← Chapters

ပြိုင်ပွဲနောက်ဆုံးနေ့ ... ။

Vol. 36 Ch. 432

ပြိုင်ပွဲနောက်ဆုံးနေ့ ... ။

Vol. 36 Ch. 432

စက်တင်ဘာ (၂၈)ရက်၊ သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲ စတုတ္ထမြောက်နေ့တွင် ယခင် သုံးရက်နှင့်နှိုင်းယှဉ်ပါက ပြိုင်ဆိုင်မှု အထူးပြင်းထန်လေသည်။

ယနေ့တွင် ထိပ်တန်း (၁၀၀) စာရင်းကို ဆုံးဖြတ်မည်ဖြစ်သည်။ ရှေးခေတ် လူဆိုးများနှင့် ခေတ်ပြိုင် ပါရမီရှင်များသည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြ၏။

ညနေပိုင်းအချိန်၌ ထိပ်တန်း (၁၀၀) စာရင်းထုတ်ပြန်လာသည်။ ၎င်းတို့အားလုံးသည် ရှေးခေတ်ပါရမှီရှင်များနှင့် ခေတ်ပြိုင် ပါရမီရှင်များသာဖြစ်၏။

ကျန် (၁၀%)မှာ ယွမ်ဟမ်၊ ယွီရှစ်ချန်နှင့် ကူချန်လင်ကဲ့သို့သော မြင်းနက်ကြီးများ ပေပင်။

“ မနက်ဖြန် ဘယ်သူ ပထမရမယ်လို့ထင်လဲ။ ”

“ ပြောစရာမလိုဘူး ဟွမ်ရှောင်ယုပဲ ဖြစ်လိမ့်မယ် ပွဲစဉ်တလျှောက် ပြိုင်ဘက်တိုင်း တစ်ချက်တည်းနဲ့ အရှုံးပေးလိုက်ရတယ် မယုံနိုင်လောက်အောင် အစွမ်းထက်တယ် ...

... ဒီနေ့ခေတ် ပါရမီရှင်သုံးယောက်နဲ့ ရှေးခေတ်ပါရမီရှင်တစ်ယောက် သူ့လက်မှာ တစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားတယ်။ ”

“ မှန်တယ် အဲဒီနတ်ဆိုးဟာ ပထမရနိုင်ချေအလားအလာ အရှိဆုံးတွေထဲက တစ်ယောက်ပဲ ... သူ့အပြင် ကျန်းဖူ၊ ချီကျန့်စုနဲ့ ချန်လုတို့လို ထိပ်တန်း လူငယ်တွေလည်း ရှိနေပါသေးတယ်။ ”

စားသောက်ဆိုင်များတွင် လူတိုင်းသည် ဤကိစ္စအပေါ် ဆွေးနွေးနေကြ၏။ ရှေးဟောင်း ပါရမီရှင်များသည် ယနေ့ပါရမီရှင်များထက် များစွာ အားကောင်းကြောင်း ဝန်ခံရပေမည်။

ထိုရှေးဟောင်း ဘီလူးများနှင့် ပခုံးချင်းယှဉ်ပြီး ရပ်တည်နိုင်သူများမှာ ဗုဒ္ဓဂိုဏ်း တပည့်ချန်လု၊ လီဟန်ထောင်၊ ဝမ်ရှင်းကျောက် နှင့် ယွီဝမ်ရှတို့ကဲ့သို့သော အတောက်ပဆုံး ပုဂ္ဂိုလ်များဖြစ်သည်။

“ မဆိုးပါဘူး ... မင်းကို အခုလို ထိပ်တန်း(၁၀၀)ထဲ ဝင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ”

စုရီက ယွမ်ဟမ်ကို ချီးကျူးစကားဆို၏။ ဤပွဲတွင် အစွမ်းထက်သော ဉာဏ်ကြီးရှင်များ (၁၀၀၀၀)ကျော် ပါဝင်သည်။

