ရန်သူဟောင်း ... ။
Vol. 36 Ch. 427
မိုင်ရှစ်ရာဝေးသော မြစ်ကမ်းဘေးရှိ တောင်ထိပ်တစ်နေရာတွင် စုရီက ပတ်ဝန်းကျင် အပေါ် အနည်းငယ် စစ်ဆေးပြီးနောက် ပြုံးရယ်လိုက်သည်။
“ အဟက် ... နောက်ထပ် နတ်ဆိုးရုပ်သေးလား မင်းရဲ့ခန္ဓာကိုယ်အစစ်က ဘယ်မှာလဲ ဘာလို့ပုန်းနေရတာလဲ ငါနဲ့တွေ့ဖို့ အရမ်းကြောက်နေပြီလား။ ”
ဤသည်မှာ ချူရှ၏ ရုပ်သေးဖြစ်သည်။
“ မင်းကိုသတ်ဖို့ ငါ့ရဲ့ကိုယ်ခန္ဓာ အစစ်အမှန်မလိုပါဘူး ... ဒါပမေယ့် မသတ်ခင် မင်းနဲ့ ဆွေးနွေးစရာတစ်ခုရှိတယ်။ ”
တောင်ကုန်းအကွယ်မှ ချူရှရုပ်သေးက လှမ်းထွက်လာပြီး တုန့်ပြန် ပြောကြားလိုက်၏။
“ ပြောပါ ... ။ ”
စုရီက မေးလိုက်သည်။
“ မင်းသိတဲ့အတိုင်းပဲ ... ငါက ခန္ဓာကိုယ်သိမ်းပိုက်ထားသူပါ ငါ့ရဲ့မူလအဖွဲ့က အစွမ်းထက်တယ် မင်းကို အရင်းမြစ်တွေ ထောက်ပံ့ပေးနိုင်တယ် ...
... မင်းရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ အခြေခံအုတ်မြစ်တွေအရ ငါတို့အားလုံးမင်းကို လေ့ကျင့်ပေးမယ်ဆိုရင် ဧကရာဇ်တစ်ပါးတောင် ဖြစ်လာနိုင်ပါတယ် ... ။ ”
“ မင်းတို့ဂိုဏ်းနာမည်က ဘာလဲ ဘယ်ကလာတာလဲ။ ”
ချူရှက ခဏမျှ ခဏတိတ်ဆိတ်သွားပြီးနောက်၊
“ မင်းကိုပြောပြလည်း ဘာအန္တရာယ်မှ မရှိပါဘူး ငါတို့ကို ကောင်းကင်အကျဉ်းထောင် နတ်ဆိုးခြံဝင်းလို့ခေါ်တယ် ငါတို့က ရွှမ်တုတိုက်ကြီးကနေ လာတယ်၊ ...
... ငါတို့ ကောင်းကင်အကျဉ်းထောင် နတ်ဆိုးခြံဝင်းက ရွှမ်တုတိုက်ကြီးတစ်ခုလုံးရဲ့ အုပ်စိုးရှင်ပဲ ရွှေခေတ်ရောက်ရင် မိုးပြာ တိုက်ကြီးကို ဝင်ရောက်ပြီး ...
... အုပ်စိုးဖို့ ရည်မှန်းထားတယ် ... အခုအချိန်မှာ မင်းငါတို့နဲ့ ပူးပေါင်းထားရင် အကျိုးရှိမယ်လို့ အာမခံတယ်။ ”
-ဟု ရှည်လျားစွာ ပြောကြားလိုက်သည်။
“ မင်းရဲ့ဂိုဏ်းမှာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေ ရှိလား။ ”
စုရီက ထပ်မေးသည်။ ချူရှမှ ပြန်မဖြေနိုင်ချေ။ မျက်မှောင်ကြုတ်သွားသည်။
“ မင်းတို့မှာ ဧကရာဇ်တစ်ပါးတောင် မရှိဘဲ တိုက်ကြီး တစ်ခုလုံးရဲ့ အုပ်စိုးရှင်အဖြစ် ဘာလို့ ပြောနေရတာလဲ။ ”
ချူရှတစ်ယောက် နှုတ်ခမ်းထောင့်များ တုန်ခါလာသည်။ အင်အားစုတိုင်းတွင် ဧကရာဇ် တစ်ပါး ပိုင်ဆိုင်နိုင်သည်ဟု ဤလူရိုင်းမှ ထင်နေသည်လော။ အသက်ပြင်းပြင်းရှူလျက်၊
“ ဧကရာဇ်တွေကို မင်းသိရဲ့လား ... ဧကရာဇ်တွေဆိုတာ ကောင်းကင်ဘုံပေါ်က နတ်ဘုရားတွေလိုမျိုး တန်ခိုးကြီးတယ် ...
