စာတစ်စောင် ... ။
Vol. 36 Ch. 426
မြစ်ကမ်းဘေးတစ်နေရာတွင် တိုက်ပွဲမှ ထွက်ပြေးလာသော ရွှေသရဖူဆောင်းထားသည့် ခရမ်းရောင်ဆံပင်နှင့် လူငယ်က ဒေါသဖြစ်နေ၏။ အံကြိတ်လျက်၊
“ ရှမိသားစုက ငါတို့ကို ဒီလိုမျိုး ဆက်ဆံဝံ့တာလား မယုံနိုင်ဘူး ဒီနေ့သူတို့ရဲ့ မောက်မာမှုကို ထားလိုက်လို့မရဘူး။ ”
-ဟု ကြိမ်းဝါးလိုက်၏။
အမျိုးသမီးမျက်နှာသည် ဖြူဖျော့သွားပြီး ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိနေခဲ့သည်။ သူမက၊
“ ရှမိသားစုရဲ့ ဝှက်ဖဲက ဆေးအိုးကိုးပါးနှိမ်နင်းခြင်း ဝင်္ကပါဆိုတာ လူတိုင်းသိပါတယ် ...
... ဒါပေမယ့် ဒီဝင်္ကပါက ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့ပြီး အခုလို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးကို ... ဘယ်လိုများ အသုံးချ နေနိုင်သေးတာလဲ။ ”
“ ဒီဝင်္ကပါက ဆိုးဆိုးရွားရွာ ပျက်စီးသွားကြောင်းကို ငါအတည်ပြုနိုင်ခဲ့တယ် နောက်ထပ် အနည်းငယ်သာ ထပ်သုံးပြီးရင် လုံးဝပြိုကျသွားလိမ့်မယ် စိတ်မပူကြနဲ့။ ”
ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူဆောင်း လူငယ်လည်ပင်းရှိ သွေးကျောက်စိမ်းဆွဲသီးထံမှ အဖိုအို အသံထွက်လာ၏။
“ ဝှစ် ... ။ ”
သူ့အသံသည် မုန်းတီးမှု၊ ရက်စက်မှုနှင့် သွေးဆာမှုများပြည့်နေသည်။ ထိုစဉ်အဝေးမှ လေခွင်းသံနှင့်အတူ ပုံရိပ်တစ်ရိပ် ပျံသန်းလာ၏။
ဤသည်မှာ ဝမ်လျူဖြစ်သည်။ သူကရွှေသရဖူဆောင်းထားသော ခရမ်းရောင် ဆံပင်နှင့် လူငယ်ထံ ကြည့်ပြီး၊
“ မဟာရှမင်းဆက် တော်ဝင်မိသားစုရဲ့ သဘောထားကို ပြောပြဖို့ ငါဒီမှာရှိနေတယ်။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားကြားပြီးနောက် အမျိုးသမီးက ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူဆောင်းသော လူငယ်ကို စိုးရိမ်တကြီး လှည့်ကြည့်၏။
သခင်ငယ်သည် ဤရန်စမှုအပေါ် ခံနိုင်ရည်မရှိဘဲ လုံးဝရူးသွပ်သွားမည်ကို သူမ စိုးရိမ်သည်။
သို့သော် ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူဆောင်းထားသော လူငယ်သည် သူ့အဝတ်အစားများကို သပ်ရပ်အောင် ပြင်ယူကာ ရိုသေစွာ ဦးညွှတ်လိုက်၏။