ယွမ်ဟမ်၏ အခြေခံအုတ်မြစ်နှင့် အရည်အချင်းသည် သာမန်ဖြစ်၏။ ထို့ကြောင့် ဤသို့ ထိပ်တန်း(၁၀၀)စာရင်းဝင်ရန် မည်မျှ ခက်ခဲကြောင်း သူ အသိဆုံးပေပင်။

“ သခင်ရဲ့ ကျေးဇူးပါ။ ”

ယွမ်ဟမ်က ခေါင်းကုတ်ပြီး နုံအသောအပြုံးမျိုးဖြင့် တုန့်ပြန်လာလေသည်။ တစ်ချိန်ကသူသည် တာအိုကိုရှာဖွေနေ​သည့် နတ်ဆိုးတစ်ကောင်မျှသာဖြစ်၏။

လအနည်းငယ် ကြာပြီးနောက် မိုးပြာတိုက်ကြီး၌ အသန်မာဆုံး (၁၀၀)အဆင့် ဝင်နိုင်ခဲ့သည်။ ဤရလာဒ်သည် မယုံနိုင်စရာ ကောင်းလွန်းသောကြောင့် အိမ်မက်တစ်ခုလို ခံစားနေရဆဲဖြစ်၏။

“ ဒီပွဲဟာ မင်းရဲ့အရည်အချင်းကို စစ်ကြည့်ရုံပါပဲ ဆက်လျှောက်ဖို့ ခရီးရှည်ကြီး ကျန်သေးတယ် ကျေနပ်မနေသင့်ဘူး။ ”

စုရီက ယွမ်ဟမ်၏ ခံစားချက်များကို နားလည်ကာ သတိပေးလိုက်သည်။ ယွမ်ဟမ်မှ လေးနက်စွာ ခေါင်းညိတ်ပြ၏။ ထို့နောက် ခဏမျှ တုံ့ဆိုင်းသွားကာ၊

“ သခင် ... ဟွမ်ရှောင်ယုက ဒီနေ့လည်း မိန်းကလေးရှင်းကျောက်နဲ့ မိန်းကလေးရှစ်ချန် ဆီကို ထပ်ပြီး နှောင့်ယှက်ဖို့လာခဲ့တယ် ... ။ ”

“ မိုးတွေက ရွာချင်ရင်ရွာတယ် ... သေမဲ့လူက အချိန်ကျရင်သေတယ် ဘယ်သူမှ မတားနိုင်ဘူး ... မနက်ဖြန် ငါလာကြည့်မယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

စုရီစကားကြောင့် ယွမ်ဟမ်ခမျာ ပြုံးရွှင်သွားလေသည်။ တစ်ဆက်တည်းမှာပင် သခင်ရှေ့၌ သူ့ကိုယ်သူ အရှက်မခွဲမိစေရန် အစွမ်းကုန်ကြိုးစားရမည် ဖြစ်ကြောင်း သတိထားလိုက်တော့၏။

စက်တင်ဘာ (၂၉) ရက်နေ့တွင် နေထွက်သည်နှင့် တပြိုင်နက် ယွီရှစ်ချန်သည် အရသာရှိပြီး မွှေးကြိုင်သော နံနက်စာပူပူကို ပြင်ဆင်ပေးလာသည်။

စုရီမှ မနက်စာ စားသုံးပြီးသောအခါ ယွမ်ဟမ်သည် ရထားလုံးတစ်စင်းဖြင့် ခြံဝင်း အပြင်ဘက်၌ စောင့်ဆိုင်းနေ၏။

များမကြာခင် ယွီရှစ်ချန်၊ ယွမ်ဟမ်နှင့် စုရီတို့ကို တင်ဆောင်လာသည့် ရထားလုံးသည် မြို့အရှေ့ဘက်သို့ ဦးတည်သွားသည်။

သစ်ပင်အကိုင်းအခက်များနှင့် သစ်ရွက်များသည် နံနက်ခင်းတွင် ရွှေရည်ကြည် ခြုံထားသကဲ့သို့ တောက်ပနေ၏။

လမ်းမများပေါ်တွင် လူအများသည် ပြည့်ကြပ်လွန်းသောကြောင့် ရထားလုံးပေါ်မှ ဆင်းကာ လမ်းလျှောက်လာခဲ့ရသည်။