... ဒီလိုလူတွေကို ဘယ်နေရာမှာမဆို တွေ့နိုင်မယ်များ ထင်တာလား မိုးပြာတိုက်ကြီး အနှံ့ကြည့်စမ်းပါ ဧကရာဇ်တစ်ပါးပိုင်ဆိုင်တဲ့ အင်အားစုများ ရှိနေသလား။ ”
-ဟု ပြန်၍ တုန့်ပြန်လိုက်၏။
“ ဧကရာဇ်တစ်ပါးရဲ့ စွမ်းအားကို မင်းထက်ပိုပြီး ငါသိတယ် ... ဧကရာဇ်တောင် မရှိတဲ့ အင်အားစုတစ်ခုက မိုးပြာတိုက်ကြီးကို သိမ်းပိုက်ချင်နေတာလား ... ဘယ်လိုများ အရှက်မဲ့နေရတာလဲ။ ”
“ မင်း … ။ ”
ချူရှက ဒေါသထွက်လာပြီး၊
“ မူလနန်းတော်အဆင့်က မင်းလိုလူက ဧကရာဇ်နယ်ပယ်က တန်ခိုးရှင်တွေအကြောင်း ဘယ်လိုများ နားလည်နိုင်မှာလဲ ... ပြီးတော့ ငါတို့မှာ ဧကရာဇ် မရှိရင်တောင်မှ ...
... ဝိညာဉ်တာအိုနယ်ပယ် ဝိညာဉ် ပြောင်းလဲခြင်း နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူ အများကြီးရှိတယ် ရွှေခေတ်ရောက်လာတဲ့အခါ ဧကရာဇ်တစ်ပါး ပိုင်ဆိုင်ဖို့ မဝေးပါဘူး။ ”
-ဟု ပြန်လည်အော်ဟစ်၏။
“ ဒီလိုလား ... ဒါဆို မင်းရဲ့ ကောင်းကင် အကျဉ်းထောင်ခြံဝင်းက အခြားတိုက်ကြီးတွေရဲ့ ကျူးကျော်ဝင်ရောက်လာတဲ့ ဂိုဏ်းတွေနဲ့ ယှဉ်ရင် ဘယ်အဆင့်ရှိမယ်ထင်လဲ။ ”
ဥပမာအားဖြင့် ကြက်သွေးရောင် မီးတောက်ဘုရင်သည် ကောင်းကင်တိုက်ကြီးမှ လာခြင်းဖြစ်၏။ ထို့ကြောင့် တိုက်ကြီးများ အကြောင်းပိုသိချင်လာသည်။
“ အခြားတိုက်ကြီးတွေရဲ့ ဂိုဏ်းတွေကို ငါနည်းနည်းပဲသိတယ် အခုအချိန်မှာ အာကာသ လမ်းကြောင်းကိုးခုက မိုးပြာတိုက်ကြီးနဲ့ ချိတ်ဆက်သွားပြီ၊ ...