“ ဟွမ်မိသားစုရဲ့ ဟွမ်ရှောက်ယုက ဒီနေ့သင်ခန်းစာကို မှတ်မိနေတယ်လို့ ပြောပြ ပေးပါ။ ”
“ မင်းပြောတဲ့အတိုင်း ငါအတိအကျ ပြန်ပြောပြမယ်။ ”
“ ကျေးဇူးတင်ပါတယ် စီနီယာ ... အခွင့်အရေးရရင် ငါမင်းကို သေချာပေါက် ဧည့်ခံပေးပါ့မယ်။ ”
သို့သော် ဝမ်လျူသည် နှလုံးသားထဲတွင် နားမလည်နိုင်သော အေးစက်မှုကို ခံစားလိုက်ရ လေသည်။ သူက ဟွမ်ရှောက်ယုထံ စိုက်ကြည့်ပြီး၊
“ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ သခင်လေး။ ”
-ဟု ပြောပြီး လှည့်ထွက်လာခဲ့၏။
သူ ပျောက်ကွယ်သွားသည်ကို ငေးကြည့်ပြီးနောက် ဟွမ်ရှောက်ယုက ပြုံးကာ၊
“ ကြည့်စမ်း၊ ရှမိသားစုက ငါတို့ကို ဆိုးဆိုးရွားရွား မစော်ကားဝံ့ဘူး မဟုတ်လား ... မဟုတ်ရင် ဘာလို့တစ်စုံတစ်ယောက်ကို ခုလို စေလွှတ်လိုက်မှာလဲ။ ”
-ဟု ရေရွတ်လိုက်သည်။
“ ရှက်စရာ ကောင်းလိုက်တာ ... မျိုးနွယ်စုအကြီးအကဲတွေက မင်းဘယ်လောက် အသုံးမကျဘူးဆိုတာကိုမြင်ရင် မင်းအပေါ် ထောက်ပံ့ဖို့တောင် စိတ်ဝင်စားမှာမဟုတ်ဘူး။ ”
“ ဟား ဟား ဟား ... ဟွမ်မိသားစုက ကြီးစိုးပြီး သည်းမခံတတ်တာ တစ်ကမ္ဘာလုံးက သိပါတယ် ... ငါတို့ရူးသွပ်သွားတဲ့အခါ ...
.. အရာအားလုံးကို လျစ်လျူရှုလိမ့်မယ် ဒါပေမယ့် ဦးလေး မင်းနားမလည်ဘူး ရူးသွပ်မှု ဆိုတာ ဦးနှောက်မဲ့တာ မဟုတ်ဘူး ...
... ငါရှုံးရင် မသတ်သရွေ့ ဒူးထောက်ပြီး ဘိုးဘေးလို့ ခေါ်ခိုင်းရင်တောင်ခေါ်မယ် ... ဒါဆို ငါအသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့ကို ကရုဏာမရှိ သတ်ပစ်ဖို့အခွင့်အရေးရမယ်။ ”
“ ဟမ့် ... မိုက်မဲတဲ့စကားတွေကို ရပ်လိုက် အခုမင်းဘာဆက်လုပ်ရမလဲ။ ”
သွေးအရိပ်က ဒေါသပြေသွားပြီး အေးစက်စွာမေးသည်။
“ စကြာဝဠာကျွန်းကို သွားဖို့အတွက် တာအိုဆွေးနွေးပွဲတက်မယ် ... နောက်ပြီး အဲဒီ ခေတ်ပြိုင် ပါရမီရှင်တွေဆီကနေ အရည်အချင်းရှိတဲ့ လက်အောက် ငယ်သားတချို့ကို ရွေးရမယ် ...
... နည်းလမ်းမရှိဘူး ဒီကမ္ဘာကြီးဟာ လွန်ခဲ့သောနှစ်ပေါင်း သုံးသောင်းနဲ့ မတူတာ မြင်သာနေတယ် ...