လမ်းတစ်လျှောက်တွင် ဓားတစ်လက် လွယ်ထားသော အဖြူရောင်အဝတ်အစားနှင့် ယွီရှစ်ချန်ကို အမျိုးသားများက အာရုံစိုက်လာတော့၏။

“ ကြည့်စမ်း ... ဒီမှာ ပုစဉ်းရင်ကွဲနှလုံးသားယွီရှစ်ချန် မဟုတ်လား အရမ်း ကြည့်ကောင်းတာပဲ။ ”

“ တကယ်ပဲ သူရဲကောင်းဆန်တဲ့ အလှတရားပါ ဒီလိုအလှတရားက မဟာကျိုးလို နိုင်ငံငယ်လေးကနေလာတာ မယုံနိုင်စရာပါပဲ။ ”

“ သူ့ဘေးက မြင်းနက်ယွမ်ဟမ်လည်း မဟာကျိုးကနေ လာတာကို မမေ့တဲ့ ... ဒီနှစ်မှာ ထူးထူးဆန်းဆန်း ...

... မဟာကျိုးကနေလာကြတဲ့ ကျင့်ကြံသူသုံးဦးလုံး အဆင့်(၁၀၀)ဝင်ခဲ့တာ မယုံနိုင်စရာပါပဲ ... ။ ”

လေးရက်ကြာပြိုင်ပွဲများ အပြီးတွင် ယွီရှစ်ချန်၊ယွမ်ဟန်နှင့်ကူချန်လင်တို့ အမည်များ လူတိုင်းရင်ထဲသို့ ရောက်ရှိသွားချေပြီ။

“ မျှော်လင့်ထားသလိုပဲ ဒီပွဲဟာ လူတိုင်းရဲ့အာရုံစိုက်မှုကို ဆွဲဆောင်နိုင်တယ် လူတစ်ယောက်မှာ လုံလောက်တဲ့ ခွန်အား ရှိနေသရွေ့ ကောင်းကင်ကို ပျံတက်နိုင်တယ် မိန်းကလေးရှစ်ချန် ငါဒီမှာ မင်းကို စောင့်နေတာကြာပါပြီ။ ”

ရုတ်တရက် ခရမ်းရောင်ဆံပင်၊ ရွှေသရဖူနှင့်ဟွမ်ရှောင်ယုက လမ်းကိုပိတ်ကာ နှုတ်ဆက်လာခဲ့သည်။

ယွီရှစ်ချန်နှင့်ယွမ်ဟမ်ခမျာ ချက်ချင်း မျက်မှောင်ကြုတ် သွားတော့၏။ စုရီသာလျှင် ပေါ့ပေါ့ပါးပါး အသွင်အပြင်ဖြင့်၊

“ မင်းက ဟွမ်ရှောက်ယုလား။ ”

-ဟု တိုက်ရိုက် မေးသည်။ ဟွမ်ရှောက်ယုက စုရီထံလှည့်ကြည့်ပြီး၊

“ ဒီမြို့မှာ ငါ့ဟွမ်မျိုးရိုးကို ဘယ်လိုလူက ခံယူဝံ့မှာလဲ။ ”

-ဟု မောက်မာစွာ ပြန်ဖြေ၏။

စုရီက ခေါင်းညိတ်သည်။

“ ကောင်းတယ် ... မင်းမသေချင်ရင် အခုချိန်ကစပြီး မိန်းကလေးယွီရှစ်ချန်နဲ့ ဝေးဝေးနေပါ။ ”

ဤစကားကို ကြားသည်နှင့် အနားရှိ သက်ဝင်လှုပ်ရှားနေသော လေထုမှာ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။

သူတို့စကားဝိုင်းကို ကြားသွားသူများသည်လည်း ရပ်တန့်ကာ ကြည့်လာကြ၏။ ဟွမ်ရှောက်ယုမှ အံ့သြသွားပြီး သူ့နှာခေါင်းကို ညွှန်ပြလျက်၊