... ဆိုလိုတာက တိုက်ကြီးကိုးခုက ကျွမ်းကျင်သူတွေ နေရာအမျိုးမျိုးကနေပြီး ဖြတ်ကျော်ဝင်ရောက်လာနိုင်ပါတယ်။ ”
ချူရှက မရေမရာ ပြန်ဖြေ၏။ ရွှေခေတ်ရောက်ရှိလာချိန်တွင် အမှောင်တားမြစ် စွမ်းအားလက်အောက်မှ ကြွင်းကျန်ရစ်သူများ အပြင် အခြားသောတိုက်ကြီးများ၏ သူ့ကဲ့သို့ ကျူးကျော်သူများလည်း ရှိလာပေမည်။
ထိုအချိန်၌ မိုးပြာတိုက်ကြီးသည် ပရမ်းပတာနိုင်ပေမည်။ တိတ်ဆိတ်နေသော စုရီကို ကြည့်ကာ၊
“ ငါ ရှင်းရှင်းလင်းလင်း ပြောပြီးပြီ ငါ့ရဲကောင်းကင် အကျဉ်းထောင်ခြံဝင်းနဲ့ မင်း ပူးပေါင်းဖို့ ဆန္ဒရှိမလား။ ”
“ စိတ်မဝင်စားဘူး ... ။ ”
စုရီက ပြတ်သားစွာ ပြန်ဖြေ၏။
“ ဟားဟားဟား ... ကောင်းပြီ မင်းက မာနကြီးတာလား ဒါမှမဟုတ် မိုက်မဲတာလား ငါမသိတော့ဘူး ... ငါဒီမှာ မင်းကိုသတ်ဖို့ ဝင်္ကပါတစ်ခု ဖန်တီးထားတယ် ...
... ဝင်္ကပါနာမည်က သွေးနဂါး ဝိညာဉ်သတ်ခြင်းလို့ခေါ်တယ် ကောင်းကင် အကျဉ်းထောင်ခြံဝင်းရဲ့ သတ်ဖြတ်ခြင်းဝင်္ကပါ သုံးပါးထဲက တစ်ပါးပဲ ...
... ဆေးအိုးကိုးပါး ဖိနှိမ်ခြင်း ဝင်္ကပါနဲ့ နှိုင်းယှဉ်လို့ မရနိုင်ပေမယ့် ဝိညာဉ်ထင်ရှားခြင်း အဆင့်ကို လွယ်ကူစွာ သတ်ပစ်နိုင်တယ်။ ”
“ ကောင်းပြီ ... ဒါဆိုစမ်းကြည့်ရအောင်။ ”
စုရီက ထိတ်လန့်ခြင်းမရှိဘဲ ပေါ့ပါးစွာ တုန့်ပြန်လိုက်တော့၏။ ချူရှမှ လှောင်ပြုံးဖြင့် ဝင်္ကပါချပ်ကို အသက်သွင်းလိုက်သည်။
“ ကောင်းပြီ ... သွေးနဂါး ဝိညာဉ်သတ်ခြင်းဝင်္ကပါက ဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာ မင်းကိုပြမယ်။ ”
သွေးရောင်အလင်းတန်းများက ကောင်းကင်သို့ လွင့်ပျံလာပြီး တောင်များကို တုန်လှုပ်သွားသည်။
ထူထပ်သော စွမ်းအားများ လေထဲသို့ လွင့်ပျံလာကာ သွေးနဂါးကြီးတစ်ကောင်အဖြစ် ဖွဲ့စည်းလျက် ဟိန်းဟောက်လိုက်တော့၏။
“ ဝူး ... ။ ”
ကြောက်မက်ဖွယ် အဖျက်စွမ်းအား လှိုင်းတစ်ခု ပျံ့ကားသွားသည်။ ချူရှရုပ်သေးမှာ မြင်ကွင်းမှ ဝေဝါးလာချေ၏။ သွေးနဂါးကြီးက စုရီထံစိုက်ကြည့်ကာ ခုန်ဆင်းလာသည်။
“ ဟမ့် ... ဝင်္ကပါလေးတစ်ခုလား။ ”
ထိုမြင်ကွင်းသည် ဝိညာဉ်တာအို နယ်ပယ်အဆင့် ကျွမ်းကျင်သူကို အလွယ်တကူ သတ်နိုင်ပေသည်။
စုရီက ချက်ချင်း ရှောင်တိမ်းလိုက်၏။ မည်မျှပင် ကြောက်မက်ဖွယ် ကောင်းစေကာမူ ဤသည်မှာ ဝင်္ကပါမျှသာ ဖြစ်သည်။
