည် နတ်ဆိုးဟွမ်မျိုးနွယ်ထံ၌ ရှုံးနိ့မ့်ခြင်းကို ကြုံတွေ့လာရပြီ ဖြစ်သည်။
“ ဟားဟား၊ ငါတို့တောင်ပေါ် ရောက်ရင် ဧကရာဇ်ရှကို ဘယ်လိုခံစားရလဲလို့ ကိုယ်တိုင် မေးကြည့်မယ်။ ”
ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူ ဆောင်းထားသော လူငယ်က ကျယ်လောင်စွာ ရယ်မောလျက် မောက်မာမှုအပြည့်နှင့် မြို့တော်ကို ငုံ့ကြည့်တော့၏။
“ လူယုတ်မာကောင် ငါတို့က ဒီအတွက် အများကြီး အားထုတ်ထားခဲ့ရပြီးပြီ သူတို့ကို မေးခွန်းလေးတစ်ခုနဲ့ လွှတ်မပေးသင့်ဘူး ငါကျေနပ်တဲ့ လေးစားမှုမျိုးပြဖို့ လျော်ကြေးတောင်းပါ။ ”
သွေးအရိပ်က အေးစက်စွာ အော်ဟစ်လာခဲ့၏။
“ ဟားဟားဟား ... ဦးလေး မင်းအရမ်း ထက်မြက်တယ်။ ”
ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူဆောင်းလူငယ်မှ ပြုံးပြီး အဆုံးတွင် ရယ်မောလိုက်တော့သည်။
ထိုစဉ် ပေတစ်ထောင်ရှိသော ဆေးအိုးကြီးတစ်လုံး အဝေးအရပ်ထံမှ ရွေ့လျား ထွက်ပေါ်လာသည်။
ကိုယ်ထည်တွင် လျှပ်စီးများလက်ကာ ရူရ်များ အသက်ဝင်နေ၏။ ၎င်းပေါ်လာသည်နှင့် တပြိုင်နက် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ပြည့်နှက်သွားသည်။
လူတိုင်း ခန္ဓာကိုယ်ထဲတွင် အေးမြမှုကို ခံစားလာခဲ့ရပြီး ဖော်မပြနိုင်သော ကြောက်ရွံ့မှု များနှင့် ပြည့်နှက်လာ၏။
ဝမ်လျူက ထိတ်လန့်စွာ လှည့်ကြည့်သည်။ စုရီသည် လေထုအလယ် ရပ်လျက် တံဆိပ်များ ဖန်တီးနေသည်ကို မြင်လိုက်ရ၏။
“ ဝူး ... ။ ”
များမကြာခင် ပေတစ်ထောင်မြင့်သော ဆေးအိုးကြီးက သွေးအရိပ်ထံ ပြေးဝင်သွား သည်ကို မြင်လိုက်ရတော့သည်။
“ သောက်ခွေး ... ဘယ်အမျိုးယုတ်က ဒီလောက် သတ္တိရှိနေရတာလဲ။ ”
သွေးအရိပ်က အန္တရာယ်ရှိသော ခြိမ်းခြောက်မှုကို ခံစားမိသွားကာ ပြန်လှည့်ပြီး လက်သီးဖြင့် ထိုးချလိုက်၏။
“ ဘန်း ... ။ ”
လက်သီးနှင့် ဆေးအိုးကြီး ထိမှန်သွားကာ ပေါက်ကွဲသံများ ညံလျက် စွမ်းအင်လှိုင်းများစွာ အရပ်ရပ်သို့ ပျံ့ကားကုန်ချေပြီ။
ရလာဒ်အနေဖြင့် သွေးအရိပ်ခမျာ မူးဝေသွားပြီး ကောင်းကင်မှ ပြုတ်ကျလုနီးပါး ဟန်ချက်ပျက်လာတော့၏။
***