“ မင်း ... ငါ့ကို ခြိမ်းခြောက်နေတာလား။ ”

-ဟု မယုံကြည်နိုင်စွာ ပြန်မေးသည်။

“ မင်းထင်ချင်သလို ထင်နိုင်တယ်။ ”

“ ကောင်းပြီ၊ ဒီနေ့ပွဲပြီးရင် ... ငါဟွမ်ရှောင်ယုကို မင်းဘယ်လိုသတ်မယ်ဆိုတာ သေချာပေါက် စမ်းကြည့်မယ်။ ”

ထိုစကားကြောင့် စုရီတစ်ယောက် စိတ်ပျက်လက်ပျက်နှင့် ခေါင်းရမ်းလိုက်၏။

“ ဘာလို့ ... ပွဲပြီးမှလဲ ဟွမ်မျိုးနွယ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ဓာတ်တွေကြောင့် တိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ငါထင်ခဲ့တာ၊ ဒါပေမယ့် ... ကြည့်ရတာ ဒီလောက်လည်း မဟုတ်သေးပါဘူး။ ”

“ ..... ။ ”

ဤတစ်ကြိမ်၌ လူတိုင်း မျက်လုံးပြူး သွားတော့သည်။ ထိုလူငယ်သည် မည်သူနည်း။ ဟွမ်ရှောင်ယုအပေါ် ထိုသို့ရန်စဝံ့သည်လော။

ဟွမ်ရှောင်ယုအပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်လာပြီး အေးစက်သောရောင်ဝါများ ထွက်ပေါ်လာတော့သည်။

“ စုရီ ... ။ ”

မဝေးလှသော လူအုပ်ထဲတွင် ကောင်းကင်ဓားဂိုဏ်း၏ တပည့်ကျန့်လီနှင့် ယွီဝမ်ရှက မျက်ခုံးပင့်သွားသည်။

ဤဟွမ်ရှောင်ယုသည် ရှေးဟောင်း အကြွင်းအကျန်များကြား အလွန်အန္တရာယ်ရှိပြီး ရက်စက်သော နတ်ဆိုးဖြစ်၏။

သို့သော် စုရီသည် သူ့ထက်ပို၍ ကြောက်စရာကောင်းကြောင်း သူတို့သာလျှင် သိရှိထားချေပြီ။

“ ဟား ဟား ဟား ... ငါ့ကိုစိန်ခေါ်ရဲတဲ့ တစ်စုံတစ်ယောက် ဘယ်ကနေ ရောက်လာလဲ ငါမသိဘူး ... ဒါပေမယ့် ကိစ္စမရှိပါဘူး ဒီပွဲပြီးရင် မင်းနဲ့အတူ ငါပျော်မယ်။ ”

စကားဆုံးသည်နှင့် ဟွမ်ရှောင်ယု တစ်ယောက် လှည့်ထွက်သွားလေသည်။ စုရီမှ ခေါင်းရမ်းလိုက်တော့၏။

“ ရူးသွပ်မှုဆိုတဲ့ စကားလုံးက ... နောက်ဆုံးမှာတော့ မျက်နှာဖုံးတစ်ခုပါပဲ။ ”

ဟွမ်မျိုးနွယ်မှ ဆင်းသက်လာသော ဤဟွမ်ရှောင်ယုသည် ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးလွန်းသော်လည်း မိုက်မဲသူတစ်ယောက် မဟုတ်ခဲ့ချေ။

ယနေ့ဆုတ်ခွာမှုသည် အနည်းငယ် ရှက်ဖွယ်ကောင်းသည်ဟု ထင်ခဲ့ရသော်လည်း ထိုသို့သောရန်သူသည် ရင်ဆိုင်ရခက်ခဲပြီး အန္တရာယ်များ၏။

“ သွားကြရအောင်။ ”

စုရီက ဦးဆောင်ပြီး ပြိုင်ပွဲရင်ပြင်ထံ ဆက်လျှောက်လာခဲ့သည်။ လူအများသည် စုရီနှင့်အဖွဲ့ကို ရှောင်ရှားကုန်ကြ၏။