... ဦးလေးလိုလူတောင် အမှောင်တားမြစ်စွမ်းအားကြောင့် ဝိညာဉ်သာ ကျန်တော့တယ် ဟွမ်မိသားစုရဲ့ ကျက်သရေကို ပြန်ရယူလိုရင် ငါဘယ်လောက်စောင့်ရမယ် မသိတော့ဘူး။ ”
“ ဖြောင်း ... ။ ”
သူ့စကားဆုံးသည်နှင့် ဟွမ်ရှောက်ယုတစ်ယောက် ပါးရိုက်ခံလိုက်ရပြီး၊
“ ဟမ့် ... ငါ့မှာဝိညာဉ်ပဲ ကျန်တော့ပေမယ့် ဝိညာဉ်တာအိုနယ်ပယ်ကျွမ်းကျင်သူ ခန္ဓာကိုယ် သိမ်းပိုက်နိုင်သရွေ့ ငါ့ရဲ့ အထွတ်အထိပ်ကို ပြန်သွားနိုင်သေးတယ် လူမိုက်ကောင်။ ”
-ဟူသော ကြိမ်းမောင်းသံ ထွက်ပေါ်လာခဲ့သည်။
နောက်တစ်နေ့နံနက်တွင် စုရီသည် တင်ပျဉ်ခွေထိုင်ကာ အသက်ရှူလေ့ကျင့်ခန်း လုပ်ဆောင်နေ၏။
ယမန်နေ့ညက ကျိုးဖုန်းကျစ်ကို သတ်ရန်သွားချိန် ကျင့်ကြံမှုသည် မူလနန်းတော် အလယ်အလတ်အဆင့်ကို ရောက်ရှိထားသည်။
အရင်းအမြစ်များ ပြတ်လပ်မှု မရှိသောကြောင့် အဆိုပါအခြေခံအုတ်မြစ်သည် တစ်ညတည်းဖြင့် အလွန်ခိုင်မာနေ၏။
ဤတိုးတက်မှုနှုန်းသည် ခုနစ်ရက်အတွင်း မူလနန်းတော် နှောင်းပိုင်းအဆင့်ထံသို့ မြှင့်တင် နိုင်ပေမည်။
ညနေစောင်းအချိန်၌ တရားထိုင်ခြင်းကို ရပ်နားကာ အနားယူနေစဉ် အကြီးအကဲယွီနှင့် ကျန့်လီတို့ ရောက်ရှိလာ၏။
ညမိုးချုပ်သည်နှင့် နှစ်ယောက်သား နှုတ်ဆက်ပြီး ပြန်သွားသည်။ အကြီးအကဲယွီ အနေဖြင့် တပည့်အဖြစ် တောင်းဆိုခြင်းကို ငြင်းဆန်ခံလိုက်ရသော်လည်း များစွာ အကျိုးရှိခဲ့၏။
ဧည့်သည်များ ပြန်သွားပြီးနောက် မဟာရှတော်ဝင်မြို့တော်သို့ သူ ရောက်ရှိလာ သည်မှာ လေးရက်သာရှိသေးကြောင်း သတိရလိုက်သည်။
ထိုလေးရက်အတွင်း အနားယူချိန် မရှိသေးချေ။ တိုက်ပွဲများဖြင့် ပင်ပန်းလှချေပြီ။ ထို့ကြောင့် အသားပြုတ်နှင့် ဝိုင်သောက်ရန် ယွမ်ဟမ်ကို စီမံစေလိုက်၏။
များမကြာခင် ယွမ်ဟမ်သည် စာတစ်စောင်နှင့်အတူ အသားပြုတ်အိုး ပြင်ဆင်လျက် ပြန်လည်ရောက်ရှိလာသည်။ စုရီက အနည်းငယ် မျက်မှောင်ကြုတ်ပြီး၊
“ ဒါဘယ်သူလဲ။”
-ဟု မေးလိုက်၏။
“ သခင် ... လမ်းဘေးက ကလေးတစ်ယောက်ပါ တစ်စုံတစ်ယောက်က သခင်ဆီ စာပို့ခိုင်းတာမို့ လာပို့တာပါ။ ”
ယွမ်ဟမ်က ပြန်ဖြေ၏။
“ ကောင်းပြီ ... ။ ”
စုရီက စာကိုဖတ်နေစဉ် ယွမ်ဟမ်က အသားပြုတ်အိုးပြင်ဆင်ပေးကာ ဝိုင်ပုလင်းကို အပူပေးနေခဲ့၏။
တစ်ဖက်တွင် စုရီသည် စာကိုဖတ်ရှုပြီးနောက် အေးစက်သောရောင်ဝါ အချို့ ထွက်ပေါ်လာတော့သည်။
“ သခင် ဘာဖြစ်လို့လဲ။ ”
ယွမ်ဟမ်က မေးသည်။
“ ဒီည မင်းတို့တွေ ဘယ်မှမသွားနဲ့ ... အန္တရာယ်ကြုံလာရင် ငါပေးထားတဲ့ အဆောင် သုံးပါ ... ငါအပြင်ခဏသွားလိုက်ဦးမယ်။ ”