“ ဝူး ... ။ ”
အားနည်းချက် တစ်ခုကို ရှာတွေ့နိုင်သရွေ့ လွယ်ကူစွာဖြေရှင်းနိုင်၏။ သွေးနဂါးကြီးသည် စုရီတစ်ယောက် လွတ်မြောက်သွားသဖြင့် လေထဲဟိန်းဟောက်နေတော့သည်။
“ ရွှပ် ... ။ ”
“ ဘုန်း ... ။ ”
များမကြာခင်မှာပင် စုရီက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ထက်ရှသော ဓားအလင်းက ပြေးထွက်သွားပြီး သွေးနဂါးအကြေးခွံများကို ဖြတ်ကာဝင်ရောက်သွားသည်။
“ ဝူး ... ။ ”
သွေးနဂါးကြီးက နာကျင်စွာအော်ဟစ်လျက် စုရီကိုကိုက်ချလိုက်၏။ သို့သော် ဓားအလင်းများ ခန္ဓာကိုယ်မှ ပွင့်ထွက်လာပြီး လေထုအလယ် ပဲ့ကြွေသွားချေပြီ။
“ ဒါ မဖြစ်နိုင်ဘူး ... ဝိညာဉ်ထင်ရှားခြင်း အဆင့် ကျွမ်းကျင်သူတောင် သွေးနဂါးဝိညာဉ် သတ်ခြင်းဝင်္ကပါ လက်ကနေ မလွတ်မြောက်နိုင်တာ။ ”
သွေးနဂါးဝိညာဉ်ကို တစ်ချက်တည်း သတ်ပစ်ပြီး လှမ်းထွက်လာနေသော စုရီကြောင့် ချူရှရုပ်သေးခမျာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ ဒါပေမယ့် ငါလွတ်မြောက်လာတယ် မဟုတ်လား။ ”
စုရီက လေထဲလှမ်းတက်ကာ အမှောင်နတ်ဓားကိုဆွဲပြီး ခုတ်ပိုင်းချလိုက်၏။ ချူရှရုပ်သေးက ချက်ချင်း လှည့်ပြေးချေပြီ။
ယနေ့ စုရီကို ဖိတ်ခေါ်ခြင်းသည် ဤဝင်္ကပါဖြင့် သတ်ရန် ဖြစ်သည်။ ယခုမူကား ဝင်္ကပါ ချိုးဖြတ်ခံလိုက်ရပြီဖြစ်ရာ ထွက်ပြေးရန်သာရှိပေတော့မည်။
“ မင်းက နတ်ဆိုးရုပ်သေးပဲ ... မင်းရဲ့ ခန္ဓာကိုယ်အစစ်မှ မဟုတ်တာ ဘာလို့သေမှာ ကြောက်နေရတာလဲ ... ဟား ဟား ဟား။ ”
စုရီက လှောင်ပြောင်ရယ်မောလိုက်၏။ သူရယ်သံမဆုံးခင် ဓားအလင်းသည် ရုပ်သေးကို ထက်ခြမ်းခွဲသွားတော့သည်။
“ ဝုန်း ... ။ ”
ဟွာတျန်နှင့် ကျိုးဖုန်းကျစ်ကဲ့သို့သော ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူများပင် သူ့ဓားမှ မလွတ်ချေ။ ရုပ်သေးတစ်ရုပ်သည် မည်မျှ မျှော်လင့်နေသနည်း။
“ ဝှစ် ... ။ ”
ထို့နောက် လက်လှိုင်းဖြင့် ရုပ်သေး အပိုင်းအစများကြားမှ ဝင်္ကပါပြားကို လှမ်းယူ လိုက်တော့သည်။ ကံကောင်း ထောက်မစွာဖြင့် ဝင်္ကပါပြား မပျက်စီးချေ။
ယနေ့ညအဖြစ်အပျက်သည် အနည်းငယ် အနှောင့်အယှက် ဖြစ်ခဲ့ရသော်လည်း သွေးနဂါး ဝိညာဉ်သတ်ခြင်းဝင်္ကပါကို ရရှိလိုက်သဖြင့် အနည်းငယ် ကျေနပ်သွားမိလေသည်။
***