သူတို့တစ်စုံတစ်ရာ ပတ်သက်သော နတ်ဆိုးဟွမ်မျိုးရိုးမှ အန္တရာယ်ပေးလာမည်ကို စိုးရိမ်နေကြချေပြီ။

“ ဒီကျောက်စိမ်းရောင်ဝတ် လူငယ်က ဘယ်သူလဲဆိုတာ မင်းသိလား။ ”

“ မသိဘူး ... ဒါပေမယ့် သူ့အနားမှာ ယွမ်ဟမ်နဲ့ ယွီရှစ်ချန်တို့လို မြင်းနက်ကြီးတွေ ရှိနေမှတော့ သာမန်မဖြစ်နိုင်တာ သေချောတယ်။ ”

ကူချန်နင်က ပြုံး၏။ နတ်ဆိုး ဟွမ်မျိုးနွယ်သည် ခြိမ်းခြောက်မှုကို ကျေနပ် နိုင်မည် မဟုတ်ကြောင်း သူသိသည်။

“ ဟွမ်ရှောင်ယုလို နတ်ဆိုးဟွမ်မျိုးရိုးရဲ့ အမွေခံတစ်ယောက်က ဘယ်လိုများ အရူးလို ပြုမူနိုင်မှာလဲ ... တစ်ခုခုမှားနေပြီဆိုတာ သူ သတိထားမိခဲ့ပုံရတယ်။ ”

သူ့အပြုံးကို မြင်ချိန်၌ အဖွားကြီးက ဝင်ရောက်မှတ်ချက်ပေး၏။ နှစ်ယောက်သား ပြိုင်ပွဲရင်ပြင်အတွင်း ဝင်ရောက်လိုက်ချေပြီ။

“ ဒီလူ မဆိုးဘူး ... အရည်အချင်း ရှိမဲ့ပုံရတယ် ... နောင်အခွင့်အရေးရရင် ငါသူ့ကို စိန်ခေါ်ကြည့်မယ်။ ”

ကျန်းဖူက တိုက်ပွဲဝင် ဆန္ဒများ တောက်လောင်လျက် ပြောကြားလိုက်သည်။ သူ့ဘေးတွင် ထက်ရှသော ဓားတစ်လက်ကဲ့သို့ အမျိုးသမီးတစ်ယောက် ရှိနေ၏။

“ စိတ်မကောင်းစရာပဲ အဲဒီလူက ပြိုင်ပွဲကို စိတ်မဝင်စားဘူး။ ”

သူမက ကျန်းဖူစကားကြောင့် အနည်းငယ်မျှခေါင်းယမ်းကာ မှတ်ချက်ပေး၏။ သူမသည် ချောမောလှပသည့် ရုပ်သွင်နှင့် ကျောက်စိမ်းကဲ့သို့ ကြည်လင်ဝင်းပသော အသားအရေကို ပိုင်ဆိုင်ထားသည်။

ခါးနှစ်ဘက်တွင် အဖြူအမည်း ဓားရှည်နှစ်လက်ချိတ်ဆွဲထားကာ ဘယ်ဘက် နားရွက်၌ မြွေရုပ်သဏ္ဍာန် အဖြူရောင် အရိုးနားကွင်းတစ်ခု ချိတ်ထား၏။

ကျန်းဖူကဲ့သို့ပင် သူမသည်လည်း ရှေးခေတ်ပါရမီရှင်များကြား အစွမ်းအထက်ဆုံး ထိပ်တန်းတည်ရှိမှုတစ်ခု ဖြစ်သည်။

ပြိုင်ဘက်များကို ဆက်တိုက် အနိုင်ယူပြီး ရှုံးပွဲမရှိချေ။ ပထမနေရာအတွက် အလားအလာ အရှိဆုံးသော ပြိုင်ပွဲဝင်တစ်ဦးအဖြစ်လည်း ရှုမြင်ခံထားရသည်။

ထိုအချိန်တွင် ဝမ်လျူက စုရီကို ရိုသေစွာ ဦးညွှတ်ပြီး ခေါ်ဆောင်သွားသည်။ ယနေ့သည် ပြိုင်ပွဲ၏ နောက်ဆုံးနေ့ဖြစ်၏။