စုရီမှ ရိပ်ခနဲ ပျောက်ကွယ်သွား၏။ မီးပုံးများချိတ်ဆွဲထားသော စားသောက်ဆိုင်၌ လူစည်ကားနေသည်။
မီးခိုးရောင်ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပြတင်းပေါက်ဘေးနားရှိ စားပွဲဝိုင်းတွင် ဝိုင်သောက်နေသည်။
ရုတ်တရက် စုရီက သူ့စားပွဲရှေ့ ရုတ်တရက်ပေါ်လာသဖြင့် ထိတ်လန့်စွာ ပြန် မော့ကြည့်၏။
“ ဒီည မိုးပြာခြံဝင်းကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက် လွှတ်ပေးဖို့ ဝမ်လျူကို သတင်းပို့ပေးပါ။ ”
မီးခိုးရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ချက်ချင်း တောင့်တင်းလာကာ၊
“ သခင်လေး ငါဘယ်သူလဲဆိုတာ မင်းသိတာလား။ ”
-ဟု ပြန်လည် မေးမြန်းလိုက်၏။
“ ငါမိုးပြာခြံဝင်းကို ပြောင်းလာတည်းက မင်းတစ်ချိန်လုံး ဒီကနေ စောင့်ကြည့်နေခဲ့တယ် မင်းကို ဝမ်လျူစေလွှတ်ထားတာမှန်း ငါ မသိဘူးဆိုရင် မင်းတကယ်ပဲ အခုချိန်ထိ အသက်ရှင်နေနိုင်ဦးမယ်ထင်လား။ ”
ထို့နောက် စကားမဆိုတော့ဘဲ စုရီက ပြန်လည်ထွက်ခွာသွားတော့သည်။ ယနေ့တွင် သူ့ခံစားချက်များကို ပျက်စီးစေသဖြင့် အလွန်ဒေါသထွက်ရသည်။
တစ်စုံတစ်ယောက်သည် သူ့ကို ခြိမ်းခြောက်ရန် မိတ်ဆွေများအပေါ် အသုံးပြု လိုသည်လော။ အတွေးဖြင့် သူ့အကြည့်များ အေးစက်နေတော့သည်။
“ မြို့တော်ရဲ့ အရှေ့ဘက် မိုင်ရှစ်ရာကို လာခဲ့ပါ မင်းမလာရင် မဟာကျိုးကို ငါသွားမယ် သတိရပါ မင်းတစ်ယောက်တည်း ... ။ ”
၎င်းသည် ရိုးရှင်းသော ဝါကျများသာ ဖြစ်သော်လည်း ခြိမ်းခြောက်မှုများနှင့် ပြည့်နှက် နေချေပြီ။
မဟာရှရှိ ဝမ်လင်ရွယ်၊ ချာကျင်နှင့် အခြားသူများသည် သူ့အောက်စည်းဖြစ်ကြောင်း တစ်ဖက်လူမှ သိနေပုံရသည်။ သို့တိုင် သူ့ကို ခြိမ်းခြောက်ဝံ့ချေပြီ။
တစ်ဖက်တွင် သူ့ရန်သူသည် ကျားကိုတောင်ပေါ်မှဆွဲဆောင်ပြီး အသိုက်ထံ ဝင်လိုသည်လည်း ဖြစ်နိုင်သည်။
ထို့ကြောင့် ယွမ်ဟမ်တို့အတွက်လည်း စိတ်ပူကာ ယနေ့ညဝမ်လျူကို စောင့်ကြည့်ရန် တောင်းဆိုခဲ့ခြင်းဖြစ်၏။
ဤအဖြစ်အပျက်သည် သူ့ကို သတိပေးချက်လည်းဖြစ်စေသည်။ သူ့ရန်သူများ ပိုများလာသည်နှင့်အမျှ သူ့ပတ်ဝန်းကျင်ရှိ လူအများသည် ပစ်မှတ်ထားခံရပေမည်။
မြို့တံခါးမှ ထွက်လိုက်သည်နှင့် ကောင်ကင်တွင် ပျံသန်းနေသော ငှက်ငယ်ကို မော့ကြည့်လိုက်သည်။
ဤသည်မှာ နှင်းမိုးကြိုးစာငှက်ဖြစ်၏။ တစ်ဖက်လူသည် တစ်ယောက်တည်း လာဝံ့ခြင်း မရှိမည်ကို စိုးရိမ်နေပုံရသည်။ ထို့ကြောင့် အကြည့်များ အေးစက်လာပြီး ချိန်းဆိုသော အရပ်ထံ ဦးတည်လိုက်တော့၏။
“ စိတ်မပူနဲ့ ဒီညမင်းကိုသတ်ဖို့ ငါလာမယ်။ ”
***