ကောင်းကင်ဓားဂိုဏ်းချုပ် လုထောင်တျန်၊ ချင်းရီတာအိုဂိုဏ်းချုပ်မိုယန်၊ တိမ်လွှာ ကောင်းကင် နန်းတော်သခင် ယွီကျွယ်ကျန်းနှင့် ဆရာတော်ကျင်းယွမ်တို့သည် ရင်ပြင်ဗဟိုရှိ ကျောက်စိမ်းစင်မြင့်ပေါ်တွင် နေရာယူထားကြသည်။

၎င်းတို့ဘေးတွင် မျိုးနွယ်စုကြီးသုံးခုမှ ဘိုးဘေးများနှင့် သြဇာကြီးမားလှသော ပုဂ္ဂိုလ် အချို့လည်း တက်ရောက်လာ၏။

စုရီနှင့်ဝမ်လျူသည် ထိုအရပ်သို့ အတူတူ လျှောက်လှမ်းလာနေသည်ကို မြင်သောအခါ လူအများမှ စူးစမ်းလာကြသည်။

“ ဒီလူက စောစောက ဟွမ်ရှောင်ယုကို ရန်စခဲ့တဲ့လူ မဟုတ်လား။ ”

စင်မြင့်ပတ်ပတ်လည်ရှိ ထိုင်ခုံများတွင် လူအများဖြင့်ပြည့်နေပြီး အစောင့်များမှ ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏။ ထို့ကြောင့် လူအုပ်ကြီးမှ အာရုံစိုက်မိပြီး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

ဗဟိုကျောက်စိမ်းစင်မြင့်သို့ တက်ရောက်နိုင်သူများသည် ထိပ်တန်းအဆင့် ခေါင်းဆောင်များနှင့် မြင့်မြတ်သော မိသားစု၏ ဘိုးဘေးများဖြစ်သည်။

သာမာန်လူများ မဆိုနှင့် ဝိညာဉ်တာအိုနယ်ပယ် ဝိညာည်ထင်ရှားခြင်း အဆင့် ကျွမ်းကျင်သူများသည်ပင် ထိုအရပ်၌ နေရာမရှိချေ။

“ သူ ... ဟွမ်ရှောင်ယုကို ရင်ဆိုင်ဝံ့တာ အံ့သြစရာမရှိတော့ပါဘူး နောက်ခံကရိုးရှင်းပုံ မရဘူး။ ”

ကျန်းဖူမှ မှတ်ချက်ပြုလိုက်သည်။

“ နင့်ရဲ့ နောက်ခံက ဘယ်လောက်ပဲ ခိုင်မာနေပါစေ လုံလောက်အောင် မသန်မာရင် လူပြက်တစ်ယောက်ပါပဲ။ ”

သူ့ဘေးရှိ အမျိုးသမီးမှ တုန့်ပြန်သည်။ သူမအမည်မှာ ချီကျန့်စုဖြစ်၏။ ကျန်းဖူက ခေါင်းရမ်းကာ၊

“ သူ့ကို အထင်မသေးနဲ့ ... သူ့ကိုမြင်ရုံနဲ့ ငါ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ နိုးကြားလာပြီး တိုက်ပွဲဝင်ဗီဇ ပြင်းပြလာတယ် ... ။ ”

-ဟု ပြောကြားလိုက်၏။

ထိုစကားကြောင့် ချီကျန့်စု၏ဓားကဲ့သို့ စူးရှသောမျက်ဝန်းများ ကျဉ်းမြောင်းသွားကာ စကားမဆိုတော့ချေ။

တစ်ချိန်တည်းမှာပင် ဗဟို ကျောက်စိမ်းစင်မြင့်ပေါ်သို့ လှမ်းတက်လာသော စုရီကို ဟွမ်ရှောင်ယုသည်လည်း သတိပြုမိပြီး လှောင်ပြုံး ပြုံးလာတော့၏။

***

Book-36

All Chapters